Tuesday, July 17, 2007

ကျောင်း အလွမ်း ... ။

အလုပ်လုပ်နေရင်း စိတ်ပေါ့အောင် သီချင်းလေးတပုဒ် နားထောင်မိပါတယ် ...
မပေါ့တဲ့အပြင် ရင်ထဲ ပိုတောင်လေးသွားတယ် ...
“ဒီနေရာဟောင်းလေးလည်း ... ငါရင်မှာ လွမ်းလွန်းလို့
အို... ပြန်လည် တမ်းတနေဆဲပါ ...”

သီချင်းက အဲလက်စ်ရဲ့ “နေရာဟောင်း”... ။
... ... ...
“ငါတို့ တနေရာစီ ဝေးနေခဲ့လို့ပဲဖြစ်ဖြစ် ...
အလုပ်တွေနဲ့ မအားလပ်နိုင်ခဲ့ရင်ပဲဖြစ်ဖြစ် ...

ဒီထိုင်နေကြ နေရာလေးကို
ငါတို့ရဲ့နေရာဟောင်းလေးဆိုပြီး ပြန်တမ်းတနေမှာ သေချာတယ် ... ။”
“ငါကတော့ ... တချိန်ချိန်ကျရင် ဒီနေရာလေးကို ပြန်လာပြီး ...
အဲလက်စ်ရဲ့ နေရာဟောင်း သီချင်းဖွင့်နားထောင်ရင်း ...
သူငယ်ချင်းတွေ အတူတူရှိခဲ့တဲ့ အချိန်တွေကို ပြန်သတိရနေမိမှာ ... ။”
“ဟာ .. နင်တို့ကလည်း ...
အတူတူ ပြန်လာလည်း ရတာပဲကို ... ။”
သူငယ်ချင်းမတွေရဲ့ တယောက်တပေါက် ရေရွတ်သံတွေ ...
နားထဲမှာ ပြန်ကြားမိနေသလိုပဲ ... ။
ဟိုတုန်းကတော့ ...
အချိန်မရွေး ပြန်တွေ့နိုင်တယ်ဆိုပြီး ...
ခွဲခွာခြင်းဆိုတာကို ဘယ်လိုပုံစံမျိုးနဲ့မှ ပြင်ဆင်မထားခဲ့မိကြတာ အသေအချာပါ..။
နေပူပူမှာ ခပ်လွင့်လွင့် ဝေ့၀ဲလာတဲ့ လေပူနွေးနွေးတချက် ...
ရင်ထဲကျကျကို ၀င်သွားတာ ခံစားမိလိုက်တယ် ... ။
သြော် ... ခရေပင်တန်းတွေကို လွမ်းမိပါရဲ့ ... ။
... ... ...
အင်းစိန် ဂျီတီအိုင်တကျောင်းထဲကို အငြိုးကြီးကြီးနဲ့ အတော်ကြာအောင် ပိတ်ထားခဲ့ပြီးမှ ...
ကျောင်းသူ ကျောင်းသားတွေ အားလုံး ...
ရန်ကုန်တဖက်ကမ်းမှာရှိတဲ့
ရှေးဟောင်းမြို့တော် သံလျင်ကို
ပြောင်းရွှေ့တက်ရောက်ခွင့် ရခဲ့ကြပါတယ် ...။
ကသောင်းကနင်းဖြစ်နေတဲ့ ဒီကျောင်းဝင်းကြီးထဲမှာ ...
ကသောင်းကနင်းနဲ့ အပြေးအလွှား ၀င်ထွက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ ...
ကသောင်းကနင်း အုပ်ချုပ်နေရတဲ့ ဆရာ ဆရာမတွေ ...
ကသောင်းကနင်း အစီအစဉ်မကျဖြစ်နေသေးတဲ့ စာသင်ခန်းတွေ ...
ကသောင်းကနင်း စားသောက်ဆိုင်တန်းတွေ ...
ကသောင်းကနင်း ရှုပ်ပွနေတဲ့ ကျောင်းကားတွေနဲ့ လိုင်းကားတွေ ...
ကသောင်းကနင်း လေ့ကျင့်ရေး အလုပ်ရုံတွေ ...
မြင်သမျှ ... ကြားသမျှ ...
အရာရာဟာ ကသောင်းကနင်းနဲ့ပဲ စတင်ခဲ့ကြပါတယ် ...။
ဒီလောက်များပြားတဲ့ ကသောင်းကနင်းတွေကို ...
ဖရိုဖရဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်ကျော်နိုင်ခဲ့တယ် ... ။
ကျောင်းသားဘ၀ရဲ့ နေ့ရက်တွေ ...
ဘယ်လိုဖြစ်ဖြစ် ကြည်နူးစရာတွေပါပဲ ... ။
... ... ...
ကျနော်က “လက်သမား အင်ဂျင်နီယာ” ဒုတိယနှစ် ကျောင်းသား...။
ဒီကျောင်းကြီးရှိရာကို တမျှော်တခေါ်ကြီး လာရတာ ..
တကယ့်တကယ်မှာ ပျော်စရာဆိုလို့ တကွက်မှာ ရှာမတွေ့နိုင်ဘူး ...။
နွေရာသီဆို ...
နေပူပူ ဖုန်ထူထူမှာ ဂျက်လေယာဉ်နီးနီး အမြန်နှုန်းမြှင့် ပြေးဆွဲနေတဲ့ ကားတွေနောက်
ချွေးအပြိုင်းပြိုင်းနဲ့ အရူးတပိုင်းလို
ပြေးရ လိုက်ရတာလည်း ၀ဋ်ကြီးတခု ...။
မိုးတွင်းဆိုလည်း ...
လူအမြင်ကတ်စရာ တီစကွဲယား ဆိုတဲ့ ပေတံကြီးတွေတကားကား ...
စိုစိုစွတ်စွတ် ထီးတွေ ထမင်းဗူးတွေနဲ့
ကြပ်ကြပ်ညပ်ညပ် ကားတွေပေါ်ကို ခြေစုံလေးချ ရပ်နိုင်ဖို့အတွက်
အလုအယက် တိုးဝှေ့နေရတာ ... (အခု ပြန်စဉ်းစားတော့)
တကယ် ခွန်အားတွေ ပြုန်းတီးခဲ့တာပဲ ...။
ဆောင်းတွင်းကျတော့ရော ...
ကားမရမှာစိုးလို့ အိပ်ရာကနေ အစောကြီးထရတဲ့ ဒဏ်..
တကယ့်ကို သည်းမခံချင်စရာ ... ။
တခြားနိုင်ငံတွေမှာလို ကားမပိတ်ပါပဲနဲ့တောင် အနဲဆုံး ၁ နာရီခွဲလောက် သွားရတာကိုး ...။
ကားပေါ်ရောက်အောင် မစွမ်းဆောင်နိုင်တဲ့နေ့ဆိုရင်တော့ ...
လမ်းမှာတင် ၃ နာရီလောက် အချိန်ကုန်ပြီးသားပဲ ...။
ဒါ .. လမ်းပန်းဆက်သွယ်ရေးရဲ့
အားသာချက်ပဲ ရှိသေးတယ် ...။
စာသင်ခန်းလုံလောက်မှုကျပြန်တော့လည်း ... သြချရတယ် ..။
ရုတ်တရက်ဆိုသလို အင်းစိန်က ကျောင်းသားတွေကို လက်ခံလိုက်ရတော့ ...
ရှိထားတဲ့ စာသင်ခန်းနည်းနည်းလေးနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဖြစ်တော့တာပါပဲ ...။
ဒါနဲ့ ..
ဥာဏ်ကြီးရှင် အုပ်ချုပ်သူတွေက ...
တိုင်းပြည်ရဲ့ကြယ်ပွင့် အနာဂတ်ရဲ့ သားလောင်းတွေအတွက်
မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စီစဉ်ပေးလိုက်ပုံက ...
နေပူရင် ထိုင်နေရင်း ဟောဟဲဆိုက်ပြီး ...
မိုးရွာရင် စာသံတွေပျောက်သွားတတ်တဲ့ ...
လယ်ကွင်းထဲက နောက်ဆုံးပေါ် ဓနိမိုး .. ကျူထရံကာ စာသင်ခန်းတွေပါပဲ..။
စားသောက်ဆိုင်တန်းတွေကျတော့ရော ...
စီနီယာတွေက
“ဦးချစ်ဆိုင်တို့ ...
အင်းယားကန်ဘောင်ပေါ်က ဆိုင်တွေမှာ စားခဲ့တာကွ” လို့ ကြွားလုံးထုတ်နိုင်ချိန်မှာ ..
ကျနော်တို့ခမြာ...
ဗီတာမင်စုံအောင်ဆိုပြီး ကန်ဇွန်းရွက်ကြော်ထဲ မြက်ပါရောထည့်တတ်တဲ့ ဆိုင်တွေ ...
အကျရည်.. နို့ဆီနဲ့ သကြားထည့်ရင်
လက်ဖက်ရည်ဖြစ်ပြီလို့
သီအိုရီကျွမ်းကျင်တဲ့ ဆိုင်တွေ ...
ရင်ပူလို့ အအေးလေးများ မမှာလိုက်နဲ့...
ရေမခဲ လို့ပါဆိုပြီး အချိုရည်ပူပူကြီးတွေပဲ အတင်းရောင်းတတ်တဲ့ ဆိုင်တွေ ...
ဆိုင်ပတ်ဝန်းကျင်ကျတော့လည်း သစ်ရိပ်ဝါးရိပ်ဆိုတာ ဝေလာဝေး..
မြင်မြင်သမျှ ... တံလျှပ်တွေချည်းပဲ ...
ဒီလို ကြည်နူးစရာတကွက်မှ မရှိတဲ့ ဆိုင်တွေမှာ ကြိတ်မှိတ် ကျင်လည်ခဲ့ကြရတယ် ..
ရှိစေတော့...
ပညာရဖို့သာ လိုရင်းမဟုတ်လား...။
ဇွဲလေး ခတ်ထားကြဖို့ သယ်ချင်းတွေ အချင်းချင်း အားတွေပေး ..။
သိပ်မလိုတော့တဲ့ ခရီးဆုံးကို မယိုင်မလဲ ခိုင်ခိုင်မြဲမြဲ ရောက်နိုင်ဖို့လေ ..။
... ... ...
ကျနော်တို့ သူငယ်ချင်းတွေ ကျောင်းရောက်တာနဲ့
အရင်ဆုံး သယ်လာတဲ့ ထမင်းဗူးတွေနဲ့ ၀မ်းဖြည့်ထား ..
ပြီးရင် ကျောင်းထဲ လှည့်လည်ကြ .. ဘယ်သူငယ်ချင်းက ဘယ်အဆောင်မှာများ ရောက်နေသလဲပေါ့...
အဲဒီနောက် .. နေ့လည်စာ မတိုင်ခင်
ရောက်ရာနေရာမှာ စတည်းချကြရတယ် ...
အပူအားကြီးတဲ့အရပ်ဆိုတော့ မလိုလားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်မှာစိုးလို့ပါ..။
အဲ..ရောက်နေတဲ့နေရာက စာသင်ခန်းဖြစ်ဖို့တော့ ရာနှုန်းနဲတယ် ...။
ဒီလိုနဲ့ ...
စာသင်ခန်းတွေဆီကို
မရောက်တခါ ရှောင်တလှည့်နဲ့ပဲ ..
ကျောင်းနေပျော်၍ စာမတော်သော ကျောင်းသားအဖြစ် ဖြတ်သန်းခဲ့ပါတယ်..။
စာသင်ဆောင်တွေ ဘေးကပ်လျက်မှာ အရိပ်ကောင်းကောင်းနဲ့
နေရာကျယ်ကျယ်တခုရှိတယ် .. အဲဒါ အိမ်သာပါ ..။
ကျနော်တို့ အဲဒီမှာဝိုင်းဖွဲ့ကြတာများတယ် .. တလွဲမတွေးပါနဲ့..။
မိန်းကလေး ယောက်ျားလေး ဂီတ၀ါသနာပါသူတွေ စုပြီး
ဂစ်တာတီးတဲ့လူကတီး သီချင်းဆိုတဲ့သူကဆို..
“စစ်ကိုင်းလမ်းကို လွမ်း ... ပုဂံလမ်းကို လွမ်း...
ဂျပ်ဆင်ကို စိတ်ကူးနဲ့မြင်ကြည့်ရင်း...”
သီချင်းတွေကတဆင့် ရင်တွင်းပြတိုက်တွေကို
ဖွင့်လှစ်ခဲ့ကြတယ်...။
ပျော်စရာဆိုတာအားလုံးနဲ့ အလှမ်းဝေးလွန်းတဲ့ ကျောင်းတော်ကြီးမှာ...
ဒီအချိန်လေးတွေဟာ တကယ့်ကို ရှားရှားပါးပါးနဲ့
အပြစ်အနာအဆာကင်းတဲ့ အပျော်စစ်စစ်တွေပါပဲ ...။
... ... ...
စာသင်ဆောင်တွေမှာရှိတဲ့ အချိန်က
လက်ဖက်ရည်ဆိုင်မှာ ရောက်နေတဲ့အချိန်ထက်
ဘယ်လိုတွက်တွက်ကို ပိုနည်းပါတယ် ..။
ဒီနေရာမှာမှပဲ ကျနော်တို့သိချင်တဲ့
အပြင်လောကတွေ အကြောင်း...
စိတ်အာဟာရတွေ အကြောင်း ...
ယုံကြည်ချက်တွေ အကြောင်း...
ပေးဆပ်သွားသူတွေ အကြောင်း...
(ကောင်မလေးတွေအကြောင်းလည်း ပါတာပေါ့)
ဟိုအကြောင်း ဒီအကြောင်းတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်လို့ပါ..။
အဲဒီက ဆွေးနွေးခန်းတွေပြီးရင် ...
ကျောင်းအ၀င်နဲ့ နဲနဲပိုနီးသွားတဲ့
ခရေပင်တန်းကိုသွား... ခရေပင်ရိပ်မှာ ကိုယ့်ခုံလေးကိုယ် ချထိုင် ..
(ကျောင်းကားတွေပေါ်က ခုံတွေ ယူထိုင်တာပါ)
သီဟိုဠ်တောထဲက ဖြတ်တိုက်လာတဲ့ လေအေးအေးကို ခံစားရင်းနဲ့...
တခါတခါလည်း မြက်ခင်းပေါ်မှာ ဒီအတိုင်းထိုင်ရင်း လေပစ်ကြ ..
တခါတလေလည်း စစ်တုရင်ကစားကြ..
တခါတရံလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အနာဂတ်အကြောင်း စဉ်းစားနေကြ...
အများအားဖြင့်တော့ .. ဖြတ်သွားဖြတ်လာ သူငယ်ချင်းတွေကို နှုတ်ဆက် ..
ကောင်မလေးတွေကို မျက်နှာလိုမျက်နှာရ ပြုံးပြ ..
အင်းစိန်မှာ ဖရိုဖရဲဖြစ်သွားခဲ့တဲ့ ဇာတ်လေးဟောင်းတွေအတွက်..
ဇာတ်လမ်းအသစ်တွေ ဖန်တီးကြနဲ့...
နောက်ပြီး..
ငွေ ၂၀ ပေးရတဲ့ အအေးတပုလင်းကို သူငယ်ချင်း ၄ ယောက်မျှသောက်ရင်း ...
ဂျိုးသိန်းတလိပ်ကို အရစ်ကျမှတ်ထားပြီး ခွဲဝေဖွာရှိုက်ခဲ့ရင်း...
ရှိခြင်း မရှိခြင်းတွေကို ...
ကျောင်းပြီးရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အားခဲ့ဖြတ်ကျော်ခဲ့ကြတယ်..။
အခုလို .. ခပ်ဝေးဝေးက ပြန်ကြည့်မှ
ပြန်မရနိုင်တော့တဲ့ ပျော်စရာတွေလို့ သိတော့တယ် ... ။

... ... ...
ကျောင်းတွေပြီးသွားတော့ ...
စိတ်ကူးယဉ် ဆွေးနွေးခန်းတွေနဲ့တင် ဘ၀ကို ရင်ဆိုင်ဖို့မဖြစ်နိုင်တော့ဘူး..။
ဒါနဲ့ပဲ အသည်းအသန် အလုပ်တွေရှာကြ ..
ဝင်ငွေမရှိပဲ ထွက်ငွေတွေပဲ များများနေတော့ ..
သူငယ်ချင်းတွေနဲ့တွေ့ဖို့ဆိုတာ ယောင်လို့တောင် စိတ်မကူးအား..။
အလုပ်ရတော့လည်း ...
ရတဲ့နေရာမှာ ပို၍ ပို၍တည်ငြိမ်လာဖို့..
ဝင်ငွေပိုပြီး ဖြောင့်ဖြူးလာဖို့..
ကိုယ့်ကိုကိုယ် အလုပ်မှာမြုပ်နှံလို့...
ခံစားချက်တွေနဲ့ ရှင်သန်နေတဲ့ လူပါလားဆိုတာတောင် မေ့လျော့လုနီးပါး...။
တခါတရံ သီချင်းသံတွေကြားရင်တော့..
သူငယ်ချင်းတွေကို တိတ်တဆိတ် သတိရနေတတ်ပါတယ်...။
ဘယ်တော့မှ အကောင်ထည်မဖော်ဖြစ်တဲ့ ... “သူငယ်ချင်းတွေနဲ့တွေ့မယ်” ဆိုပြီးလည်း
ဆုံးဖြတ်မိတာလည်း အခါခါပါပဲ..။
... ... ...
တနေ့...
ဖုန်းဆက်လာတယ် ...
“... ဆုံးသွားပြီ..” တဲ့...။
ရင်ထဲက တခုခု ပြုတ်ကျသွားသလိုပါလား..။
မတ်တပ်မရပ်နိုင်တော့လို့ နီးရာထိုင်ခုံတခုမှာ ၀င်ထိုင်ရင်း ကျိန်းသေအောင် ပြန်နားထောင်...။
တကယ်ပြောတာလား...။
ကျနော့် သူငယ်ချင်းက ငယ်ငယ်လေးရှိသေးတာလေ..။
ဟိုတလောကပဲ သူ့မင်္ဂလာဆောင်အတွက် ပျော်ပျော်ရွှင်ရွှင်ကြီး အလုပ်တွေ ရှုပ်နေတယ်လေ...
သူ အလုပ်ဝင်လို့ရပြီ လို့လည်း တခြား သူငယ်ချင်းတယောက်ပြောတာကို
မနေ့ကပဲ နားထောင်ခဲ့သေးတယ်...။
... ဘယ်လို အင်အားနဲ့ လက်ခံရပါ့မလဲ..။
တွေ့မယ် တွေ့မယ်နဲ့ အခင်ဆုံး သူငယ်ချင်းတယောက် ...
မတွေ့လိုက်နိုင်ခင်ပဲ ဦးအောင် ခွဲခွာသွားခဲ့ပြီ ...။
ကိုယ့်ကိုကိုယ့်ပဲ အပြစ်တင်မိတယ် ...
ဘာတွေများ ဒီလောက်အရေးကြီးတာတွေနဲ့ ရှုပ်နေခဲ့လို့လည်း...
ကိုယ်မရှိလို့ မဖြစ်ရလောက်အောင် အောင်မြင်နေခဲ့တာလည်း မဟုတ်...
ပိုက်ဆံတွေအများကြီး ရနေခဲ့တာလည်း မဟုတ်...
စိတ်လက် ပျော်ရွှင်မှုတွေနဲ့ အရာရာကို သတိမေ့နေလောက်အောင်လည်း
အဆင်ပြေနေတာ မဟုတ်ပါဘဲနဲ့...
တလ တခါတောင် သူငယ်ချင်းတွေနဲ့ တွေ့ဖို့လေးကို ပျက်ကွက်ခဲ့တဲ့သူ...
ကျနော် လူမှုရေးမှာ အင်မတန် ညံ့ခဲ့ပါလား..။
ခုတော့မှ နောင်တရနေလို့လည်း သွားတဲ့လူက သွားပြီ...။
ကျန်နေတဲ့ သူငယ်ချင်းတွေလည်း အလှမ်းမမှီနိုင်တဲ့ တမြေစီ အဝေးကြီးတွေမှာ ...။
ပုံစံခြင်းသာ မတူရှိမယ် ...
ခွဲခွာခြင်းကတော့ ခွဲခွာခြင်းပါပဲ ...
အရင်လို .. အပူအပင်ကင်းတဲ့ တွေ့ဆုံခြင်းမျိုး..
နောင်တမရှိတဲ့ စည်းလုံးမှုမျိုး..
တွေဝေခြင်းကင်းတဲ့ တက်ကြွမှုမျိုး...
နောက်ပြန်မလှည့်တတ်တဲ့ ယုံကြည်ချက်မျိုးတွေနဲ့...
ဒီခရေပင်ရိပ်မှာ...
တခါလောက်ပဲ ဖြစ်ဖြစ် ...
... ... ...
ဒီအချိန်ဆို ...
ကွင်းပြင်ကျယ်ကျယ်တွေနဲ့ ကျောင်းဝင်းထဲမှာ...
အရှေ့အနောက်.. တောင်မြောက်က လေရိုင်းတွေ ...
အညှာအတာမရှိ တိုက်ခတ်နေမယ်နဲ့တူတယ်...။
ပြန်မလာနိုင်တဲ့ သူငယ်ချင်းရော..
ပြန်လာနိုင်မယ့် သူငယ်ချင်းတွေရော...
တချိန်ချိန်တော့ ပြန်ဆုံရအောင်ကွာ...။

3 comments:

  1. Don't make me cry..

    ReplyDelete
  2. 99… ရေးထားတာ ကောင်းလိုက်တာ…ဒါများ မရေးတတ်ဘူးလေး ဘာလေး နဲ့။
    ဟုတ်ပကွာ… RC2 လဲ တို့နဲ့ဝေး … ဂျပ်ဆင်လေး တို့နဲ့ဝေး … ပင်းယဆောင်လဲ အဝေးကြီးဝေး… အဓိပဓိကိုလဲ မမေ့ဘူး…
    ငါက RC2 မှာတက်ပြီး Main မှာ အဆောင်နေခဲ့တော့ အားလုံးကို အရမ်းသတိရတယ်။ ရန်ကုန်ရောက်တိုင်း main ထဲကို ရောက်တယ်၊ သူငယ်ချင်းတွေနဲ့ဆုံတယ်၊ အင်းလျားသွားတယ်၊ နောက်ပြီး သူ့ကိုတွေ့တယ်။
    ပြန်ဆုံချင်ပါသေးတယ်…ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့…

    ReplyDelete
  3. comment ရေးသွားလို့ ကျေးဇူး တင်ပါတယ်။ မြန်မာပြက္ခဒိန် ထည့်ထားတော့ မြန်မာ ဆန်တာပေါ့ဗျာ။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...