Wednesday, July 30, 2008

စပ်စုပါ ..။

အဖေ : မင်း စပ်စပ်စုစုတွေ သိပ်မလုပ်နဲ့နော် ..
အမေ : သား .. ကိုယ်နဲ့ မဆိုင် တာတွေ မစပ်စုနဲ့ .. ခပ်ဝေး ဝေးနေ ..
ဆရာမ : ဒီကလေး .. တော်တော် အမေး အမြန်း ထူပါလား .. သင်ခန်း စာနဲ့ မဆိုင်တာ မပြော နဲ့အုံး ..
..
.
မှတ်မိ သလောက် .. ကျနော် ငယ်ငယ်က သိပ်ကို စပ်စပ် စုစု နိုင်ခဲ့ဖူး ပါတယ် ..။ ကလေး ဆိုတော့ လည်း သိကြတဲ့ အတိုင်း ပဲ ပေါ့ဗျာ ..။ အသစ် အဆန်းလေး မမြင် လိုက်နဲ့ .. ဒါက ဘာလဲ .. ဒါကို ဘယ်လို လုပ် တာလဲ .. ဟိုလို လုပ်လို့ မရ ဘူးလား .. ဒီလို လုပ်ကြည့် လိုက်ရ မလား ..ပါးစပ်က တတွတ်တွတ် ပြော ရုံ မကဘူး .. စမ်းသတ်ဖို့ လက်ကပါ အလိုလို ရောက် ပြီး သား ..။ ဒီတော့ .. အုပ်ထိန်း သူတွေ ခမြာ .. ကျနော် စပ်စု သမျှကို စိတ်ညစ် ကြတာ ပေါ့ဗျာ ..။ စိတ်ညစ် တယ် ဆိုတာက ကျနော့် ဦးနှောက် သေးသေး လေးနဲ့ ပေါက်တီး ပေါက်ရှာ စဉ်းစား မိတာ တွေကို မေးလို့ ..။ ဒီတော့ သူတို့လည်း အားလုံးတော့ ဘယ် ပြောပြ နိုင်ပါ့မလဲ .. သူတို့ သိသ လောက်ပေါ့ ..။ နောက်ပြီး .. လူကြီး တွေ ဆိုတာက လူမှုရေး .. စီးပွား ရေး .. ကျန်းမာ ရေး .. နိုင်ငံရေးတွေ ကြောင့် .. သူတို့ စိတ်တွေမှာ အမြဲ အုံ့မှိုင်း နေတတ် တာကိုး ..။
ကျနော် မေးမိတာ ရာသီ မကောင်း ချိန် ဆိုရင် တော့ .. ကျနော် လိုချင်တဲ့ အဖြေ ရဖို့ နေနေ .. အဆူ မခံ ရရင် တောင် ကံကောင်းပေါ့ ..။ တခါတလေ လည်း .. သူတို့ မသိ တာတွေ ကို ဆက် မမေး နိုင်အောင် .. လူကြီး အာဏာနဲ့ ခပ်တည် တည် အော် ငေါက် တတ်ပါ သေးတယ် ..။ အင်း .. လူကြီး တွေ ဆိုတော့ လည်း ဗျာ ..။
ကလေးတွေ စပ်စု ကြပါတယ် ..။ ဘာလို့ လည်း ဆိုတော့ .. ဦးနှောက် တွေ စတင် ဖွံ့ဖြိုး လာတာ ကြောင့် ပါ ..။ ဖွံ့ဖြိုး လာတဲ့ ဦးနှောက် လေးတွေ ဟာ သိချင် .. တတ်ချင် .. စူးစမ်း ချင် စိတ်လေး တွေနဲ့ ပြည့်နှက် နေတတ် ပါတယ် ..။ အဲဒီ စူးစမ်းတဲ့ စိတ်လေး တွေရဲ့ တွန်းပို့ မှုကြောင့် ထူးဆန်း မှုတွေ ပြည့်နှက် နေတဲ့ .. သူစိမ်း ဆန်ဆန် လောက ကြီးကို မေးခွန်း တွေ ထုတ်ချင် လာတယ် ..။ ဒီ့ထက် ပိုပြီးတော့ .. ကိုယ် ပိုင် ဖန်တီး မှုတွေ ကမ္ဘာ လောကကြီး ထဲ ပစ်ချ ထည့်သွင်း ချင်လာ တယ် ..။ ဒါမှလည်း .. ဒီကမ္ဘာကြီးက ကိုယ်နဲ့ နီးစပ် ပတ်သတ် လာတယ်လို့ ခံစားမိတာကိုး ..။ လူသားရဲ့ စရိုက် လက္ခဏာတွေ ပြသ ချင်လာ တာ မျိုး ပေါ့ဗျာ ..။
စူးစမ်းတယ် ..
ဆန်းစစ်တယ် ..
ဆင်ခြင်တယ် ..
ဝေဖန်တယ် ..
သုံးသပ်တယ် ..
အသစ်နဲ့ အဟောင်း ရောစပ်တယ် ..
လေ့လာတယ် ..
အဆန်းထွင်တယ် ..
ဒါတွေ အားလုံးကလည်း .. အသက် ကြီးမှ .. ၀ုန်းကနဲ ဒိုင်းကနဲ တတ်သွား သိသွား တာမျိုး မဟုတ် ဖူးလေ ..။ ကလေး ဘ၀ ကတည်းက စပြီး သိစိတ်နဲ့ မသိစိတ်မှာ .. နေရာယူ သိုလှောင် လို့ ရလာတဲ့ ဖွံ့ဖြိုး မှုတွေ .. အလေ့ အကျင့် မျိုးတွေ ပါ..။ အသက် ငယ်လို့ မစူးစမ်း ရဘူး .. မလေ့လာ ရဘူး .. မဆန်းသစ် ရဘူးလို့ .. မဟုတ် ပါဘူး .. အသက် ကြီးလို့ လည်း အကုန် သိနေပြီ .. ဆန်းစစ် စရာ မလို တော့ဘူး .. စူးစမ်း တာတွေ ရပ်ပစ် လိုက်တော့ .. လေ့လာ စရာ ကုန်နေပြီ ..ဆိုရင်လည်း မှားသွား မှာပေါ့ ..။ ဒီ စိတ် အခြေ အနေ တွေဟာ .. အသက် အရွယ် တိုင်းမှာ ဖြစ်ပေါ် နေလေ့ .. ဖြစ်ပေါ် နေတတ်တာ .. သဘာဝပါ ..။
ပညာရေး ဆိုင်ရာ စိတ် ပညာရှင် တွေက တော့ .. တိုးတက်ခြင်း ဆိုတာကိုက .. မွေးကင်းစ ကနေ သေဆုံး တဲ့ အထိ .. အချိန် နာရီ စက္ကန့်တိုင်း ဖြစ်ပေါ် ပြောင်းလဲ နေတဲ့ ဖွံ့ဖြိုး ရှင်သန်မှုပါ ..တဲ့ ..။ ဒီ ဖွံ့ဖြိုး မှုဟာ အသက် အရွယ် အပိုင်း အခြားတခုမှာ ရပ်တန့် သွားတတ် တာမျိုး မဟုတ်ပါဘူး ..တဲ့ ..။ ကမ္ဘာပေါ်က တပိုင်း တစ လွတ်လပ် တဲ့ နိုင်ငံ တွေမှာ တော့ .. ဒီကိစ္စကို စနစ် တကျ လေ့လာ ပြီး .. ကလေး တွေရဲ့ စူးစမ်း ချင်စိတ် တွေ .. တီထွင် ချင်စိတ် တွေကို ပျိုး ထောင် ပေးကြတယ် .. လမ်းမှန် ရောက်အောင် နေရာ ချပေး ကြတယ် ..။ တကယ်ပဲ လူ့ လောက ကြီး ကောင်းကျိုး အတွက် ဆိုရင် ဒီလို အခြေခံကောင်း တွေ မဖြစ် မနေ လိုအပ် ပါတယ် ..။
စူးစမ်း ချင်စိတ် အပြည့်နဲ့ ကလေး တွေ ကမှ .. အနာဂတ် တိုင်းပြည်ရဲ့ .. တောက်ပတဲ့ ကြယ်ပွင့်တွေပါ ..
အဲ .. ဒါပေမယ့် .. ကျနော်တို့ ရွာက လူတွေ ကတော့ .. ခပ်တည် တည်ပဲ .. ဒီလို စိတ်အရောင် တွေ ပေါ်လာ ရင် .. စပ်စပ် စုစု ..လို့ နာမည်ဆိုး တခုကို ခပ် မြန်မြန် ပဲ ပေးလိုက် ကြပါတယ် ..။ ဆက်ပြီး မစပ်စု အောင်လည်း အစွမ်းကုန် တားမြစ် ပိတ်ဆို့ ကြပါ တော့တယ် ..။ မိသား စုဝင် တွေက စပြီး .. ပတ်ဝန်း ကျင် အသိုင်း အ၀ိုင်း တခုလုံးနဲ့ ကျနော် တို့ကို အသိ ပညာ ဥာဏ်တွေ ဖွင့်ပေး နေတဲ့ .. ကျောင်းဆရာ ဆရာမတွေ အဆုံးပေါ့ဗျာ ..။ ဒီတော့လည်း .. မစပ်စုရဆိုတဲ့ ခေါင်းစဉ် အောက်မှာ .. စဉ်းစား ဆင်ခြင် စိတ်တွေရော .. သစ်လွင် ဖန်တီးချင် စိတ်တွေရော .. စုန်းစုန် နစ်မြုပ် ကုန်တာပေါ့ ..။ ဒီလိုနဲ့ .. အခွင့် အခြေ အနေ မပေးတဲ့ .. ကျနော်တို့ ပတ်ဝန်းကျင် တကျော က အနာဂတ် ကြယ်ပွင့်တွေ ခမြာ တော့ .. ဖြောက်ဆိပ် ကြယ်တွေအလား .. ကိုယ်ယောင် ကိုယ်ဝါတွေ ပျောက်ဆုံးကုန် ကြပါ တော့ တယ် ..။
ကျနော်တို့ လေးတန်း ကျောင်းသား ဘ၀တုန်းက .. ဆရာမ ဖတ်ပြ နေတဲ့ .. ကဗျာ ကိုစိတ် မ၀င် စားတော့ .. ကျနော်တို့ .. ပန်းချီ ဆွဲပါတယ် (ကလေး ပန်းချီ ပေါ့ဗျာ) ..။ ကဗျာ စာသား တွေကို ပန်းချီ အဖြစ် ရေးခြစ် ပြောင်းလဲ ကြည့်ကြ ပါတယ် ..။ နောက်တော့ .. ထမင်းဗူးထဲက ဟင်းလက်ကျန် ဆီတွေနဲ့ သုတ် ပါ တယ် ..။ ပြီးမှ အရောင် ခြယ်ပါတယ် ..။ နောက်ဆုံးမှာ .. ရလာတဲ့ ပန်းချီလေး က ကျနော်တို့ တဖွဲ့လုံးကို စာဖတ် ဖို့ တွန်းအား ပေးတယ်..။ ကိုယ်ကိုယ်တိုင် ဖန်တီး ထားတော့ ကဗျာ့စာသား တွေနဲ့ စိမ်းမနေ တော့ ဘူး ..။ ကျနော်တို့ ကိုယ်တိုင်ပဲ အဲဒီ ကဗျာ ရေးသူ နေရာမှာ ရောက် နေသ လိုလို ဆိုတော့ .. စာဖတ် ချင် စိတ် လေးကို နှိုးဆွ ပေးနိုင် တာပေါ့ ..။ ဒါပေမယ့် .. ကျနော်တို့ ပန်းချီကား စာရွက်လေးကို တယောက် လက် တယောက် ပြောင်းပြီး ကျေနပ် နေကြ တုန်းမှာပဲ .. ဆရာမ မြင်သွား ပြီး .. ကျနော်တို့ တအုပ်လုံးကို စည်းကမ်း မသိတဲ့ ကလေးတွေ ဆိုပြီး .. အတန်း အပြင်မှာ ဒိုက်ထိုး ခိုင်းပါ တယ် ..။ ဒဏ်ပေး ခံရတာ ကျနော်တို့ အတွက် အဆန်း မဟုတ်တော့ ပါဘူး ..။ ဒါပေမယ့် ဆရာမ ကိုယ်တိုင်က တပည့်တွေရဲ့ ဆန်းသစ်တဲ့ အတွေးလေးတွေကို နားလည် မပေးနိုင်တာ ကတော့ ၀မ်းနည်း စရာ ကောင်းတဲ့ ထူးဆန်း မှုပါ ..။
နောက်တခု ကြုံဖူး တာက .. ကျနော်တို့ ခြောက်တန်းနှစ်မှာ ကျောင်းသား တွေ တန်းစီ ဆန္ဒ ပြကြ ပါတယ် .. ကျနော်တို့ စာသင်ခန်းနဲ့ နီးတဲ့ လမ်းမကြီး ပေါ်ကနေ ဖြတ်လျှောက် သွားကြတော့ .. ထုံးစံ အတိုင်း စပ်စု ချင်ကြတဲ့ ကလေးတွေ ခမြာ .. စာသင် တဲ့ထဲ စိတ်မနှစ် နိုင်ကြ တော့ပါဘူး ..။ ဆရာမ ကလည်း အမြန် အဆန်ပဲ အခန်း တံခါးကို ပိတ်ပါတယ် ..။ ကျနော်တို့မှာ မေးစရာ ကြီးကြီး မားမား ဆိုလို့ ဆရာမ တယောက် ပဲရှိတော့ .. အားလုံး တက်ညီ လက်ညီ ၀ိုင်းမေး ကြတာပေါ့ ..။ တတန်းလုံး .. ပွက်လော ထနေ တော့တာ ပေါ့ဗျာ ..။ ဆရာမက ကျနော် တို့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြ လိမ့်မယ်လို့ ထင်မိ တာကိုး ..။ တကယ် ကျတော့ .. ဆရာမက .. တတန်းလုံးကို အသံ မထွက်ဖို့နဲ့ .. ကိုယ်နဲ့ မဆိုင်တာတွေ မမေးဖို့ .. သတိ ပေးပြီး .. ကျနော် တို့ကို ခေါင်းချပြီး အိပ်နေ ခိုင်းပါတယ် ..။ စာသင်လို့ မရမယ့် အတူတူ တော့ မေးခွန်း တွေ မမေးကြပဲ .. အိပ်နေတာ ပိုကောင်း မယ်လို့ .. ဆရာမက သာမရိုးကျပဲ တွေးပုံပါ ..။ ကျနော် တို့ထဲက မနေနိုင် လွန်းလို့ ခေါင်းထောင် မိရင်တော့ .. ဆရာမ ပစ်ပေါက် လိုက်တဲ့ ဘောဖျက် ကြီးနဲ့ မိတ်ဆက် ကြရတာ ပါပဲ ..။
နင်တို့တွေ အသက် အန္တရာယ် ဖြစ်မှာ .. ငါက စိုးရိမ်လို့ .. လို့လည်း ရေရွတ် နေပါ သေးတယ် ..။
ကျနော်တို့ ကလည်း ရင်ထဲ ကနေ ပြန်ပြော နေမိ ပါတယ် ..။
ဘာဖြစ် တယ် ဆိုတာ ရှင်းပြ ရုံလေးနဲ့ .. ကျနော်တို့တွေ ဘယ်လို အန္တရာယ် ဖြစ်နိုင် မှာလဲ ..။ ကျနော်တို့ ဘာမှ မသိရ ရင်သာ .. အန္တရာယ် ဖြစ်နိုင်တာ .. လို့လေ ..။ အထွန့်တက် တယ် လို့ ပြောရင် လည်း ပြောလို့ ရပါတယ် .. ကလေး တွေပဲကိုးး ..။
ဒီလိုနဲ့ပဲ .. ကျနော်တို့ရဲ့ သိချင် စိတ်တွေကို မျိုချ .. စပ်စုချင်တဲ့ စိတ်တွေကို ထုပ်သိမ်း .. အဖြစ်အပျက် တွေကို မမြင်ချင် ယောင်ဆောင် လို့ .. လူကြီးတွေ ပေးတတ်တဲ့ သဘာဝလွန် ဆင်ခြေ တွေကို မစူး မစမ်း ယုံစားရင်း .. အရာ ရာကို အလွယ်တကူ ကြောက်လန့် ဖယ်ရှောင် တတ်တဲ့ အကျင့်လေး တွေနဲ့ပဲ.. ယဉ်ပါး လာပါ တော့တယ် ..။
တကယ့်ကိုပဲ .. ကျနော်တို့ မျိုးဆက်သစ် တွေရဲ့ အညွှန့် တက်စ .. တီထွင်ချင် .. စူးစမ်း ချင် .. ဆန်းစစ် ချင် စိတ်လေး တွေကို .. ဘာမှန်း မသိတာ တွေကို .. သိအောင် လုပ်စရာ လည်း မလို .. လုပ်လည်း မလုပ် စေချင် တဲ့ .. ပညာရေး စနစ်နဲ့ လူ့ အသိုင်း အ၀ိုင်း တခုလုံး ..က .. တက်ညီ လက်ညီ ၀ိုင်းဝန်း ချေမှုန်း ပစ်လိုက် ကြပါတယ် ..။ အခု အထိလည်း .. ချေမှုန်း နေဆဲပါ .. ။ (အားလုံး လို့ မဆိုလိုပါ .. ချွင်းခြက် ပေါင်း များစွာ ရှိပါသည် ..။)
တကယ်ဆို တိရစ္ဆာန် တွေလည်း အသိတရား ရှိတဲ့ ဦးနှောက် တခုတော့ ပိုင်ဆိုင် ထားကြ တာပါပဲ ..။ သူတို့ ၀မ်းပြည့်အောင် .. သူတို့ နားခို စရာ ရှိအောင် .. သူတို့ အသက် မသေအောင် .. ဒီဦးနှောက်လေး ကို သုံးပြီး .. ရှာကြံ ရှင်သန် နေကြ တာပဲလေ ..။ ဒါပေမယ့် .. ကျနော်တို့က သူတို့ထက် အသိဥာဏ် အဆင့် .. ပိုမြင့် တယ်ဆို ..။ ကျနော် တို့မှာ အသိဥာဏ်တွေ သိုလှောင် ထားတဲ့ .. ဦးနှောက် ကြီးတခု ရှိတယ် ဆို.. ။ ဒါဆို ကျနော်တို့ ဦးနှောက် တွေကို သူတို့ထက် ပိုပြီး မြင့်မြင့် မားမား .. မှန်မှန် ကန်ကန် အသုံးမချ သင့်ဖူး လား ..။ ဒီ ဦးနှောက်တွေနဲ့ ..
ဝေဖန် ဆန်းစစ်ဖို့ လိုတယ် ..
ဖန်တီး ကြံဆဖို့ လိုတယ် ..
အမှား အမှန် တွေကို ဆက်စပ် ဆင်ခြင်ဖို့ လိုတယ် ..
စူးစမ်း ချင် စိတ်တွေ ပျိုးထောင် ဖို့ လိုတယ် ..
ပြင်ဆင် သင့်တာတွေ အတွက် လမ်းကြောင်း သစ်တွေ ဖော်ဆောင်ဖို့ လိုတယ် ..
သိပြီးရင်း .. သိချင် .. ဆိုတဲ့ စိတ်ဓာတ်တွေ .. ဖွံ့ဖြိုး ခိုင်းရမယ် ..
ကိုယ့်ကိုကိုယ် တိုက်တွန်းပြီး .. လေ့လာ သုံးသပ်တတ်တဲ့ စိတ်မျိုးတွေ တည်ဆောက်ကြရမယ် ..
နောက်ပြီး .. ဒီစူးစမ်း ဆင်ခြင်မှုတွေ နောက်မှာ အလိုလို လိုက်ပါ လာမယ့် .. လူ့အသိုင်း အ၀ိုင်း အတွက် လိုအပ်တဲ့ တာဝန်တွေ အတွက် .. အဆင် သင့် ဖြစ်နေ ရမယ် ..။
ပုံစံ ခွက်လေး ထဲမှာပဲ နစ်မြုပ် ကုန်ဆုံး သွားမယ့် .. ဦးနှောက် အသုံးပြုစရာ မလိုတဲ့ ဘ၀မျိုးတွေ .. အဖြစ် မခံဖို့ .. ကျနော်တို့ ကိုယ့်ကို ကိုယ် အရင်ဆုံး ပြန်ဆန်း စစ်ကြဖို့ လိုကို လိုအပ် နေပါတယ် ..။
ဒီတော့ ကျနော် မေးချင်တာက ..

..
.
သူငယ်ချင်း .. မင်းရော ဘ၀မှာ တခုခုကို သေသေချာချာ .. အချိန်ပေးပြီး .. စူးစမ်း စပ်စုဖူးခဲ့လား ..!!
... 99 ...
၃၀ ဇူလိုင် ၂၀၀၈။

8 comments:

  1. စပ်စုတာ ကတော့ ပိစိလေးကတည်းက ဒီလိုလုပ်ဆို ဟိုလို လုပ်လို့မရ ဘူးလား ခဏခဏ မေး လို့ ... အခုထိပါပဲ ... ခဏခဏ ရိုက် ခံရတုန်းကတောင် အမေးအမြန်း က မလျှော့ ခဲ့တာ :P

    ReplyDelete
  2. ရေးထားတာတွေကတော့ အရမ်းကောင်းတယ်ဗျာ .. မှန်လည်း မှန်ပါတယ် ... စပ်စုတာတော့ ရှိတယ်ဗျ ... အောက်ဆုံးက
    မေးခွန်းလို့တော့ မစပ်စုဖူးဘူးဗျ ... ဖတ်ရတာ
    တန်ဖိုးရှိတယ်ဗျာ

    ReplyDelete
  3. ဟားးး မိုက်တယ်ကွာ..
    Critical Thinking ကို စပ်စုတယ်လို့ ဘာသာပြန်ဖို့ တခါမှမစဉ်းစားမိခဲ့ဖူးဘူး။ တကယ့်ကို ကွက်တိ။ ကျေးဇူးဗျို့။

    ReplyDelete
  4. အသက်ငယ်တုန်းမှာ စူးစမ်းတာဖြစ်ဖြစ် စပ်စုတာဖြစ်ဖြစ် ကောင်းပါတယ်။ ကလေးတွေကို စနစ်တကျစူးစမ်းခွင့်ပေးရမှာက လူကြီးတွေရဲ့တာဝန်ပါ။ ဘယ်ဟာကို စူးစမ်းတာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာလည်း လမ်းညွှန်ချက်တွေလိုတယ်။

    နိုင်းနိုင်းရေ မင်းနဲ့ငါ သဘောထားတော့ ကွဲလိမ့်မယ်။ စာသင်ချိန်မှာ ပန်းချီဆွဲတာကတော့ မလုပ်သင့်တဲ့အရာ။ စာကိုစိတ်ဝင်တစားနားထောင်ပြီး သင်တဲ့စာကို ပိုပြီး စူးစမ်းသင့်တာပေါ့။ ငါတို့ကျောင်းတွေမှာ မရှိတာက စူးစမ်းခွင့်မပေးတာပဲ။ အဲတော့ မင်းလဲ စာသင်ချိန်မှာလည်း စူးစမ်းတာဖြစ်မှာပေါ့။ လွှမ်းမိုးရဲ့ သီချင်းကို ကြားဖူးမှာပေါ့၊ `ကျွန်တော် ငယ်ငယ်က အတန်းထဲ မှာ ခုံခေါက်ရင်းသီချင်းလေးဆို… ´ ဆိုတဲ့သီချင်းကိုလေ။ အတန်းထဲမှာ စာသင်ချိန် တခြားဟာလုပ်ရင်တော့ ဆရာမက ပြောမှာပဲနော်…

    တကယ်တော့ စနစ်တကျလေး စူစမ်းစိတ်ကို ပြုစုပျိုးထောင်ပေးနိုင်ရင် အကောင်းဆုံးပဲနော်။

    ငါကတော့ ဟိုစပ်စပ် ဒီစပ်စပ် စူးစမ်းဖူးပါရဲ့။ ဘာကိုမှတော့ စနစ်တကျမဖြစ်ခဲ့ဘူး။

    ဆက်ရေးပါ။ အားပေးနေတယ်…

    ReplyDelete
  5. တစ်ခါတစ်ခါ ဒါမျိုးလေးတွေ ဖတ်ရင်း ကိုယ့်ဘာသာ ပြန်စူးစမ်းမိပါတယ်။
    ဒါမျိုးလေးတွေ ဘယ်လိုရေးပါလိမ့်။ ရေးသားတဲ့သူဟာ ဘာကို တွေးမိလို့များ ဒီလို ရေးချပါလိမ့်။ ကိုယ်ကရော ဒါမျိုးစာတွေ ရေးနိုင်မလား။ အဲဒါတွေကို စူးစမ်းတယ်ခေါ်ရင် စူးစမ်းမိပါကြောင်း။

    ReplyDelete
  6. လောကကြီး
    နာကျင်မှုတွေ
    စွန့်လွှတ်ရမည့် အရာများ
    ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  7. hey 99,

    very good article and we are absolutely the victims of false system.

    sin pauk

    ReplyDelete
  8. ကျွန်တော်လဲ အလုပ်တွေရှုပ်ပြီး မလှည့်ဖြစ်ဘူးဗျာ။
    ဘာပဲဖြစ်ဖြစ် လုပ်ဖို့ရှိတာတွေ လုပ်ဖို့ အမြဲစဉ်းစားနေပါတယ်။
    ဒီစာကိုဖတ်လိုက်ရတာ တော်တော် သဘောကျတယ်ဗျာ...

    တစ်ခါတစ်လေ ကျွန်တော် စိတ်ကူးကတော့ မကောင်းတာလား မသိပါဘူး။
    ဥပမာ စာသင်ချိန်မှာ စာသာသင်ရမယ်ဆိုတဲ့ စည်းကမ်းကြီးကိုက လွဲနေတာလို့ မြင်နေမိတယ်။ ခလေးတစ်ယောက် ကို စာသင်ချိန်မှာ စာပဲ သင်ရမယ်လို့ ပြောနေမယ့် အစား ကလေး စိတ်ဝင်စားအောင် သင်တဲ့စာကို ဘယ်လိုပြင်ရမယ် ဆိုတာမျိုးက ပိုကောင်းတယ်လို့မြင်လာတယ်။ ကဗျာကို ပန်းချီနဲ့ ဆွဲတာစိတ်ဝင်စားတယ်ဆိုတာ သူတို့အတွက် ကြီးကျယ်တဲ့ Research တွေ လုပ်စရာမလိုဘဲ ရတဲ့ Result တစ်ခုပါပဲ ဒါကိုလေ့လာမယ့် အစား ဒဏ်ပေးတယ်ဆိုတာ..
    အင်းလေ အဲဒါမျိုးတွေကြောင့်လို့ပြောရမှာပဲ..

    ငယ်ငယ်ထဲက အမှန်အတိုင်းပြောရင် စာကို စိတ်မ၀င်စားပဲ ကိုစိတ်ဝင်စားချင်တာကို သာ စိတ်ဝင်စားခဲ့တဲ့သူမို့လား မသိပါဘူး။ သဘောထားချင်း ထပ်တူထပ်မျှကို ကျပါတယ်ဗျာ..

    အဲဒီလို ပုံစံခွက်ထဲက ဘာမှမတွေးသင့်ဘူးဆိုတဲ့ သူတွေ သူတို့ရဲ့ ဦးနှောက်တွေ အဲဒါတွေနဲ့ ခုခေတ် ခလေးတွေကို ထပ်မွေးထုတ်ပေးနေပြန်ပြီ ဆိုတော့
    အင်း လုံးလယ် ချာလယ် ဆိုတာ အဲဒါမျိုးလား လို့ စဉ်းစားမိတယ်။ မျောက်ငါးကောင် ကိုလဲ သတိရတယ်။

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...