Wednesday, March 12, 2008

ပုံမှန်ပိုင်ဆိုင်ခွင့် ..။

ချစ်သူက ..
စိမ်းဖန့်ဖန့် သစ်ရွက်တွေကြားက ..
ဖြူလွှလွှ တရုပ်စကားပန်းလေးတွေကို မြတ်နိုးသတဲ့ ..။
ကျနော့်ရဲ့ ဖြူစင်သင်းပျံ့တဲ့ ချစ်ခြင်းတွေနဲ့
ထပ်တူညီနေလို့တဲ့ဗျာ ..။
ချစ်သူက ..
မြက်ခင်းစိမ်းစိမ်းတွေပေါ် ဖြတ်သန်းလာတဲ့ ..
မွှေးမြမြ လေညင်းသန့်သန့်တွေကို တန်ဖိုးထားသတဲ့ ..။
ကျနော့်ကိုယ်ရနံ့လေးကို မှတ်မိစေဖို့
ယူဆောင်ပေးတတ်လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြတင်းတံခါးဝနားက သစ်ကိုင်းဖျားမှာ လာနားနေကြ ငှက်ငယ်တွေရဲ့ ..
ကျီကျီကြာကြာ အော်မြည်သံတွေက .. သူ့ကို ပီတိ ဖြစ်စေသတဲ့ ..။
ကျနော်ဆိုပြတတ်တဲ့ သံစဉ်သီချင်းတွေလိုပဲ ..
ချိုမြ အေးချမ်းခြင်းတွေကို ခံစားရလို့တဲ့ဗျာ ..။
ချစ်သူက ..
ကြည်ကြည်လင်လင်နဲ့ တသွင်သွင် စီးဆင်းနေတဲ့ ..
ဧရာဝတီအပါအ၀င် မြစ်ချောင်းတွေကို တန်ဖိုးထားသတဲ့ ..။
ဒီမြစ်ချောင်းတွေက ရေအလျဉ်တွေလိုပဲ
ကျနော့်အချစ်တွေ ထာဝရ စီးဆင်းနေမှာမို့လို့တဲ့ဗျာ ..။
ချစ်သူက ..
ပြာလွင့်လွင့် ကောင်းကင်ကျယ်ကြီးဟာ သူ့ဘ၀ပါတဲ့ ..။
ဒီတမိုးအောက်မှာ ကျနော်နဲ့အတူတူ ရှိနေခွင့်ရလို့တဲ့ဗျာ ..။
ချစ်သူက ..
လက်ညိုးထိုးမလွဲတဲ့ စိမ်းရောင်စို တောအုပ်တွေကို
တစိမ့်စိမ့်တွေးပြီး ကြည်နူးတတ်သတဲ့ ..။
ကျနော်တို့ နှစ်ယောက်ရဲ့ဘ၀လိုပဲ .. တွေးထင်မထားတဲ့
လျှို့ဝှက်ချက်တွေ ပိုင်ဆိုင်ကြလို့တဲ့ဗျာ ..။
ချစ်သူက ..
ဟိုး .. အဝေးဆီမှာ မြင်နေရတဲ့ ..
မှိုင်းညို့ညို့ တောင်တန်းတွေကို နှစ်သက်သတဲ့ ..။
ကျနော့်ကို လွမ်းတိုင်း တောင်တန်းတွေကို ..
သက်သေပြု တိုင်တည်နေကြမို့လို့တဲ့ဗျာ ..။

ကျနော်တို့နှစ်ယောက်ရဲ့ နှောင်ကြိုးတွေ ..
ကမ္ဘာ .. တည် .. သ .. ရွေ့ .. ရွေ့ .. ရွေ့ ..
ရွေ့ ...
..
.
ဟေ့ရောင်ရာ .. ကဗျာရွတ်တာတွေ ရပ်ပါတော့ ..
မင်းအိမ်နားက တရုပ်စကားပင်ကြီးလည်း အခုတ်ခံလိုက်ရပေါ့ ..
ငှက်တွေလည်း အဝေး ပျံကုန်ကြပြီလေကွာ ..
မြက်ခင်းတွေ မစိမ်းနိုင်တာ
လည်းကြာပေါ့ .. ငါ့ကောင်ရာ ..
ကားကျပ်ကျပ်နဲ့ ဖုန်တထောင်းထောင်းမှာ
ကျင်လည်နေရတဲ့ ငါတို့ဘ၀ကွာ ...
... လေသန့်သန့်ဆိုတာ ...
ကောင်းကင်ကြီး ပြာတာတောင် တော်တော်ရှားနေတဲ့ အဖြစ် ..
ဘ၀မှာ မထင်တာတွေ များတာတော့ သေချာတယ်..
တောအုပ်ကြီးတွေကိုယ်တိုင် ပေးဆပ်ပြီး သက်သေပြနေတယ်လေကွာ ..
ညိုမှိုင်းမှိုင်းတောင်တန်းတွေတောင် အညိုနုရောင် ပြောင်းကုန်ကြပြီ ..
မြစ်ချောင်းတွေလည်း မကြည်မလင်နဲ့ ..
... တသွင်သွင်ဆိုတာ ဝေလာဝေးပေါ့ကွာ ...
ဒါပေမယ့် .. မင်းအိပ်မက်တွေ ဆက်မက်နိုင်ပါတယ် ..
ကောင်းကင်ကြီးအောက်မှာ .. ကမ္ဘာမြေကြီးတနေရာမှာ ..
ပုံမှန်အခြေအနေတွေ ပိုင်ဆိုင်နိုင်ခွင့်အတွက် ..
..
.
အလင်းအိပ်မက်တွေ .. ဖြစ်စေကွာ ..။

... 99 ...

4 comments:

  1. ကဗျာကတော့ တကယ်ကောင်းတယ်ကွာ။ ဖြစ်ပေါ်လာတဲ့ စိတ်ကူးကလည်းကောင်း၊ ဆွဲခေါ်သွားတဲ့ပုံစံလေးကလည်း လှတယ်၊ အကြောင်းအရာကလည်း လက်တွေ့ကျတော့… ငါကတော့ တော်တော်ကြိုက်တယ်..
    http://greenmyanmar.blogspot.com/ မှာ တင်ဖို့ ခွင့်တောင်းပါတယ်။

    ReplyDelete
  2. ဖတ်လို.ကောင်းတယ်။

    ReplyDelete
  3. ဟားဟား ဟေ့ရောင် ငါ့နာမည်ပါတိုင်း လင့်ပေးရမယ်နော်….

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...