Tuesday, November 11, 2014

"ဆန္ဒ ..။"

"စောင့်နေမယ်" လို.. မပြောလိုက်ဘူး .. 
ဒါပေမဲ့ ... 
စောင့်နေမိခဲ့တယ် ..

စစ်မှန်တဲ့ ချစ်ခြင်း ..
လွတ်လပ်ခြင်းတွေနဲ့မို့ ..
တွဲလက်တွေ မြဲပါရစေလို့ ..
မတောင်းဆိုရက်ခဲ့ဘူး ..

မြတ်နိုးတဲ့ ချစ်ခြင်း ..
နှောင်ကြိုးကင်းသမို့ ..
နေရစ်ပါလို့ ဆွဲမထားရက်ခဲ့ဘူး ..။

ဒီကမ္ဘာမှာ ..
ငါ အကာကွယ်ချင်ဆုံး အရာ ..
မင်းရဲပျော်ရွှင်မှုပေါ့ ..။

အဝေးကို ပြေးထွက်သွားခဲ့တဲ့
မင်း ပျော်ရွှင်ပါစေ ဆုခြွေတောင်းရင်း ..
ကျန်နေရစ်သူ ငါနှလုံးသားမှာ
သိပ်သည်းတဲ့ ချစ်ခြင်းတွေ
နှင်းလိုဝေ .. .. ။

ကလူကျီစယ် ..
ဖြတ်ပြေးသွားတဲ့ လေပြည်ထဲက ..
မင်း ရနံ့လေးတွေ ..
ခုန်ပေါက်မြူးထူး..
ဟောဒီ မိုးစက်တွေထဲမှာ ..
မင်း ရယ်သံလေးတွေ ..
တရိပ်ရိပ် ပြေးလွှား ..
ဟောဟို တိမ်သားထုထဲမှာ ..
မင်း ပုံရိပ်လေးတွေ ..
မင်း .. .. ..
မင်းဟာ သဘာဝတရား ..
ငါ့ဘဝကို ခြံရံထား ..

အဝေးမှာ ..
နာကျင်မှုကင်းတဲ့ နေ့ရက်တွေသာ
ပိုင်ဆိုင်ပါကွယ်။
အဝေးမှာ ..
သာယာတဲ့ မနက်ခင်းများနဲ့သာ
နိုးထပါကွယ်။
အဝေးမှာ ..
နွေးထွေးသော ညခင်းများနဲ့သာ
အိပ်စက် အနားယူပါကွယ်။

တခါတရံ ..
နက်မှောင်တဲ့ ကောင်းကင်ကြီးထဲ .. 
ကြယ်ရောင်တွေကို မြင်တဲ့အခါ ..
တခါတရံ ..
ဝင်းပနေတဲ့ လမင်းကြီးကို ..
အမှတ်တမဲ့ မော့ကြည့်မိတဲ့အခါ ..
အဲ့ဒီ .. တခါတရံလောက် ဖြစ်ဖြစ် ..
ငါ့ကို .. သတိရပေးပါလို့ ..

"စောင့်နေမယ်" လို.. မပြောလိုက်မိဘူး ..
ဒါပေမဲ့ ...
စောင့်နေမိတုန်းပဲ။

... 99 ...
11 Nov 2014

Friday, April 11, 2014

“အာရုံရဲ့ ကောက်ကြောင်း ..။”

ကုန်းမို့မို့လေးပေါ်မှာ .. ခဏ ရပ်တန့် ..
အာရုံငါးပါးကို ဖွင့်ကြည့်မိတော့ .. ဒီလို .. မြင်တွေ့ .. နာကြား .. ခံစားခွင့် .. ရခဲ့တယ် ..။ အနက်ရင့်ရင့် ခြုံလွှာထဲမှာ .. နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ မြို့လေးရယ် .. ခပ်ဝေးဝေးကနေ လွင့်ပျံ့လာနေတဲ့ .. ပျင်းရိငြီးငွေ့ချင်စရာ .. ခွေးဟောင်သံတချို့ရယ် .. ပြာလွင်လွင် ပန်းကမ္ဗလာတွေ ခင်းပြန့်ထားတဲ့ .. လမ်းလေးတွေပေါ်မှာ .. လူးလာခေါက်တုံ့ ၀င်ထွက်နေတဲ့ .. သင်းရနံ့ ရိုးစင်းစင်း .. လေပြေအေးအေးလေးရယ် .. တအိအိ ပြိုဆင်းလာနေတဲ့ .. ချမ်းအေးမှုတွေရယ် ..
ချမ်းချမ်းစီးစီး ဒီလိုညထဲ .. နီးလာလိုက် ဝေးသွားလိုက်နဲ့ .. ငြိမ့်ငြိမ့်အေးအေး စီးမြောလာနေတဲ့ ..ဂစ်တာသံစဉ် တချို့ရယ် ..
တမျှော်တခေါ် အဝေးကနေ .. အပြိုင်အဆိုင် လင်းလက်တောက်ပနေကြတဲ့ .. အရွယ်စုံ .. အရောင်စုံ .. ကြယ်စင်တွေရယ် .. ကောင်းကင် ဒေါင့်စွန်းတနေရာကနေ .. အိပ်ချင်မူးတူးနဲ့ .. ချောင်းကြည့်နေရှာတဲ့ .. ခပ်ကွေးကွေး လလေးတစင်းရယ် .. တိတ်ဆိတ် .. ငြိမ်သက် .. တည်ငြိမ်ခြင်းတွေနဲ့ .. ကဗျာမဆန်တဲ့ .. ကဗျာဆန်ဆန် အခိုက်အတန့်လေးရယ် .. အစိမ်းသက်သက်တွေကို ခင်တွယ်ရင်းနှီးစေတဲ့ .. ရိုးသားလွတ်လပ်ခြင်းတွေရယ် .. ခပ်ဖွဖွ ရေရွတ်သံ တစုံတရာရယ် .. နားထောင်မိတော့ .. အချစ်သည် .. ... .. . လေပြေတဲ့ .. .. ..။

... 99 ... ၁၁ ဧပရယ်လ် ၂၀၁၄။