Friday, April 11, 2008

သင်္ကြန်လေနဲ့ အတူ ..။

မနက်ခင်း နေခြည်လေး ဖြာခင်းနေပေါ့ ..
မင်းကတော့ ရောက်မလာခဲ့ပါဘူး ..

ကြည်လင်သာယာတဲ့ နေ့ခင်းလေးပါ ..
အရာရာ
ငြိမ်သက်လှပလို့ ..
မင်းမလာခဲ့တာက လွဲရင်ပေါ့ ..

ချုပ်ညရီတရောကို ရောက်လာပြန်ပြီ ..
မြင်မြင်သမျှ .. လွမ်းဆွတ်ခြင်း ရနံ့တွေ ဖြန်းပက်ထားလို့ ..
တမ်းတမ်းတတနဲ့ မင်းကို မျှော်ဆွေးမိပြန်ပေါ့ ..

ကြယ်တာရာတွေ အစုံအလင်နဲ့ ..
ဒီလို ညခင်းမျိုးဆိုရင်လည်း ..
မှိတ်တုတ် မှိတ်တုတ် အလင်းလှုပ်လှုပ်တွေအောက်မှာ ..
ဆို့ဆို့နင့်နင့် မျှော်လင့်ချက်ကြီးကို အသက်သွင်းမိပြန်ရော ..
ဗြုန်းကနဲဆို .. မင်း .. ပြန်များရောက်လာမလားလို့လေ ..

ဘာလိုလိုနဲ့ သင်္ကြန်ဆိုတာတောင်
တကျော့ ပြန်ရောက်လာပေါ့ ..
ပြန်မကျော့နိုင်သူက ..
ငါ့ရင်တွင်း အမတေလေး .. မင်း ..

အိမ်အပြင်မှာ ..
သင်္ကြန်မိုးတွေလည်း .. ရွာနေပြန်ပြီ ..
ငါ့ရင်ထဲလည်း စိုစိုရွှဲလို့ပေါ့ ..
မင်းအတွက် သွန်းဖြိုးလိုက်တဲ့ ..
အလွမ်းမိုးတွေကြောင့်လေ ..

နှစ်မကူးသေးဘူး ..
ဒီအချိန် တန်ခူးလေးမှာ ..
အလှထူးနေတဲ့ .. ပိတောက်ဦးတွေ ..
ငါ့ရင်ရဲ့ အငုံအဖူး .. မင်းအတွက်
ရည်စူးထားလို့ပါ ..

ဟော ..
ရေလောင်းသူတွေလည်း လောင်းနေကြပြီ ..
မုန့်ဝေသူတွေလည်း ဝေကုန်ကြပြီ ..
အားလုံးမျက်နှာပေါ်မှာ ..
ပိတောက်နဲ့ အပြိုင် ..
ဧပရယ်နေမင်းကို အန်တုမယ့် ..
အရယ်တွေ .. အပြုံးတွေ ..
ပွင့်လို့ .. လန်းလို့ ..

လူတကာတွေ .. ပျော်ရွှင်နေရောပေါ့ ..
ငါလည်း .. ပျော်ရွှင်ပါရစေ .. မင်းရယ် ..
ဒီတခါ .. သင်္ကြန်လေ အနွဲ့မှာ ..
ငါ့ဆီ .. ပြန်လှည့်လာခဲ့ပါကွယ် ..။

... 99 ...
၁၂ ဧပရယ် ၂၀၀၈။

5 comments:

  1. မင်္ဂလာပါ ခင်ဗျာ ... နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ ... :)

    ReplyDelete
  2. သင်္ကြန်လေ အနွဲ့မှာ အမြန်ဆုံးပြန်လှည့်လာပါစေဗျာ... ကဗျာလေးက ဟက်ထိတယ်ဗျ... သင်္ကြန်ဆိုတာ အလွမ်းဓါတ်ခံရှိတဲ့သူအတွက်တော့ အလွမ်းတွေပါပဲဗျာ.. :D နှစ်သစ်မှာပျော်ဗျာ...

    ReplyDelete
  3. သူက ယိမ်းအက ကနေလို့နေမှာပေါ့ ဒါကြောင့် မလာအားတာထင်တယ် ဟိဟိ
    အမြန်ဆုံးပြန်လာဖို့ မေမိုးဆုတောင်းပေးပါတယ်
    ပြီးတော့ သင်္ကြန်မှာ နှစ်ယောက်သားပျော်ရွှင်ပါစေ

    ReplyDelete
  4. သင်္ကြန်လေနဲ့အတူ အကိုနိုင်းနိုင်းရဲ့ မင်းလေးရေ အရောက်လာပေးလိုက်ပါနော ပျော်ပါရစေတဲ့နော် ...း) အဆင်ပြေပါစေဗျာ

    ReplyDelete
  5. ကဗျာလေးက လွမ်းစရာ ကောင်းလိုက်တာ။ ဒီကဗျာထဲက မင်းလေးဖတ်မိရင် အပြေးပြန်လာချင်မှာပါ။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...