Sunday, April 20, 2008

“ကျနော့် ပျိုးခင်း ..”

ကျနော် အခုရောက်နေတာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တနေရာရဲ့ စာသင်ခန်းတခုထဲမှာ။ ဘာလာလုပ်တာလဲဆိုတော့ စာလာသင်တာ ပေါ့ဗျာ။ ဘယ်သူတွေကိုလည်းဆိုရင်တော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဘန်ကောက်မြို့ပြင်တ၀ိုက်မှာ တရားမ၀င်နည်းနဲ့ လာရောက် နေထိုင်ပြီး လုပ်ကိုင် စားသောက်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကိုပါ။ ဒီအလုပ်သမားတွေထဲမှာ ဆယ်ကျော်သက် အရွယ်လေးတွေက နေ အသက်လေးဆယ် ၀န်းကျင်ပိုင်းတွေအထိ ပါတယ်ဗျ။ ငယ်ငယ်က ကျနော် အလွတ်ကျက်ခဲ့ဖူးတဲ့ တိုင်းရင်းသားတွေထက်ကို ပိုစုံ တယ် .. ကရင် .. ကရင်နီ .. ကယမ်း .. ရခိုင် .. ပအိုဝ့် .. ပလောင် .. လူမျိုးတွေအပါအ၀င် တခြား တိုင်းရင်းသားတွေလည်း ရှိနေတာ မြင်ရတော့ တကယ့်ကို စုံစုံလင်လင်နဲ့ ပျော်စရာကြီးပဲဗျာ။
ဒါပေမယ့် .. ကျနော်တို့ စာသင်ခန်းလေးကို ထိုင်း မူလတန်းကျောင်း တကျောင်းမှာ ခဏငှား ဖွင့်ထားရတာဆိုတော့ တပတ်မှာ တနင်္ဂနွေ တရက်ထဲဖွင့်နိုင်တယ်ပေါ့ဗျာ။ ထိုင်း ကျောင်းပိတ်ရက်က စနေ .. တနင်္ဂနွေ နှစ်ရက်ဆိုပေမယ့် .. ကျနော်တို့ရဲ့ ကျောင်းသား အလုပ်သမားတွေခမြာ ဒီတရက်လေးခွင့်ရပြီး ကျောင်းလာတက်ခွင့်ရအောင် အလုပ်ရှင်တွေဆီက မနည်းခွင့်တောင်းရတယ်ဆိုတာ နောက်ပိုင်းမှ ကျနော်သိလာခဲ့ရတယ်။ ကျောင်းစီစဉ်သူတွေခမြာလည်း အလုပ်သမားတွေ အန္တရာယ်ကင်းကင်း ကျောင်းတက်ခွင့် ရအောင် နယ်မြေအာဏာပိုင်တွေဆီက သေသေချာချာ ခွင့်တောင်းပြီး ဖြစ်မြောက်အောင် တော်တော်လေး ကြိုးစားထားခဲ့ရတာပါ။ ကြိုးစားရကျိုးနပ်တယ်လို့ ပြောရမှာပဲ ..။ ဘာလို့လဲဆိုတော့ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေက အယောက် ၆၀၀ လောက် ရှိနေတာကိုး ..။
မြန်မာပြည်အနှံ့ကို မရောက်ဘူးတဲ့ ကျနော် .. ဒီကျောင်းမှာ စာသင်မှပဲ တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းနှီး ကျွမ်းဝင်ခွင့် ရတော့တယ် ..။ ပြောရရင် ကျနော်က စေတနာ့ဝန်ထမ်း ဆရာလေးပေါ့ဗျာ ..။ ကျနော် ကိုယ်တိုင်ကတော့ ဘန်ကောက်မြို့ရဲ့ တက္ကသိုလ်တခုမှာ ကျောင်းတက်နေဆဲပါ ..။ ကိုယ်တတ်နိုင်သလောက်လေး ကိုယ့်နိုင်ငံသားတွေကြားထဲ ပြန်ကူညီပေးချင်စိတ်နဲ့ ဒီကျောင်းကို ရောက်လာ တာဗျ ..။ ရည်ရှည်ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားရင်းနဲ့ .. ကျနော့်စိတ်တွေ တက်ကြွနေခဲ့တာတော့ အမှန်ပဲ ..။ ကျနော့်လိုပဲ စေတနာဆရာ၊ ဆရာမလေးတွေလည်း တော်တော်များတယ်ဗျ .. မြန်မာနိုင်ငံသားတွေတင် မဟုတ်ဘူး .. နိုင်ငံခြားသားတွေလည်း စေတနာ့ဝန်ထမ်းအဖြစ် စာလာသင်ပေးကြတယ် ..။ မြင်ရကြားရတာ မုဒိတာပွား .. ပီတိ ဖြစ်စရာတွေချည်းပါပဲ ..။ ဒီလို အခက်အခဲ အကျပ်အတည်းတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ကြီးမှာ ကျနော်တို့ရဲ့ အနာဂတ်သားကောင်းတွေကို အသိဥာဏ် နား၊ မျက်စေ့ ဖွင့်ပေးခွင့် ရလို့ပေါ့ဗျာ ..။
၂၀၀၆ ခုနှစ် ဇွန်လပထမပတ်ရဲ့ တနင်္ဂနွေတခုမှာ ကျနော်ရဲ့စာသင်ရက်တွေ စတင်ခဲ့တယ်။ ဒီကျောင်းလေးထဲက စာသင်ခန်းလေးမှာ ဖြူစင်နွမ်းလျနေတဲ့ လူငယ်တွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ် ..။ အလုပ်နု .. အလုပ် ကြမ်း ပုံစံမျိုးစုံတွေထဲ ကျင်လည်နေရပေမယ့် .. စိတ်ဓာတ် တွေက တကယ့်ကို အဖြူရောင်မှ အဖြူရောင် ..။ လိုချင်တပ်မက်မှု စိုးစဉ်းမရှိရုံမကဘူး .. လိုသင့်လိုထိုက်တာတွေတောင် လိုချင်ရ ကောင်းမှန်း မသိတဲ့ ဒီအဖြူ ရောင် စာရွက်နွမ်းနွမ်းလေးတွေရဲ့ ပထမဆုံး စာမျက်နှာကို ကျနော် ဖွင့်လှစ်ခဲ့တယ် ..။
ပထမဆုံးတွေးမိတာက .. သူတို့လေးတွေနဲ့ ရင်နှီးမှုရအောင် အရင်ဆုံးဖန်တီးဖို့ပါပဲ ..။ ဒါမှလည်း သူတို့နဲ့ ကျနော့်ကြားက တံတိုင်းတခု ပြိုကျသွားမှာလေ .. ဒါဆိုရင် ကျနော်တို့ အပြန်အလှန် ဖြည့်ဆည်း ပေးနိုင်တာတွေကို ရှင်းရှင်းလင်းလင်း မြင်လာမှာပေါ့ ..။ ဒါနဲ့ပဲ ကျနော် သူတို့ကို တယောက်ချင်း မတ်တပ်ရပ်ပြီး ကိုယ့်နာမည် ကိုယ်ပြောလို့ .. နှုတ်ဆက်စေပါတယ် ..။ အဲဒီကျမှပဲ .. တသက်လုံး ပြားပြားဝပ် ရိုးကျိုးမှုတွေ ကြားမှာ ခေါက်ရိုးကျိုးနေခဲ့ရှာ .. ခေါက်ရိုးကျိုးနေမြဲဖြစ်တဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထားကို ကျနော် တစွန်းတစကို သတိပြုလိုက်မိတယ် ..။ ပုံမှန်အခြေအနေမျိုးမှာ သတိထား မကြည့်တတ်ခဲ့တဲ့ လက်လေးပိုက်ပြီး နှုတ်ဆက်တဲ့ဟန် ဟာ .. အခုလို တိုင်းခြားပြည်ခြား ရောက်နေချိန် မှာတော့ ကျနော့်ရင်ကို ထူးထူးခြားခြား လာ ထိခိုက်နေမှန်း သိလိုက်ရတယ် ..။ တကယ်ဆို .. ကျနော်က စိတ်ထိခိုက်ရုံပါ .. သူတို့ခမြာတော့ စိတ်ရောကိုယ်ပါ ထောင်းထောင်း ကြေကောင်း ကြေနေလိမ့်မယ် ..။ ကျနော် ဘာလုပ်ပေးနိုင်မလဲဗျာ .. ..။
ကျောင်းသား ကျောင်းသူ သုံးလေးယောက်လောက် (တပုံစံတည်း) လက်ပိုက် ခါးလေးညွတ်ပြီး မ၀ံ့မရဲ့ ဟန်လေးနဲ့ နှုတ်ဆက်ပြီးတဲ့နောက် .. ကျနော်ကိုယ့်ကိုကိုယ် နှုတ်ဆက်ပါတယ် ..။ ကျနော့်နာမည် .. ကျနော် ဘယ်ကလာတယ် .. အခု ထိုင်းနိုင်ငံမှာ ကျနော် ဘာလုပ်နေတယ်ပေါ့ ..။ ကျနော်ကအတန်းရှေ့မှာပဲ ရပ်ပြီး နှုတ်ဆက်တာမျိုး မလုပ်ပဲနဲ့ .. ကျောင်းသူ ကျောင်းသားတွေရဲ့ ထိုင်ခုံသေးသေးလေးတွေ ကြားထဲကို အတင်းဝင် လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါးပဲ ပြောပြပါတယ်..။ တလက်စတည်း သူတို့ဒီကျောင်း လာတက်တာ အကျိုးရှိတယ်ဆိုတဲ့ အကြောင်းနဲ့ ဒီကျောင်းဟာ မြန်မာနိုင်ငံထဲမှာကျန်ခဲ့တဲ့ ကျနော်တို့ အားလုံး တွေ့ကြုံခံစား ခဲ့ဖူးတဲ့ ကျောင်းတွေနဲ့ ရည်ရွယ်ချက်ခြင်းရော ... သင်ကြားတဲ့နည်းစနစ်ရော ကွာခြားတယ်ဆိုတာကို ပြောပြဖြစ် တယ် ..။ ပြောလက်စနဲ့ ကျနော့်ကို ဆရာအဖြစ် အသိအမှတ်ပြုပေမယ့် လက်ပိုက်ပြီး နှုတ်မဆက်ဖို့ .. အသိပေး ရတယ် ..။ အမှန်တကယ်က လက်လေးပိုက်ပြီး ရိုကျိုးနှိမ့်ချတတ်တဲ့ဟန်နဲ့ မျက်လုံးချင်းဆိုင်ဖို့ တွန့်ဆုတ်နေတဲ့ စိတ်ကလေးဟာ ကျနော်တို့နိုင်ငံထဲမှာ ကျက်သရေရှိကောင်း ရှိနိုင်ပေမယ့် .. ဒီနိုင်ငံမှာ ကျင်လည်နေရသူတွေ အနေနဲ့ .. ကျနော်ကတော့ သူတို့တွေရဲ့ .. ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်တွေ .. သတ္တိခွန်အားနဲ့ ရင်ဆိုင်ရဲတဲ့ စိတ်တွေကို .. ချုပ်နှောင်နှိမ့်ချ ပစ်လိုက်ခြင်း နိဒါန်းပဲလို့ ထင်မြင်လာမိတယ် ..။ ကျနော့်အတွေးကိုလည်း သူတို့ကို ဝေမျှခဲ့တယ် ..။ စိတ်ဝင်တစား နားထောင်နေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ရင်း ကျနော်ကိုယ်တိုင် မူလတန်း ပြန်ရောက် သွားသလို ခံစားလိုက်ရတယ် ..။ ဘ၀နောက်ခံ မလှပခဲ့လို့ ရင်ခွင်နွေးနွေးတွေနဲ့ ဝေးရာမှာ ရောက်နေပေမယ့် သူတို့နှလုံးသားတွေ .. အသိဥာဏ်တွေက ရိုးစင်းလှပနေတုန်းကိုး ..။
တကယ်ဆို သူတို့အရွယ်လေးတွေက မိဘရင်ငွေ့မှာပဲ ခိုလှုံနေရမယ့်အရွယ် .. စိုးရိမ်ကြောက်ရွံ့မှုတွေ ကင်းဝေးပြီး ကိုယ်ပိုင်အနာဂတ် အတွက် လမ်းကြောင်းတွေ ရှာဖွေနေရမယ့်အရွယ် .. ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခွင့်မရလွန်းလို့ ကျိတ်မှိတ်မြိုချရင်း .. မတော် မတည့် ဖိနှိပ်မှုတွေကို ခံစားနေရမှာမဟုတ်တဲ့အရွယ် .. ။ ခုတော့ .. မြင်သမျှကို ကြောက်ရွံ့ .. ကြားသမျှကို ထိတ်လန့် .. လှုပ်ရှားမှု တိုင်းမှာ အင်အားချိနဲ့စွာ နေ နေရတဲ့အဖြစ် .. ။ ရင်ထဲ မွန်းကျပ်လိုက်တာဗျာ ..။
ကျနော့်အကြောင်းတွေ ပြောရင်းနဲ့ အင်္ဂလိပ်စာကို ကြောက်စရာဘာသာကြီးလို မမြင်မိဖို့ ပြောရပါ တယ်။ (ကျနော်က သူတို့ကို အခြေခံ အင်္ဂလိပ်စာ သင်ရမှာကိုး ..) အင်္ဂလိပ်လို မတတ်တာလေးနဲ့ပဲ ကိုယ့်ကို ကိုယ် သိမ်ငယ်စိတ်ပျက် မနေဖို့လည်း တိုက်တွန်းရပါတယ် ..။ အင်္ဂလိပ်လို မတတ်ပေမယ့် .. မြန်မာလို တတ်တယ် .. ထိုင်းစကားပြောနိုင်တယ် .. နောက်ပြီး သူတို့မိခင်ဘာသာဖြစ်တဲ့ တိုင်းရင်းသား စကား တမျိုးမျိုးလည်း တတ်နေကြသေးတယ် ..။ ဒါ့အပြင် အင်္ဂလိပ်လိုလည်း အနည်းအကျဉ်း နားလည်လိုက်သေးတယ် ..။ ဒါဟာ သူများတွေမှာ မရှိနိုင်တဲ့ သူတို့ရဲ့ အားသာချက်ပဲဆိုတာ .. ကျနော် ရှင်းပြတယ် ..။ ဘ၀ရှင်သန် ရပ်တည်ရေးအတွက် ချက်ချင်း အသုံးချနိုင်တဲ့ ဘ၀ပညာတွေ ပိုင်ဆိုင်ထားသူတွေ ဖြစ်တယ်လို့လည်း သူတို့ လက်ရှိအလုပ်တွေအပေါ် ဂုဏ်မငယ်စေရအောင် ကျနော် အားပေးခဲ့တယ် ..။
ရှင်းပြနေရင်းက အခန်းထဲ ဝေ့၀ဲကြည့်လိုက်တော့ အားလုံး စိတ်ဝင်တစား အာရုံစိုက်နေကြတာ မြင်တော့ ကျနော်ပီတိဖြစ်မိတယ်..။ ကျနော် ကြုံဖူးတဲ့ အပျော်တွေ အားလုံးထက်သာတဲ့ ခံစားချက်တမျိုးပဲဗျာ ..။
အဲ့ဒီနောက်တော့ .. တယောက်ချင်းကို သူတို့အကြောင်းတွေ ပြန်ပြော မိတ်ဆက်စေပါတယ် ..။ ဒီတခါမှာ လက်မပိုက်ဖို့နဲ့ ကိုယ့် အကြောင်းကို သတ္တိရှိရှိ ပြောရဲဖို့လည်း အားပေးရပါတယ် ..။ ကြားခံအဖြစ် ကျနော် တခါတလေ ဟာသလေးတွေနဲ့ ဖော့ပစ်ရတာတွေ လည်း ရှိတာပေါ့ ..။ နောက်ပြီး “ဆရာဆိုတာ .. ကျောင်းသားထက် အကုန်သိတယ် .. အကုန်တတ်တယ်” လို့ .. ထင်နေတာ မှားတယ် လို့ ကျနော် ရှင်းပြပါတယ် ..။ ကျနော်တို့ဟာ ဖြတ်သန်းလာတဲ့ ဘ၀လမ်းကြောင်းတွေ မတူညီလို့သာ အခွင့်အရေး ရရှိနိုင်တာတွေ ကွာခြားကြတာပါ ..။ ဒါပေမယ့် .. လူတိုင်းဘ၀ကို နည်းအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာမို့လို့ အတွေ့အကြုံ ပမာဏချင်းကတော့ အတူ တူပါပဲ .. ခေါင်းစဉ်တွေသာ ကွဲပြားမယ်လို့ .. ပြောပြခဲ့ပါတယ်။ တချို့ကျောင်းသားတွေဆိုရင် ကျနော့်ထက် မြင့်မားတဲ့ဘ၀ ဖြတ်သန်းမှု တွေတောင် ပိုင်ဆိုင်ကြတယ်လို့ သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ကျနော် ခိုင်းနှိုင်း ရှင်းပြပေးပါတယ် ..။ အဓိက ကျနော် ပြောပြခဲ့ တာက .. ကိုယ့်အတွေ့အကြုံ အရည်အချင်းတွေကို အထင်သေးပြီး .. စိတ်အားငယ်မနေဖို့ပါ ..။ ပညာဆိုတာ အတန်းပညာတွေ ခပ်များများ တတ်မြောက်အောင်မြင်ဖို့ ဆိုတာထက် .. ကိုယ်မသိသေးတာ ကိုယ်မတတ်သေးတာကို သိမြင် တတ်မြောက်လိုက်ပြီး .. လက်တွေ့ဘ၀မှာ ပြန်အသုံးချနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း ကျနော် ခံစားမိသလောက် ပြောပြဖြစ်ခဲ့တယ်။
တကယ်တော့ .. ဘ၀တခုလုံးကိုက သင်ယူလို့ မပြီးဆုံးနိုင်တဲ့ .. ဖတ်စာအုပ်ကြီးအဖြစ် ချမှတ် ပြဌာန်း ပြီးသားပါလေ ..။ ကျနော်တို့ သတိ မမူမိကြလို့ပါ ..။
တဖြည်းဖြည်းနဲ့တော့ ကျောင်းသူ ကျောင်းသားတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောဆို ရင်ဖွင့်လာကြတယ် ..။ ထားဝယ်မြို့ဟာ ရခိုင်ပြည်နယ်မှာလို့ ထင်နေတဲ့ကလေးတွေ .. ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူးတဲ့ ကလေးတွေ .. ကရင်နီလူမျိုးဆိုတာ မကြားဘူး တဲ့ ကလေးတွေ .. ဒုက္ခသည်တွေ ပြည်တွင်းက တောအုပ် တွေထဲမှာ ပြေးလွှားပုန်းခိုနေရတယ် ဆိုတာကို မယုံနိုင်တဲ့ ကလေးတွေ .. ၁၉၈၈ လူထုလှုပ်ရှားမှု အကြောင်း နဲနဲ လေးမှ မကြားခဲ့ဘူးတဲ့ ကလေးတွေ .. အေအိုင်ဒီအက်စ်ရောဂါဟာ နိုင်ငံခြား တိုင်းပြည်တွေမှာပဲ ရှိနေတယ်လို့ ထင်နေတဲ့ ကလေးတွေ … မူလတန်းနဲ့ ကျောင်းထွက်လိုက်သူတွေ ... အလယ်တန်းမှာ ကျောင်းပျောက်ဆုံး သွားသူတွေ … အထက်တန်းနဲ့ ကျောင်းပြီးလိုက်ကြသူတွေ .. တက္ကသိုလ်ဆိုတာ နန်ဘုံနတ်နန်းလို ကြီးကျယ် မြင့်မြတ်လို့ အလှမ်းမမှီနိုင်ဘူးလို့ ထင်နေသူတွေ … … … ။
အတန်းထဲက ကျောင်းသားတွေအားလုံးရဲ့ နောက်ခံဘ၀တွေကို ကျနော်တတ်နိုင်သလောက် သာသာလေး ဖွင့်ကြည့်ရင်းက သိလာခဲ့တဲ့ အကြောင်းတွေပါ ..။ ထူးခြားတဲ့ တူညီချက်ကတော့ .. သူတို့အားလုံးမှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိကြတယ် ..။
ဘ၀အတွက် အာမခံနိုင်တဲ့ စစ်မှန်တဲ့ ပညာရေးမျိုးကို လိုလားကြတယ် ..။
နောက်ပြီး .. .. .. အားလုံးက .. .. ..
“မြန်မာပြည်ကို ပြန်ချင်တယ်” .. တဲ့ .. ။
ဒီတော့ .. ကျနော့်လက်တကမ်းက ကျောင်းသူ ကျောင်းသားတွေကိုတော့ ပျော်ရွှင်စေချင်တယ်ဗျာ .. စိတ်ဓာတ်တွေ ရင့်ကျက်စေချင် တယ် .. မျှော်လင့်ချက်တွေ မှန်ကန်စေချင်တယ် .. ဘွဲ့လက်မှတ်တွေ မပိုင်ဆိုင်ပေမယ့် တောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်တယ် ဆိုတာကို နားလည်စေချင်တယ် .. အဓိကကတော့ သူတို့ ကိုယ်သူတို့ ယုံကြည်စေချင်တယ် .. သူတို့လျှောက်လှမ်းနေတဲ့ ဘ၀တွေကို ယုံကြည်ချက်ရှိရှိ ဆက်လှမ်းစေချင်တယ် ..။ ကျနော့် စာသင်ချိန်တွေကနေ သူတို့ဘ၀အတွက် အသုံးကျမယ့် အသိပညာတခုခု ရလိမ့် မယ် ဆိုပြီး .. စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်စေချင်တယ် ..။ ကျနော့်စာသင်ခန်းဟာ .. အင်္ဂလိပ်စာ နှုတ်တိုက် ရွတ်ခိုင်းတဲ့ သာမန် စာသင်ခန်းလေး အဖြစ်ကနေ လုံးဝသွေဖည်နေပြီဆိုတာကို ခံစားမိလိုက်တာနဲ့ တပြိုက်နက် .. ဒီလူငယ်တွေအပေါ်ထားတဲ့ ကျနော့် မျှော်လင့်ချက်တွေလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာတယ်ဆိုတာ ပထမဆုံးနေ့မှာတင်ပဲ ကိုယ့်ကိုယ်ကို သေချာသွားခဲ့တယ်။ မြန်မာပြည်မှာသာ ကျနော် စာသင် ဖြစ်နေသေးရင်တော့ တပည့်တွေကို အခုလို ခံစားချက်မျိုးတွေ ပေးနိုင်ပါ့မလား ဆိုတာ.. ကျနော့်ကို ကျနော် မသေချာပါဘူး ..။ ကျနော် ကိုယ်တိုင်တောင် မသေချာခြင်းတွေ ကြားထဲမှာ အသက်လု ရုန်းကန်နေရတာကိုး ..။
ဘာပဲဖြစ်ဖြစ် .. လတ်တလောမှာတော့ ဆရာတယောက်အနေနဲ့ရော .. သူတို့အတွက် အခင်ဆုံး သူငယ်ချင်းတယောက်အနေနဲ့ပါ .. သူတို့ရင်ဖွင့်တိုင်ပင်ရာ .. အကြံဥာဏ် တောင်းခံနိုင်ရာ နေရာတခုအဖြစ် ကျနော် ရပ်တည်ချင်ပါတယ် ..။ အချိန် ဘယ်လောက်ပဲ ရရပေါ့ ဗျာ ..။ မြန်မာပြည်အရပ်ရပ်ကနေ စားဝတ်နေရေး အခက်အခဲမျိုးစုံကြောင့် .. ဒါမှမဟုတ် ဘ၀တက်လမ်းကြောင့် .. မျှော်လင့်ချက်တွေ အမျိုးမျိုးနဲ့ မိခင်ရင်ငွေ့ကိုခွာ .. လုံခြုံဘေးကင်းရာနဲ့ ဝေးရာမှာ .. စာသင်ခန်းတွေကို ကျောခိုင်းထားတဲ့ .. အနာဂတ် တိုင်းပြည်ရဲ့ အုတ်တချပ် .. သဲတပွင့်တွေကို .. ကျနော်နိုင်သရွေ့ .. တတ်စွမ်းသရွေ့ .. ပြုစု ပျိုးထောင်ခွင့် ရချင်ပါတယ် ..။ လှပသန့်စင်ပြီး တောက်ပ လန်းစွင့်နေမယ့် ပျိုးခင်းလေးတခုကို ဘ၀မှာ.. တခါလောက်တော့ ဖန်တီးချင် နေမိပါတယ် ..။
နိုင်းနိုင်း။
၁၄ မတ် ၂၀၀၈။
သောကြာ။

10 comments:

  1. အစ်ကို့ ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ...။ ကျွန်တော်တို့ လည်း ကြိုးစားပါ့မယ်။ တက်ညီလက်ညီပေါ့ အစ်ကိုရာ :) မဝေးတော့ပါဘူး။

    ReplyDelete
  2. အစ်ကိုရေ...ပြောပြချင်တဲ့ စကားက လေးလုံးထဲပါ။ “ထပ်တူထပ်မျှ”ပါပဲလို့။
    လေးစားနေတယ်။

    ReplyDelete
  3. ငါလည်းစိတ်ဝင်စားတယ်ဟ။

    ReplyDelete
  4. ညီရေ သာဓု သာဓု သာဓု ပါဗျာ ။ တကယ် အားကျတယ် ။ ခုလို ဘ၀လေးတွေက မြန်မာပြည်ထဲမှာ ၊ ကျနော်တို့ လက်တကမ်းမှာကို ရှိနေကြတာလည်း အပုံအပင်ပါ ။ ခုလို တတ်နိုင်တဲ့ ဘက်က ကူညီကြသူတွေ လည်း ဒီထက်ပို ကူညီနိုင်ကြပါစေ။ ကူညီမယ့် လူများလည်း ဒီထက်ပိုများလာပါစေ လို့ဆုတောင်းရင်း . . . .

    ကျတော်တို့အားလုံး မြန်မာပြည်ကို ပြန်ချင်တယ် ။

    ReplyDelete
  5. တကယ့်ကိုလေးစားပါတယ်
    ဖတ်ပြီးတော့စိတ်မကောင်းလဲဖြစ်
    ရပါတယ်.............................
    မတတ်သာလိုနိုင်ငံခြားရောက်နေရပြီး
    အိမ်ကိုဘဲသတိရလွမ်းစွတ်တတ်တဲ့သူ
    တွေကိုလည်းလေးစားတယ်............
    တော်ပါပြီဘယ်တော့မှမြန်မာပြည်မပြန်
    ဘူးလို့နုတ်ကထွက်ရက်တဲ့သူတွေကိုရွံတယ်....
    အချိန်တန်ရင်အိမ်ပြန်မယ်...........။

    ReplyDelete
  6. လှပသန့်စင်ပြီး တောက်ပ လန်းစွင့်နေမယ့် ပျိုးခင်းလေးတခုကို အမြန်ဆုံးဖန်တီးနိုင်ပါ
    စေအကိုနိုင်းနိုင်း။လေးစားစွာနဲ့ဆုတောင်း
    ပေးခဲ့ပါတယ်နော်။မြန်မာပြည်ကိုပြန်ချင်တယ်။

    ReplyDelete
  7. ကို99ရေ.... ခေါက်ရိုးချိုးခံနေရတဲ့ ကျွန်တော်တို့ရဲ့
    အပြစ်မဲ့ကလေးတွေရဲ့ မလှပတဲ့ အနာဂတ်လေးတွေ
    ကိုတတ်နိုင်သလောက် စောင့်ရှောက်တာ မင်္ဂလာပါဗျာ။

    ReplyDelete
  8. အတွေ့အကြုံလေးတွေ မျှဝေပေးတာ ကျေးဇူးပါရှင်.. အခုလို စေတနာ့ ၀မ်ထမ်းလုပ်ရခြင်းကြောင့် စိတ်ကူးတွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ.. သာဓုလည်း ခေါ်ပါတယ် အကို့ရဲ့ လုပ်ရပ် အပေါ်မှာပေါ့

    ReplyDelete
  9. အဆင်ပြေရင်လာလေ့လာချင်တယ်..နိုင်တာလေးတွေကူပေးချင်တယ် ။
    သာဓုပါ.
    ..ဒါမျိုးတကယ့်လို အပ်နေပါတယ်။

    ReplyDelete
  10. Very proud of you, KoNai :)
    kz

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...