Tuesday, March 25, 2008

မှတ်တိုင် ..။

မှတ်တိုင် .. ။
အမှတ်ရစရာတွေ .. စိုက်ထူထားလို့
“မှတ်တိုင်”လို့ ခေါ်တာပေါ့ .. ကောင်မလေးရယ် ..။
.
..
အရှေ့အရပ်က လာတဲ့ မင်းက ..
အနောက်အရပ်ကို သွားဖို့ .. ဒီနားမှာ တထောက်နားတယ် ..
အနောက်အရပ်မှာ နေတဲ့ ငါက ..
အရှေ့အရပ်ကို မသွားခင် .. ဒီဆုံမှတ်ကို ခိုဝင်သွားတယ် ..
ဆန့်ကျင်ဖက် ဦးတည်ရာတွေ ပိုင်ဆိုင်ထားမှန်း သိလျက်နဲ့ ..
ဒီဆုံချက်လေးမှာ ..
ငါ .. ကျ .. ကွဲ .. ခဲ့တယ် ..။

[မင်းအတွက်တော့ ..
သာမာန် မနက်ခင်းတွေပါ ..
ငါ့အတွက်သာ ..
မရိုးအီနိုင်တဲ့ ရင်ခုန်ဖွယ် ကာလတွေဖြစ်လာတာ ..။
ဘ၀အမောပေါင်းစုံကို တွယ်ဖက်ရှင်သန်နေရတဲ့ ငါ ..
ခဏ .. ဖြစ်ဖြစ်တော့ .. အမောပြေပါတယ် ..
ရေကြည်လို မင်းမျက်နှာကို မြင်ရစဉ်ပေါ့ ..။
လေအပင့်မှာ .. ဖွာကျဲပြန့်လွင့်သွားတဲ့ ဆံနွယ်တွေဆီက ..
အရိုင်းပန်းချီတချပ် ငါ့ဆီကို လွန့်လူးလာလိမ့်မယ် ..
အဲ့ဒီအခိုက်အတန့်လေးကို .. ငါ .. မြတ်နိုးတယ် ..။
စူးရှတဲ့ မင်းအကြည့်တွေ ဖြတ်သန်းသွားရင် ..
အပြင်းစား ငလျင်တခု .. ငါ့ရင်ကို ဗဟိုပြုလို့ပေါ့ ..
ငါ .. .. .. ကျေနပ်ပါတယ်လေ ..။
ညှို့ငင်ခြင်း အဆောင်အယောင်တွေ ရှိမနေတဲ့ ..
မင်းရဲ့ .. ရှင်းရှင်းသန့်သန့် ပင်ကိုယ်ဟန်လေးကို ..
ငါတွယ်ငြိတတ်လာတယ် ..။
ကောင်မလေးရယ် .. တကယ်တော့ ..
မင်းဟာ သာမန်ပါပဲ ..
ငါ့အတွက် .. ထူးခြားတဲ့ .. သာမန်လေးပေါ့ ..။
ငါ့ရင်ခုန်လှိုင်းတွေကို .. နေ့တိုင်း လှုပ်နှိုးနေတဲ့ ..
အဲ့ဒီ .. သာမန်လေးရဲ့ အဝေးမှာ ..
ဘယ်လောက်ကြာကြာ .. ငါရပ်တည်နိုင်မှာလဲ ..။
ငါ့သာမန်လေးနဲ့ .. ငါ ..
ထူးထူးခြားခြား .. နီးကပ် မသွားနိုင်ဘူးလား ..။
ငါ့အတွေးတွေ မဆုံးလိုက်နိုင်ဘူး ..
မင်းအလိုရှိရာကို ပို့ဆောင်ပေးဖို့ ..ကားကြီးကရောက်လာ ..
ပြီးတော့ .. မင်းကို သယ်ဆောင်သွား ..။
ငါ့ပင့်သက်တွေ .. အသက်ပြန်ဝင်လာ ..
ပုံမှန် ဘ၀အမောတွေထဲကို .. ငါ ပြန်ဝင်ရောက် ..။]

မင်းနဲ့ ငါ ..
မျက်နှာခြင်းဆိုင်ထားတယ် ..
တကယ်က ..ပြောင်းပြန်ဘက်ခြင်း လွဲနေတာ ..။
ငါ .. မင်းနဲ့ မျက်နှာခြင်း မဆိုင်ချင်ဘူး .. ကောင်မလေးရဲ့ ..
မင်းဦးတည်ရာဘက်ကို .. မင်းနဲ့အတူ မျက်နှာမူချင်တာပါ ..။
မင်းရှေ့ဆက်မယ့် ခရီးတွေအတွက် ..
မင်းနံဘေးကနေ .. အချိုးညီပြီး ..
ကာရန်မှီတဲ့ ခြေလှမ်းတွေကို ပိုင်ဆိုင်ချင်တာ ..။
ဒီဆုံမှတ်လေးအတွက် .. တကူးတက လာရတဲ့ ငါက ..
ငါ့အရိပ်လေး “မင်း”ကို .. ငေးမောခွင့် ရဖို့လောက်ပဲတဲ့လား ..။
ကြည်နူးခြင်း ကုဋေကုဋာနဲ့ ..
စိတ်ကူးယဉ် ကမ်းပါးထက်မှာ ..
နောက်ထပ် မျှော်ငေးခြင်းတွေကို ဆက်ပြီး ရူးသွပ်နေရုံပဲလား ..။
..
.
ကြာတော့ .. ကြာခဲ့ပါပြီ ..
အမှတ်ရစရာတွေ .. စိုက်ထူထားလို့လည်း ..
“မှတ်တိုင်”လို့ .. အမည်တွင်တာပေါ့ .. ကောင်မလေးရယ် ..။

... 99 ...
၂၆ မတ် ၂၀၀၈။

1 comment:

  1. ကြာခဲ့ပေမယ့်လည်း မှတ်တိုင်လေး ပေါ့နော် အကိုနိုင်းနိုင်းရေ...း)

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...