Friday, April 25, 2008

ခွန်အားပြည့်တဲ့ အတောင်တစုံနဲ့အတူ ..။

ကျနော် မြန်မာနိုင်ငံသား ..
မြန်မာပြည်မှာ မွေးဖွားပြီး .. မြန်မာပြည်မှာ ကြီးထွားခဲ့တဲ့သူ ..
မြန်မာပြည်ရဲ့ရင်ငွေ့အောက်မှာပဲ အတောင်အလက်တွေ စုံလင်ခွင့်ရခဲ့သူ ..။
အင်းးး .. အတောင်အလက်တွေ စုံလင်ခွင့်
စုံလင်ခွင့်” .. လို့သာ ပြောနေရတာ .. ကိုယ်ပျံသန်းချင်ရာကို .. လွတ်လွတ် လပ်လပ် .. ရဲရဲရင့်ရင့် .. ယုံယုံကြည်ကြည် .. ခွန်အားအပြည့်နဲ့ စွန့်စားရဲ လောက်တဲ့ .. စုံလင်ခွင့်မျိုးတော့ မဟုတ်ခဲ့တာ အမှန်ပါပဲ ..။
အချိန်တွေ ပြည့်ပြည့်၀၀ ပေးခဲ့ပါလျက်နဲ့ .. ဒီလို မလွတ်မလပ် မယုံမကြည် ခွန်အားမပြည့်တဲ့ အတောင် အလက်တွေ ဖြစ်လာအောင် .. ဘာတွေကများ ဖန်တီးပြောင်းလဲလိုက်ပါလိမ့် ..။
တကယ်က .. အကြောင်းပေါင်းများစွာ ပေါင်းဆုံမှ အကျိုးရလာဒ်တခု ဖြစ်ပေါ်စေတာ မဟုတ်လား ..။
အရင်က မသိခဲ့ မမြင်ခဲ့ပဲ .. ဒီအကြောင်းပေါင်းများစွာကို ဖြတ်သန်းဖြစ် ခဲ့တယ် ..။
တကယ့်ကို မသိလိုက် မသိဖာသာပါပဲ ..။ သေသေချာချာ သိတာ တခုတော့ ရှိတယ် ..။
ကျနော် ဆောက်တည်ထားဖူးတဲ့ မျှော်လင့်ချက်တွေဟာ .. အကျိုးရလာဒ် သေးသေးလေးတခု အနေနဲ့တောင် ကျနော့်ဆီ ပြန်မလာခဲ့တာကိုပါပဲ ..။
ကျနော် ဘယ်လို အကျိုးရလာဒ်မျိုးတွေ မျှော်လင့်ထားခဲ့ဖူးလဲ ဆိုတာတော့ .. ခပ်ဝါးဝါးတောင် ဖြစ်နေပေါ့ ..။
မှတ်မိတာလေး တခုကတော့ .. ကျနော် စိတ်ဝင်စားတဲ့ ပညာရပ်တခုကို အတားအဆီး အနှောင်အဖွဲ့ ကင်းကင်းနဲ့ သင်ယူလေ့လာခွင့် ရချင်ခဲ့တယ် ..။ လေ့လာခွင့်ရထားတဲ့ ပညာကိုလည်း ကျနော် တကယ် အသုံးချ နိုင်ပါတယ်လို့ ဂုဏ်ယူရဲချင်တယ် ..။ အဲဒီလို ထိုက်သင့်တဲ့ ကျွမ်းကျင် တတ်မြောက်ခွင့် ရပြီးတဲ့အခါ ကျရင်တော့ .. ကျနော် မွေးဖွား လူလား မြောက်ခဲ့တဲ့ နေရာမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်တွေ ဆက် လုပ်ချင်တယ် ..။
ဒါတွေက ဖြစ်ချင်ခဲ့တဲ့ တချိန်က ဆန္ဒတခုပါဗျာ ..။
တကယ်လက်တွေ့ ဖြစ်နေခဲ့ .. ဖြစ်နေဆဲတွေကတော့ .. ကျနော့်အထင်နဲ့ ရော .. အမြင်နဲ့ပါ ကွဲလွဲနေခဲ့ပါ တယ် ..။ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့လေ .. အခုကျနော်က .. ကျနော့်ဆန္ဒတွေရဲ့ အဝေးမှာ ရပ်တည်နေ ရတဲ့ လူတယောက် ..။
ဒါပေမယ့် .. ကံကြမ္မာက မျက်နှာသာတော့ တချက်ပေးလိုက်သားဗျ .. ကျနော့်ကို အခွင့်အရေးတခု ပေးတယ်။
ကျနော် တောင့်တခဲ့ဖူးတဲ့ .. ကျောင်းတက်ခွင့်ပေါ့ဗျာ ..။ အဲဒါလေးတခုနဲ့တင် မဖြစ်ခဲ့သမျှတွေအတွက် ကျေနပ်နေရတယ် ..။ ခဏတဖြုတ်ဖြစ်ပေါ့ ..။

… … …

ကျောင်းသားအဖြစ်နဲ့ ကျနော့်စိတ်တွေ ပေါ့ပါးလို့ .. စိတ်ကူးတွေလည်း ပြန်ရုန်းထလို့ ..
ကျနော့်စိတ်အားငယ်မှုတွေ တဖြည်းဖြည်း လွင့်ပျောက်လာသလိုပဲ ..။ ကျနော့်ရှေ့မှာ ရောင်စဉ်တွေ ခင်းထားတဲ့လမ်း .. ကျနော်လှမ်းလာမှာကို စောင့်နေပုံရတယ် .. ကျနော် ပျော်ပါတယ် ..။
ဟူးး .. ဒါပေမယ့်ဗျာ ..
မင်းတို့တိုင်းပြည်မှာ တက္ကသိုလ်မရှိလို့ ဒီမှာလာတက်တာလား” .. လို့ အမေးခံလိုက်ရတိုင်း .. မွန်းမွန်းကြပ် ကြပ်ကြီး ဖြစ်ပြီး .. ကျနော့်အပျော်တွေ လွင့်ပျောက်ကုန်ပါလေရော ..။
အိနြေ္ဒိမပျက် ရှိတာပေါ့ကွ .. တက္ကသိုလ်တွေမှ အများကြီး ..လို့ အမြဲ တုံ့ပြန်ခဲ့ပေမယ့် .. ကျနော့် အပြုံးတွေ ကတော့ ပါးလျနေခဲ့ပါတယ် ..။ တဆက်တည်းပဲ ကျနော့်အာရုံတွေက .. ဝေးတမြေက ကျောင်းတော်ကြီးတွေဆီ ပြန်ရောက်ရှိလို့ ..။

… … …

အမှန်တကယ်လည်း ရှိနေတာပဲလေ .. တက္ကသိုလ်တွေမှ အများကြီးရယ် ..
ဒါပေမယ့် .. တက္ကသိုလ်းတွေ ..
တက္ကသိုလ်ထဲမှာ အရာရာဟာ ဆွေးမြေ့ဟောင်းနွမ်းလို့ ..။
အဓိကျတဲ့ .. စိတ်ဓာတ်တွေ .. မျှော်လင့်ချက်တွေ .. ယုံကြည်ချက်တွေ ဆိုတာလည်း .. ပုပ်သိုးလို့ဗျာ ..။
သင်ကြားသူတွေလည်း နွမ်းလျ .. သင်ကြားနည်းစနစ်တွေလည်း အပ်ကြောင်းထပ် ..
သင်ကြားရေး အထောက်အကူ ပစ္စည်းတွေလည်း မှန်ဗီဒိုထဲမှာ အတိုး အလျော့မရှိ ..
အနာဂတ်ကို မျှော်ကြည့်နိုင်မယ့် အရာမှန်သမျှ .. ရှိမနေအောင် ဖန်တီး ..
ပြင်းထန်တတ်တဲ့ .. စိတ်ဓာတ်တွေကို ရိုက်ချိုး .. ထွက်ပေါက်မရှိအောင် ကြံဆ ..
နာခံတတ်အောင်ပဲ ကျင့်ပေး .. လမ်းကြောင်းအတိုင်း တသဝေမတိမ်း သွားတတ်အောင် ဆွဲဆောင် ..
ဖြူဖြူစင်စင် တိုးတက်ချင်စိတ်တွေကို .. အမြစ်ကနေ မြေလှန်ပစ် ..
မြင့်မြတ်တဲ့ စိတ်ထားတွေကို .. ယုတ်ညံ့ပေါ့သွမ်းအောင် ပုံသွင်းနေတဲ့ .. ကျောင်းမျိုးတွေတော့ ..
ကျနော်တို့ တိုင်းပြည်မှာ အဆိပ်မှိုပွင့်တွေလိုပဲ .. နေရာအနှံ့ စနစ်တကျ စိုက်ပျိုးထားတယ် ..
အခုဆို ကျနော်တို့တိုင်းပြည်ရဲ့ မျိုးဆက်တွေ အဲဒီမှိုပွင့်တွေကို မသိလိုက် မသိဖာသာပဲ စားသုံးမိပြန်လို့ (အုံလိုက်ကျင်းလိုက်) .. အဆိပ် သင့်နေကြပေါ့ ..
ဖြေဆေး ဖော်ပေးနိုင်မယ့် သုတေသနအဖွဲ့တွေ .. တက္ကသိုလ်တွေ ဆိုတာတော့ ဝေလာဝေးပါဗျာ ..။
ဖြေဆေးဖော်မိကာမှ ဖြေဆေးအတွက် လတ်တလော သေပေးနေရမယ့် အဖြစ်မျိုးတွေနဲ့ဆိုတော့ ..
အဆိပ်သင့်တာကမှ တော်နေသေးတယ်လို့ တွက်ကောင်းတွက်နေ ကြမှာပေါ့လေ ..။

… … …

ကျနော်ကိုယ်တိုင် တက်ရောက် ပညာသင်ကြားခဲ့ဖူးတဲ့ “…” ကျောင်းတော်ကြီးမှာတော့ ..
ကျနော်တို့ ဘ၀အတွက် စီစဉ်ထားတာ ဘာဆိုဘာမှ ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ အတွေးအမြင်တွေအတွက် ကောင်းချီးပေးမယ့်လူတွေ စောင့် မနေခဲ့ပါဘူး ..
ကျနော်တို့ သိလိုစိတ်တွေအတွက် ဖြည့်ဆည်းပေးနိုင်သူတွေ ကြိုဆို မနေခဲ့ပါဘူး ..
ကျနော်တို့ တက်ကြွမှုတွေအတွက် မှန်မှန်ကန်ကန် ပံ့ပိုး လမ်းပြ ပေးချင်သူတွေ ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ ဥာဏ်စွမ်းဥာဏ်စတွေအတွက် လက်စောင်းထက်စေချင်သူတွေ အသင့်ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ တီထွင်စမ်းသပ်ချင်စိတ်တွေအတွက် မြေတောင်မြောက် ပေးမယ့် ဥယျာဉ်မှူးတွေလည်း အလုပ် မလုပ်နိုင်ကြ တော့ပါဘူး ..
ကျနော်တို့ ဝေဖန်ဆန်းစစ်မှုတွေအတွက် ကျေကျေနပ်နပ် နားထောင်ပေး နိုင်မယ့်သူတွေ ဆက်လက် ရပ်တည် မနေကြတော့ပါဘူး ..
တိုင်းပြည်အနာဂတ်အတွက် အဓိကလိုအပ်တဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ် ခွန်အားတွေအတွက် .. ဓာတ်ကြီး လေးပါး မကတဲ့အရာတွေ ..
ကျနော်တို့တိုင်းပြည်ထဲက ကျောင်းတော်ကြီးတွေထဲမှာ .. တနည်းတဖုံ နဲ့တောင် ရှိမနေခဲ့ပါဘူးဗျာ ..။
ကျနော်တို့ကျောင်းတော်တွေထဲမှာ တကယ်ရှိနေခဲ့တာတွေက .. ခြတွေဗျ .. ခြတွေ ..။
ကျောင်းတော်ရဲ့ နေရာတိုင်းမှာ .. ဘယ်နားကြည့်ကြည့် .. ခြတွေက အုံနဲ့ကျင်းနဲ့ဗျာ .. ရုပ်ဆိုးလိုက်ပုံများ..။
ဘယ်သူမှလည်း အရေးတယူလုပ်ပြီး .. ဖယ်ရှားပစ်ဖို့ မကြိုးစားကြပါဘူး ..
ကျနော်တို့လူမျိုးက သူတပါးပျက်စီးရာ ပျက်စီးကြောင်းကိုမှ မလိုလား ကြတာဗျာ ..
ဒီလိုနဲ့ .. နောက်ဆုံးတော့ .. ခြတွေက အိမ်ရှင်ဖြစ် .. အိမ်ရှင်တွေက အိမ်ပြင်ထွက်ပြေး ..
ပြေးရင်း ပြေးရင်း .. ဝေး၍ဝေးရာကို ရောက်မှန်းမသိ ရောက်လာ ..
အခု .. ကိုယ့်ကိုကိုယ် သတိထားမိတဲ့အချိန်ကျတော့ ..
ကျနော်က ..
ကျောင်းတော်ရဲ့ အပြင် ..
အသိုက်အမြုံရဲ့ အပြင် ..
တိုင်းနိုင်ငံရဲ့ အပြင် .. တကယ့်အပြင်မှာ ရပ်တည်ရောက်ရှိနေခဲ့ပေါ့ ..။

… … …

ကျနော် အခု လေ့လာနေရတဲ့ သင်ခန်းစာတွေမှာတော့ .. ခြနှိမ်နင်းနည်းတွေ မပါဝင်သေးပါဘူး ..
ဒါပေမယ့် .. ကျနော်တို့ကျောင်းတော်တွေကို ပြန်ပြီး ရှင်သန် လန်းဆန်းလာစေဖို့ဆိုရင်တော့ ..
ဒီခြတွေရဲ့ ကျူးကျော်မှုကို တခန်းရပ်အောင် စွမ်းဆောင်နိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းတော်တွေရဲ့ မြေပရ၀ဏ်တွေကို ပြန်သိမ်းပိုက်နိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းမြေတွေကို မြေဆီသြဇာနဲ့ ပြည့်ဝအောင် ပြန်ဖြည့်တင်းနိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းတော်တွေရဲ့အ၀န်းအ၀ိုင်းထဲမှာ ခြစားနိုင်တဲ့ အဟောင်းအနွမ်းတွေကို သစ်လွင် လတ်ဆတ်ခြင်းတွေနဲ့ အစားထိုးနိုင်မှ ဖြစ်လိမ့်မယ် ..
နောက်ပြီး ..
ကျနော်တို့ ကျောင်းဥယျာဉ်အတွက် အမြော်အမြင်ရှိတဲ့ .. စိတ်သဘောကြီးကျယ် မြင့်မြတ်တဲ့ .. အရိပ် တကြည့်ကြည့် ပြုပြင်မွမ်းမံနေတတ်တဲ့ .. ဥယျာဉ်မှူးတွေနဲ့ ပြန်ပြီး အင်အားဖြည့်နိုင်မှာ ဖြစ်လိမ့်မယ် ..။
အရေးအကြီးဆုံးကတော့ .. အသစ် ရှင်သန်ခွင့်ရမယ့် သက်ရှိလေးတွေ ..
စစ်စစ်မှန်မှန်နဲ့ အတောင်အလက်တွေ စုံလင်ခွင့် ..
တကယ့်လောကထဲကို တွန့်ဆုတ်တွေဝေမှု မလျဉ်းမရှိပဲ .. ယုံယုံကြည်ကြည်နဲ့ ဖြန့်ကျက်ပျံသန်းခွင့်တွေ .. ရနိုင်ဖို့ပါ ..။ လောလောဆယ်တော့ .. ကျနော်တို့တော်တော်များများ ..
အဝေးရောက် သားသမီးတွေပေါ့ဗျာ ..
ဒါပေမယ့် .. ကျနော်တို့ အချိန်ဆိုတာ ရောက်လာမှာ ကျိန်းသေပါတယ် ..
အလကားထိုင်နေရင်းတော့ မျှော်လင့်နေလို့ မရဘူးပေါ့ဗျာ ..
အလုပ်တကယ် လုပ်နေကြရင်တော့ မျှော်လင့်ချက်ဆိုတာ တနေ့အသက်ဝင်လာမှာပဲလေ ..
ဒီတော့ ကျနော်တို့ ကြိုးစားကြမယ် .. ဆက်ပြီး မျှော်လင့်ကြမယ် ..။
ကျနော်ကိုယ်တိုင် .. သန်မာ လွတ်လပ်ပြီး ..
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ အတောင်အစုံတွေ ပိုင်ဆိုင်လာတဲ့တနေ့ ..
ကျနော့်စိတ်ကူးတွေ အကောင်အထည်ပေါ်နိုင်အောင် ပြန်လာခဲ့မှာပါဗျာ ..
ဒီတခါ ကျနော့်ရဲ့အပြန်ခရီးမှာ ..
အကြောင်းပေါင်းများစွာကို .. မသိလိုက် မသိဖာသာ ဖြတ်သန်းတာမျိုး မဖြစ်စေရဘူး ..
အကြောင်းပေါင်းများစွာထဲက .. အကျိုးရလာဒ်တွေကို ဆွဲထုတ်ရယူနိုင်ဖို့ ..
ပြောင်းလဲခြင်းတွေ ဖန်တီးနိုင်သူ ဖြစ်စေရမယ်လို့ ..
ကျနော့်အတောင်ပံတွေကို ပြန်မွေးမြူ အားဖြည့်နေရင်းက .. ဆန္ဒပြုလိုက်တယ်ဗျာ ..။

နိုင်းနိုင်း။
၂၅ ဧပရယ် ၂၀၀၈။

2 comments:

  1. အတွေးကောင်းတွေကို
    ဂုဏ်ယူပါတယ်............
    ဆန္ဒတွေပြည့်ပါစေ..........

    ReplyDelete
  2. အတူတူပဲ ခံစားရပါတယ်ကွာ။
    အတောင်ပံတွေကို အားဖြည့်ရင်း ငါတို့ ခြသတ်ဆေးဖော်ရမယ်ထင်တယ်။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...