Friday, July 20, 2007

ညီမလေး ... ။

“ညီမလေးကို သူက လက်ထပ်ခွင့် တောင်းနေပြီ .. ကိုကြီး ..”
ဖုန်းထဲကတဆင့် နားထဲကို ပူပူနွေးနွေး စီးဝင်လာတဲ့ .. ညီမအငယ်ဆုံးရဲ့ စကားသံ ချိုမြမြလေး..။
ခေါင်းနားပန်းတွေ ထူပူပြီး ... သွေးလှည့်ပတ်ခြင်းတွေ ခဏတာ ရပ်တန့်သွားခဲ့တယ် ...။
“ကိုကြီး .. ကြားရဲ့လား.. ”
“အင်း... ကြားပါတယ်ကွ .. ညီမလေးရ.. မေမေတို့ကရော ဘာပြောလဲ..”
အလောတကြီး စစ်ကူတောင်းသလို အမေးမျိုးနဲ့..
“မေမေတို့ကလည်း သဘောတူပါတယ် ... သူက ညီမလေးအတွက် အဖော်ကောင်းပါတဲ့..။”
ဟူး .... .... .... .... ..... ..... ..... ..... ။
အလုအယက်တက်လာတဲ့ ရင်ထဲက လေပူတွေကို ခပ်မြန်မြန်ပဲ မှုတ်ထုတ်လို့ ...
“အေးပါ... ညည်း အဆင်ပြေတယ်ဆို ကိုကြီးက ၀မ်းသာပြီးသားပါ..
လိုအပ်တာကို နောက်မှ ထပ်ပြောပေါ့...”

ဖုန်းချအပြီး မျက်စိခဏအမှိတ်မှာ ...
ညီမလေး ...
ကျနော့် မျက်စိထဲမှာ ဂါဝန်ဖားဖား .. ပါးဖောင်းဖောင်းနဲ့...
ဆံပင်ဖြောင့်ဖြောင့်လေးတွေကို နှစ်ဖက်ခွဲစည်းထားတဲ့ ...
ချစ်စရာ ကလေးလေး...။
အချိန်ယန္တားတခု မြန်မြန်ဆန်ဆန်ပဲ ဖြတ်သန်းသွားခဲ့တာကိုး ...။
... ... ...
မောင်နှမ သုံးယောက်မှာ .. အကြီးဆုံးက ကျနော်..
ကျနော့်အောက်မှာ ညီမငယ်လေး နှစ်ယောက် ...
တယောက်နဲ့တယောက် နှစ်တွေ သိပ်မကွာပေမယ့် .. အကြီးဆုံးဆိုတဲ့ အသိနဲ့ ကျနော်က ..
သူတို့ထက် အသက်တွေ အများကြီး ကြီးနေသယောင်နဲ့..
ငယ်ငယ်ကတည်းက အကိုကြီး အဖအရာဆိုပြီး

သူတို့တာဝန်တွေကို ကျေကျေနပ်နပ် ယူခဲ့မိတယ်...။
ကျနော့် ပါးစပ်က သူတို့အတွက် “ကလေး..” ဆိုတဲ့ အသုံးက သူများတွေ အမြင်ကပ်ယူရတဲ့အထိ..။

ကျောင်းစတက်တော့ ကျနော်က သူတို့ရဲ့ အထမ်းသမား ...
လွယ်အိတ်ကအစ ထမင်းဗူးတွေအဆုံး ..
မညီးမညူ သယ်ပေးခဲ့ရတာ ..
ကျနော့် အမောတွေကို ပြေပျောက်စေတာက သူတို့အရယ်အပြုံးတွေပဲ...
အရွယ်ရောက်လာတော့ ..
မိန်းကလေးတွေမို့လို့ အားငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေနဲ့
ဟိုနေရာ မသွားရဲ .. ဒီနေရာ မသွားရဲ မဖြစ်ရအောင် ..
လူများပေ့ဆိုတဲ့ လက်ဖက်ရည်ဆိုင်တွေကိုမှ ရွေးခေါ်သွားပြီး ..
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို သွပ်သွင်းပေးခဲ့တယ် ...
ဒီလိုနဲ့ ... “လက်ဖက်ရည်ဆိုင်မှာ သီချင်း နားထောင်ရတာ ..

အိမ်မှာထက် ပိုအရသာရှိတယ်” လို့ ..
ပြောတတ်နေတဲ့ ညီမတွေကို ကြည့်ပြီး ဂုဏ်တွေယူလို့...
မေမေဆူတဲ့အခါ ညီမလေးတွေ စိတ်မညစ်ရအောင် ..
ဂစ်တာတီးပြီး .. သီချင်းတွေ အော်ဆိုခိုင်းရင်း ..
အဆိုကောင်းတဲ့ ညီမတွေအတွက် လက်မ တထောင်ထောင်နဲ့ပေါ့...
နောက်ပြီး .. ရည်းစားထားဖို့ လူကြီးတွေမသိအောင်

ကိုယ်ကိုတိုင်ပဲ တိုက်တွန်းခဲ့တာ..
ညီမလေးတွေကို လူကြီးတွေရဲ့ ရှေးဟောင်းပုံစံခွက်ထဲမှာ မနေစေပဲ
ကိုယ်ပိုင် ဆင်ခြင်ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းတွေ ရှိအောင် ...
ကိုယ့်အတွေးနဲ့ကိုယ် ဆုံးမသွန်သင်ခဲ့သေးတယ် ...
အိမ်ကလူကြီးတွေ အမြင်မှာတော့ ကိုယ်ပြောတာတွေ အားလုံး တခုမှ ဟုတ်တာမပါ ..
..မိန်းကလေးဆိုတာ ..
အိမ်အပြင်မထွက်ပဲ အိမ်ထဲက အလုပ်တွေအားလုံး သိမ်းကျုံးလုပ်နေရမယ်ဆိုတဲ့
အဘွားတို့ခေတ်က အယူအဆတွေကို ..
ညီမလေးတွေအတွက် ကျနော်က ဆန့်ကျင်ပေးခဲ့သူ...
မိန်းကလေးတွေတတ်ရမယ့် အိမ်တွင်းမှုအလုပ်တွေအစား
စာတွေများများ ဖတ်စေခဲ့တယ် ... ကလေးတွေကို စာသင်စေခဲ့တယ် ...
ဒီအတွေ့အကြုံတွေကနေ ..

ကိုယ့်ကိုကိုယ် သုံးသပ်တတ်အောင် ...
အသိဥာဏ် ရင့်ကျက်အောင် ...
ဆင်ခြင်တုံ့တရား ရှိအောင် ..
ပြဿနာတွေကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်အောင် ...
အလွယ်တကူ စိတ်ဓာတ်မကျအောင် ...
လူတဖက်သားကို စာနာနားလည်တတ်အောင် ..
စိတ်ဓာတ်အင်အား နည်းပါးသူတွေကို ကူညီဖေးမတတ်အောင် ..
သည်းခံ ခွင့်လွှတ်နိုင်စွမ်း ရှိအောင် ..

ရုပ်ဝတ္တုပိုင်ဆိုင်မှုနဲ့ စိတ်ဓာတ်ခွန်အားကို ထိန်းညှိတတ်အောင် ...
သူတို့ကို သူတို့ တည်ဆောက်လာနိုင်မယ်လို့ စဉ်းစားတွေးဆပြီးတော့ပါ..။
ကျနော့်အတွေးတွေက ညီမလေးတွေရဲ့ စိတ်ဓာတ်ရေးရာကို

အတိုင်းအတာတခုထိ ဖွံဖြိုးစေခဲ့မှာပါပဲ..။
မိဘတွေရဲ့ အစိုးလွန် ... အကာအကွယ် လွန်နေတဲ့ ချစ်ခြင်းမျိုးထက်
လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ ဆွေးဆွေးနွေးနွေး တည့်မတ်ချစ်ခင်တာမျိုးကိုပဲ
ကျနော်က သဘောကျတာ...။
ဘာပဲဖြစ်ဖြစ် ညီမလေးတွေအပေါ် မိဘတွေလိုအပ်နေတယ်လို့ ထင်တဲ့

တထောင့်တနေရာလေးကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးရုံပါ ..။
နောက်ပြီး ... မိဘတွေ အမြဲပြောနေတဲ့ ..
“မင်းတို့ အိမ်ထောင်ကျမှ မိဘတွေရဲ့ သောကကို နားလည်မယ်” ဆိုတာကို

ကျနော်က လက်မခံချင်သူ .. ။
ဘာလို့လည်းဆိုတော့ ..
ကျနော်တောင် ညီမလေးတွေကို ဒီလောက် အရိပ်ကြည့် ချစ်နေခဲ့ရင် ..
မေမေတို့ဆိုရင် ... ဆိုတဲ့အတွေးက ကျနော့်ကို ပိုကြေကွဲစေပါတယ် ..။
ကျနော်တွေးသမျှတွေ .. ကျနော် စိုးရိမ်သမျှတွေကို
သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ စဉ်းစား စိုးရိမ်ပြီးသားနေမှာပါ ...။
ဒါဆို ..
အခု ကျနော် ဖြစ်နေတာကို မေမေသာ မြင်ရင် ..
“ပိုလိုက်တာ သားကြီးရယ်” လို့ ပြောမယ်ထင်တယ် ..
“သီးချိန်တန် .. ပွင့်ချိန်တန်လို့ပဲကွယ်” လို့ နှစ်သိမ့်မှာလည်း အသေအချာပါပဲ ...။
အရင်က မေမေတို့ကို အကာအကွယ်ပေးပြီး .. လူကြီးတွေ မသိအောင်
ဒီညီမတွေကို ကျနော်ပဲ အချစ်အကြောင်းတွေ ပြောပြခဲ့တာ...

ရည်းစားထားခဲ့တာတောင် ပြုံးပြုံးကြီး သဘောတွေကျနေခဲ့တာ ..
အခု .. ဒီသတင်းကြားတာ ဘာမှ ထွေထွေထူးထူး တုန်လှုပ်စရာ မလိုပါဘူး ..
ဒါ .. သဘာဝအတိုင်း ဖြစ်နေတဲ့ .. ဖြစ်လာရမယ့် ..
ဖြစ်စဉ်တခုပဲလေ .. ။
ဘယ်လိုပဲ ကိုယ့်ကိုကိုယ် ဖြေတွေးနေပေမယ့် ..
ရင်တပြင်လုံး ထူးထူးခြားခြား နာကျင်နေခဲ့တယ် .. ။
နှမြောနေတာပဲ ဖြစ်မှာပါ..။
တကယ်ဆို ..
ကိုယ် အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်ခဲ့တဲ့ ပန်းကလေး ..
အပြစ်အနာအဆာ ကင်းကင်းနဲ့ လှလှပပ ပွင့်လန်းနေတာ ..
အမြတ်တနိုး တန်ဖိုးထားချင်သူ ရှိနေတာ ..
ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မှ မဟုတ်တာ..
ကျနော် မပျော်မရွှင် ဖြစ်နေရင်..
ညီမလေး ဘယ်စိတ်ချမ်းသာပါ့မလဲ ..။
နောက်တခါ ဖုန်းဆက်ရင်တော့ ..
ညီမလေးအတွက် သင်ခန်းစာအသစ်တွေ ပြင်ဆင်ထားရတော့မယ် ..
ကိုယ်ပိုင်ဘ၀ကို ထူထောင်တဲ့အခါ ..
ချစ်ခြင်းတခုတည်းနဲ့ မလုံလောက်တဲ့အကြောင်း ..
တဖက်သားကို နားလည်ပေးတတ်ဖို့ ..
တဖက်သားကို လေးစားတတ်ဖို့..
မလိုအပ်တဲ့ သံသယတွေ မရှိစေဖို့ ..
အလျော့အတင်းတွေကို ချိန်ညှိတတ်တဲ့
အိမ်ထောင်ဖက်ကောင်း တယောက်ဖြစ်စေဖို့နဲ့ ..
တဦးနဲ့ တဦး လိုအပ်ချက်တွေကို အပြန်အလှန် ဖြည့်ဆည်းပေးရင်း
ပျော်ရွှင်သာယာတဲ့ .. အိမ်ထောင်တခုကို တည်ထောင်နိုင်ဖို့ပေါ့...။

2 comments:

  1. ဒီစာကိုဖတ်ပြီး တကယ် လိုက်ပါ ခံစားရပါတယ်..
    ဒီလိုပဲလေ.. အချိန်တန် အတောင်အလက်စုံတော့ အသိုက်အမြုံက ခွာကြတာပါပဲ.. မောင်နှမတွေ ချစ်ချစ်ခင်ခင် အမြဲရှိနေဖို့ပဲ ထိန်းသိမ်းရမှာပဲနော်..

    ReplyDelete
  2. အင်းဟုတ်ပါတယ်ဗျာ. ကျွန်တော်က အငယ်ဆုံးဆိုတော့ ဒီလိုတော့ မခံစားရဘူးဗျ.

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...