Monday, March 3, 2008

နေရာ ..။

ဒီနေရာပေါ့ ..။
ငါတို့ရောင်းရင်းတတွေ ..
အပြောင်းအလဲကို ရှာဖွေခဲ့တဲ့မြေ ..
အထူးအဆန်းလည်း မဟုတ် .. တခမ်းတနားလည်း မဟုတ် ..
နိုင်ငံလည်း မကျော် .. ကမ္ဘာကလည်း မသိ ..
(သို့သော် .. ငါတို့ကို ..)
နွေးထွေးမှုအတိနဲ့ .. စောင့်ကြိုနေတတ်၏ ..။

ဒီနေရာမှာပေါ့ .. .. ..။

ဆက်ရက်အုပ်တွေအလား .. ပွက်လောထသူတွေ
ပျော်မွေ့နေကြ ..။
ကုက္ကိုလ်ပန်းမှုန့်နဲ့ ရွက်ဝါခြောက်တွေ ..
ခုန်ဆင်း ဖြန့်ခင်းနေကြ ..။
အနာဂတ်အတွက် အကောင်းမြင်တတ်သူတွေ ..
ကျင်လည်နေကြ ..။
မြေသားအနံ့ စစ်စစ်တွေ ..
ထုံသင်း ပျံ့လွင့်နေကြ ..။
အသစ်နဲ့ အဟောင်းတွေ ..
ပေါင်းစည်း ထုံးဖွဲ့နေကြ ..။
ခိုပြာရောင် ခပ်ညစ်ညစ် ခုံစုစုတွေပေါ်မှာ ..
ဆွေးနွေး အငြင်းပွားနေကြ ..။
ဖွာရှိုက်ခဲ့တဲ့ ဆေးလိပ်မီးခိုးတွေနဲ့ ..
ဆောင်းမနက်ခင်းအတုတွေ .. ဖန်တီးနေကြ ..။
*ပေါး(န်)” ဖြစ်ရတာကိုမှ .. ကျေနပ်နေတတ်သူတွေ ..
အချိန်ဖြုန်းနေကြ ..။
အကာအရန်မရှိတဲ့ လေဟာပြင်ထဲ ..
မုန်တိုင်းတွေ .. တည်ဆောက်နေကြ ..။
ချစ်ခြင်း မုန်းခြင်းတွေအတွက် ..
အပြန်အလှန် ဖွင့်ဟ ၀န်ခံနေကြ ..။
မြက်ခင်းနုနုက စိမ်းရနံ့တွေနဲ့ ..
သင်းပျံ အေးချမ်းနေကြ ..။
ရင်ကွဲ အလွမ်းဇာတ်တွေအတွက် ..
ထွက်ပေါက်ရှာ .. ဖြေလျော့ပစ်နေကြ ..။
မတရားခြင်းတွေအတွက် .. တရားခြင်းကို ရှာဖွေရင်း
ဝုန်းဒိုင်းကျဲ ပေါက်ကွဲနေကြ ..။
အမှန်တရားဆိုတာကို .. အလွဲအမှားမရှိ
လက်ခံ ယုံကြည်နေကြ ..။
ရိုးသားခြင်းနဲ့ ရဲရင့်ခြင်း သီချင်းတွေ ..
သီကြွေး ဟစ်အော်နေကြ ..။
ကျင်လည်နေကျ .. ဒီနေရာ .. ဘာအမည်နာမ ရှိလဲဆိုတာ ..
နဲနဲမှ ရေးကြီးခွင်ကျယ် လုပ်မနေကြ ..။

.. မိုးတွင်း ..
စွတ်စွတ်စိုစေတဲ့ .. မိုးသည်းသည်းတွေအောက်
.. ဆောင်းတွင်း ..
အပူမပြင်းတော့တဲ့ .. ဆောင်းနှင်းလွှာတွေအောက်
.. နွေခံတွင်း ..
အငွေ့ပျံ ခြောက်သွေ့လွယ်တဲ့ .. လေပူ ပြင်းပြင်းတွေကြားထဲ
ကြံ့ကြံ့ခံ အုပ်မိုးထားတဲ့ .. အစိမ်းရောင် ခပ်ရင့်ရင့်နဲ့
ကုက္ကိုလ်ပင်ကြီး တပင်ရှိနေတယ် ..
ပင်ခြေရင်းမှာ အမည် မသိတာလည်း ဖြစ်နိုင်ရဲ့ ..
အမည် မရှိတာလည်း ဖြစ်နိုင်ရဲ့ ..
ရဲရင့် လွတ်လပ်သူများရဲ့ ကမ္ဘာငယ်တခုတော့
အသေအချာ .. ရှိခဲ့ဖူးတယ် ..။

... ... ... ကဖေး ..
အပေါင်းအသင်းတွေနဲ့ .. အပြောင်းအလဲအတွက် ..
အဆိုးအကောင်းတွေ .. မျှဝေခဲ့တဲ့ နေရာ..။
တချို့ရောင်းရင်းတွေ .. အပြောင်းအလဲအတွက် ..
ပြန်မလာနိုင်တော့တဲ့ နေရာ ..။
အပြောင်းအလဲပြီးရင် .. ပြန်လာမယ့် ..
အပေါင်းအသင်း
ရောင်းရင်းတချို့အတွက်..
အဆင်သင့် မဖြစ်နိုင်တော့တဲ့ နေရာ ..။

အဖြစ်အပျက်တွေထဲ .. မဖြစ်မနေ စီးမြောလိုက်ပါလာပြီး ..
ရာဇ၀င်တွေကို မျက်ခြေမပြတ် .. ငုံ့မိုးစောင့်ကြည့်နေခဲ့တဲ့ ..
ကုက္ကိုလ်ပင်အိုကြီးရဲ့ အလွမ်းတွေ .. ..
မြေသားညစ်ညစ်ပေါ်ကို သက်
ဆင်းတယ် ..
နေ့စဉ်နဲ့အမျှပါပဲ ..။
အဖြူရောင် အတ္တတွေကို .. ပြန်ခေါ်လာပေးပါတဲ့ ..။
အဖြူရောင် ဒေါသတွေကို .. ပြန်တိုက်ခတ်ကြပါစေတဲ့ ..။
အဖြူရောင် နှောင်ကြိုးတွေကို .. ပြန်ထုံးဖွဲ့ကြပါစေတဲ့ ..။
အဖြူရောင် ယုံကြည်ချက်တွေကို .. ပြန်ရှင်သန်ပါစေတဲ့ ..။
အဖြူရောင် ရိုးသားမှုတွေကို ပြန်အသက်သွင်းကြပါတဲ့ ..။
အဖြူရောင်တွေအတွက် .. အစိမ်းရင့်ရင့်ကြီးရဲ့ အလွမ်းတွေလေ .. ..
အဖြူရောင်တွေရေ .. .. ..
မင်းတို့ .. ကြားမှ ကြားပါလေစ ..။

... 99 ...
*ပေါး(န်) = Pawn
[အင်းစိန် ဂျီတီအိုင် လက်ဖက်ရည်ဆိုင် အလွမ်းပြေ ..]

3 comments:

  1. လူတိုင်းကိုယ်စီကိုယ်ငှမှာအဲဒီလိုနေရာလေးတွေရှိခဲ့ကြတယ်...ကဗျာလေးဖတ်ပြီး တချိန်တုန်းကတက္ကသိုလ်ကို
    ပြန်လွမ်းသွားတယ်...

    ReplyDelete
  2. ကဗျာကို ကြိုက်တယ်ဗျာ။ စာသားတွေ အားလုံး မိုက်တယ်။
    တော်တော်ကြိုက်တယ်ဗျ။ ကျနော်ကတော့ အဲလိုမျိုးကဗျာ
    မရေးတက်ဘူး။ အားပေးတယ်။ :)

    ReplyDelete
  3. တကယ်တော့ ... ကျွန်တော်တို့တတွေဟာ မျိုးတူရာစုပေါင်းနားခိုဖို့ ကိုင်းဖျားကိုင်းနားလေးတွေကို တခမ်းတနားရှာဖွေရင်း ပျော်ပျော်ပါးပါးခိုနားကြတယ် ...
    အချိန်တန်တော့လဲ အခြေအနေအကြောင်းကြောင်းကြောင့် အဲဒီကိုင်းဖျားကိုင်းနားလေးတွေကိုပဲ
    တိတ်တိတ်လေးစွန့်ခွာရင်း အဝေးကိုခပ်အုပ်အုပ်ပျံသန်းနေကြရတာ ...

    ကဗျာလေးက အတိတ်ဆိုတာကိုလှလှပပလေးပြန်တူးဆွသွားတယ် ... ကောင်းတယ်ဗျာ ... ကြိုက်တယ် ...

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...