Wednesday, July 11, 2007

မိသားစု ထမင်းဝိုင်း...

ည ၈ နာ၇ီတောင်ထိုးတော့မယ်...။
ညနေ ၅ နာရီခွဲတည်းက စီးလာတဲ့ ဘတ်စ်ကား... အခုထိ အိမ်နားကို မရောက်နိုင်သေးဘူး...။
ဒီကားပေါ်မှာ အချိန်တွေကုန်နေရတာကို တွေးမိတိုင်း...
တနေ့တနေ့... စိတ်တွေပိုပိုပြီး တိုတောင်းလာသလိုပဲ...။
ကားစီးရတာ မြန်မာပြည်မှာလို ဒုက္ခမရောက်ဘူးလို့... ပြောရမှာလည်း အခက်သားပဲ...။
ကားထဲမှာ နေရာတွေလည်း ချောင်တယ်... လေအေးစက်တွေလည်း ဖွင့်ထားတော့... နေသာထိုင်သာတော့ အရှိသား...။
ဒုက္ခပေးနေတာက.... ဘန်ကောက်မြို့လယ်ကောင်မှာ ရှေ့ဆက်မတိုးနိုင်ပဲ အတန်းလိုက်ပိတ်နေတဲ့ ကားတန်းကြီး...
ဒီကားတန်းကြီး တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ရွေ့သွားတာကို စောင့်ဆိုင်းရင်းနဲ့ကုန်ဆုံးနေရတဲ့ ကိုယ့်ရဲ့ အကျဉ်းကျနာရီတွေအတွက်ပဲ စိတ်
မောမိပါတယ်...။
ဖြစ်နေကျကတော့ စိတ်မောပြီး သိပ်မကြာခင်ပဲ... စိတ်တိုတဲ့အဆင့်ကို ပြောင်းလဲသွားမှာပါ...
အသံမျိုးစုံနဲ့ အချက်ပေး တောင်းဆိုနေတဲ့ ကိုယ့်အစာအိမ်ကြောင့်ပေါ့...။
ဗိုက်ဆာခြင်းဆိုတာလည်း ဒုက္ခတပါးပဲ မဟုတ်လား...။
'Hungry Follows Angry' လို့တောင် ပြောကြသေးတယ်လေ...။
ဒီလိုနဲ့ပဲ... ဘယ်သူ့ကို မှန်းမသိ... ဘာကြောင့်မှန်းမသိတဲ့ ဘာမဆိုင်ညာမဆိုင် ဒေါသတွေနဲ့တောင် အတော်လေး ယဉ်ပါးစပြုလာနေပြီ...။
အိုကေ...ဘာပဲဖြစ်ဖြစ် ... အိမ်ပြန်ရောက်ရင် ဟာနေတဲ့ဗိုက်ကို ဘာနဲ့များ ဖြည့်တင်းရမလဲ ဆိုတာကို အရင်စဉ်းစားထား... ဒါမှ ကားပေါ်က ဆင်းတာနဲ့ ကိုယ်စဉ်းစားထားတာကို အပြေးအလွား စားနိုင်မှာပေါ့...။
... ... ...
ပေါင်မုန့်နဲ့ ကော်ဖီ...။ (အနားပေးသင့်တဲ့ ညစာထဲမှာ ပါနေပြီ...)
ရယ်ဒီမိတ် ခေါက်ဆွဲ...။ (ဒါလည်း အမြဲစားရင် မကောင်းဖူး... ဆံပင်တွေကျွတ်တယ်ဆိုပဲ...)
ရယ်ဒီမိတ် ဆန်ပြုတ်...။ (လူမမာနံ့ထွက်နေပြီ...)
အိမ်အ၀င်လမ်းမှာရှိတဲ့ ခေါက်ဆွဲပြုတ်ဆိုင်မှာပဲ ၀င်စားသွားရင် ကောင်းမလား...။ (ထိုင်းလိုကောင်းကောင်း မပြောတတ်တော့ စားကောင်းမယ့် ခေါက်ဆွဲပြုတ်တပွဲရဖို့တော့ မဖြစ်နိုင်ဘူး...)
လမ်းထိပ် 7-11 ဆိုင်ကပဲ ကိတ်မုန့်တို့... အသားညှပ် ပေါင်မုန့်တို့... ... ...
ဟင်း... ... ... (သက်ပြင်းတွေချ)...
ဘာတစ်ခုမှ အဆင်မပြေပါလား...။
ဒီလောက် သန့်ရှင်းသပ်ရပ်ပြီး... ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေရှိနေတာကို ဘာတွေများ ဂျီးများနေချင်သေးတာတုန်း...
"စားဖို့ အသက်ရှင်တာမဟုတ်... အသက်ရှင်ဖို့ စားနေတာ"... လို့ (ကိုယ့်ကိုကိုယ် ဆုံးမ)...။
တကယ်တမ်းက...
ဒီအချိန်မျိုးဆို...
(အထူးသဖြင့်... အလုပ်ပင်ပန်းပြီး ပြန်လာချိန်တွေဆို...)
ကိုယ်အတမ်းတဆုံးကတော့...
မွေးရပ်မြေက ဆူညံ့ပွက်လောထနေတတ်တဲ့ မိသားစုထမင်းဝိုင်းလေးကိုပါပဲ...။
... ... ...
"ဒီနေ့တော့ ဈေးဖိုးမလောက်လို့ အသားအစား အာဟာရရှိအောင်...
ပဲဟင်း၊ ကန်ဇွန်းရွက်ကြော်နဲ့ ငါးပိရည်ပဲ"...။
ဒါ... အဘွားရဲ့ လက်သုံးစကား...။
ဈေးဖိုးမလောက်တာ
တပတ်မှာ ၈ ရက်လောက်ရှိတယ်...။
"တခါတလေလည်း ဈေးဖိုးလေးလောက်ပါအုံး အဘွားရယ်... လူတွေလည်း အရွက်စားသတ္တ၀ါတွေ ဖြစ်ကုန်ပါတော့မယ်"...။
ဒါ... ကိုယ်တို့ မောင်နှမတွေ အထွန့်တက်နေကျ အပြော...။
ဘာပဲဖြစ်ဖြစ်...
တနေ့တာ အတွေ့အကြုံတွေ ဖလှယ်ရင်း... (ဟုတ်တာရော မဟုတ်တာရော ရောမွှေပေါ့...)
ဟိုက ဒီက သိလာ ကြားလာတဲ့ သတင်းတွေ ပြန်ပြောကြရင်း...
အဘွားရဲ့ ဗီတာမင်အပြည့်ပါတဲ့ ဟင်းတွေကို အလုအယက်စားကြရင်းနဲ့ပဲ...
မိဘ ညီအကို မောင်နှမတွေ အစုံအလင်နဲ့ ခပ်ညံ့ညံ့ ထမင်းဝိုင်းလေးကို
အရသာအပြည့်... စိတ်ချမ်းသာမှုအပြည့်နဲ့ ကုန်လွန်ခဲ့တာချည့်ပါပဲ...။
ဆန်ကြမ်းကိုပဲ ချက်နိုင်ခဲ့ပေမယ့်...
အဘွားရဲ့ မေတ္တာလက်ကြောင့် ထမင်းပူပူတွေက ၀မ်းဟာဟာထဲကို ဂလုံမဆန်အားနိုင်အောင်ပဲ အလျင်အမြန် ပြေးဆင်းသွားခဲ့ကြမြဲ...။
အသားဟင်း ဆီပြန်တွေ ပါချင်မှ ပါမယ်...
ကြင်နာမှုအပြည့်နဲ့ ချက်ပြုတ်ပေးခဲ့တဲ့
အဘွားရဲ့ဟင်းတွေက အသားဟင်းထက် အပြန်တရာ အရသာရှိခဲ့တယ်...။
ရေလုံပြုတ် ဟင်းချိုတွေ ဖြစ်ချင်ဖြစ်မယ်...
ချစ်ခြင်းနဲ့ စီမံစေခဲ့တော့... ကမ္ဘာကျော် ငါးမန်တောင် ဟင်းချိုနဲ့တောင် မလဲနိုင်လောက်အောင် အာဟာရ ခွန်အားတွေ ဖြစ်စေခဲ့တယ်...။
အဘွားရဲ့သတ်သတ်လွတ်ဟင်းတွေမှာ ကျင့်သားရရင်းနဲ့ လူတောင် အမြဲစိမ်းလန်းနေတတ်ပြီပဲ...။
.... .... ....
ဒီတုန်းက ...
ကိုယ့်အိမ်အပြန်မှာ မေတ္တာတွေနဲ့ စောင့်ကြိုနေတဲ့ နွေးနွေးထွေးထွေး တံခါးဝတခုရှိတယ်...။
နွေရာသီ နေပူပူကနေ အိမ်ပြန်ဝင်လာရင်... စိတ်ချမ်းမြေ့စရာ ရေကြည်အေးအေးနဲ့အတူ ရင်အေးစရာ အပြုံးတွေလည်း ရှိတယ်...။
(ရေခဲသေတ္တာထဲက အေးစက်စက်ရေတွေနဲ့တော့ အဓိပ္ပါယ်ခြင်း တခြားစီပါပဲ)
မိုးတွင်း မိုးရေစိုစိုနဲ့ဆိုရင်လည်း... ပူပူနွေးနွေး ထမင်းဝိုင်းလေးက နွေးထွေး ခြောက်သွေ့မှုတွေကို ဖန်တီးပေးနိုင်ခဲ့တယ်...။
(မေတ္တာတရားတွေ အစား ဒေါသအမျက်တွေပဲ လွှမ်းမိုးနေလို့များလား မသိ... ကိုယ်ရောက်ရှိနေတဲ့ နေရာမှာတော့ မိုးရွာတာတောင် ကြုံခဲနေတဲ့အဖြစ်...)
ဆောင်းတွင်း ဘယ်လောက်အေးအေး....
ချွေးထွက်ဖို့ စိတ်ပူစရာမလိုပါဘူး... အဘွားရဲ့ ရာသီစာ ငါးပိချက်စပ်စပ်က ထမင်းပွဲရဲ့ အဓိကဟင်းရန်အဖြစ် အခန့်သားစောင့်ကြိုနေလို့လေ...။
(ခုတလောခေတ်စားနေတဲ့... ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ပဲဖြစ်မယ်ထင်တယ်... ဆောင်းတွင်းဆိုတာကို မခံစားရတာတောင် နှစ်အတော်ကြာခဲ့ပေါ့...)
... .... ...
တကယ်တော့..
မိသားစု ထမင်းဝိုင်းဆိုတာ ...
စိတ်ဓာတ်ခွန်အားတွေကို မျှဝေ ထိန်းညှိပေးတဲ့ နေရာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။
အလုပ်မှာ... ကျောင်းမှာ... ဘယ်မှာပဲ ဘာဖြစ်ခဲ့ ဖြစ်ခဲ့
ဒီနေရာလေးမှာ အားလုံးကို ခ၀ါချနိုင်တယ်...။
မကျေနပ်တာတွေကို ပေါက်ကွဲနိုင်တယ်...
ကြည်နူးစရာတွေကို ဝေမျှနိုင်တယ်...
အောင်မြင်တာတွေကို ပိုပြီးခံစားနိုင်တယ်...
ကျရှုံးမှုတွေကို မှေးမှိန်ပျောက်ပျက်သွားစေတယ်...
မတူညီတာတွေကို အာဃာတကင်းကင်း ကွဲလွဲနိုင်တယ်...
တူညီတာတွေကို တက်ညီဘက်ညီ ချီတက်နိုင်တယ်...
ဘာတွေများ ခံစားရတာနေရလဲ... ထိန်းချုပ်စရာမလိုအောင်ကို ရင်ဖွင့်နိုင်တယ်...
ဒီတော့...

ဟောဒီ ကျယ်ကျယ်ပြန့်ပြန့် ကမ္ဘာကြီးပေါ်မှာ...
လွတ်လပ်ပေါ့ပါးခြင်းနဲ့ စည်းလုံးညီညွတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို အပြည့်ဝဆုံးပေးနိုင်တာ ဒီနေရာလေးကလွဲလို့ ...
ဘယ်နေရာများ ရှိနိုင်သေးလို့လဲ....။
... အင်း... ပြန်တွေးကြည့်တော့ အပျော်တွေက အခုတောင် ရင်ကို လာကူးစက်သလိုပဲ...။
... ... ...
“လူတစ်ယောက်ကို ပျော်ရွှင်စေတဲ့...
စိတ်ကျေနပ်စေတဲ့...
အာဟာရပြည့်စေတဲ့...
တဦးနဲ့တဦး အပြန်အလှန် မေတ္တာတွေနဲ့ ထုံမွှန်းထားတဲ့ ဒီထမင်းဝိုင်းလေး...”
ဘယ်လို ငွေကြေး ဥစ္စာ... ဂုဏ်ဓနတွေနဲ့မှ အလဲအလှယ်လုပ်လို့ မရနိုင်တာ
ရင်ထဲမှာ အသေအချာ နားလည်နေခဲ့တာ ကြာပြီပဲ...။
... ... ...
ခုတော့...
တယောက်လျော့နေမယ့် ဒီထမင်းဝိုင်းလေးအတွက်...
အဘွားရော အရင်လိုပဲ ကျန်းကျန်းမာမာနဲ့ ထမင်းဟင်းတွေ စီစဉ်နိုင်သေးရဲ့လား...
မောင်နှမတွေက ထုံးစံအတိုင်း ဂျီးများကြရင်ရော အဘွားက လက်သုံးစကားအတိုင်း “ဈေးဖိုး မလောက်ဘူး” လို့ ပြုံးပြီး ဖြေရှင်းနေတုန်းလား...။
.... .... ....
စဉ်းစားရင်း... ရင်ထဲမှာ ဒိတ်ခနဲတချက်....
“ကုန်ဈေးနှုန်းတွေ အရမ်းတက်တယ်” ဆိုတော့ ...
အရင်လို ဟင်းသီးဟင်းရွက်လေးတောင် ပုံမှန်ကြသေးရဲ့လား.... ...။
အို... ဘာပဲဖြစ်ဖြစ် ..မိသားစုဆိုတဲ့ နွေးထွေးမှုနဲ့ ခွန်အားတွေဟာ ဘယ်လို အခက်အခဲတွေကိုမဆို
ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်နဲ့ ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ကြမှာ ကျိန်းသေပါတယ်လေ...။
... ... ...

အိမ်ပြန်ချင်ပြီဗျာ...။

2 comments:

  1. nice post ! the same feeling here. I also miss my home and dinner time...

    ReplyDelete
  2. နိုင်းနိုင်းရေ…ဖတ်ပြီးတော့ ညစာတောင်မစားချင်တော့ဘူး အိမ်ကိုသတိရသွားလို့… :(

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...