Wednesday, April 2, 2008

အရင်လို မြို့လေး ..။

ကျနော့်မြို့လေး ..
ရုပ်ကြွင်းတွေ တပုံတပင်နဲ့ ..
အေးခဲရပ်တန့်နေခဲ့ပေါ့ ..
တခါသော .. ရာဇ၀င်ထဲမှာလေ ..။

ကျနော့်မြို့လေးမှာ ..
ပကတိ ရိုးသားမှုတွေ ကျန်ရစ်တယ် ..
ဖြူစင်စွာ ကျွမ်းဝင်တတ်ခြင်းတွေ နေရစ်တယ် ..
သန့်စင်တဲ့ ပေးဆပ်ခြင်းတွေ ကြွေရစ်တယ် ..
ယုံကြည်ခြင်းတွေ ခန်းခြောက်နှင့်တယ် ..
ခိုင်မြဲတဲ့ကတိသစ္စာတွေ ကျိုးပဲ့ချန်ရစ်တယ် ..
အမြဲလန်းဆန်းနေတတ်တဲ့ .. မေတ္တာတရားတွေတောင်
ကျောက် ဖြစ်ကုန်ကြတယ် ..
တခါက .. ရာဇ၀င်တပုဒ်လိုလေ ..။

အခု .. ကျနော့်မြို့လေးက ..
ဟန်ဆောင်ခြင်း ၀တ်ရုံနက်ကြီးနဲ့ ..
အသစ်အဆန်းတွေနောက် ကောက်ကောက်ပါရင်း ..
ညစ်ထပ်ထပ် အပြုံးတုတွေ ဖလှယ်နေကြတယ် ..
သားကောင် ဖြစ်နေမှန်းမသိတဲ့ မုဆိုးတွေနဲ့ ..
မုဆိုး ဖြစ်နေမှန်းမသိတဲ့ တရားဟောဆရာတွေက ..
အချင်းချင်း ပျက်လိုပျက်စီးခြင်းကို ဦးတည်လို့ ..
ဆူလောင် မှောင်ပွက်နေအောင် တန်ဆာဆင်ကြတယ် ..။

လတ်တလော .. ကျနော့် .. မြို့လေးထဲမတော့ ..
ကျီးကန်းတွေ အချိန်တိုင်း တောင်းမှောက်နေပြီး ..
နှိပ်ကွပ်ခြင်းတွေဟာ ပုံမှန်လိုပဲ လည်ပတ်လို့ ..
စွန့်လွှတ်သူတွေရဲ့သတ္တိကို ဟာသလုပ်နေကြပေါ့ ..
တနပ်ပဲစားရ စားရ .. နပ်တ၀က်ပဲ စားရ စားရ ..
ဘ၀တပုဒ်ကို ဖတ်ရတာ ..
အစားတလုပ်လောက် အရသာမတွေ့လေတော့ ..
မြို့လေးဟာ .. စားခွက်လုကွင်းသာသာ ..
ငါ့အတွက် .. ငါသာဆိုတဲ့ ..
ရယူလိုခြင်းတွေနဲ့ ဟုန်းဟုန်းထလို့ပေါ့ ..။

တယောက်အပူကို တယောက်က အမြတ်ယူလို့ ..
တဦးမျက်ရည်က နောက်တဦးအတွက် အပန်းဖြေစရာဖြစ်လို့ ..
တကယ်အလုပ်လုပ်သူတွေ ချောက်ထဲ တွန်းချခံနေရလို့ ..
ရေလိုက်ငါးလိုက်တွေတော့ တမွန်းတည့်နေကြလို့ ..
ကျနော့် .. မြို့လေးမှာဗျာ ..
လောင်မြိုက်နေလိုက်ပုံများ ..။

အေးချမ်း ဆိတ်ငြိမ်လွန်းလို့ ..
လူသူ မရောက်မပေါက်တာ ကြာပြီဖြစ်တဲ့ ..
“ဗြဟ္မစိုရ်” ဆိုတဲ့ လမ်းလေးကတော့ ..
ခြုံနွယ်ပိတ်ပေါင်းတွေ ကြားကနေ ..
ခပ်ငေးငေး မျှော်ကြည့်နေရှာရဲ့ ..
အေးခဲနေခဲ့တဲ့ .. ကျနော့်မြို့လေး ..
ဟိုး .. အရင်လို ..
ပြန်လည် အသက်ဝင်လာမယ့်နေ့ကိုလေ ..။

... 99 ...
၂ ဧပရယ် ၂၀၀၈။

8 comments:

  1. အေးခဲနေခဲ့တဲ့ .. ကျနော့်မြို့လေး ..
    ဟိုး .. အရင်လို ..
    ပြန်လည် အသက်ဝင်လာမယ့်နေ့ကိုလေ ..။
    ~~~~~~~~~~~~~~~~~~~~~~~~~~~
    မြို့လေးအသက်ဝင် မ၀င်တော့မသိဘူး
    ကဗျာလေးကတော့ တော်တော်အသက်ဝင်တယ်
    မိုက်တယ်အစ်ကို :D အားပေးနေတယ်

    ReplyDelete
  2. သူရဲကောင်းတွေ ကိုအမြဲတမ်းလေးစားနေပါတယ် အစ်ကိုရာ....။ :(

    ReplyDelete
  3. ကြိုးစားခြင်းရဲ့နောက်ကွယ်မှာအောင်မြင်မှုရှိနေပါတယ်။
    ဒီမြို့လေးပြန်လည်သက်ဝင်လာခဲံရင် ကျနော်တို့ အဲဒီမြို့လေးမှာ ဆုံကြမယ်နော်။

    ReplyDelete
  4. ပကတိရိုးသားမှုတွေကျန်ရစ်တယ်တဲ့လားကိုနိုင်းနိုင်းရဲ့မြို့လေးမှာ...း)
    သူရဲကောင်းတွေကို လေးစားပါတယ်ဆိုလား ဘလက်းရင်းက ပြောနေတယ် အကိုရေ ...အဆင်ပြေပါစေရှင့်...း)ပြန်လည် အသက်ဝင်လာမဲ့နေ့လေးအမြန်ရောက်လာပါစေ..း)

    ReplyDelete
  5. ဟေ့ရောင်… မင်းရဲ့ ကဗျာကို ဖတ်ပြီး ငါ့မျက်စိထဲမှာမြင်လာတာကတော့ `သုခမြို့တော်´ ဆိုတဲ့ မြို့အ၀င် ဆိုင်းဘုတ်လေးပဲ…
    လူသူ မရောက်မပေါက်တာ ကြာပြီဖြစ်တဲ့ … “ဗြဟ္မစိုရ်” ဆိုတဲ့ လမ်းလေးတဲ့လား…

    ReplyDelete
  6. မြိုးလေး ကို လွမ်း လါမ်း လာတယ် :D

    ReplyDelete
  7. ကဗျာလေးကို ထင်သာမြင်သာအောင် ရေးတာ ကောင်းတယ် အကိုရာ.. “ဗြဟ္မစိုရ်” ဆိုတဲ့လမ်း တစ်နေ့ လူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လမ်းနိုင်ပါစေ..

    ReplyDelete
  8. လာဖတ်သွားတယ်ပေါ့နော်။ ဘယ်လိုပြော ရမလဲဆိုတော့ ကဗျာတွေပဲတွေ့တယ်ပေါ့နော်။ ဟဲ ဟဲ... ကဗျာတွေက အရမ်းကောင်းနေတော့ စာလေးဘာလေး ရေးပါဦးလို့ပြောဖို့တောင်အားနာသွားတယ်

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...