Sunday, July 15, 2007

အိမ်မက်အလွဲများ ... ။

အသက်ရှင် ရပ်တည်နေခြင်း ဆိုတာကိုက .. စိတ်ကူး အိပ်မက်တွေ နောက်ကို လိုက်ရင်း ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်း ကုန်လွန် နေကြတာပဲ မဟုတ်လား...။ လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးတွေ ရှိနေကြမယ် ဆိုတာ သေချာပါတယ်။ မရှိတဲ့ လူတွေလည်း ရှိနေနိုင်သလို... ရှိရကောင်းမှန်း မသိသူတွေလည်း ရှိနေနိုင် တာပဲ...။ ဘယ်လိုပဲဖြစ်ဖြစ် ... ကျနော်တို့ ရင်ဆိုင် ဖြတ်သန်းရတဲ့ ကာလမှာ ... ရှိထားတယ် ဆိုတဲ့ ဒီစိတ်ကူးနဲ့ အိပ်မက်တွေ ... တကယ်ပဲ တထပ်တည်းကျ အကောင်အထည် ပေါ်လာကြရဲ့လား ...
လက်တွေ့ဖြစ်လာဖို့ အခွင့်အရေးတွေရော လုံလုံလောက်လောက် ရခဲ့ကြရဲ့လား ... ရှင်သန် ရပ်တည်ခြင်း ဆိုတဲ့ အခက်အခဲတွေကြောင့် အိပ်မက်တွေနဲ့ လူနေမှုဘ၀ကို လဲလှယ်လိုက်ကြသလား ...
အိပ်မက်ဆိုတဲ့အတိုင်း အလွယ်တကူပဲ အပျောက်ပျက် ခံခဲ့ကြသလားဆိုတာကတော့ ကိုယ်တိုင်မှပဲ သိနိုင်မယ့် အဖြစ်ပါ။

... .... ...

အိပ်မက်
ငယ်ငယ်က ... နော်မန်ဗက်သွန်းလို နှလုံးသားလှတဲ့ ခွဲစိတ်ဆရာဝန်တယောက် ဖြစ်ချင်ခဲ့တယ် ... ။
ဒီအိပ်မက်ကို ရူးသွပ်လွန်းလို့ နောက်ထပ် ရွေးချယ်စရာဆိုတာကို ပြင်ဆင် မထားခဲ့မိနိုင်အောင်ပါပဲ ... ။ သိပ်ကို ခိုင်ခိုင်မာမာနဲ့ အမြစ်တွယ်နေတဲ့ စိတ်ကူးလေးပါ ... လေထဲ က ဒီစိတ်ကူးလေး ရုပ်လုံးပေါ်လာဖို့ လည်း အပြင်းအထန်တွေ ချီတက်ခဲ့တယ် ... မဖြစ်နိုင်ဘူး ဆိုတာမှ မရှိတာ ... မဖြစ်သေးတာပဲ ရှိတယ် လေ ...လူငယ်တဦးရဲ့ အိပ်မက်အပေါ် ရိုးရိုးစင်းစင်း ယုံကြည်ခြင်းမျိုးနဲ့ပါ ...။ စိတ်ကူးကို ပိုင်ဆိုင်ခွင့်ရတဲ့ တနေ့ ... မြန်မာပြည်ရဲ့ ဝေးလံခေါင်သီတဲ့နေရာတွေမှာ ရှင်သန်နေထိုင်သူတွေကို ကူညီစောင့်ရှောက်မယ်ဆိုတဲ့ ... အတွေးပျော်တွေနဲ့ပေါ့။ ဒီကတည်းက ၀င်ငွေရဖို့ထက် ... လူတွေရဲ့ ငြိမ်းချမ်းနေမယ့် အပျော်မျက်နှာတွေကိုပဲ စဉ်းစားကြည့်တတ်လာခဲ့တယ် ... ။

... ... ...


အဲဒီစိတ်ကူးလေးကို ကိုယ့်ဘ၀ရဲ့အိပ်မက်အဖြစ် ပီပြင်စေသူကတော့ ... ကိုယ်ချစ်ခင်လေးစားရတဲ့ ဒေါ်ဒေါ် ပေါ့ ... ။ဒေါ်ဒေါ်က ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူဘ၀ အဆုံးသတ်ခင်ပဲ ရှမ်းပြည်နယ်တနေရာက တောင်ပေါ် ရွာလေးမှာ ဆရာမလုပ်ဖို့ ထွက်သွားခဲ့တယ် ... ။ ပညာရေးမှာ သူ့လောက်မှ အခွင့်အရေး မရနိုင်သူတွေကို ပေးဆပ် ပျိုးထောင်ချင်စိတ်တွေက ...သူ့ကိုယ်ပိုင်အတ္တတွေကို ခွာချထားနိုင်ခဲ့ပြီး ... ရှေ့ဆက်မယ့် ခြေလှမ်းတွေကို တွန့်ဆုတ်ခြင်း ကင်းဝေးစေခဲ့တယ် ... ။ ဒီတုန်းက ... အစွမ်းအစ ရှိသ လောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းမယ်ဆိုတဲ့ စိတ်ကူး အိပ်မက်တခုနဲ့ တက်ကြွရှင်သန်နေတဲ့ ၂၂ နှစ် သမီးအရွယ် ဒေါ်ဒေါ်ပေါ့ ... ။ ကိုယ်က ဒေါ်ဒေါ့်ဆီက စိတ်ကူး ခံယူချက်ဆိုတာကို စတင်ခံစားမိလာခဲ့တဲ့ ၉ နှစ်သားသာသာ မူလတန်းကျောင်းသား ... ။ ဒီလိုနဲ့ နွေရာသီ ကျောင်းရက်ရှည်ပိတ်ချိန်တွေမှပဲ ဒေါ်ဒေါ် တယောက် သူချစ်တဲ့တောင်တန်းတွေနဲ့ တပည့်တွေဆီကနေ ပြန်လာဖြစ်တော့တယ် ... ။ တနှစ်မှ တခေါက် တည်းရယ် ... ။ ဒါပေမယ့် ... ဒီရှားရှားပါးပါး ပြန်လာတဲ့ တခေါက်လေးတိုင်းမှာ တောင်တန်းတွေ ဆီကနေ တထောင့်တညပုံပြင်တွေထက် ရှည်လျားတဲ့ ပုံပြင်လက်ဆောင်တွေ ယူလာတတ်တယ် ... ။ ဒေါ်ဒေါ်က
ကိုယ်နဲ့ ရွယ်တူတွေ ... ကိုယ့်ထက်ငယ်သူတွေရဲ့ လူမှုဘ၀ နိမ့်ကျမှုတွေအကြောင်း ... ကျန်းမာရေး အသိပညာ ရနိုင်ခွင့်တွေ ရှားပါးကြောင်း ... သက်ကြီးရွယ်အိုတွေ အပါအ၀င် လူတိုင်းလူတိုင်းဟာ သူတို့ အဓိပ္ပါယ်မဖွင့်တတ်တဲ့ ပြည်တွင်းစစ်ပွဲတွေထဲမှာ ပြေးလွှားပုန်းခိုရင်း အသက်တချောင်းကို ခက်ခက်ခဲခဲ မွေးမြူနေရကြောင်းတွေ အဓိကထားပြီး ပြောပြခဲ့တယ် ... နွေရာသီညတွေဟာ ဒေါ်ဒေါ်ပြောပြတဲ့ အတွေ့ အကြုံတွေ ... စွန့်စားခန်းတွေကြားမှာ မရိုးနိုင်အောင်ပဲ အံ့အားတသင့်သင့်နဲ့ ကုန်လွန်သွားခဲ့ကြမြဲပဲ ... ။ ကိုယ် မကြားဖူး ... မကြုံဖူးတာတွေ ... စိတ်ကူးနဲ့တောင် မတွေးဝံ့မိတာတွေဟာ ကိုယ်ရှင်သန်နေတဲ့ တိုင်းပြည်ကျဉ်းကျဉ်းလေးရဲ့ ဟိုတဖက်မှာ ဖြစ်ပျက်နေရှာပါလားဆိုတဲ့ အသိတွေ ... နှလုံးသားနုနုမှာ နေရာဝင်ယူလာခဲ့တယ် ... ကိုယ် အချိန်မှန်မှန် စိတ်အေးအေးနဲ့ ထမင်းစားနေချိန်မှာ အဲဒီ .. ကိုယ်မသိတဲ့ နေရာက လူတွေမှာတော့ ၀မ်းတထွာအတွက် အသက်ပါရင်းပြီး ရှာဖွေနေရာတာကို သိခွင့်ရခဲ့တယ် .. ။
ကိုယ် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေချိန်မှာ သူတို့တွေကတော့ အကာအရံ အခင်းအကျင်း နတ္ထိဖြစ်နေတဲ့ .. အန္တရာယ်တောတောင်တွေထဲမှာ ပြေးလွှားနေရပါလားဆိုတာ မြင်ယောင်လာမိခဲ့တယ် .. ။ ကိုယ် ရေကြည် ရေသန့်ကို လွယ်လွယ်ကူကူပဲ သုံးစွဲနေနိုင်ပေမယ့် ... သူ့တို့ခမြာ ရေတပေါက်အတွက် အသက်ကိုတောင် လောင်းကြေးထပ် သောက်သုံးနေရတဲ့အဖြစ် .. ။ ကိုယ်တို့ရဲ့ညတွေကို လျှပ်စစ်မီးထိန်ထိန်အောက်မှာ အကြောက်တရားကင်းကင်း ဖြတ်သန်းနေချိန်မှာ ... သူတို့ကတော့ စစ်ပွဲထဲက မီးကျည်မီးပေါက်တွေနဲ့ မီးရှို့ခံလိုက်ရတဲ့ အိမ်ခြေတွေဆီက ပျံ့ထွက်လာတဲ့ လောင်မီးပူပူတွေအောက်မှာပဲ ကျင်လည်ခွင့် ရခဲ့ကြတယ်..။ (၁၉၈၆ ခုနှစ်တုန်းက ရန်ကုန်မှာ မီးလာသေးတယ်) ကိုယ် အသက်ငယ်ငယ်မှာ သိထားတဲ့ ကျန်းမာရေးအသိတရားတွေဟာလည်း သူတို့ဆီက သက်ကြီးရွယ်အိုတွေတောင် မသိလိုက်ရပဲ ဘ၀မီးဇာ ကုန်သွားခဲ့ကြတာချည်းပဲတဲ့ .. ဒါပေမယ့်လည်း ... ဒေါ်ဒေါ်ကိုယ်တိုင် စာနာစိတ်နဲ့ ကူညီချင်တာက လွဲလို့ ... ဘာမှပြောင်းလဲပေးလို မရနိုင်တဲ့ အဖြစ်ဆိုးတွေပါ ... ။ အချိန်မရွေး ကျရောက်လာနိုင်တဲ့ လက်တ ကမ်းက အသက်အန္တရာယ်တွေကြောင့် ဒေါ်ဒေါ့်ကို စိုးရိမ်ကြတဲ့ ရွာသူရွာသားတွေက ရန်ကုန်ကို အတင်းပြန်ခိုင်းခဲ့ကြတယ် ... ။ ရင်ထိတ်စရာနေ့ရက်တွေကို ၅ နှစ်ကျော် ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဒေါ်ဒေါ် ရန်ကုန်ကို အန္တရာယ် ကင်းကင်းနဲ့ ပြန်ရောက်လာခဲ့တယ် ...။ လူသာ ပြန်ရောက်လာခဲ့ပေမယ့် ... သူ့ အိပ်မက်တွေ စိတ်ကူးတွေက ဟိုးဝေးဝေးက လွမ်းစရာ တောင်တန်းတွေဆီမှာတဲ့ ... ။ သူ အမြဲ စိတ်မ ကောင်း ဖြစ်နေခဲ့တာက သူ့မှာ ဘေးကင်းရာဆိုတဲ့ အရိပ်တခု ရှိနေခဲ့ပေမယ့် ...သူချစ်တဲ့ ကျောင်းသူ ကျောင်းသားတွေ ... သူ တန်ဖိုးထားတဲ့ အရိုးခံ တောင်တန်းသားတွေမှာတော့ ... ဘေးလွတ်ရာ ဆိုတာ ဘယ်အခါများမှ ရှာတွေ့နိုင်ပါ့မလဲ ဆိုတာကိုပါပဲ ... ။ ဒီလို .. ဒီလိုနဲ့ပဲ ... ကိုယ် မမြင်ဖူး .. မတွေ့ဖူးတဲ့ .. အဲဒီနေရာက လူတွေအတွက် ... ကိုယ့်ရင်ထဲမှာ ကိုယ်ချင်းစာစိတ်တွေ ... စောင့်ရှောက် ကူညီချင်စိတ်တွေ အရွယ်နဲ့ မမျှ ဖြစ်ပေါ် ကိန်းအောင်းလာခဲ့တော့တယ် ... ။ သူတို့တွေကို ... အခကြေးငွေအတွက် ပူပန်နေ စရာမလိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးချင်တယ် ... အသိအမြင် တံခါးတွေကို ဖွင့်လှစ် ပေးချင် တယ် ... သူတို့ရဲ့ အနာဂတ်တွေကို ဂရုစိုက်ပေးချင်သူတွေ ရှိတယ်ဆိုတာကို အသိပေးချင်တယ် ... သူတို့ကြုံတွေ့နေရတဲ့ ဘ၀အမောတွေအတွက် ... ရေကြည်တပေါက်ပဲ ဖြစ်ဖြစ် ဖြစ်ချင်ခဲ့မိတယ် ... ။ ဒီမှာပဲ ... ကိုယ့်အိပ်မက်လေး အစပြုခဲ့ပါတယ် ... ။

... ... ...

တကယ်တော့ ... အိပ်မက်တွေ အမှန်ဖြစ်လာဖို့ဆိုတာလည်း ... ထိုက်သင့်တဲ့ ပျိုးထောင် ပံ့ပိုးခြင်းတွေ လိုအပ်တာကိုး ... ။ ကိုယ် သိတတ်တဲ့အချိန်က စလို့ .. ကိုယ့်ရှေ့မှာ စောင့်ကြိုနေတာက .. မျှော်လင့်ခဲ့ဖူး သလို လင်းလက်နေတဲ့ အနာဂတ်တခု မဟုတ်ပဲ .. ကိုယ့် အိပ်မက်ဆိုတာကို ရိုက်ချိုးပြီး ... ဆက်လက် ရှင်သန်နိုင်ခွင့်တွေကိုပါ ပိတ်လှောင်လိုက်တဲ့ အမှောင်လမ်း သက်သက်တခုပဲ ဖြစ်နေခဲ့ပါတယ် ... ။ ကိုယ့် အိမ်ရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ ဖခင်က အမှန်တရားကို မြတ်နိုးကိုးကွယ်တဲ့သူ ... ယုံကြည်ချက် အတွက်ဆိုရင် ကိုယ့်အတ္တအတွက်ရော ... မိသားစုအတွက်ပါ ဘယ်တော့မှာ ဒူးမထောက်တတ်တဲ့သူ ... ဒီတော့ .. လူတစုအတွက် ခလုပ်ကသင်းဖြစ်နေခဲ့တဲ့ ဖခင်ခမြာ အလုံခြုံလွန် နေရာတခုမှာ ကာလ အတော် ကြာ စခန်းသွင်းခံထားရလေရဲ့ ...။ ဖခင်ရဲ့ အိပ်မက်တွေကို ရိုက်ချိုးအမြစ်ဖြတ်ဖို့လေ ... ။ ဖခင်ရဲ့ အဝေးမှာ ဆက်လက် ရှင်သန်ဖို့ ကြိုးစား ရုန်းကန်နေတဲ့ ကိုယ်တို့မိသားစုတွေ ... နောက်ဆုံးတော့ ... အားလုံးရဲ့ စိတ်ကူး အနာဂတ်ဆိုတာတွေကို စတေး လိုက်ရတော့တာပဲ ... ။ လူတစုနဲ့ စနစ်တခုကြောင့် တခန်းရပ် လိုက်ရတဲ့ အိပ်မက်အတွက် ... မခံချင်ဘူး ... နာကြည်းတယ် ... ကြေကွဲတယ် ... ။ လစ်ဟာမှုတွေ ရင်ထဲ အပြည့် နေရာယူကြတယ် ... ။ မြင်မြင်သမျှ အဓိပ္ပါယ်ရှာဖို့ ခက်နေခဲ့တယ် ... ။ ဆက်ပြီး ရပ်တည်နေနိုင်ဖို့ တောင် မကျိန်းသေတော့သလောက်ပဲ ... ။ ကိုယ်အရောက်သွားချင်ခဲ့တဲ့ အိပ်မက်တည်ရာကို စိတ်ကူးနဲ့ တောင် ဝေးပြီ ... ။ ဘ၀မှာ မဖြစ်နိုင်တာတွေ တကယ်ပဲ ရှိနေခဲ့ပါလား..ဆိုတာ အပြောမဟုတ် လက်တွေ့ ... ။ သေသေချာချာ ရလိုက်တဲ့ သင်ခန်းစာတခုကတော့ ... စိတ်ကူးဆိုတာ အတွေး မျှင်မျှင်လေး မျှသာ ... ဒီအတွေးလေး ပီပြင်လာဖို့ အချိုးညီမျှတဲ့ ပျိုးထောင်မှုတွေ လိုအပ်တယ်ဆိုတာပါပဲ ...။ ခုတော့ ...
ပိတ်လှောင်ခြင်းတွေက ပျိုးထောင်ပေးခြင်းအစား နေရာယူထားခဲ့ကြတာကိုး ...။ ဒီလိုနဲ့ ... ဘယ်သူမှတောင် မသိလိုက်ပဲ ကိုယ့်အိပ်မက်လေး ကြေမွသွားခဲ့ပါတယ် ... ။

... ... ...

ဒေါ်ဒေါ့်အိပ်မက်လေး မပီပြင်နိုင်တော့ဘူး ဆိုတာကို ကျိန်းသေသွားတဲ့ အချိန်တုန်းကရော ... ကိုယ့်လို ကြေကွဲ ဒေါသတွေနဲ့ ဆို့နင့်နေခဲ့တာပဲလား ... ။ တလောလေးက အသိတယောက်ရဲ့ အမှတ်မထင် မကျေနပ်သံကိုလည်း ကြားခဲ့မိတယ် ...။ ဘ၀မှာ မျှော်လင့်ခဲ့သမျှတွေ အဖျက်ခံရလွန်းလို့ ...
မျှော်လင့်ရမှာ ကိုတောင် တုန်လှုပ်နေပြီ ..တဲ့ .. ဒါဆို ... မျှော်လင့်ချက်မထားနိုင်တဲ့ ဘ၀ ... စိတ်ကူးတွေ မရှင် သန်နိုင်တဲ့ ဘ၀ ... အိပ်မက်ဆိုတာလေးမှ မပိုင်ဆိုင်နိုင်တဲ့ ဘ၀မျိုးမှာ ... ကျေနပ်ပျော်ရွှင်စွာ ရပ်တည် နိုင်ဖို့ဆိုတာ ... ... ... ။

.... .... ...

ကိုယ့်လို ...
ကိုယ့်အသိလို ...
ဒေါ်ဒေါ့်လို ...
အိပ်မက်တွေ ဘယ်လောက် များများ ကွဲရှခဲ့ပြီးပြီလဲ ... နောက်ထပ်ရော ဘယ်အထိ ဆက်ပြီး ချိုးဖဲ့ဖျက်ဆီး ခံနေရဦးမှာလဲ ... အိပ်မက် မက်ခွင့်တွေနဲ့ ကိုယ့်အိပ်မက်တွေဆီကို အရောက် သွားပိုင်ခွင့်တွေ ... အနီးဆုံး ဘယ်အချိန်မှာမှ ပြန်အသက်ဝင် လာနိုင်ပါ့မလဲ ... ။ လွဲချော်သွားခဲ့ရတဲ့ အိပ်မက်တွေအတွက် ... ဖေးမ ထိန်းကူပေးမယ့် စိတ်ကူးသစ်တွေ လင်းလက် လာနိုင်ပါအုံးမလား ... ။ လောလောဆယ်တော့ အိပ်မက်ကြီး ထဲကနေ အိပ်မက်အပိုင်းလေးတွေ ပြန်ရှာကြည့်လိုက်အုံးမယ် ... ။ တနည်းနည်းနဲ့ ... လောကကို အထောက်အကူ ပြုနိုင်ကောင်းစေရဲ့လို့လေ ...။

... 99 ...

2 comments:

  1. ၉၉ရေ.. ဒါလေးတွက် ခံစားသွားပါတယ် ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာပါပဲ ။ ဖျက်ချခံရတာတွေကလည်း ၊ ကိုယ့်ရဲ့ ဘ၀မှာ ပိုပြီး ကျံ့၂ခိုင်နိုင်အောင် လုပ်နေတယ်လို့ ယူဆကြတာပေါ့ ။

    ဘလောဂ့်အသစ်လေးကို အားပေးနေပါတယ် ။ ကိုပီတိဘက်ကနေ ရောက်လာတာ ။

    ReplyDelete
  2. ဂျစ်တူးရေ ... အခုလို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ဆက်ပြီးတော့ ကြိုးစားကြည့်အုံးမှာပါ..။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...