Monday, March 31, 2008

ဧပရယ် ဖူးလ် ..။

ဧပရယ်ကတော့ ..
ဖူးလ်” ဆိုလား ..
အစပျိုးလိုက်ပေါ့ ..
ဧပရယ့် ရင်ခွင်ထဲက ..
အရူးကြီး .. အရူးငယ်တွေ ..
နည်း အသွယ်သွယ်နဲ့ ..
ဧပရယ့်ကို အားကျမခံ ..
အရူးဇာတ် ခင်းနေကြတယ် ..

[ပုံက ပီတိ ဆီကပါ။]

ဧပရယ် ရူးတာ ..

တနှစ်မှာ တလ ..
တလမှာ နှစ်ဆယ့်လေးနာရီ ..
ဧပရယ်နဲ့အပြိုင် ရူးသူတွေက ..
တနှစ်မှာ သုံးရာခြောက်ဆယ့်ခြောက်ရက် ..
တရက်တောင် အပိုယူထားသေး ..
ရူးပုံရူးလက် ရူးစနက်တွေ ..
ပီပြင်အောင် စီစဉ်ယောင်ဆောင်ဖို့တဲ့လေ ..။

... 99 ...
၁ ဧပြီ ၂၀၀၈။

Friday, March 28, 2008

စိတ်ခရီး ..။

ဟော .. ဟိုမှာ .. .. ..
.
..
တိမ်ဖြူဖြူတွေ ..
ပြာလွင်လွင် ကောင်းကင်ပြန့်ဆီမှာ ..
ထီမထင် .. ခြေဆန့် ပြေးလွှားနေလိုက်တာ ..

လေပြေ
တွေ ..
ဟင်းလင်းပြင် ကမ္ဘာမြေအနှံ့ ..
စိတ်ထင်တိုင်း .. ချယ်လှယ် တိုးဝှေ့နေ
လိုက်တာ ..

တိမ်တွေ ဖြစ်ချင်တယ် ..
အဆုံးအစမဲ့တဲ့ ခရီးတွေကို ..
နှောင်တွယ်ဖွဲ့ငင် ကင်းရှင်းတဲ့ ..
အကန့်အသတ် .. မခံ .. ဘ၀မျိုးနဲ့ ..
လွင့်မြောကြည့်ချင်လို့ ..။

လေပြေ ဖြစ်ချင်တယ် ..
ကမ္ဘာကုန် ကျယ်သရွေ့မှာ ..
အလွှာစုံ နေရာအနှံ့ကို ..
ကျီစယ်ကာ ပေါ့ပေါ့ပါးပါးနဲ့ ..
စိတ်သွားတိုင်း အရောက်လှမ်းကြည့်ချင်လို့ ..။

... 99 ...
၂၉ မတ် ၂၀၀၈။

Tuesday, March 25, 2008

မှတ်တိုင် ..။

မှတ်တိုင် .. ။
အမှတ်ရစရာတွေ .. စိုက်ထူထားလို့
“မှတ်တိုင်”လို့ ခေါ်တာပေါ့ .. ကောင်မလေးရယ် ..။
.
..
အရှေ့အရပ်က လာတဲ့ မင်းက ..
အနောက်အရပ်ကို သွားဖို့ .. ဒီနားမှာ တထောက်နားတယ် ..
အနောက်အရပ်မှာ နေတဲ့ ငါက ..
အရှေ့အရပ်ကို မသွားခင် .. ဒီဆုံမှတ်ကို ခိုဝင်သွားတယ် ..
ဆန့်ကျင်ဖက် ဦးတည်ရာတွေ ပိုင်ဆိုင်ထားမှန်း သိလျက်နဲ့ ..
ဒီဆုံချက်လေးမှာ ..
ငါ .. ကျ .. ကွဲ .. ခဲ့တယ် ..။

[မင်းအတွက်တော့ ..
သာမာန် မနက်ခင်းတွေပါ ..
ငါ့အတွက်သာ ..
မရိုးအီနိုင်တဲ့ ရင်ခုန်ဖွယ် ကာလတွေဖြစ်လာတာ ..။
ဘ၀အမောပေါင်းစုံကို တွယ်ဖက်ရှင်သန်နေရတဲ့ ငါ ..
ခဏ .. ဖြစ်ဖြစ်တော့ .. အမောပြေပါတယ် ..
ရေကြည်လို မင်းမျက်နှာကို မြင်ရစဉ်ပေါ့ ..။
လေအပင့်မှာ .. ဖွာကျဲပြန့်လွင့်သွားတဲ့ ဆံနွယ်တွေဆီက ..
အရိုင်းပန်းချီတချပ် ငါ့ဆီကို လွန့်လူးလာလိမ့်မယ် ..
အဲ့ဒီအခိုက်အတန့်လေးကို .. ငါ .. မြတ်နိုးတယ် ..။
စူးရှတဲ့ မင်းအကြည့်တွေ ဖြတ်သန်းသွားရင် ..
အပြင်းစား ငလျင်တခု .. ငါ့ရင်ကို ဗဟိုပြုလို့ပေါ့ ..
ငါ .. .. .. ကျေနပ်ပါတယ်လေ ..။
ညှို့ငင်ခြင်း အဆောင်အယောင်တွေ ရှိမနေတဲ့ ..
မင်းရဲ့ .. ရှင်းရှင်းသန့်သန့် ပင်ကိုယ်ဟန်လေးကို ..
ငါတွယ်ငြိတတ်လာတယ် ..။
ကောင်မလေးရယ် .. တကယ်တော့ ..
မင်းဟာ သာမန်ပါပဲ ..
ငါ့အတွက် .. ထူးခြားတဲ့ .. သာမန်လေးပေါ့ ..။
ငါ့ရင်ခုန်လှိုင်းတွေကို .. နေ့တိုင်း လှုပ်နှိုးနေတဲ့ ..
အဲ့ဒီ .. သာမန်လေးရဲ့ အဝေးမှာ ..
ဘယ်လောက်ကြာကြာ .. ငါရပ်တည်နိုင်မှာလဲ ..။
ငါ့သာမန်လေးနဲ့ .. ငါ ..
ထူးထူးခြားခြား .. နီးကပ် မသွားနိုင်ဘူးလား ..။
ငါ့အတွေးတွေ မဆုံးလိုက်နိုင်ဘူး ..
မင်းအလိုရှိရာကို ပို့ဆောင်ပေးဖို့ ..ကားကြီးကရောက်လာ ..
ပြီးတော့ .. မင်းကို သယ်ဆောင်သွား ..။
ငါ့ပင့်သက်တွေ .. အသက်ပြန်ဝင်လာ ..
ပုံမှန် ဘ၀အမောတွေထဲကို .. ငါ ပြန်ဝင်ရောက် ..။]

မင်းနဲ့ ငါ ..
မျက်နှာခြင်းဆိုင်ထားတယ် ..
တကယ်က ..ပြောင်းပြန်ဘက်ခြင်း လွဲနေတာ ..။
ငါ .. မင်းနဲ့ မျက်နှာခြင်း မဆိုင်ချင်ဘူး .. ကောင်မလေးရဲ့ ..
မင်းဦးတည်ရာဘက်ကို .. မင်းနဲ့အတူ မျက်နှာမူချင်တာပါ ..။
မင်းရှေ့ဆက်မယ့် ခရီးတွေအတွက် ..
မင်းနံဘေးကနေ .. အချိုးညီပြီး ..
ကာရန်မှီတဲ့ ခြေလှမ်းတွေကို ပိုင်ဆိုင်ချင်တာ ..။
ဒီဆုံမှတ်လေးအတွက် .. တကူးတက လာရတဲ့ ငါက ..
ငါ့အရိပ်လေး “မင်း”ကို .. ငေးမောခွင့် ရဖို့လောက်ပဲတဲ့လား ..။
ကြည်နူးခြင်း ကုဋေကုဋာနဲ့ ..
စိတ်ကူးယဉ် ကမ်းပါးထက်မှာ ..
နောက်ထပ် မျှော်ငေးခြင်းတွေကို ဆက်ပြီး ရူးသွပ်နေရုံပဲလား ..။
..
.
ကြာတော့ .. ကြာခဲ့ပါပြီ ..
အမှတ်ရစရာတွေ .. စိုက်ထူထားလို့လည်း ..
“မှတ်တိုင်”လို့ .. အမည်တွင်တာပေါ့ .. ကောင်မလေးရယ် ..။

... 99 ...
၂၆ မတ် ၂၀၀၈။

Tuesday, March 18, 2008

မလင့်သစ္စာ ..။

တနှစ်မှာ .. ဒီတလသာပ ..
တလမှာ .. ဒီတရက်ရယ်မို့ ..
ပွင့်ရှာတဲ့ .. ပိတောက်တွေ ..
ဝေဟင်တွင် .. မွှေးရနံ့ဆင်လို့ ..
မြေပြင်တခွင် .. ၀ါရွှေရောင် ခြယ်ကာသတယ်
ဖိုးထိုက်မဉ္ဇူ ..။
..
.
အဲဒါ .. အဲဒါ ..
ရှေးဟောင်းကဗျာ အသွားအလာတွေ ..
ခုများတော့ ..
မှားပေါ့ ပိတောက်ရေ ..။
.
..
တနှစ်မှာ .. တလထက်မနဲ ..
တလမှာ .. ဟိုတရက် ဒီတရက် ..
ခါချိန်မမှန် .. ပွင့်ချင် ပွင့်နေပေါ့ ..
ခါတော်မှီလည်း .. မပွင့်ချင် အရှင်းဆိုတော့ ..
ခိုင်ညှာတံ ဖူးညွှန့်စိမ်းတွေ ..
လေသိမ်းတိုင်း .. မြေခရှာကြ ..။
ရာသီမိန် ဥတု ပရောဂတွေကြောင့် ..
ခါချိန်မှီ လှမ်းမလာနိုင်သေးရင်လည်း ..
တွယ်ခင်သူ မင့်ပျိုနှမတွေကတော့ ..
ပြစ်မတင် မှန်းမျှော်လျက်ပါ ..။
..
လောကမှာ .. “တရား”ဆိုတာ ရှိနေသေးရင်ဖြင့် ..
တချိန်ဆီက .. “သစ္စာတရား” ဆိုတာကို
မနှေးအမြန် .. သယ်ဆောင်ပါလို့ ..
ခါတော်မလင့်မှီ .. ပွင့်ဝေကာ ပေးလှည့်ပါ ..

အိုဘယ့် .. ပိတောက်ရယ် ..။

... 99 ...
၁၉ မတ် ၂၀၀၈။
[မိုးရွာတိုင်း ပွင့်တတ်တဲ့ .. ဘန်ကောက်က ပိတောက်တွေအတွက် ..]

Sunday, March 16, 2008

သံစဉ်အို ..။

ညကတော့ မအေးပါ ..
လက ဖွေးနေတယ် ..
ဂစ်တာအိုလေး ဆွဲလို့ ..
သံစဉ်တွေ ကြဲခဲ့တယ် ..
(ချစ်သူလေး အိမ်ရှေ့နားဆီ ..)
ဟိုးးး ... ခပ်ဝေးဝေး .. ရာစုနှစ်တွေတုန်းကပေါ့ ..။

လေတိုးသံ တရှဲရှဲနဲ့ ..
အော်နှိုးလို့ ဟဲကြရင်တော့ ..
သံစဉ်တွေ .. ၀ဲထ ကခုန်လာတတ်သတဲ့ ..
ပြတင်းလွှာ ဇာပုဝါကို ..
လေပြေနု ဖြတ်စဉ်က ..
ချစ်သူရေ .. မင်း .. ကြားမိပါစ ..။

ထိုင်သူမဲ့ .. ဒီအုတ်ခုံအိုလေးထက်က ..
ကိုင်သူမဲ့ .. ဒီဂစ်တာအိုလေးတလက်မှာ ..
ရည်ရွယ်သူအတွက် ..
ဒီသံစဉ်ချိုလေး တခက်တော့ ..
(မပျိုရွယ်တော့သည့်တိုင် ..)
မရိုးဟောင်းနိုင်အောင် ကျန်ရှိလှုပ်နိုးနေမှာပါ ..
ကာလတရားဆိုတာတွေ ..
ဆိတ်သုဉ်းသွားသည့်တိုင်လေ ..။

... 99 ...
၁၇ မတ် ၂၀၀၈။

Wednesday, March 12, 2008

ပုံမှန်ပိုင်ဆိုင်ခွင့် ..။

ချစ်သူက ..
စိမ်းဖန့်ဖန့် သစ်ရွက်တွေကြားက ..
ဖြူလွှလွှ တရုပ်စကားပန်းလေးတွေကို မြတ်နိုးသတဲ့ ..။
ကျနော့်ရဲ့ ဖြူစင်သင်းပျံ့တဲ့ ချစ်ခြင်းတွေနဲ့
ထပ်တူညီနေလို့တဲ့ဗျာ ..။
ချစ်သူက ..
မြက်ခင်းစိမ်းစိမ်းတွေပေါ် ဖြတ်သန်းလာတဲ့ ..
မွှေးမြမြ လေညင်းသန့်သန့်တွေကို တန်ဖိုးထားသတဲ့ ..။
ကျနော့်ကိုယ်ရနံ့လေးကို မှတ်မိစေဖို့
ယူဆောင်ပေးတတ်လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြတင်းတံခါးဝနားက သစ်ကိုင်းဖျားမှာ လာနားနေကြ ငှက်ငယ်တွေရဲ့ ..
ကျီကျီကြာကြာ အော်မြည်သံတွေက .. သူ့ကို ပီတိ ဖြစ်စေသတဲ့ ..။
ကျနော်ဆိုပြတတ်တဲ့ သံစဉ်သီချင်းတွေလိုပဲ ..
ချိုမြ အေးချမ်းခြင်းတွေကို ခံစားရလို့တဲ့ဗျာ ..။
ချစ်သူက ..
ကြည်ကြည်လင်လင်နဲ့ တသွင်သွင် စီးဆင်းနေတဲ့ ..
ဧရာဝတီအပါအ၀င် မြစ်ချောင်းတွေကို တန်ဖိုးထားသတဲ့ ..။
ဒီမြစ်ချောင်းတွေက ရေအလျဉ်တွေလိုပဲ
ကျနော့်အချစ်တွေ ထာဝရ စီးဆင်းနေမှာမို့လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြာလွင့်လွင့် ကောင်းကင်ကျယ်ကြီးဟာ သူ့ဘ၀ပါတဲ့ ..။
ဒီတမိုးအောက်မှာ ကျနော်နဲ့အတူတူ ရှိနေခွင့်ရလို့တဲ့ဗျာ ..။
ချစ်သူက ..
လက်ညိုးထိုးမလွဲတဲ့ စိမ်းရောင်စို တောအုပ်တွေကို
တစိမ့်စိမ့်တွေးပြီး ကြည်နူးတတ်သတဲ့ ..။
ကျနော်တို့ နှစ်ယောက်ရဲ့ဘ၀လိုပဲ .. တွေးထင်မထားတဲ့
လျှို့ဝှက်ချက်တွေ ပိုင်ဆိုင်ကြလို့တဲ့ဗျာ ..။
ချစ်သူက ..
ဟိုး .. အဝေးဆီမှာ မြင်နေရတဲ့ ..
မှိုင်းညို့ညို့ တောင်တန်းတွေကို နှစ်သက်သတဲ့ ..။
ကျနော့်ကို လွမ်းတိုင်း တောင်တန်းတွေကို ..
သက်သေပြု တိုင်တည်နေကြမို့လို့တဲ့ဗျာ ..။

ကျနော်တို့နှစ်ယောက်ရဲ့ နှောင်ကြိုးတွေ ..
ကမ္ဘာ .. တည် .. သ .. ရွေ့ .. ရွေ့ .. ရွေ့ ..
ရွေ့ ...
..
.
ဟေ့ရောင်ရာ .. ကဗျာရွတ်တာတွေ ရပ်ပါတော့ ..
မင်းအိမ်နားက တရုပ်စကားပင်ကြီးလည်း အခုတ်ခံလိုက်ရပေါ့ ..
ငှက်တွေလည်း အဝေး ပျံကုန်ကြပြီလေကွာ ..
မြက်ခင်းတွေ မစိမ်းနိုင်တာ
လည်းကြာပေါ့ .. ငါ့ကောင်ရာ ..
ကားကျပ်ကျပ်နဲ့ ဖုန်တထောင်းထောင်းမှာ
ကျင်လည်နေရတဲ့ ငါတို့ဘ၀ကွာ ...
... လေသန့်သန့်ဆိုတာ ...
ကောင်းကင်ကြီး ပြာတာတောင် တော်တော်ရှားနေတဲ့ အဖြစ် ..
ဘ၀မှာ မထင်တာတွေ များတာတော့ သေချာတယ်..
တောအုပ်ကြီးတွေကိုယ်တိုင် ပေးဆပ်ပြီး သက်သေပြနေတယ်လေကွာ ..
ညိုမှိုင်းမှိုင်းတောင်တန်းတွေတောင် အညိုနုရောင် ပြောင်းကုန်ကြပြီ ..
မြစ်ချောင်းတွေလည်း မကြည်မလင်နဲ့ ..
... တသွင်သွင်ဆိုတာ ဝေလာဝေးပေါ့ကွာ ...
ဒါပေမယ့် .. မင်းအိပ်မက်တွေ ဆက်မက်နိုင်ပါတယ် ..
ကောင်းကင်ကြီးအောက်မှာ .. ကမ္ဘာမြေကြီးတနေရာမှာ ..
ပုံမှန်အခြေအနေတွေ ပိုင်ဆိုင်နိုင်ခွင့်အတွက် ..
..
.
အလင်းအိပ်မက်တွေ .. ဖြစ်စေကွာ ..။

... 99 ...

Sunday, March 9, 2008

ညှိကြည့်ရအောင် ..။

ပြောရရင်တော့ဗျာ ...
..
.
ခင်ဗျားက စင်ပေါ်ကလူ ..
ကျုပ်က စင်ပေါ်ကို မော့ကြည့်နေရတဲ့သူ ..။
ခင်ဗျားက ဂူအပြင်ကလူ ..
ကျုပ်က ဂူထဲမှာပဲ ကျင်လည်နေခွင့်ရတဲ့လူ ..။
ခင်ဗျားက လွတ်လပ်ခြင်းလေထုကြီးကို ရှုရှိုက်နိုင်သူ ..
ကျုပ်က မလွတ်လပ်တာတွေကိုပဲ ရှုသွင်းနေရတဲ့လူ ..။
ခင်ဗျားက အကြောက်တရားဆိုတာကို ရယ်သွမ်းနေတဲ့လူ ..
ကျုပ်က ရယ်သွမ်းမိတာနဲ့ အပျောက်တရားပါ ရင်ဆိုင်သွားနိုင်တဲ့သူ ..။
ခင်ဗျားက လက်ဖ၀ါးကိုပဲ မြင်တတ်တဲ့လူ ..
ကျုပ်က လက်ဖမိုးတဖက်ထဲနဲ့ မလုံလောက်မှန်း တွေးနေသူ ..။
ခင်ဗျားက အသွားမတော်တလှမ်းဆိုတာကို စမ်းသပ်စေခိုင်းချင်တဲ့လူ ..
ကျုပ်က အပြောမတော်တခွန်းဆိုတာနဲ့ အငွေ့ပျံခဲ့ရဖူးသူ ..။
ခင်ဗျားက *ဘလူးပရင့်လောက်ကိုပဲ အဟုတ်ကြီးထင်နေတဲ့လူ ..
ကျုပ်က *ဘလူးပရင့်တွေထဲမှာ အသက်လုနေခဲ့ရသူ ..။
ခင်ဗျားက ဦးနှောက်ကို အလွန်အကျွံ အသုံးချနေတဲ့လူ ..
ကျုပ်က နှလုံးသား စေစားမှုအတိုင်း ရပ်တည်နေချင်သူ ..။
ခင်ဗျားက မြေပြင်ဆီကို ပြန်ဆင်းသက်မလာနိုင်သူ ..
ကျုပ်က ဝေဟင်ပေါ်ကို ပျံတက်ပြီး လွတ်လမ်း မရှာချင်တဲ့လူ ..။
ခင်ဗျားက အနောက်ကိုပဲ မျှော်ကြည့်နေတဲ့လူ ..
ကျုပ်က တတ်နိုင်သလောက် အရှေ့ကို ဆက်လျှောက်နေချင်သူ ..။
အင်း .. ခင်ဗျားက အခင်းထဲက ပန်းတွေကို ဈေးဖြတ်ချင်တဲ့လူ ..
ကျုပ်က ပန်းတွေ အခင်းထဲမှာ ပွားများလန်းဖြာစေချင်သူ ..။

ခင်ဗျားနဲ့ ကျုပ် ..
မတူတာတွေ များလွန်းမနေဘူးလားဗျာ ..။
ဘာပဲဖြစ်ဖြစ်လေ ..
တူတာတွေလည်း ကျန်နေအုံးမှာပါ ..
ကျုပ်မှာ ဦးနှောက်တခု .. ခင်ဗျားမှာလည်း တခုပဲ
ကျုပ်မှာ နှလုံးသားတစုံ .. ခင်ဗျားမှာလည်း တစုံပဲ
ဒါ .. အရေးအကြီးဆုံးပဲ မဟုတ်ဘူးလား ..။
ဒီတော့ ..
ခင်ဗျား ဦးနှောက်နဲ့ ကျုပ်နှလုံးသား ..
ကျုပ် ဦးနှောက်နဲ့ ခင်ဗျား နှလုံးသား ..
အချိုးညီညီ ဆက်စပ်ကြည့်ရအောင်လား ..
ပျောက်ကွယ်လုဆဲဆဲ “... ...” ဆိုတာတွေကို ..
တက်ညီဘက်ညီ .. ပျိုးထောင်ကြဖို့လေဗျာ ..။

... 99 ...
*ဘလူးပရင့် = Blue Print

Saturday, March 8, 2008

ကဗျာဆိုတာ ..။

... ဒေါက် .. ဒေါက် .. ဒေါက် ...
ဘယ်သူလဲ .. !
တံခါးဖွင့်ထားတယ် .. ၀င်ခဲ့လိုက်ပါ ..။
အော .. ဧည့်သည်ကိုး ..
လာဗျာ .. .. .. !
ကဗျာ နံရံကိုမှီလို့ .. ကဗျာ အခင်းမှာ ထိုင်ပါ ..
ကဗျာ မုန့်ချို သုံးဆောင်ပြီး .. ကဗျာဖျော်ရည် သောက်လှည့်ပါ ..
ကျနော် တတ်နိုင်တာ ကဗျာပဲ ရှိနေလို့ပါ ..
ဧည့်သည်အတွက် အဆင်သင့်မယ် ထင်ပါရဲ့ ..။

ကဗျာတွေကို ..
ကျနော့်အသံ .. ကျနော့်ဟန်နဲ့ ဖန်တီးထားတယ် ..
ဧည့်သည် ခံစားကြည့်ပါ ..
ဧည့်သည်သဏ္ဍာန် ဧည့်သည်ဥာဏ်နဲ့ပေါ့ ..။

ကဗျာဆိုတာ ...
ရိုးရာ မဟုတ်ဘူး .. ဂုဏ်ဒြပ် မဟုတ်ဘူး ..
စည်းမျဉ်း မဟုတ်ဘူး .. သင်ခန်းစာ မဟုတ်ဘူး ..
စကားဝှက် မဟုတ်ဘူး ..
အရာအားလုံးဟာ ကဗျာမှာ ပျော်ဝင်ပြီး ..
ကဗျာဟာ အရာအားလုံးကို ကိုယ်စားပြုတယ် ..။

ကဗျာဟာ .. ဧည့်သည်နဲ့ တသားထဲပဲ ..
ဧည့်သည်လည်း ကဗျာထဲမှာပေါ့ ..။

ကဗျာတွေ ဖတ်ဖို့ .. ဧည့်သည်မှာ
အရောင်မဆိုး .. ဘောင်ခတ်မထားတဲ့ ..
နှလုံးသားတစုံ လိုအပ်တယ် ..
ရိုးသားမှုတခု လိုအပ်တယ် ..
ပွင့်လင်းမှုတခု ရှိရမယ် ..
လက်ခံနိုင်မှုတခု လိုအပ်တယ် ..
အရေးအကြီးဆုံး .. ဧည့်သည် ခံစားချက်နဲ့ ဧည့်သည်အသံပဲ ..။

ဧည့်သည် .. ! မျက်လုံးတွေကို .. မှိတ်လိုက်ဗျာ ..
စိတ်မျက်စေ့နဲ့ စိတ်နှလုံးကိုတော့ ဖွင့်ထား ..
ပြီးမှ .. ကျနော့်ကဗျာတွေထဲ စီးမြောကြည့် ..
ကျနော် ကြမ်းပေမယ့် .. ဧည့်သည် လွမ်းရင် လွမ်းနေမယ် ..
ကျနော့်စာ နုပေမယ့် .. ဧည့်သည် ရှု့လို့ အဆင်ပြေချင်မှ ပြေမယ် ..
ကျနော်ဟာ ကျနော် .. ဧည့်သည်ဟာ ဧည့်သည် ..
ကွဲပြားရဲ့လား ..
အဲဒါ ကဗျာတဲ့ ..။

ကဗျာတွေပေါ်မှာ ..
ရောင်စဉ်တွေ ပျံသန်းတယ် ..
နာရီတွေ နိုးထတယ် ..
ရင်ခုန်သံတွေ လှုပ်ရှား သက်ဝင်တယ် ..
သမိုင်းကြောင်းတွေ ရှင်ပြန်ထမြောက်တယ် ..
အချိန်ယန္တရားတွေ ခေါက်တုံ့ခေါက်ပြန် စေစားနေတယ် ..
ယဉ်ကျေးမှု အစစ်အမှန်ကို ထင်ဟတ်စေတယ် ..
လူသားပီသမှုကို ခံစားမိစေတယ် ..။

ဘယ်လို ကဗျာပဲဖြစ်ဖြစ် ..
ဧည့်သည်ကို ကျနော် လွှမ်းမိုးဖို့ မမျှော်လင့်ဘူး ..
ကျနော့်ကို နားလည်ဖို့ မလိုချင်ဘူး ..
ကျနော့်ကို ကျနော့်အဓိပ္ပါယ်တွေ ပြန်မပေးပါနဲ့ ..
ဘာလို့လည်းဆိုတော့ ..
အရေးမကြီးတာတွေ အထပ်ထပ် ဖုံးအုပ် ရစ်ပတ်ခံထားရတဲ့ ..
ကျနော့်ကို ကျနော် ပြန်ရှာတွေ့ခဲ့တယ် ..
ဒီကဗျာတွေထဲကနေ .. ဒီကဗျာတွေ အကူအညီနဲ့လေ ..။

.. ဆိုတော့ ..
ဧည့်သည့်လည်း ပြန်တူးဖော်ကြည့်ပါ ..
ကျနော့်ကဗျာတွေထဲမှာ ဧည့်သည်စိတ်နှလုံးနဲ့လေ ..
ပျောက်ဆုံးနေတာ တခုခုတော့ ပြန်ရှာတွေ့ကောင်းစေရဲ့ ..
ကျနော်လည်း ဧည့်သည်ဆီ လာခဲ့ပါ့မယ် ..
ဧည့်သည်စကားလုံးတွေကို ကျနော့် စိတ်နှလုံးနဲ့ ဖွင့်ဟကြည့်ချင်လို့ပေါ့ ..

... 99 ...
[Dead Poet Society ကို ခံစားပါသည်။]

Thursday, March 6, 2008

မိုးတိမ်ရဲ့ မှို ..။

နက်ရှိုင်းမှုတွေနဲ့ မျက်ဝန်းလေးတွေက ညိုတယ် ..
မထူမပါး ပညာသားပါတဲ့ နှုတ်ခမ်းတွေက စိုတယ် ..
ပြေပြစ်မှုတွေနဲ့ အပြုံးတွေကလည်း ချိုတယ် ..
အလုံးစုံသောသဏ္ဍာန်တွေ ပေါင်းစုလို့ ..
ငါ့ရင်ထဲ ဒေါင့်တနေရာမှာ ခိုဝင်တယ် ..
အပိုစကား မဆိုဘူး ..
ဒီအချိန်မှာတော့ ..
မျှော်လင့်ချက်တွေက မှိုပဲ ..။
.
..
(အာ .. ဒီ ဆက်ရက်တကောင်
ငါ့ရှေ့ ဘာလာလုပ်နေပါလိမ့် ..
အံမယ် .. လူတယောက်လုံး အနားတိုးသွားတာတောင်
ဒင်းက ခပ်တည်တည်ပဲ ..)
..
.
မျှော်လင့်ချက်တွေ မပြိုချင်ဘူးကွယ် ..
မှိုပွင့်ကလေး .. ဒီအတိုင်းပဲ ရှိပါစေ ..
ခပ်ဝေးဝေးမှာ ..
မိုးတိမ်တအုပ် ငိုချင် ငိုနေပါ့စေတော့ ..။
..
..
[မင်းအကြောင်း စဉ်းစားတုန်း ..
ရောက်လာတဲ့ ဆက်ရက်ကလေး ..
နှစ်ကောင်သာ ဖြစ်ခဲ့ရင်တော့ ..
မှိုပွင့်လေးရေ ..
မိုးတိမ်ဆီက ပျော်ရွှင်ခြင်း မိုးရေစက်တွေ
မင်းကိုထွေးပွေ့ဖို့ အပြေးရောက်လာမှာပေါ့ ..]
.
..
ခုတော့ .. ... .... ။

... 99 ...

Monday, March 3, 2008

နေရာ ..။

ဒီနေရာပေါ့ ..။
ငါတို့ရောင်းရင်းတတွေ ..
အပြောင်းအလဲကို ရှာဖွေခဲ့တဲ့မြေ ..
အထူးအဆန်းလည်း မဟုတ် .. တခမ်းတနားလည်း မဟုတ် ..
နိုင်ငံလည်း မကျော် .. ကမ္ဘာကလည်း မသိ ..
(သို့သော် .. ငါတို့ကို ..)
နွေးထွေးမှုအတိနဲ့ .. စောင့်ကြိုနေတတ်၏ ..။

ဒီနေရာမှာပေါ့ .. .. ..။

ဆက်ရက်အုပ်တွေအလား .. ပွက်လောထသူတွေ
ပျော်မွေ့နေကြ ..။
ကုက္ကိုလ်ပန်းမှုန့်နဲ့ ရွက်ဝါခြောက်တွေ ..
ခုန်ဆင်း ဖြန့်ခင်းနေကြ ..။
အနာဂတ်အတွက် အကောင်းမြင်တတ်သူတွေ ..
ကျင်လည်နေကြ ..။
မြေသားအနံ့ စစ်စစ်တွေ ..
ထုံသင်း ပျံ့လွင့်နေကြ ..။
အသစ်နဲ့ အဟောင်းတွေ ..
ပေါင်းစည်း ထုံးဖွဲ့နေကြ ..။
ခိုပြာရောင် ခပ်ညစ်ညစ် ခုံစုစုတွေပေါ်မှာ ..
ဆွေးနွေး အငြင်းပွားနေကြ ..။
ဖွာရှိုက်ခဲ့တဲ့ ဆေးလိပ်မီးခိုးတွေနဲ့ ..
ဆောင်းမနက်ခင်းအတုတွေ .. ဖန်တီးနေကြ ..။
*ပေါး(န်)” ဖြစ်ရတာကိုမှ .. ကျေနပ်နေတတ်သူတွေ ..
အချိန်ဖြုန်းနေကြ ..။
အကာအရန်မရှိတဲ့ လေဟာပြင်ထဲ ..
မုန်တိုင်းတွေ .. တည်ဆောက်နေကြ ..။
ချစ်ခြင်း မုန်းခြင်းတွေအတွက် ..
အပြန်အလှန် ဖွင့်ဟ ၀န်ခံနေကြ ..။
မြက်ခင်းနုနုက စိမ်းရနံ့တွေနဲ့ ..
သင်းပျံ အေးချမ်းနေကြ ..။
ရင်ကွဲ အလွမ်းဇာတ်တွေအတွက် ..
ထွက်ပေါက်ရှာ .. ဖြေလျော့ပစ်နေကြ ..။
မတရားခြင်းတွေအတွက် .. တရားခြင်းကို ရှာဖွေရင်း
ဝုန်းဒိုင်းကျဲ ပေါက်ကွဲနေကြ ..။
အမှန်တရားဆိုတာကို .. အလွဲအမှားမရှိ
လက်ခံ ယုံကြည်နေကြ ..။
ရိုးသားခြင်းနဲ့ ရဲရင့်ခြင်း သီချင်းတွေ ..
သီကြွေး ဟစ်အော်နေကြ ..။
ကျင်လည်နေကျ .. ဒီနေရာ .. ဘာအမည်နာမ ရှိလဲဆိုတာ ..
နဲနဲမှ ရေးကြီးခွင်ကျယ် လုပ်မနေကြ ..။

.. မိုးတွင်း ..
စွတ်စွတ်စိုစေတဲ့ .. မိုးသည်းသည်းတွေအောက်
.. ဆောင်းတွင်း ..
အပူမပြင်းတော့တဲ့ .. ဆောင်းနှင်းလွှာတွေအောက်
.. နွေခံတွင်း ..
အငွေ့ပျံ ခြောက်သွေ့လွယ်တဲ့ .. လေပူ ပြင်းပြင်းတွေကြားထဲ
ကြံ့ကြံ့ခံ အုပ်မိုးထားတဲ့ .. အစိမ်းရောင် ခပ်ရင့်ရင့်နဲ့
ကုက္ကိုလ်ပင်ကြီး တပင်ရှိနေတယ် ..
ပင်ခြေရင်းမှာ အမည် မသိတာလည်း ဖြစ်နိုင်ရဲ့ ..
အမည် မရှိတာလည်း ဖြစ်နိုင်ရဲ့ ..
ရဲရင့် လွတ်လပ်သူများရဲ့ ကမ္ဘာငယ်တခုတော့
အသေအချာ .. ရှိခဲ့ဖူးတယ် ..။

... ... ... ကဖေး ..
အပေါင်းအသင်းတွေနဲ့ .. အပြောင်းအလဲအတွက် ..
အဆိုးအကောင်းတွေ .. မျှဝေခဲ့တဲ့ နေရာ..။
တချို့ရောင်းရင်းတွေ .. အပြောင်းအလဲအတွက် ..
ပြန်မလာနိုင်တော့တဲ့ နေရာ ..။
အပြောင်းအလဲပြီးရင် .. ပြန်လာမယ့် ..
အပေါင်းအသင်း
ရောင်းရင်းတချို့အတွက်..
အဆင်သင့် မဖြစ်နိုင်တော့တဲ့ နေရာ ..။

အဖြစ်အပျက်တွေထဲ .. မဖြစ်မနေ စီးမြောလိုက်ပါလာပြီး ..
ရာဇ၀င်တွေကို မျက်ခြေမပြတ် .. ငုံ့မိုးစောင့်ကြည့်နေခဲ့တဲ့ ..
ကုက္ကိုလ်ပင်အိုကြီးရဲ့ အလွမ်းတွေ .. ..
မြေသားညစ်ညစ်ပေါ်ကို သက်
ဆင်းတယ် ..
နေ့စဉ်နဲ့အမျှပါပဲ ..။
အဖြူရောင် အတ္တတွေကို .. ပြန်ခေါ်လာပေးပါတဲ့ ..။
အဖြူရောင် ဒေါသတွေကို .. ပြန်တိုက်ခတ်ကြပါစေတဲ့ ..။
အဖြူရောင် နှောင်ကြိုးတွေကို .. ပြန်ထုံးဖွဲ့ကြပါစေတဲ့ ..။
အဖြူရောင် ယုံကြည်ချက်တွေကို .. ပြန်ရှင်သန်ပါစေတဲ့ ..။
အဖြူရောင် ရိုးသားမှုတွေကို ပြန်အသက်သွင်းကြပါတဲ့ ..။
အဖြူရောင်တွေအတွက် .. အစိမ်းရင့်ရင့်ကြီးရဲ့ အလွမ်းတွေလေ .. ..
အဖြူရောင်တွေရေ .. .. ..
မင်းတို့ .. ကြားမှ ကြားပါလေစ ..။

... 99 ...
*ပေါး(န်) = Pawn
[အင်းစိန် ဂျီတီအိုင် လက်ဖက်ရည်ဆိုင် အလွမ်းပြေ ..]

Sunday, March 2, 2008

တနေ့နေ့တော့ ..။

တနေ့နေ့ .. ပေါ့ .. တဲ့ .. .. ..။
ဆုံစည်းမလား .. .. ..
ပြတ်စဲမလား .. .. ..
တခါတုန်းက .. တနေ့နေ့ .. မှာ ..
နောင်လာမယ့် .. တနေ့နေ့ .. အတွက် ..
ငါတို့တွေ .. မျှော်လင့်ခဲ့ဘူးတယ် ..။

ငါက ချစ်ပြီး ..
ငါ့ကို ချန်ထားခဲ့သူ တယောက်ကတော့ ..
မသေချာမှုတွေ ရစ်ပတ်ထားတဲ့ မျှော်လင့်ချက်ဆိုတာ ..
မျှော် .. ရင်းးးး .... လင့် .. သွားတတ်တာမို့ ..
မယုံကြည်ထားရဲတော့ဘူးတဲ့ .. ..
အဲ့ဒီ .. အနာဂတ်က .. တနေ့နေ့ .. တွေကိုလေ ..။

ငါ့ကို ချစ်တဲ့ ..
ငါ့ရဲ့ အဖြူထည် အရိပ်တခုကတော့ ..
မွန်းကျပ်မှုတွေ တပုံတပင်နဲ့ လုံးပန်းနေရသရွေ့ ..
လွမ်းစရာ စကား တလုံးအဖြစ်ပါပဲတဲ့ .. ..
အဲ့ဒီ .. မရေရာတဲ့ .. တနေ့နေ့ .. တွေကိုလေ ..။

ငါ အမြဲတိုင်တည်ပြီး ..
ငါ့ကို ချွင်းချက်မရှိ အားပေးတတ်တဲ့ သူငယ်ချင်းကတော့ ..
ရာသီတွေသာ ပြောင်းမယ် .. ပြန်ဆုံမယ့်နေ့တွေက ..
အရင်လို အမြဲ .. .. ..

လန်းဆန်းတက်ကြွ .. သက်ဝင် လှုပ်ရှားနေမှာတဲ့ ..
အဲ့ဒီ .. အနားသတ်မဲ့နေတဲ့ .. တနေ့နေ့ .. တွေကိုလေ ..။











ငါက ချစ်ပြီး ..

ငါ့ကိုလည်း ထပ်တူချစ်တဲ့ .. “ငါ” ကိုယ်တိုင်ကတော့ ..
ကြည်နူးခြင်း တနေ့နေ့ .. ပဲဖြစ်ဖြစ် ..
မျှော်ငေးခြင်း တနေ့နေ့ .. ပဲဖြစ်ဖြစ် ..
ကြေကွဲခြင်း တနေ့နေ့ .. ပဲဖြစ်ဖြစ် ..
သူငယ်ချင်း ပြောသလို .. သက်ဝင်လှုပ်ရှား ရအုံးမှာပဲဆိုတော့ ..
ငါ့ကို .. အံ့အားသင့်စေမယ့် ..
အဲ့ဒီ .. တနေ့နေ့ .. အတွက် ..
အသင့်ပြင်ထားမယ် ..
အငိုက်တော့ အမိ မခံနိုင်ဘူး .. ကိုယ့်လူရေ .. .. ..။
... 99 ...