Tuesday, December 6, 2016

"ကိုယ့် စကြာဝဠာ ..။"

ညအချိန်မတော်ကြီးမှ ..
ရုတ်တရက်ဆိုသလို ..
သက်တန့်တစင်း ပွင့်လာလေရဲ့ .. ။

အချိန် မဟုတ် .. အခါ မဟုတ်လို့ ဆိုတော့ ..
သက်တန့်က ရယ်တယ် ..။

"အချိန် .. အခါ .. ဆိုတာထက် ..
အဖြစ်အပျက်နဲ့ ရှုမြင်သူ ..
ဒီနှစ်ခု အကြားက .. နှလုံးသား ထောင့်ချိုးနဲ့ ..
ပိုမို သက်ဆိုင်တယ်ကွဲ့ .."
သက်တန့်က ဆိုတယ် ..။

ဟုတ်တော့လည်း ဟုတ်သား ..
တနေ၀င် .. တနေထွက်မှာ ..
တရစပ် ဖြစ်ပွားနေတဲ့ .. အရာတွေ အကြား ..
ဘယ်တခုကိုများ ကိုယ့်နှလုံးသားနဲ့
ထောင့်ချိုးတခု ဖော်ခဲ့မိပါလိမ့် ..။

ဒီတော့ ..
သက်တန့်က ပြောပြန်တယ် ..
ကိုယ်ကိုယ်တိုင် .. စကြာဝဠာတခု ဖြစ်အောင် "စေ" တဲ့ ..
အဲ့ဒီအခါ ..
ကိုယ်ဟာ .. အရာရာ ..
(တနည်းအားဖြင့် ..)
အရာရာဟာ .. ကိုယ် .. ။

ကိုယ်ဟာ ..
ကောက်ယူ သိမ်းဆည်းထားလို့ မရနိုင်တဲ့ ..
သဲသောင် ကမ်းစပ်ဆီက ..
ဖြူဖြူ မွမွ .. လှိုင်းငယ်တပွေ့ ..

ကိုယ်ဟာ ..
တနေမ၀င်ခင် .. အချိန်မှီ ဆောင်းခိုနိုင်ဖို့ရာ ..
အလောသုံးဆယ် ဖြတ်သန်းသွားနေတဲ့ ..
ကောင်းကင် အစွန်းက ငှက်တအုပ် ..

ကိုယ်ဟာ ..
နွေးနွေးထွေးထွေး .. မြေသားထုထဲ ..
နက်သထက် နက်အောင် ..
တိုးဝှေ့ဆန့်ထွက်နေတဲ့ .. သစ်မြစ်ငယ်ကလေး ..

ကိုယ်ဟာ ..
ဆောင်းဦးမှာ .. ကြွေကျလာမယ့် ..
နောက်ဆုံးရဲ့ နောက်ဆုံးသော .. 

သစ်ရွက်ခြောက်ကလေး ..

ကိုယ်ဟာ ..
တိတ်တိတ်ဆိတ်ဆိတ် .. သစ်တောအုပ်ထဲ ..
မြေမှုန်အထပ်ထပ်တွေ အောက်မှာ .. 

အိပ်မောကျနေရစ်တဲ့ ..
ကျောက်စရစ်ခဲတုံးလေး ..

ကိုယ်ဟာ ..
ကိုယ့်သံစဉ် ကိုယ်သီကုံးလို့ ..
ကိုယ့်ကိုယ်ကိုယ် သယ်ဆောင် ခရီးဆက်နေတဲ့ ..
ပျော်ပျော်ရွှင်ရွှင် .. စမ်းချောင်းငယ်လေး ..

ကိုယ်ဟာ ..
ဆောင်းမနက်ခင်း လေပြေထဲမှာ စီးမြောလာခဲ့တဲ့ ..
သင်းသင်းပျံ့ပျံ့ .. စံပါယ်ပန်း ရနံ့လေး ..

(အဖြစ်ချင်ဆုံးတော့ ..)
ကိုယ်ဟာ ..
လူတကာရင်ထဲ ထိုးဖောက်ရောက်ရှိချင်တဲ့ ..
နူးနူးညံ့ညံ့ အပြုံးပန်းတပွင့် ..

(လောလောဆယ်တော့ ..)
ကိုယ်ဟာ ..
ချစ်သူနှစ်ဦး မေ့လျော့ ထားရစ်ခဲ့လေတဲ့ ..
ခပ်နွဲ့နွဲ့ မြက်ခင်းစိမ်းတွေ ကြားက ..
မြေနီရောင် ဖုန်ထူထူတွေ ..
တနင့်တပိုး .. သယ်ပိုးထားနေရတဲ့ လမ်းသွယ်လေး ..။

နေ့နေ့ .. ညညတွေကို ..
ဒီလမ်းသွယ်လေးထဲကနေ .. မျှော်ကြည့်ခံစား ..
ကောင်းကင်ကြီးဆီ ကိုယ့်လက်တွေ လှမ်း ..
တိမ်တွေကို နမ်းရှိုက်ရင်း ..
အရာရာဟာ .. ကိုယ် ..
ကိုယ်ဟာ .. အရာရာအဖြစ် ..
ရွေ့ .. လျား .. .. .. ။

ဒီညတော့ ..
ဆန်းစ လကွေးကွေးလေးနားမှာ ..
လင်းတစ လက်တစ ..  အရောင်ပြနေမယ့် ..
ကြယ်ပန်းပွင့်လေး ဖြစ်ကြည့်မယ် ..။

အင်း ..
အဖြူ အမည်း .. ရောရှက်နေတဲ့ ဘ၀ထဲမှာ ..
နှလုံးသားရဲ့ ထောင့်ချိုးတွေ ..
သိမ်မွေ့ ညင်သာလာတဲ့အခါ ..
အရောင်အသွေး စုံတဲ့ ..
သက်တန့် အစင်းစင်း ..
အုံ့မိုး ဝေဖြာနေလိမ့်မယ် ..

ဒီအခါ ..
ကိုယ်နဲ့ ကိုယ့်စကြ၀ဠာလေးဟာ ..
ဥတုသုံးပါးအတွက် .. အကူညီဖြစ်စေမယ့် ..
အရောင်စုံ .. ထီးလေးတလက်မျှသာ ..။

-- 99 --
၇ ဒီဇင်ဘာ ၂၀၁၆။

Monday, December 5, 2016

"အိမ်ရဲ့ အဝေး ..။"

ညနေခင်းဟာ ..
ခန့်ခန့်ထည်ထည်ပဲ ..
ဖြတ်သန်း ပျံဝဲသွားခဲ့ ..
ဟော ..ငှက်တွေတောင် "အိမ်" (ပြန်) ပျံကုန်ကြပြီ ..
ငါလည်း .. ပျံချင်ရဲ့ ..
ဒါပေမယ့် ..
"အိမ်" ကိုတော့မဟုတ် ..
ငှက်တအုပ် တောင်ပံဖြန့်ရာ ..
ဟောဟို .. ဝေဟင်ထဲကို .. ။

-- 99 --
၅ ဒီဇင်ဘာ ၂၀၁၆။

Monday, November 28, 2016

"တုံ့ပြန်မှု ..။"

ပေးတိုင်းတော့ .. ပြန်မရနိုင်ဘူးပေါ့ ..
ပြန်မရနိုင်တိုင်းသာ .. မပေးဖြစ်တော့ဘူးဆိုရင် ..
ဒီကမ္ဘာမှာ .. ချစ်ခြင်းဆိုတာ .. 

ဆိတ်သုဉ်းသွားလိမ့်မယ် ထင်ပါရဲ့ .. ။
နင့်ဆီက .. ငါ လိုချင်တာနဲ့ ..
ငါ့အတွက် .. နင် ပေးနိုင်ခဲ့တာတွေ ..

ငါ့ဆီက .. နင် မျှော်လင့်ခဲ့တာနဲ့ ..
နင့်အတွက် .. ငါ တကယ် ပေးဖြစ်ခဲ့တာတွေ ..
သေချာ တွေးကြည့်တော့ ..
ခုထိလည်း ..
ထပ်တူ မကျနိုင်သေးပါဘူးကွယ် .. ။
ဒါပေမယ့် ..
နင့်ရဲ့ ချစ်ခြင်း အပိုင်းအစတခုဟာ ..
ငါ နေတတ်ဖို့ ..
ငါ ကျေနပ်ဖို့ ..

ငါ ပျော်ရွှင်ရာ ..
ငါ ကျင်လည်ရာ ..
ငါ့ နှလုံးသား တည်ရာ .. အတွက် 
ဟောဒီ ကမ္ဘာပေါ်မှာ ..
အကောင်းဆုံး အကြောင်းတခုပေါ့ .. ။
အကျိုးဆက် ကောင်းတွေကို .. 
မမျှော်လင့်သင့်တော့ပေမယ့် .. 
ငါ .. အတ္တထူထူနဲ့ မျှော်လင့်နေအုံးမယ် ..။
ရိုးသားတဲ့ ရင်ခုန်သံတွေ .. 
တုံ့ပြန်မှု ရှိပါစေလေ .. ။

-- 99 --
၂၈ နိုဝင်ဘာ ၂၀၁၆

"ဆက်ရန် ..။"

တိုးတိုးဖွဖွ အပြုံးတစနဲ့ ..
စကားတွေ ဖောင်ဖွဲ့နေတဲ့
ချစ်သူရယ် ..။
ဖွေးမြ တောက်ပ .. 

ကြယ်တာရာတွေလို လှလှပပနဲ့ ..
တဖွဖွ ကြွေဆင်းလာနေတဲ့ ..
နှင်းပွင့်တွေရယ် ..။

အို .. .. ..
... 
..
နူးညံ့ ... ... ...

တိတ်ဆိတ်လိုက်တာကွယ် ..။
ဟောဒီ .. စကြာဝဠာ တံတိုင်း ..
အတွင်းနဲ့ အပြင်မှာ ..
လှုပ်ရှားမှု အရာရာ .. ရပ်တန့် ..
ငိုသံတွေ ..  တိုးဖျော့ငြိမ်သက်လို့ ..

သောကမီးလျှံတွေ အစား .. 
ငြိမ်းအေးခြင်း ပန်းတွေ .. နေရာယူ ဖူးပွင့်ကြ ..
အချိန် နာရီတိုင်းမှာ ..
(အလုံးစုံ ချစ်ခြင်းတခုကြောင့် ..)
သိမ်မွေ့ ညင်သာတဲ့ .. 
ရင်ခုန်စည်းချက်တွေပဲ ဖြန့်ဝေပေးဆပ်ကြရအောင် ..
...
..
.
အင်းး .. .. .. 

အိပ်မက်ဆိုရင်လည်း .. 
ဆက်ရန် ... ရှိကြမယ်ကွယ် ..။ 

-- 99 --
၂၈ နိုဝင်ဘာ ၂၀၁၆။

Saturday, November 12, 2016

"ဖြစ်ပုံ ..။"

ဖြစ်ချင်ခဲ့တာက ..
ချစ်သူရင်ခွင်ရိပ်မှာ ..
တယုတယ မှေးစက်ခွင့်ရနိုင်မယ့် ..
ချစ်သူ အမြတ်တနိုး ပွေ့ဖက်ထားချင်တဲ့ ..
ပန်းဖြူဖြူလေး တပွင့် ..။

ဖြစ်နေခဲ့တာက ..
တည်ငြိမ်နေခဲ့တဲ့ ..
ချစ်သူရဲ့ နှလုံးသား ကန်ရေပြင်ပေါ်ကို ..
လှိုင်းထ ဘောင်ခတ်ရုံ ..
သံစဉ်ဖရိုဖရဲ .. ကျဆင်းသွားခဲ့ရတဲ့ ..
အမေ့လျော့ ခံ ..
ခဲ တလုံးမျှသာ ..။

--99--
၁၃ နိုဝင်ဘာ ၂၀၁၆။

Wednesday, October 26, 2016

"သတိရလို့ .. ရေးတဲ့စာ ..။"

ကိုယ်က ဖြေလျော့ခဲ့တာလား ..
သူက ဖြတ်တောက်ခဲ့တာလား ..
ဘယ်သူက .. ဘယ်သူ့ကို .. ဖြေလျော့ခဲ့တာလဲ ..
ဘယ်သူက .. ဘယ်သူ့ကို .. ဖြတ်တောက်ရစ်ခဲ့တာလဲ ..
သေချာတာကတော့ ..

ကိုယ်တို့ .. ပြေလျော့ ဝေးကွာခဲ့ကြပါတယ် ..။
မေ့လျော့ .. မြုပ်နှံထားနိုင်ခဲ့တယ် ထင်ခဲ့တဲ့ ..
ဘေးထိုးတွန်းဖယ် ထားနိုင်ခဲ့တယ် ထင်ခဲ့တဲ့ ..
ဆယ်စုနှစ် တခုစာ ..
သတိရ .. တမ်းတ .. လွမ်းဆွတ်ခြင်းတွေဟာ ..
အဲ့ဒီနေ့က ..
အဖျားခတ် မွှေနှောက်သွားခဲ့တဲ့ မုန်တိုင်းလို ..
အဲ့ဒီနေ့က ..
ပြိုကျရွာဆင်းခဲ့တဲ့ မိုးရေဖြူဖြူတွေလို ..
သိစိတ်ရဲ့ အကာအရံ အဆီးအတားတွေကို ..
တွန်းတိုက် တိုးဖယ်လို့ ..
ကိုယ့်ရင်ထဲမှာ .. လှိုင်းထ ဗြောင်းဆန်နေခဲ့တယ် ..။
ဟုတ်တယ် ..! မုန်တိုင်းက ကိုယ့်နှလုံးသားကိုမှ ဗဟိုပြုနေတယ် ..
ကာလများစွာ တိမ်ဖုန်းနေခဲ့တဲ့ .. သတိရခြင်းတွေကို
အကာကွယ် မဲ့စေခဲ့တယ် ..
ကိုယ်မငိုပါဘူး ကလေးရယ် .. ဒါပေမယ့် ..

နှလုံးသား တခုလုံး .. စိုရွှဲ ဆို့နင့်နေခဲ့တာ အမှန်ပဲ ..။
ကိုယ့်ခေါင်းပေါ်ကို တယုတယ အုပ်မိုးပေးတတ်တဲ့ .. 

မင်းလက်ဖ၀ါးလေးကို သတိရတယ် ..
မင်းလည်တိုင်ပေါ်မှာ ခပ်ကွေးကွေးလေး အိပ်ပျော်နေမယ့် .. 

ဆံပင်ဗွေစိမ်းစိမ်းလေးကို သတိရတယ် ..
မင်းကိုယ်တိုင် သတိမထားမိတဲ့ .. 

ရိုးရိုးစင်းစင်း ကိုယ်သင်းနံ့လေးကို .. သတိတရ ရှိတယ် ..
အငြင်းပွား ချော့မြူ ခွင့်ရခဲ့တဲ့ အချိန်ကာလ တခုကို .. သတိရတယ် ..
ဖွဲ့ဖွဲ့နွဲ့နွဲ့ မရှိခဲ့တဲ့ .. ရိုးရိုးသားသား စကားသံတွေကို .. သတိရတယ် ..
ပြေလျော့ ပြတ်တောက်လို့ .. ဝေးကွာရတဲ့ အခါ ..
သတိမမူမိခဲ့သမျှ အရာရာဟာ ..
ချစ်စရာ .. လွမ်းစရာ .. 

သတိတရနဲ့ .. တမ်းတစရာတွေသာ ဖြစ်လို့ ..။
နှလုံးသားရဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံးကနေ ..
ဟောဒီမုန်တိုင်း .. ရုတ်တရက် လှုပ် အနှိုးမှာမှ ..
ကိုယ့်အလွမ်းတွေရဲ့ ဇာတ်ကြောင်းကို .. 

စူးစူးရှရှ ခံစား ကြားနာခွင့် ရခဲ့တယ် ..။
*ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သွားရမယ့် .. ဘ၀ထဲမှာ ..
*နောက်ပြန်လှည့်ကြည့်ခွင့် မရှိတော့မှန်း သိပေမယ့် ..
နွေးထွေးမှုတွေ ပေးခဲ့ဖူးတဲ့ .. လက်တစုံအတွက် ..
တိုက်ဆိုင်ဖူးခဲ့တဲ့ ရင်ခုန်သံတွေနဲ့ .. နှလုံးသားတစုံအတွက် ..
ကျေးဇူးပါကွယ် ..။
 

-- 99 --
၂၄ အောက်တိုဘာ ၂၀၁၆။

*Big Bag - ဝေးသွားလည်း .. စာသားတချို့ ခံစားအသုံးပြုထားပါသည်။

Thursday, October 13, 2016

"ဆိတ်ငြိမ်တဲ့အခါ ..။"

တိတ်တိတ်ဆိတ်ဆိတ် မနက်ခင်းထဲ ..
ခိုတကောင် တောင်ပံခတ်သံ ..
လှိုင်းထ လွင့်ပျံနေခဲ့ .. ။
ကျယ်ပြန့်ကြီးမားတဲ့ ကြေကွဲမှုဆိုတာ ..
တိုးညင်းဆိတ်ငြိမ်တဲ့ စာနာမှုတွေကို ..
ဖြန့်ကျက် ပေါက်ဖွားစေနိုင်ရဲ့ .. ။


အဲ့ဒီငြိမ်သက်ခြင်းတွေ ..
ပိုပြီး နက်ရှိုင်းလာတဲ့ အခါ ..
ပိုပြီး ရှည်ကြာတည်တံ့လာတဲ့ အခါ ..
လိပ်ပြာတကောင်ရဲ့ တောင်ပံခတ်သံကိုတောင် ..
နှလုံးသားရဲ့ နားတစုံနဲ့ ..
ကြည်ကြည်လင်လင် ..
နာကြားခွင့် ရလာနိုင်တော့မှာ .. ။


အင်းး .. .. ..
"ပန်းခေတ်" .. ဆိုတာ
ဆိတ်ငြိမ်မှုကို
တန်ဖိုးကြီးကြီးထား .. ခံစားတတ်သူတွေ
မျှဝေနေထိုင်တတ်တဲ့ .. ကာလတခု ဖြစ်မယ် ..
အဲ့ဒီခေတ်မှာ ..
တိုးညင်းဆိတ်ငြိမ်တဲ့ စာနာမှုထဲကနေ ..
အဖန်မလပ် ပေါက်ဖွားရှင်သန်နေမှာက ..
"လွတ်လပ်သော ပျော်ရွှင်ခြင်း" များသာ ဖြစ်လိမ့်မယ် ..။

-- 99 --
 ၁၄ အောက်တိုဘာ ၂၀၁၆။

Tuesday, April 5, 2016

"လက်ဆောင် ..။"

ငါမပါဝင်နိုင်တော့တဲ့ .. နင့်ဘ၀ထဲ .. 
အရာရာ ပုံမှန်အတိုင်း .. 
လည်ပတ်ကြည်လင် .. 

ပျော်ရွှင်ပါစေ ..။
နင် မပါဝင်ချင်တော့တဲ့ .. ငါ့ဘ၀ထဲ ..
[နင် လိုအပ်တောင်းဆိုနေတဲ့ ..
လက်ဆောင် ပေးခွင့်ရတဲ့အတွက် ..]
ငါလည်း ပျော်ရွှင်နေပါ့မယ် ..
"လမ်းခွဲ"ဟာ နင်အလိုချင်ဆုံး 

လက်ဆောင်ဖြစ်နေခဲ့သည့်တိုင် ..
ချွင်းချက်မရှိ ..
ငါ ကျေနပ် .. နေတတ်ခဲ့ပါတယ် ..။

-- 99 --
5/ April/ 2016