Wednesday, October 26, 2016

"သတိရလို့ .. ရေးတဲ့စာ ..။"

ကိုယ်က ဖြေလျော့ခဲ့တာလား ..
သူက ဖြတ်တောက်ခဲ့တာလား ..
ဘယ်သူက .. ဘယ်သူ့ကို .. ဖြေလျော့ခဲ့တာလဲ ..
ဘယ်သူက .. ဘယ်သူ့ကို .. ဖြတ်တောက်ရစ်ခဲ့တာလဲ ..
သေချာတာကတော့ ..

ကိုယ်တို့ .. ပြေလျော့ ဝေးကွာခဲ့ကြပါတယ် ..။
မေ့လျော့ .. မြုပ်နှံထားနိုင်ခဲ့တယ် ထင်ခဲ့တဲ့ ..
ဘေးထိုးတွန်းဖယ် ထားနိုင်ခဲ့တယ် ထင်ခဲ့တဲ့ ..
ဆယ်စုနှစ် တခုစာ ..
သတိရ .. တမ်းတ .. လွမ်းဆွတ်ခြင်းတွေဟာ ..
အဲ့ဒီနေ့က ..
အဖျားခတ် မွှေနှောက်သွားခဲ့တဲ့ မုန်တိုင်းလို ..
အဲ့ဒီနေ့က ..
ပြိုကျရွာဆင်းခဲ့တဲ့ မိုးရေဖြူဖြူတွေလို ..
သိစိတ်ရဲ့ အကာအရံ အဆီးအတားတွေကို ..
တွန်းတိုက် တိုးဖယ်လို့ ..
ကိုယ့်ရင်ထဲမှာ .. လှိုင်းထ ဗြောင်းဆန်နေခဲ့တယ် ..။
ဟုတ်တယ် ..! မုန်တိုင်းက ကိုယ့်နှလုံးသားကိုမှ ဗဟိုပြုနေတယ် ..
ကာလများစွာ တိမ်ဖုန်းနေခဲ့တဲ့ .. သတိရခြင်းတွေကို
အကာကွယ် မဲ့စေခဲ့တယ် ..
ကိုယ်မငိုပါဘူး ကလေးရယ် .. ဒါပေမယ့် ..

နှလုံးသား တခုလုံး .. စိုရွှဲ ဆို့နင့်နေခဲ့တာ အမှန်ပဲ ..။
ကိုယ့်ခေါင်းပေါ်ကို တယုတယ အုပ်မိုးပေးတတ်တဲ့ .. 

မင်းလက်ဖ၀ါးလေးကို သတိရတယ် ..
မင်းလည်တိုင်ပေါ်မှာ ခပ်ကွေးကွေးလေး အိပ်ပျော်နေမယ့် .. 

ဆံပင်ဗွေစိမ်းစိမ်းလေးကို သတိရတယ် ..
မင်းကိုယ်တိုင် သတိမထားမိတဲ့ .. 

ရိုးရိုးစင်းစင်း ကိုယ်သင်းနံ့လေးကို .. သတိတရ ရှိတယ် ..
အငြင်းပွား ချော့မြူ ခွင့်ရခဲ့တဲ့ အချိန်ကာလ တခုကို .. သတိရတယ် ..
ဖွဲ့ဖွဲ့နွဲ့နွဲ့ မရှိခဲ့တဲ့ .. ရိုးရိုးသားသား စကားသံတွေကို .. သတိရတယ် ..
ပြေလျော့ ပြတ်တောက်လို့ .. ဝေးကွာရတဲ့ အခါ ..
သတိမမူမိခဲ့သမျှ အရာရာဟာ ..
ချစ်စရာ .. လွမ်းစရာ .. 

သတိတရနဲ့ .. တမ်းတစရာတွေသာ ဖြစ်လို့ ..။
နှလုံးသားရဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံးကနေ ..
ဟောဒီမုန်တိုင်း .. ရုတ်တရက် လှုပ် အနှိုးမှာမှ ..
ကိုယ့်အလွမ်းတွေရဲ့ ဇာတ်ကြောင်းကို .. 

စူးစူးရှရှ ခံစား ကြားနာခွင့် ရခဲ့တယ် ..။
*ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သွားရမယ့် .. ဘ၀ထဲမှာ ..
*နောက်ပြန်လှည့်ကြည့်ခွင့် မရှိတော့မှန်း သိပေမယ့် ..
နွေးထွေးမှုတွေ ပေးခဲ့ဖူးတဲ့ .. လက်တစုံအတွက် ..
တိုက်ဆိုင်ဖူးခဲ့တဲ့ ရင်ခုန်သံတွေနဲ့ .. နှလုံးသားတစုံအတွက် ..
ကျေးဇူးပါကွယ် ..။
 

-- 99 --
၂၄ အောက်တိုဘာ ၂၀၁၆။

*Big Bag - ဝေးသွားလည်း .. စာသားတချို့ ခံစားအသုံးပြုထားပါသည်။

Thursday, October 13, 2016

"ဆိတ်ငြိမ်တဲ့အခါ ..။"

တိတ်တိတ်ဆိတ်ဆိတ် မနက်ခင်းထဲ ..
ခိုတကောင် တောင်ပံခတ်သံ ..
လှိုင်းထ လွင့်ပျံနေခဲ့ .. ။
ကျယ်ပြန့်ကြီးမားတဲ့ ကြေကွဲမှုဆိုတာ ..
တိုးညင်းဆိတ်ငြိမ်တဲ့ စာနာမှုတွေကို ..
ဖြန့်ကျက် ပေါက်ဖွားစေနိုင်ရဲ့ .. ။


အဲ့ဒီငြိမ်သက်ခြင်းတွေ ..
ပိုပြီး နက်ရှိုင်းလာတဲ့ အခါ ..
ပိုပြီး ရှည်ကြာတည်တံ့လာတဲ့ အခါ ..
လိပ်ပြာတကောင်ရဲ့ တောင်ပံခတ်သံကိုတောင် ..
နှလုံးသားရဲ့ နားတစုံနဲ့ ..
ကြည်ကြည်လင်လင် ..
နာကြားခွင့် ရလာနိုင်တော့မှာ .. ။


အင်းး .. .. ..
"ပန်းခေတ်" .. ဆိုတာ
ဆိတ်ငြိမ်မှုကို
တန်ဖိုးကြီးကြီးထား .. ခံစားတတ်သူတွေ
မျှဝေနေထိုင်တတ်တဲ့ .. ကာလတခု ဖြစ်မယ် ..
အဲ့ဒီခေတ်မှာ ..
တိုးညင်းဆိတ်ငြိမ်တဲ့ စာနာမှုထဲကနေ ..
အဖန်မလပ် ပေါက်ဖွားရှင်သန်နေမှာက ..
"လွတ်လပ်သော ပျော်ရွှင်ခြင်း" များသာ ဖြစ်လိမ့်မယ် ..။

-- 99 --
 ၁၄ အောက်တိုဘာ ၂၀၁၆။