Wednesday, December 9, 2009

ရသ ..။

ညီလေးရေ ...!

ဟောဒီမှာ ...
ငါ သယ်ဆောင်လာခဲ့တဲ့ ..
အဖြူရောင် တိမ်တအုပ် ..
ဟောဟိုက .. အဆုံးအစမဲ့နေတဲ့
မှိုင်းညိုညို တောင်တန်းကြီးတွေပေါ်ကပေါ့ ..
မင်း .. ပွေ့ပိုက်ကြည့်စမ်းပါကွယ် ..
သိမ်မွေ့ခြင်းရသကို ..
ရင်ထဲနက်နက်အထိ ခံစားမိစေချင်လို့ပါ ... ။

မင်း .. ကြားမိလိုက်ရဲ့လား ..!
တောင်တန်းကြီးတွေဆီ .. လည်ပတ်ရင်း ..
ဖြေးဖြေးညင်းညင်း .. နှုတ်ဆက် ဖြတ်ပြေးသွားတဲ့
လေနုအေးအေး ..
သူနဲ့အတူ .. ငါ့ရင်ရဲ့ အမှာစကားတွေ ပါးလိုက်သေးတယ် ... ။

တောင်ခြေရင်းနားက ..
စမ်းရေကြည်နွေးနွေးကိုလည်း .. ငါ မမေ့ပါဘူး ..
အာရုံနဲ့ .. အသေအချာ ထုပ်သိမ်းလာခဲ့တယ် ..
နွေးထွေး နူးညံ့ခြင်းဆိုတာကို ..
မင်း .. ထိတွေ့ ပျော်ဝင်ကြည့်နိုင်စေဖို့ပါ ... ။

အော် .. ဒါနဲ့ ..
စိမ်းလန်းခြင်း ပန်းချီတောအုပ်တွေ ..
ငါ .. ကျောပိုးလာသေးတယ် ..
တောင်တန်းတွေပေါ်က .. အဲ့ဒီ အမြဲစိမ်းတောတွေလို ..
မင်း .. နှလုံးသားတွေကိုလည်း ..
အကြင်နာတွေနဲ့ .. စိမ်းမြ လတ်ဆတ်နေစေချင်တယ် ... ။

ရင်ထဲရောက်တဲ့ .. ပန်းချီလေးတချပ်
ခုထိ .. ငါ့ရင်ထဲ စွဲကျန်နေတုန်း ..
“အရိပ်ပေးရလို့ .. ကြည်နူးနေတဲ့ သစ်ပင်နဲ့ ..
အရိပ်ခိုခွင့်ရလို့ .. ပီတိတွေနဲ့ မြူးလွင်နေတဲ့ ငှက်ကလေး ..
ဘေးမှာလည်း .. တောနွယ်ပန်းလေးတွေ ခြံရံလို့ ..”
ဒီလို .. ငြိမ်းချမ်းခြင်းအစစ်မျိုး ..
မင်း .. ခံစားကြည့်ဖူးစေချင်တယ် ... ။

အင်းး .. ငါ ယူဆောင်မလာနိုင်သေးတဲ့ ..
ခိုပြာရောင် တောင်တန်းကြီးတွေဆီကိုတော့ ..
တနေ့နေ့ .. .. ..
တနေ့နေ့ပေါ့ .. .. ..

သွားဖြစ်အောင် သွားကြည့်လိုက်ပါ ..
တည်ကြည် ခန့်ထည်ခြင်းရဲ့ .. လျှို့ဝှက်ချက်တွေကို
မင်း .. ကိုယ်တိုင်ကိုယ်ကျ ..
နှလုံးသားနဲ့ .. ဖတ်ရှုစေချင်လို့ပါ ... ။

... 99 ...
၉ ဒီဇင်ဘာ ၂၀၀၉။


Wednesday, December 2, 2009

ကောင်းကင် ပြခန်း ..။

လပျောက်တဲ့ ညတုန်းဆီက ..
လမင်းကို ..
လွမ်းသ .. မှန်းဆနေတဲ့ ..
ကိုယ့် ကောင်းကင်ပြခန်းလေး ..
ခဲပြာရောင် ရင့်ရင့် ..
ကြေကွဲခြင်း .. မိုးတိမ်အုပ်တွေ ..
အုံဆိုင်း .. ပျံလွင့်နေခဲ့တယ် .. ။

အိုးး .. ကိုယ့်ကောင်းကင်ရဲ့ အစွန်း ..
ဟိုအဝေးမှာ ..
မှုန်ပြပြ .. ကြယ်လေးတပွင့် ..
(ကိုယ့်ပြခန်းအတွက်တော့ ..)
တောက်ပလွန်းနေသလိုပဲ ..
(အင်းး .. ကောင်းကင်က ..)
နာကြင်ရင်း လက်စမို့ .. ထင်ပါရဲ့ .. ။

ဒီလိုနဲ့ပဲ ..
ကောင်းကင်ရဲ့တိမ်တွေအတွက်တဲ့ ..
ဆန်းသစ်ခြင်း ရောင်စဉ်တွေနဲ့ ..
ကြယ်လေးက .. ခြယ်သ သတဲ့ ..
တခါတခါ .. အ၀ါရောင် ရယ်သံလွင်လွင်တွေနဲ့ .. ပစ်ပေါက် ဆော့ကစားတတ်တယ် ..
တခါတခါ .. မြစိမ်းရောင် လန်းဆန်းခြင်းတွေ .. ဆွတ်ဖြန်း ပျိုးထောင်လို့ ..
တခါတခါ .. ညိုရွှေရောင် လေပြေတွေနဲ့ .. နူးညံ့ နွေးထွေးစေတယ် ..
တခါတခါ .. သံစဉ်အို ခပ်မှိုင်းမှိုင်းတွေသုံးလို့ .. ချော့မြူရင်း ပြုံးစေတယ် ..
တခါတခါ .. အဖြူရောင် မိုးရေစက်တွေနဲ့ ကိုယ့်ကောင်းကင်ကို .. အေးမြစေတယ် ..
တခါတခါ .. အနီရောင်တွေနဲ့ .. သက်တန့်ပေါင်းများစွာ ဖန်တီးပြတယ် ..
အင်းး ..
တခါတလေလဲ .. အစိမ်းရင့်ရင့်တွေ ပြလို့ လှောင်ပြောင် သရော်တတ်သေးတယ် ..
တခါတလေလဲ .. အနက်နုနုဖုံးလို့ .. မျက်ကွယ်ပြုချင် ယောင်ဆောင်တယ် ..
တခါတလေလဲ .. ပန်းဖျော့ဖျော့တွေ သုံးပြီး .. ကောင်းကင်ကို လှုပ်ရှားနိုးကြားစေတယ် ..
တခါတလေလဲ .. ငွေမှင်ရောင် တလက်လက်တွေသုံး .. ထစ်ချုန်း ပြတတ်သေးတယ် ..

ဘာဖြစ်ဖြစ်ပါလေ ...
အခု .. ဒီကောင်းကင်က ..
ရယ်သံတွေနဲ့ အကျွမ်းဝင်လို့ ..
လေပြေတွေကို မှန်းမျှော်ကြည့်လို့ ..
သံစဉ်အိုတွေကို .. အလွမ်းသင့်လို့ ..
ကြည်နူးခြင်း မိုးတိမ်တွေ နေရာယူတတ်လာပြီ ..

ဒါပေမယ့် ..
ကောင်းကင်ရဲ့ ပိုင်ဆိုင်သမျှ ..
ခပ်မှိုင်းမှိုင်း အတ္တတွေသာ များလို့ ..
ရိုးသားတဲ့ .. ကြယ်ငယ်ငယ်ရေ ..
မထိ နွမ်းစေချင်ဘူးကွယ် ..
အရိုးသားဆုံး ဂရုတစိုက် ရှိခြင်းတွေကို .. ကျေနပ်ရင်း ဆက်လက်ရှင်သန်စေမယ် ..
နွေးထွေး နူးညံ့တတ်ခြင်းတွေကိုတော့ ..
အခုထက် ပိုပြီး မပျော်ဝင်အောင် .. ထိန်းသိမ်းရလိမ့်မယ် ထင်တယ် ..
အမြဲတမ်း ..
ကြည်လင်စွာနဲ့ ထွန်းတောက်တတ်တဲ့ .. ကြယ်ပွင့်ငယ်လေး ..
တနေ့နေ့ ..
ကိုယ့်ကောင်းကင် ပြခန်းထက် ..
အလင်းမဲ့ ဆိတ်ငြိမ်နေမှာ ..
ကိုယ် ..
မလိုချင်ဆုံး ဆန္ဒမို့ပါကွယ် .. ။

... 99 ...
၁၆ မေ ၂၀၀၉။

Friday, August 14, 2009

ခံစားတတ်ခြင်းဖြင့်သာ ..။

ဟိုးခပ်မြင့်မြင့် ခပ်ဝေးဝေးက ကောင်းကင်ပေါ် .. လေယာဉ်ပျံကြီးတွေ ဖြတ်သန်းသွားတာ .. မြင်ရ .. ကြားရတဲ့ အခါမျိုးမှာ .. တခုခုများ ထူးထူးခြားခြား ခံစားမိခဲ့ဖူးလား ..။ အင်း .. လူတိုင်းအတွက်တော့ ဒီကိစ္စက အထူးအဆန်း တခုမှ မဟုတ်တာပဲလေ .. ဒါပေမယ့် .. ကျနော့်အတွက်တော့ .. ထူးခြားတဲ့ ခံစားချက်တမျိုးကို အမြဲတမ်း ခံစားမိနေစေတယ် ..

တခုခုကို .. တမ်းတ မှန်းဆမှုမျိုး ..

တခုခုကို .. တောင့်တ လွမ်းဆွတ်မှုမျိုး ..

အဲ့ဒီ့ .. နီးနီးလေးနဲ့ .. အဝေးကြီး .. ဝေးနေရတဲ့ .. တခုခုအတွက်ပေါ့ဗျာ .. .. ..။

လေယာဉ်တွေကို ပထမဆုံး စရင်းနှီးခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက .. ကျနော့် ဇာတိမြို့လေးက အဘွားလေးရဲ့ အိမ်နားလေးမှာပါ ..။ လေယာဉ်ကြီးတွေ ပျံတက်သွားသံနဲ့ .. ကွင်းထဲ ၀ဲပြီး ဆင်းလာတဲ့ အသံတွေဟာ .. ငယ်သေးတဲ့ ကျနော့်အဖို့တော့ .. ထိတ်လန့်စရာပါပဲ ..။ ဒါပေမယ့် .. အဲဒီကတည်းက လေယာဉ်သံတွေ နားထောင်မိတိုင်း .. လေယာဉ်ပျံကြီးတွေရဲ့ အတက်အဆင်းကို စောင့်ကြည့်မိတိုင်း .. ကျနော့်ရင်ထဲ .. မဖော်ပြနိုင်တဲ့ ပျော်ရွှင်မှု တမျိုး .. စပြီး ပေါက်ဖွား ဖြစ်တည်နေခဲ့တာ ..။ အဘွားလေးတို့ အိမ်ခေါင်မိုးပေါ် လေယာဉ်ကြီး ဖြတ်သွားသံကြားတာနဲ့ .. ကလေးပီပီ ကွင်းပြင်ကျယ်ကျယ်ထဲကို အသည်းအသန် ပြေးထွက်ပြီး .. ကောင်းကင်ကြီးကို မော့ကြည့်ရတာ မမောနိုင်အောင်ပါပဲ .. လေယာဉ်ကြီးရဲ့ အရိပ်ကလေး ကိုပဲ မြင်ရမြင်ရ .. လေယာဉ်ကြီးရဲ့ ၀မ်းဗိုက်လေးကိုပဲ မြင်ရမြင်ရ .. ကျနော့် မျက်နှာပေါ်မှာတော့ .. ထိန်းမနိုင် သိမ်းမရ အပြုံးကြီးကြီး တခု့ မလွဲမသွေ ချိတ်ဆွဲလို့ပေါ့ ..။ လေယာဉ်ကြီးတွေဟာ .. ကျနော့် မျက်လုံးထဲမတော့ .. လေဟုန်စီးနေတဲ့ ချိုးငှက် ဖြူဖြူလေးတွေပါပဲ ..။ အဲ့ဒီ အရွယ်ကတည်းက .. ကျနော့် စိတ်ထဲမှာ ဆန္ဒမှုန်မှုန်လေးတခု ခိုတွယ်ကပ်ငြိနေခဲ့တယ် .. “တနေ့ကျရင် လေယာဉ်ပျံကြီးနဲ့ ခရီးသွားမယ်” လို့ပေါ့ ..။

ဒီလိုနဲ့ပဲ ..

အချိန်တွေကုန်တာ မြန်ဆန်လွန်းလှပါတယ် ..

ကျနော် ရင်းနှီး ပျော်ရွှင်ခဲ့ဖူးတဲ့ .. လေယာဉ်ကွင်းကြီးနားမှာ ဆက်နေရမယ့် အချိန်တွေလည်း လုံးဝနီးပါး ပျောက်ဆုံးခဲ့ရပါတော့တယ် ..။

“ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲ .. ရင်ဆိုင်လိုက်ပါ ..” ဆိုတဲ့ စကားတခုလိုပဲ .. ကျနော့်ကိုလည်း တနေ့တမျိုး မရိုးရအောင် .. ရုန်းကန်မှုမျိုးစုံနဲ့ ခြယ်မှုန်းထားတဲ့ .. ဘ၀တခုက စောင့်ကြိုနေခဲ့ပါတယ် ..။ အဲ့ဒီဘ၀ထဲမှာ ခေါင်းမဖော်နိုင်တဲ့ ကျနော် .. ၀ါသနာပါရာ ချိုးငှက် ဖြူဖြူလေးတွေ စောင့်ကြည့်ခွင့် .. အစိမ်းရောင် ကွင်းပြင် ကျယ်ကျယ်ကြီးထဲ လွတ်လွတ်လပ်လပ် ပြေးလွှားပျော်ရွှင်ခွင့်တွေနဲ့ ၁၆ နှစ်ကျော်ကျော် ဝေးကွာ နေခဲ့ရတယ် ..။ ကြပ်တည်း ရုန်းကန်မှုတွေ ပိုများလေ .. လေယာဉ်ကွင်းနားက ကလေးဘ၀နဲ့ ပတ်သက်တဲ့ ပျော်ရွှင်ဖွယ် အတိတ်အကြောင်းတွေနဲ့လည်း .. ဝေးသထက်ဝေး လာခဲ့ပါတော့တယ် ..။

ဆောင်းဥတုရဲ့ သာသာယာယာ နေ့တနေ့မှာပဲ .. ကျနော့ဆီကို အခွင့်ထူးတခု ကျရောက်လာတော့တယ် .. ရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကနေ .. ခဏတာ ထွက်ပြေးလွတ်မြောက်ခွင့်တဲ့ .. ပြီးတော့ .. လေယာဉ်ကြီး စီးပြီး သွားရမယ့် ခရီးတဲ့ .. အဲ့ဒီအခါကျမှပဲ .. ကျနော့် အတိတ်တွေ ပြန်ရှင်သန်လာရင်း .. ကိုယ့်ကိုကိုယ် ပြန်သတိထားမိတော့တယ် .. လေယာဉ်တွေကို ကျနော် ရူးသွပ်နေဆဲပဲဆိုတာကိုပေါ့ဗျာ ..။ မြက်ခင်းစိမ်းစိမ်းတွေကို နောက်ခံထားပြီး .. ဂိတ်အသီးသီးမှာ ရပ်နားနေတဲ့ အဖြူရောင် လေယာဉ်ကြီး တွေကို .. ကျနော် တစိမ့်စိမ့် ကြည့်နေမိတယ် ..။ အင်းး .. ကျနော် အပြေးအလွှား စောင့်ကြည့်ခဲ့တဲ့ .. လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းကလိုပဲ .. ဒီအစိမ်းရောင် ကော်ဇောကြီးပေါ်မှာ .. လေယာဉ်တွေ .. ပျံတက် .. ဆင်းသက်နေတုန်းပဲကိုး ..။ လေယာဉ်ကွင်းကြီးထဲမှာ ဘာမှ မပြောင်းလဲ သေးပေမယ့် .. ဘ၀ကတော့ ကျနော့်အတွက် အကွေ့အကောက်ပေါင်းများစွာ ဖန်တီးပေးနေခဲ့တယ် ..။ ဘာပဲဖြစ်ဖြစ် ၁၆ နှစ် ကြာပီးတဲ့နောက် .. ဒီလို အခွင့်အရေးလေးနဲ့ ကြုံရတာကိုပဲ ကံကောင်းလှပြီလို့ ပြောရမှာပေါ့ဗျာ ..။ တခုပဲ ပြောစရာ ရှိတယ် .. “အိမ်နဲ့ ဝေးရာကို ဦးတည်နေတဲ့ ခရီးတခု ဆိုတာရယ် .. နောက်ပြီး .. ဘယ်အချိန်မှ အိမ်ပြန်ရောက်မယ်မှန်း .. မခန့်မှန်းတတ်တဲ့ ခရီးဆိုတာရယ် ကိုပါ ..”

အဲဒီနေ့ကတည်းကပဲ .. လေယာဉ်ကြီးတွေကို မြင်ရ ကြားရတဲ့ ကျနော့်ပျော်ရွှင်မှုတွေဟာ .. ကြေကွဲစရာ အခိုက်အတန့်တွေ ဖြစ်ကုန်တော့တယ် ..။ ကျနော့် “အိမ်” .. ကျနော့် “မိသားစု”နဲ့ အဝေးမှာ မို့ပေါ့ဗျာ ..။ ဒီမိသားစုထဲမှာ ကျနော့် အပျော်မှန်သမျှကို သူတို့နဲ့ပဲ .. မျှဝေနေထိုင်ခဲ့တာ .. အထူးသဖြင့် .. ကျနော့် ညီမငယ်လေးတွေ .. ကျနော် ပြေးလွှားခဲ့သမျှ တလျှောက်လုံး .. ဘာအတွက်ရယ်လို့ မညီးမညူပဲ .. လိုက်ပါ ပေးခဲ့သူတွေပေါ့ .. ..။

၂ နှစ်ကျော်ကျော် အိမ်နဲ့ဝေးပြီးတဲ့ .. နွေဦးတနေ့မှာ .. ကျနော့်ဆီကို ကံကောင်းခြင်းတခု ထိုးဆင်း လာခဲ့ပြန်တယ် ..။ ကျနော့်ဆီကို .. ညီမလေးရဲ့ ပထမဆုံးသော အလည်ခရီး .. ..။ ဥဒဟို သွားလာနေတဲ့ လေယာဉ်သံတွေ နားထောင်ရင်း .. ညီမလေးစီးလာတဲ့ လေယာဉ်ကြီး ဆိုက်ရောက်မှာကို စောင့်ဆိုင်း နေရတာ .. ဘ၀မှာ အကြည်နူးရဆုံးနဲ့ စိတ်အလှုပ်ရှားရဆုံး အခိုက်အတန့်ပဲ ..။ ကောင်းကင်ကြီးက အဲ့ဒီနေ့မှပဲ ပြာလွင်နေလိုက်တာ ..။ လေယာဉ်ဆိုက်ချိန် နီးကပ်လာလေလေ .. မြက်ခင်းတွေကလည်း ပိုစိမ်းမြလာလေလေ ..။ စူးစူးရှရှ လေယာဉ်သံတွေဟာလည်း .. မှတ်မိသမျှမှာတော့ ဒီတခါ နားဝင် အချိုဆုံးပဲ ..။ အခု ကျနော်ရောက်နေတဲ့ လေယာဉ်ကွင်း ပတ်ဝန်းကျင်က ... ဟိုးတချိန် ကျနော့် အာရုံထဲကနဲ့ တူတာ ဘာတခုမှ မရှိဘူး .. ဒါပေမယ့် ကျနော် တစိမ့်စိမ့်နဲ့ ပျော်နေမိတယ် ..။ မတ်တပ်ရပ်ရင်း .. ရှုပ်ရှက်ခတ်နေတဲ့ လေဆိပ်ကြီးထဲမှာ .. ဆူညံသံတွေနဲ့ ယောက်ယက်ခတ်နေမှုတွေ အားလုံးက ကျနော့်နှလုံးသားကို မျှော်လင့်ချက်တွေနဲ့ တဖန်ပြန်ပြီး .. လှုပ်ရှားနိုးကြွလာစေပါတယ် ..။

ဒီလိုနဲ့ .. တလဆိုတာ ခဏလေးနဲ့ ကုန်သွားသလိုပါပဲ .. အခု .. ညီမလေးရဲ့ အိမ်ပြန်ချိန်ပေါ့ ..။ ကျနော် သူ့ကို လေဆိပ်ထဲအထိ .. လိုက်ပို့ဖြစ်တယ် .. “ထွက်ခွာ” ဆိုတဲ့ အခန်းထဲကို ၀င်သွားတဲ့ ညီမလေးရဲ့ နောက်ကျောပြင်ကို ငေးကြည့်နေမိတယ် ..။ ဆို့နစ်မှုတွေပဲ ရှင်သန်နေတဲ့ အခိုက်အတန့် ပေါ့ ..။ အဆင့်မြင့်မြင့် အအေးလွန် အခန်းကြီးထဲမှာ .. ချွေးတွေရွှဲနစ်နေတဲ့ ကျနော် .. မြင်မြင်သမျှ ညစ်နွမ်း လို့ .. လင်းထိန်သစ်လွင်နေတဲ့ လေဆိပ်ကြီးဟာ .. မြင်မကောင်းအောင် ရှုပ်ပွနေလိုက်တာ .. လူတွေဆီက အသံတွေကလည်း .. နားမခံချင်စရာ ..။ ကောင်းကင် ပြာပြာကြီးလည်း .. လွင့်မြော .. မြက်ခင်း စိမ်းစိမ်းတွေ လည်း .. ပျောက်ဆုံးလို့ ..။ တခါတုန်းက ကိုယ်ကိုယ်တိုင် တင်စားခဲ့ဖူးတဲ့ ချိုးငှက်ဖြူလေးလို လေယာဉ်ကြီး လည်း .. ငှက်ဆိုးကြီးတကောင်လို သဏ္ဍာန်ပြောင်းနေပါရော့လား ..။ လေဆိပ်ထဲ ရပ်နေမိတဲ့ .. ကိုယ့်ကို ကိုယ် စိတ်တွေနာလို့ ..။ ဖြစ်နိုင်ရင် ဒီအခိုက်အတန့်လေး .. ဘ၀ထဲကနေ ဖယ်ထုတ်လိုက်ချင်တယ် ..။ ပျံသန်းနေတဲ့ လေယာဉ်ကြီးတွေကို စောင့်ကြည့်ခဲ့ဖူးတဲ့ ဘ၀ထဲက အပျော်တွေ .. အခုတော့ ကြေကွဲ ၀မ်းနည်းစရာအဖြစ် ပြောင်းလဲသွားလိုက်တာ ..။ ဟိုခပ်လှမ်းလှမ်းက လေယာဉ်ကွင်းထဲမှာတော့ .. ကျနော့် ညီမလေးကို ခေါ်ဆောင်သွားတဲ့ လေယာဉ်ကြီးက မြေပြင်ကို ခွာလို့ .. တိမ်တောင် ဖြူဖြူတွေထဲကိုတောင် ထိုးခွဲ ၀င်ရောက်သွားပြီ ..။ ကျနော်က .. ဟောဒီ မြေပြင်ပေါ်မှာ .. ကိုယ့်ကိုကိုယ် .. မနည်း ပြန်တည် ဆောက်ရင်း .. မမြင်နိုင်တဲ့ အစအနတွေအဖြစ် ပြိုကွဲကျန်ရစ်လို့ ..။ အဲ့ဒီနေ့က စလို့ .. ဘယ်လို လေယာဉ် သံမျိုးပဲဖြစ်ဖြစ် .. ကျနော့်ကို နောက်ကျိ နာကြင်တာတွေပဲ ဖန်တီးပေးပါတော့တယ် ..။ ကျနော့် ငယ်ဘ၀ တုန်းကလိုမျိုး .. (ဒါမှမဟုတ်) ညီမလေး အလည်လာတုန်းကလိုမျိုး .. ပျော်ရွှင်ခြင်းတွေ .. တက်ကြွမှုတွေ သယ်ဆောင်မလာတော့တာ သေချာ နေခဲ့ပါတယ် ..။

အရင်တုန်းက .. လေယာဉ်ကြီးတွေကို မြင်ရကြားရလို့ ခံစားမိသမျှ .. ပျော်ရွှင်တာပဲ ဖြစ်ဖြစ် .. ဆို့နင့်တာပဲ ဖြစ်ဖြစ်.. ကျနော် သေချာ သတိမထားမိခဲ့ဘူး ..။ နေ့စဉ် ဖြစ်ပေါ်နေကျ ခံစားချက်တွေလိုပဲ .. ဖြစ်လာပြီးရင် မေ့ပျောက်သွားမှာပါလို့ ထင်ထားမိခဲ့တာကိုး ..။ ငယ်ငယ်က .. လေယာဉ်ပျံကြီးတွေကို စောင့်ကြည့် ပျော်ရွှင်ရတဲ့ ခံစားမှုဟာ .. အခုအချိန်မှာ ၀မ်းနည်း နာကြင်ခြင်းတွေအဖြစ် ပြောင်းလဲ ရိုက်ခတ် လာလိမ့်မယ်လို့ .. ကျနော် ဘယ်တုန်းကမှ တွေးမထားမိခဲ့ဘူး ..။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ .. ဒါကိုက “ဘ၀” ပဲ ..။ ဘ၀ဆိုတာလည်း ကျနော်တို့ တွေးမြင်ထားသလိုမျိုး တသဝေမတိမ်း ဘယ်တော့မှ ဖြစ်မလာ တတ်တာမျိုး ..။ ဒီတော့ .. ကျနော့်ဆန္ဒတွေ ဘယ်တော့မှ အသေအချာ ဖြစ်လာမယ်လို့ မပြောနိုင် ဘူးပေါ့ ..။ ဒါဆို .. လိုချင်တာမှ မသေချာတဲ့နောက် .. ကျနော့် အပျော်တွေးတွေကိုရော လက်လွှတ်လိုက် သင့်လား ..။ အင်းးး .. မသေချာတာတွေကို .. သေချာလာစေမယ့် .. ထွက်ပေါက် တခုခုတော့ ရှိနေ ကောင်းပါရဲ့ .. ဘာများ ဖြစ်နိုင်မလဲ .. ။

နောက်ဆုံး ကျနော် သတိချပ်မိတာက .. ဘ၀ဆိုတာ .. အပျော်နဲ့ အမောကို သမမျှတ ထားတာပဲ ကိုးဗျ ..။ ကျနော်တို့က .. ရေရွတ်ညီးတွား မနေပဲ .. တန်ဖိုးရှိအောင် ဘယ်လို ညှိယူမလဲဆိုတာကိုပဲ လက်ကိုင်ထား ကျင့်သုံးတတ်ရမှာ ..။ ဟုတ်တယ် .. ကျနော်လည်း .. ကျနော့် ပူဆွေးခြင်းတွေကို အမြင် ပြောင်းသင့်ပြီ ..။ “၀မ်းနည်းခြင်း” .. တွေကို .. “ရောင်စဉ်တန်း” တခုအဖြစ် မြင်ကြည့်လိုက်မယ် .. ကမ္ဘာကြီး ရဲ့ ဆေးရောင်တွေကို နုဖျော့စေမယ့် အရောင်တမျိုးပေါ့ဗျာ ..။ ကျနော်တို့ရဲ့ ကြေကွဲခြင်းတွေက ကမ္ဘာကြီး ကို ရှုဒေါင့်တမျိုးကနေ ခံစားတတ်ဖို့ ဖြစ်တည်ပေးထားတဲ့ .. အနုပညာတရပ် ဖြစ်နေနိုင်တာပဲလေ ..။ အဲ့လို ဆို ခံစားရတာ ပိုမကောင်းပေဘူးလား ..။

တခါတလေများ .. ကျနော်တို့ မြင်နေရတဲ့ ကမ္ဘာကြီးက သူ့အတိုင်းကို .. လှပနေတာပါပဲ ..။ ဒါပေမယ့် .. ကြည့်နေသူ စိတ်ထဲ .. တခုခု လိုအပ်နေသလို ခံစားမိဖူးတဲ့အခါမျိုး ရှိမှာပေါ့ ..။ အရင်ကတော့ .. အဲ့ဒီ လစ်ဟာမှုဟာ ဘာပါလိမ့်လို့ ကျနော် မသဲကွဲခဲ့ဖူး ..။ ခုတော့ ကျနော် နဲနဲပါးပါး ဖမ်းဆုတ် မိလာသလိုပဲ ..။ အဲဒါက “ခံစားမှု” ပါးပါးလေးပါပဲ .. ဒါပေမယ့် .. သိပ်နူးညံ့ပြီး .. တခြား ခံစားချက်တွေကို ပြည့်စုံသွားစေတဲ့ အရာမျိုးပေါ့ ..။ ကျနော်ကတော့ .. “ခံစားချက်တွေရဲ့ အနုပညာ”လို့ ကိုယ့်ဟာကိုယ် နားလည်ထား လိုက်တယ် ..။ အဲ့ဒီအနုပညာက ကျနော်တို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်က အမှတ်ရစရာတွေကို မွှေနှောက် မျှတပေးပြီး .. တမ်းတ .. လွမ်းဆွတ်မှုတွေနဲ့အတူ .. ကျင်လည်ခဲ့ဖူးရာဆီကို ပြန်ခေါ်ဆောင် သွားပေးတဲ့ အရာမျိုးပေါ့ ..။ ကျနော်တို့မှာ .. အတိတ်က အမှတ်ရစရာလေးတွေ ရှိနေမှသာ .. အဲ့ဒီတုန်းက ခံစားမှုတွေကို .. လက်ရှိ တမ်းတခြင်းနဲ့ ပြန်ဖမ်းဆုတ်နိုင်မှာမျိုးပေါ့ ..။

… … …

… …

..

.

မကြာခဏဆိုသလိုပဲ .. ကျနော့်တိုက်ခန်းလေးရဲ့ ဟိုးအမြင့်ထက်မှာ .. လေယာဉ်ကြီးတွေ .. လူးလာ ခေါက်တုံ့ ပျံသန်းနေတတ်ပါတယ် ..။ ငယ်ငယ်ကလိုပါပဲ .. ကြားသမျှ လေယာဉ်သံတိုင်းကို .. ၀ါရံတာလေး ကနေ ကျနော် အပြေးအလွှား ထွက်ပြီး ငေးကြည့်တတ်တုန်းပါပဲ ..။ ဒါပေမယ့် .. ဒီတခါတော့ ငယ်ငယ်ကထက် ပိုတဲ့ .. အဓိပ္ပါယ်မျိုး .. နှစ်ခြိုက်တတ်မှုမျိုးနဲ့ပါ ..။ တကယ်တော့ ..

ထွက်ခွာတယ် ဆိုတာ .. ခွဲခွာတာမှ မဟုတ်တာ ..

ခြေချတယ် ဆိုတာလည်း .. အခြေကျသွားတာမှ မဟုတ်တာလေ ..

လက်ခံတတ်အောင် ကြိုးစားတတ်ခြင်းကသာ ..

ဘ၀အတွက် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းတွေ .. ပေးအပ်နိုင်မှာကိုး

ကျနော်ကတော့ .. နှလုံးသားက တမ်းတတိုင်း .. ခံစားတတ်ခြင်းနဲ့သာ ဖမ်းဆုတ် ပုံဖော်နိုင်တဲ့ .. ခံစားမှု အနုပညာကို ဆက်လေ့ကျင့်သွားရအုံးမယ် ..

ဒီနေ့ ..

နက်ဖြန် ..

နောက်ထပ် နက်ဖြန်တွေတိုင်းမှာ ..

လေယာဉ်သံတွေ ကြားနေသရွေ့ ..

လေယာဉ်ကြီးတွေကို မော့ကြည့်ခွင့်ရနေသရွေ့ ..

(ဘယ်ဒေသမှာပဲ ရောက်ရောက်)

လေယာဉ်ကွင်းတွေနားကနေ .. ဖြတ်သန်း ငေးမာခွင့်ရနေသရွေ့ပေါ့ဗျာ ..။

… 99 …
၂၈ ဖေဖော်ဝါရီ ၀၉။

Thursday, July 30, 2009

ဗလာ ..။

ဒီနေ့ပြီး .. မနက်ဖြန် ..
ပြီးးး .. နောက်တနေ့ .. နဲ့ ..
ဖမ်းဆုတ်ကန့်သတ်လို့ မရနိုင်တဲ့ ..
.. .. .. အဲ့ဒီ .. .. ..
မှောင်မိုက်မိုက် .. မနက်ဖြန်တွေ ..
...
..
.
လောင်မြိုက်ခြင်း .. ဒီရေတွေ ..
တရိပ်ရိပ်နဲ့ .. တက်နေလိုက်တာ ..
တရာသီစာပဲမကတော့ဘူး ..
ညချင်းဆက်နေတဲ့ .. လကွယ်ညတွေခမြာ ..
ဘယ်နက္ခတ်စိုးမိုးမှ .. ပြန်လင်းချင်းနိုင်မှာတဲ့လဲ ..
သြော် .. အစတွေ ရှိခဲ့တိုင်းလည်း ..
အဆုံးမသတ် .. ဖြစ်နေသေးတာတွေက ..
ကိုယ့် နိစ္စဒူဝတွေမှာတောင်
စနစ်တကျ .. ပြန့်ကျဲလို့ .. ။

... 99 ...
၃၁ ဇူလိုင် ၂၀၀၉။

Wednesday, July 22, 2009

ခေါင်းစဉ်မရှိ ..။

ဒီလမ်းလေးကတော့ ..
အခုအတိုင်းနဲ့ အရင်ကလိုပါပဲ ..

အမှတ်တယ တချို့သာ ..

ပြေးဝင် ပြေးထွက်ရင်း ..

ရာသီတွေ ပုံမှန်လည်ပတ် ..

တခါတုန်းက ဒီလမ်းလေးမှာပေါ့ .. ..။


မွှေးမြမြ ခရေပင်တန်းတွေ ခြံရံထားတဲ့ ..

ဒီမြေသားနီနီ လမ်းကလေးပေါ်မှာပဲ ..

ကိုယ့်ရင်နဲ့ အနီးဆုံးအရာတခု ..

ကောက်ရဖူးခဲ့တယ် ..

ကြွေခနေတဲ့ ခရေမွမွလေးတွေနဲ့ ..

လမ်းလေးရဲ့ နေ့ရက်တချို့တွေလေ ..

အေးမြလွန်းတယ်ကွယ် .. ..။


လေကြမ်းကြမ်းတွေ လှုပ်နှိုးတဲ့တနေ့ ..

ဖြစ်သင့်တာတွေနဲ့ လန့်နိုး ..

မက်မောဆဲ ခရေအိပ်မက်လေးရေ ..

ကိုယ်မြတ်နိုးနေလည်း ..

ဖြစ်နိုင်ခွင့်တွေက မြေခနေပြီမို့ ..

ခရေတွေ မသင်းပျံ့သေးတဲ့ ..

မှုန်မှိုင်းမှိုင်း ကာလတခုမှာပဲ ..

အငွေ့ပျံ .. စေခိုင်းလိုက်မိ
တယ် ..
ခရေနံ့သင်းဆဲ ..
ကိုယ့်
ရင်ရဲ့ အမှတ်တယ .. ရက်စွဲတွေကိုပေါ့ .. ..။

အခုလည်း ဒီလမ်းကလေးမှာ ..

ခေရေတြ .. ေ
ၾကြဆဲ ေ၀ဆဲ ..
ကိုယ့်ရင်ရဲ့ အနီးဆုံး ခရေတပွင့် ..

ပျောက်ဆုံးနေခဲ့တာက လွဲလို့ ..

ရာသီတွေ ပုံမှန်လည်ပတ် ..

အရာရာဟာ .. အရင်ကလိုပါလား .. ..။

… 99 …
၂၃ ဇူလိုင် ၂၀၀၉။

Monday, July 6, 2009

ရွာရိုးကိုးပေါက် ..။

ဒီလိုပါ ကျနော် ရွာရိုးကိုးပေါက် လျှောက်သွားတယ် ..
ရွာရိုးကိုးပေါက် ကျနော်ဘာကြောင့် လျှောက်သွားရသလဲဆိုတာ ..
ရွာရိုးကိုးပေါက် ကျနော်ကိုယ်တိုင်က လျှောက်သွားလိုခြင်းဖြစ်တယ် ..
ရွာရိုးကိုးပေါက်လမ်းတွေပေါ်မှာ ရွာရိုးကိုးပေါက်လူတွေ အများကြီးပဲ ..
ရွာရိုးကိုးပေါက်လမ်းတွေပေါ်မှာ အကောင်းဆုံးကားတွေ ဖြတ်သွားကြတာရှိတယ် ..

ရွာရိုးကိုးပေါက်စကားတွေ အရည်မရ အဖတ်မရ ဆိုပြောကြတယ် ..

မေ့တတ်ကြတဲ့ ရွာရိုးကိုးပေါက်လူတွေ မေ့ကြပါစေတော့ ..

ရွာရိုးကိုးပေါက် လမ်းတွေပေါ်မှာ ဈေးအပေါဆုံး စားသောက်ဆိုင်တွေ ဖွင့်ထားကြတယ် ..

သောက်တလွဲ လွဲပြီးရင်းလွဲနေတဲ့ ရွာရိုးက တိုးမပေါက်တော့ဘူးလား ..

ရွာရိုးကိုးပေါက် အကောင်းဆုံးကားစီးသူတွေက ဈေးအပေါဆုံးဆိုင်ထဲ ၀င်စားကြတယ် ..

ရွာရိုးကိုးပေါက် ဖြစ်တာများ လာပြောနေရသေး ..

ရွာရိုးကိုးပေါက် လမ်းလျှောက်သူတွေလည်း ဈေးအပေါဆုံးဆိုင်ထဲ ထိုင်စားကြတယ် ..

ရွာရိုးကိုးပေါက် တိုးပေါက်တယ်ဆိုတာ သိဖို့ကောင်းတယ် ..။

ခင်ဗျားဘယ်က ပြန်လာသလဲ ရွာရိုးကိုးပေါက်ကပါ ..

ခင်ဗျားဘယ်ကိုသွားမှာလဲ ရွာရိုးကိုးပေါက်ဆီပါပဲ .

ရွာရိုးမှာ ကိုးပေါက်ရှိတာ လောင်းကစားသမားမဟုတ်လည်း သိတယ် ..

ကိုးပေါက်စလုံး ရွာရိုးကြီးပဲဆိုရင်တော့ ရွာသူနှောက်တာပဲ ..

ဒီလိုပါခင်ဗျာ .. ယပ်တောင်လေးခပ်လို့ ရွာရိုးပေါက်များ ပွင့်မလား ..

ဒီလူ့နှယ် ရွာရိုးကိုးပေါက် အကုန်ဖွင့်ထားသားပဲ .. တော်တော်ပြောရခက်တဲ့လူ ..

ရွာရိုးသဘော ရွာရိုးဆောင်တာ ကိုးခေါက်တောင် မကတော့ဘူး ..

လာမပြောနဲ့၊ လာမပြောနဲ့တော့၊ လာမပြောနဲ့တော့ ..

ရွာရိုးကိုးပေါက် ရောက်သလောက်ပဲ လျှောက်ပြစမ်းချင်တယ် ..။

ဒီလိုပါ ကျနော် ရွာရိုးကိုးပေါက် လျှောက်သွားတယ် ..

ရွာရိုးကိုးပေါက် ကျနော်ဘာကြောင့် လျှောက်သွားရသလဲဆိုတာ ..

ရွာရိုးကိုးပေါက် ကျနော်ကိုယ်တိုင်က လျှောက်သွားလိုခြင်းဖြစ်တယ် ..

ရွာရိုးကိုးပေါက် လျှောက်ရခြင်းရဲ့ အကြောင်းကလည်း ..

ရွာရိုးကိုးပေါက်ပဲ ဖြစ်တယ် .. .. ..။

နေထွန်းနိုင်

ပိတောက်ပွင့်သစ်

အမှတ် (၂၄)၊ မေလ၊ ၂၀၀၉။

Sunday, July 5, 2009

ပုံပြင် မဟုတ်တဲ့ ပုံပြင် .။

မျက်ဝါးထင်ထင်
ကိုယ့်အသက်ကို ကိုယ်မွေးနိုင်မှ ..။

ဒီတောင်တက်ပြီးရင် ဟိုမြစ်ကို ကူးရဦးမယ် ..
တကောင်လာလည်း အိုဗာစတေး (over stay) ဆိုတာချည်းပဲ ..။

ရွာက နွားတရှဉ်းနဲ့ လယ်ကွက်ဖိုးလေး မရသေးဘူးဆိုလား ..
အိမ်ကို လွမ်းတယ်ဆိုလား ..
မောင်ကြီး မပြန်နိုင်ဆိုလား ..
အဲ့ဒီကောင် .. အမြဲတမ်း တငူတငိုင်ငိုင် ..
မီးတွေလင်းနေတဲ့ .. ဟိုဘက်ကမ်းမှာ ..
မှောင်နေတဲ့ ဘ၀တွေရှိသလို ..
မှောင်နေတဲ့ မင်းအိပ်မက်မှာ ..
“တနေ့နေ့တော့” ဆိုတဲ့ .. အလင်းလည်း ရှိရမှာပေါ့ ..။

“ပြည့်စုံချိန် ပြန်ခဲ့မယ်တဲ့ ..
ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ ..”
မျက်ရည်စို့နေတဲ့ .. အဲ့ဒီ သီချင်းကို .. ပိတ်လိုက်ပါတော့ကွာ ..။

သူဌေးဆိုတဲ့ အသားဝါကောင်တွေက ..
ခြေထောက်နဲ့တို့ပြီး ခိုင်းတာကို .. ခံနေရတဲ့အချိန် ..
သားလေးက နိုင်ငံခြားမှာဆိုပြီး ..
ဂုဏ်မယူလိုက်ပါနဲ့ ..
မစားရက် .. မသောက်ရက် ..
ချစ်ခြုပ်စုထားတဲ့ .. ကျနော့် အသက်ကလေး ..
အမေ့ထံ လိုက်ပါတယ် .. .. .. ။

ချောဘသစ်
ပိတောက်ပွင့်သစ်
အမှတ် (၂၄)၊ မေလ၊ ၂၀၀၉။


ရက်ရောမယ်ဆိုရင် ..။

တခုဝယ် ..
တခု အဆစ်ပေးနေတဲ့ ..
ရက်ရက် ရောရော ခေတ်ကြီးထဲ .. .. ..

အချစ်တခု ၀ယ်ချင်တယ် ..
အဆစ်တခု ပေးမယ်ဆိုရင် ..
ရိုးသားသန့်စင်ခြင်းလောက်တော့ ..
ရက်ရောစေချင်ပါရဲ့ကွယ် .. .. .. ။

... 99 ...
ဓမ္မစကြာနေ့။
၆ ဇူလိုင် ၂၀၀၉။

Thursday, June 18, 2009

၆၄ မွေးနေ့ ..။


လွတ်လွတ်လပ်လပ် ..
သန်သန်စွမ်းစွမ်း ..
ကြံ့ကြံ့ခိုင်ခိုင် ..
ပျော်ပျော်ရွှင်ရွှင် ..
ကြည်ကြည်လင်လင် ..
ရှင်သန်ပါစေ ..
အားလုံးရဲ့ အမေ ..။

... 99 ...
၁၉ ဇွန် ၂၀၀၉။

Saturday, June 6, 2009

အိုဗာမား မိန့်ခွန်း ..။

”၂၁ ရာစုရဲ့ ငွေကြေးဟာ ..
ပညာရေးနဲ့ တီထွင်ဖန်တီးမှုပါပဲ ..”


Friday, April 3, 2009

နှောင်ထုံး ..။

ဘ၀က ..
အထိအရှတွေ .. ပရပွနဲ့ဆိုပေမယ့် ..
တောင့်တမိခဲ့ဖူးတဲ့ ..
နူးညံ့ခြင်းလေးတခု ..
မနေ့တနေ့ကအထိ .. ရှိနေခဲ့တယ် ..
ရစ်ပတ် .. ချည်နှောင်ဖို့ ..
တွန့်ဆုတ် .. တွေဝေခြင်းတွေနဲ့ ..။

အချစ်က ..
သိမ်မွေ့ .. နက်ရှိုင်းလွန်းတဲ့ ..
အိပ်မက်ရာသီတခု ..
တမ်းတမ်းမက်မက် .. ပွေ့ဖက်လိုက်ရင် ..
လှိုက်မောပြိုကွဲ .. အလွမ်းရာသီတွေကြားမှာ
အဆုံးသတ် မဲ့နေတော့မယ် ..
အိပ်မက်လေးရေ ..
သူ့အတိုင်းတိုင်းသာ .. ဖြစ်တည်နေပါစေရော့ ..။
..
.
နောက်ဆုံးတော့လည်း ..
ဘ၀က ..
အချစ်ကို ..
နှောင်ထုံး .. ဖြေလျော့လိုက်ပါတယ် ..။

... 99 ...
၃ ဧပရယ်လ် ၂၀၀၉။

Monday, March 16, 2009

ဗြောက်သောက် ..။

လွင့် .. မြော .. မိတယ် ..
မရေမရာတွေ .. ကြီးစိုးလွန်းလို့ .. ။

ညတုန်းကတောင် ..
အလင်းကွဲသံ .. သဲ့သဲ့ ..
ခပ်ယဲ့ယဲ့ .. ထွက်လာသေးတယ် .. ။

“ငါ တယောက်ယောက်နဲ့ ..
စကား ပြောချင်တယ် ..
သတိရနေလို့ ..”
မျိုးကြီး .. ဘာတွေ သတိရနေပါလိမ့် ..
ငါကတော့ .. အန်ထုတ်ပစ်ချင်နေတယ် ..
နားလည် .. နှစ်သိမ့်ပေးမယ့် ..
နားတစုံ .. ပျံသန်းလာခဲ့ပါကွယ် .. ။

မကြေကွဲချင်ဘူး .. ရေရွတ်ရင်းနဲ့ပဲ ..

..
.
ဟိုမှာ .. ပုစဉ်းရင်ကွဲတွေ ..
(အချိန်မဟုတ် .. အခါမဟုတ်ကွာ ..)
.
..
လွင့်မြောခြင်းတွေ .. ရစ်သိမ်း
နေရာမှန်ကို .. ပြန်အရောက် ..
ငါကိုယ်တိုင် .. ပုစဉ်းတဖြစ်လဲနဲ့ ..
ရင်ကွဲသံသဲ့သဲ့ ..
ငါ့ .. အလင်းမဲ့ညထဲ ..
ဟိန်းထနေခဲ့တယ် .. ။

.. 99 ..
၁၆ မတ် ၂၀၀၉။

Wednesday, January 28, 2009

ရေတိမ် ..။

တိမ်ကောက်ကြောင်းတွေနောက် ..
အပြေးအလွှား လိုက်လို့ ..
ငွေမှင်ရောင်တွေ .. အမွှန်းကောင်းနေတုန်း ..

အဲ့ဒီ .. တိမ်အုပ်တွေလေ ..
ရေသောက် ဆင်းကုန်ကြတယ် .. ။

... 99 ...
၂၈ ဇန်န၀ါရီ ၂၀၀၉။