Thursday, July 24, 2008
ဆန်းသစ်သော ..။
မင်းနဲ့ရွယ်တူ .. ငါ့ သူငယ်ချင်း သားလေးတောင် အလုပ်နဲ့အကိုင်နဲ့ .. လခကောင်းကောင်း ရနေပြီ။ မင်းက ခုထိ ဘာလုပ်နေတာလဲ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ .. .. .. ..
လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း .. ကျနော့်ဘေးနားဝိုင်းက ဦးလေးတယောက်ပြောလိုက်တဲ့ အသံ ပါ..။ သူ့မျက်နှာချင်းဆိုင်က သားဖြစ်ဟန်တူသူ လူငယ်ကတော့ .. သူ့အဖေစကားသံတွေကို .. စိတ်ညစ် နေတာပဲလား .. စိတ်ပျက်နေတာပဲလား .. ဒါမှမဟုတ် .. စိတ်ကုန်နေတာပဲလား .. သူ့အကြည့်တွေကို .. မြေပြင်ပေါ် စူးစူးစိုက်စိုက် နှစ်မြုပ်ထားရင်း .. ခေါင်းငိုက်စိုက် ကျနေလေရဲ့ ..။
ဒီစကားမျိုး ကြားမိတဲ့ အခိုက်အတန့်မှာ .. ကျနော့်သောက်လက်စ လက်ဖက်ရည်လေးတောင် အရသာမဲ့ သွားသလို ခံစားလိုက်ရတယ် ..။ ကျနော့်အဖေအရွယ် ဦးလေးရဲ့ မကျေမနပ်စိတ်တွေနဲ့ ပူလောင်မှုတွေ ကိုလည်း နားလည်မိတယ် ..။ တဖက်ကလည်း အဖေဖြစ်သူရဲ့ လိုအင်တွေကို ဖြည့်ဆည်းမပေးနိုင်လို့ .. (ဖြည့်ဆည်းပေးချင်ပေမယ့် .. ဖြည့်ဆည်းမပေးနိုင်သေးတာ ဖြစ်ကောင်းဖြစ်နိုင်တဲ့) စိတ်အားငယ်နေမယ့် လူငယ်ကိုလည်း ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်မိတယ် ..။ လူငယ်ချင်းဆိုတော့ .. ပိုပြီး နားလည်ပေး မိတာလည်း ဖြစ်နိုင်ပါတယ် ..။ တကယ်တော့ ကျနော်တို့လူငယ်တွေရဲ့ ဖြတ်သန်းမှု .. စိတ်ဆန္ဒ .. လိုအပ် ချက်တွေကို လူကြီးတွေ နားလည်ပေးနိုင်တယ်ဆိုတာ တော်တော်လေး ရှားနေတဲ့အဖြစ်ပဲလေ ..။ ဒီကိစ္စက ကျနော်တို့ ခေတ်ကျမှ ဖြစ်လာတဲ့ အထူးအဆန်းတခု မဟုတ်ပါဘူး ..။ ခေတ် .. စနစ်ပေါင်း များစွာမှာ .. အမြဲတမ်းလိုလို သစ်လွင်အသက်ဝင် နေခဲ့တဲ့အရာပါ ..။ လူကြီးတွေရဲ့ဆန္ဒနဲ့ တောင်းဆိုမှုတွေ အောက်မှာ .. ကိုယ့်အိပ်မက်ဆိုတာကိုတောင် နားလည် ရှာဖွေခွင့် မလိုက်ရပဲ .. လူငယ်ဘ၀ကို ကျော်လွန်သွားခဲ့ရတဲ့ လူငယ်တွေ .. .. ..။ အင်းးး .. ဒီအထဲမှာ ခေတ်စနစ်ရဲ့ အခြေအနေ အခွင့်မသာမှုတွေကလည်း အဓိကကျ တာပေါ့ဗျာ ..။
တကယ်တော့ .. မိဘဆိုတာ သားသမီးတွေကို အကောင်းတကာ့ အကောင်းဆုံး တွေ ပိုင်ဆိုင်စေချင် ကြတာပဲလေ ..။ ပြဿနာက အဲဒီမှာ စတာပါ ..။ အကောင်းဆုံးတွေ ဖြစ်စေချင်တဲ့ ဇောနဲ့ .. သားသမီးရဲ့ လက်ခံနိုင်မှု အတိုင်းအတာကို မတွက်ဆနိုင်တော့ပဲ .. သူတို့ပေးချင်တာတွေကိုသာ ဇွတ် ဖန်တီးပေး နေတော့တယ် ..။ ဖန်တီးပေးသလို သားသမီးတွေက အံမ၀င်တဲ့အခါ .. သူတို့ရဲ့ အားမလို အားမရစိတ်တွေကို အပြစ်တင်တာနဲ့ပဲဖြစ်ဖြစ် .. စိတ်ပျက်ငြီးငြူဟန်နဲ့ပဲဖြစ်ဖြစ် .. လူငယ်တွေပေါ်ကို ပေါက်ကွဲတတ်ကြပါတယ် ..။ အဲဒီထဲမှာမှ တဲ့တိုး အပြစ်တင်တာလည်း မဟုတ် .. ဆုံးမရာလည်း မကျ .. အားပေးရာလည်း မရောက်တဲ့ .. သွယ်ဝိုက် မကျေမနပ်ဟန် တခုကတော့ .. တခြားတခြားသော လူတွေရဲ့ကလေးတွေနဲ့ နှိုင်းယှဉ်တတ်တာပဲ ဖြစ်ပါတယ် ..။ အခု ကျနော် လက်ဖက်ရည်သောက်ရင်းနဲ့ ကြားလိုက်ရတဲ့ မချင့်မရဲနဲ့အားမရသလိုလို စကားမျိုးတွေပေါ့ ..။ ကျနော်တို့တွေ အားလုံးနီးပါး ဒီလို စကားမျိုးတွေကို မိဘတွေဆီက အနည်းနဲ့အများတော့ ကြားခဲ့ဖူးမှာပါ ..။ မူလတန်းက စလို့ .. လုပ်ငန်းခွင် ရောက်တဲ့အထိ .. အမျိုးမျိုး နှိုင်းယှဉ် ဝေဖန်ခံခဲ့ရဖူးမှာပါ ..။
ငယ်တုန်းကလည်း ..
“ဘယ်သူ့ သား/သမီး ကတော့ .. တကျောင်းလုံးမှာ ပထမ .. မင်းအဆင့်က ဘယ်နားမှာတုန်း” ..
“ငါ့သူငယ်ချင်း သားလေးဆို .. ဂုဏ်ထူးတွေနဲ့ .. မင်းကတော့ အောင်တာတောင် ကံကောင်း ..”
“ကြည့်စမ်း .. မင်းနဲ့အတန်းတူ ကလေးတွေ .. ခုဆို ဆရာဝန်တွေ .. အင်ဂျင်နီယာတွေ .. မင်းက .. .. ..”
စသဖြင့်ပေါ့လေ ..
ဟော .. အလုပ်မရသေးတော့လည်း ...
“သူများတကာ သားသမီးတွေ အလုပ်အတွက် စိတ်မပူရပါဘူး .. မင်းအတွက်ကျမှ မိဘတွေ ခေါင်းပူ တယ် .. ”
“မိဘက တင်မကျွေးထားနိုင်လို့ မဟုတ်ဘူး .. တခြား ရွယ်တူတွေလို မင်း အဖြစ်မရှိတာကို အားမရတာ ..”
အလုပ် ရပြန်တော့ရော ..
“မင်း လခကကွာ .. ဟိုဘက်အိမ်က ကလေး တ၀က်တောင် မရှိဘူး .. ဘယ်လို အလုပ်ကို ရှာလုပ်မှန်း မသိဘူး .. ”
“ရပ်ကွက်ထဲမှာ မင်းနဲ့ ရွယ်တူတွေ .. မင်းထက် ပိုအသုံးကျတာချည့်ပဲ ..”
ဆိုတာမျိုး …။
ဒီလိုပြောလိုက်တဲ့ စကားတွေဟာ .. လူငယ်တွေရဲ့စိတ်ကို ထိခိုက်စေပါတယ် .. အဆိုးဘက်ကိုပဲ တွန်းအားပေးသလို ဖြစ်သွားတတ်တာ များပါတယ် ..။ လူကြီးကတော့ ကြိုးစားပါစေတော့ဆိုတဲ့ စိတ်နဲ့ ပြောလိုက်တာမျိုး ဖြစ်နိုင်ပေမယ့် .. တကယ်တမ်း လူငယ်တွေဟာ ..
၁) ပိုပြီး အရွဲ့တိုက်ချင်စိတ်တွေ များလာတယ် ..
၂) အချိန်တိုင်း စိတ်ဓာတ် ကျနေတတ်တယ် ..
၃) ငါလုပ်လည်း အလကားပါပဲ ဆိုပြီး .. အရာရာကို စိတ်ကုန်လက်ကုန် ဖြစ်တတ်လာတယ် .. ။
တကယ်တော့ .. မိဘတွေက မချစ်လို့ ပြောတာတော့ လုံးဝ မဟုတ်ဘူးဆိုတာ လူတိုင်းပဲ နားလည်ကြပါ တယ် ..။ အချစ်မတတ်သလို ဖြစ်သွားကြတာပါ ..။ အချစ်မတတ်ဆိုလို့ .. ကျနော်တို့ရဲ့ မိဘတွေ .. အခု ခေတ်ရဲ့ လူကြီးတွေဟာလည်း .. တချိန်တုန်းက ကျနော်တို့လိုပဲ လူငယ်ဘ၀ကို ဖြတ်သန်းဖူးကြ သူတွေပဲ လေ ..။ ဒါပေမယ့် .. သူတို့ကိုယ်တိုင် လူငယ်ဘ၀ရဲ့ အိပ်မက်တွေ .. ရှာဖွေခွင့်တွေ မရခဲ့ဖူးတာ သေချာ တယ် ..။ လူငယ်ဘ၀ရဲ့ စိတ်ကူးတွေ .. အနှစ်သာရတွေကို .. အသေအချာ ခံစားခွင့် မကြုံခဲ့ဖူးတာ ဖြစ်နိုင် တယ် ..။ သူတို့ရဲ့ လူငယ်ဘ၀တွေက .. အသားကျနေပြီဖြစ်တဲ့ လူမှုအဖွဲ့အစည်း ပုံစံခွက်တွေထဲမှာ .. ပုံသွင်း ခံလိုက်ရတာ ဖြစ်နိုင်တယ် ..။ သမားရိုးကျ စံချိန်စံညွှန်းတွေအောက်မှာ လူငယ်ပီပီ ဆန်းစစ်ချင်စိတ် တွေ ပျောက်ဆုံးကုန်တာ ဖြစ်နိုင်တယ် ..။ ဒီတော့ .. အရာရာဟာ စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး ပေါ့ ..။ ဒီလို ဘ၀တွေမှာ ဖြတ်သန်းလာခဲ့တဲ့ တချိန်ကလူငယ်တွေ .. အခု လူကြီးတွေ ဖြစ်နေပြီ .. ကျနော်တို့ကို ဦးဆောင်နေကြပြီ .. ။
ဒီတော့လည်း .. သူတို့ ပုံသွင်းခံထားရဖူးတဲ့ .. သူတို့ကိုင်ဆောင်လာတဲ့ ရိုးရာ ပေတံကြီးတွေနဲ့ .. နောက် မျိုးဆက်တွေကို ဆက်ပြီး ပုံသွင်းကြဖို့ .. ကြံစည်တော့တာပေါ့ ..။ အပြစ်တော့ မတင်ပါဘူး .. ဒါပေမယ့် သူတို့ရဲ့ လူငယ်ဘ၀တွေကို နှမြောမိတယ် ..။ တဆက်တည်းပဲ .. ကျနော်တို့ရဲ့ လူငယ်ဘ၀တွေအတွက် ရင်မောတယ် ..။ နောက်ဆုံးတော့လည်း .. အရာရာကို ကိုယ်ပိုင်ပေတံကြီးတွေ တကားကားနဲ့ လွယ်လွယ် ကူကူပဲ ယှဉ်ထိုး နှိုင်းယှဉ်တတ် .. ဆုံးဖြတ် သတ်မှတ်တတ်တဲ့ .. ဥာဉ်ဆိုးရှိသူတွေအတွက်တော့ .. ခေါင်းယမ်းမိတာ အမှန်ပါပဲ ..။
ကျနော်တို့တွေ တဦးချင်းစီမှာ .. တောက်ပတဲ့ ကိုယ်ပိုင် အရည်အသွေးတွေရှိတယ် ..။ အဲဒီပိုင်ဆိုင်မှုနဲ့ ကိုယ်ပိုင် အနာဂတ်တွေ တည်ဆောက်နိုင်တယ် ..။ အားလုံးတော့ ပုံစံဘယ်တူနိုင်ပါ့မလဲဗျာ ..။ ကျနော်တို့ အားလုံးရဲ့ အတွေးတွေ .. အကြိုက်တွေ .. ဖန်တီးမှုတွေသာ ပုံစံတူတွေ ဖြစ်နေခဲ့ရင် .. ကမ္ဘာကြီးဟာ အခုလောက် စိတ်လှုပ်ရှားစရာ ကောင်းမယ်မထင်ဘူး ..။ စဉ်းစားကြည့်ပါအုံး ..
မြင်ကွင်းတွေ ပုံသေ .. ခံစားချက်တွေ ပုံသေ ..
ဟိုကိစ္စလည်း ပုံသေ .. ဒီကိစ္စလည်း ပုံသေ ..
ဟိုအကြောင်းအရာလည်း ပုံသေ .. ဒီအကြောင်းအရာလည်း ပုံသေ ..
အရာရာဟာ ပုံသေ .. ပုံသေ .. ပုံသေ .. .. ..
ပျင်းစရာကြီး ဖြစ်နေမှာပေါ့ဗျာ ..။ ဒီလိုသာဆိုရင် ဖန်တီးမှုဆိုတာတွေလည်း မရှိတော့ ..
ဖန်တီးမှု မရှိတော့ရင် .. ခံစားချက်တွေလည်း .. သစ်လွင်လန်းဆန်းတော့မှာ မဟုတ် ..
ဒါဆို .. အပြောင်းအလဲ အနိမ့်အမြင့် မရှိတဲ့ မျဉ်းတန်းတခုမှာ .. ခံစားချက်တွေ ရပ်နေပြီပေါ့ ..
ဒီလိုအခြေအနေမှာ .. လူတွေဟာ လူတွေ ဟုတ်နိုင်ပါအုံးမလား .. လူပီသ နိုင်ပါအုံးမလား ..။
“ဒါပြီးရင် .. ဒါဆက်လုပ်” ဆိုတဲ့ ပရိုဂရမ်သွင်းခံထားရတဲ့ .. စက်ရုပ်သာသာပဲ ဖြစ်နေတော့မပေါ့ ..။
ဒါကြောင့် .. ကျနော်တို့တွေ တဦးချင်းစီရဲ့ ဖန်တီးမှုတွေ .. ခံစားမှုတွေဟာ ဘယ်လောက် တန်ဖိုးကြီးလိုက် လိုက်သလဲဗျာ .. ဒီအရေးကြီးတဲ့ အချက်လေးကို ကျနော်တို့တွေ သတိလက်လွတ် မဖြစ်ဖို့တော့ လိုတာပေါ့ ..။ ဒါမှ ဟောဒီကမ္ဘာကြီးပေါ်က လူသားတွေအားလုံး မရိုးဟောင်းတဲ့ နေ့သစ်တွေ ပိုင်ဆိုင်နိုင် မှာပေါ့ ..။
ဒီတော့ .. ကျနော့် စံနှုန်းလေးအတိုင်းပဲ ကျနော် ရွေ့လျားရပ်တည်ပါရစေ .. ကျေးဇူးပြုပြီး .. ကျနော့်ကို တခြားလူတွေရဲ့ စံနှုန်းနဲ့ မချိန်ထိုးလိုက်ပါနဲ့ ..။ တခြားလူတွေလည်း သူတို့ရဲ့ ကိုယ်ပိုင်ပြခန်းလေးတွေနဲ့ လင်းလက်ကြပါစေ .. သူတို့စံနှုန်းမျိုး ကျနော် မပိုင်ပေမယ့် .. သူတို့အလှတရားကို ကျနော် ခံစားတတ်ပါ တယ် ..။ ကျနော်တို့တွေရဲ့ ကွဲပြားတဲ့ဆန်းသစ်မှုတွေကို ကမ္ဘာကြီးက အမြဲစိတ်လှုပ်ရှားစွာနဲ့ စောင့်ကြို နေပါတယ် ..။ ကမ္ဘာကြီးရဲ့ကွက်လပ်တွေကို ကျနော်တို့တွေ မတူညီတဲ့ တဒေါင့်တနေရာကနေ ၀ိုင်းပြီး ဖြည့် ကြရမယ်လေ ..။ ဒါဆိုရင် .. ဒီကမ္ဘာကြီးမှာ လူကြီးတွေနဲ့ လူငယ်တွေကြား ..
အတ္တချင်းမတိုက်ဆိုင်တဲ့ .. ပဋိပက္ခတွေ ရပ်စဲသွားမယ် ..
ကွဲပြားတဲ့ အရည်အချင်းတွေကို လက်ခံ လေးစားတတ်လာမယ် ..
တဖက်စောင်းနင်း ဖိအားပေးတတ်တာတွေ လျော့ပါးလာမယ် ..
အားမလို အားမရစိတ်တွေအစား .. ပီတိတွေ အလေ့အကျင့်ရလာမယ် ..
နောက်တော့ ဆန်းသစ်တဲ့ ကွက်လပ်ဖြည့်သူလေးတွေကို .. နားလည်တတ်လာမယ် ..
နောက်ဆုံးတော့ဗျာ .. တကယ့် ငြိမ်းချမ်းမှုတွေ နေရာယူလာတော့မှာပေါ့ ..။
အင်းး .. ခုလောလောဆယ်တော့ .. ကျနော့်စိတ်ကူးတွေ ရှေ့မဆက်သေးဘူး ..။ အဖေ လုပ်ခိုင်းထားတာ တွေ အချိန်မလင့်ခင် အပြေးအလွှား လုပ်ရအုံးမှာမို့လို့ ..။ တော်ကြာ .. “မင်းက .. မင်းက .. ..” ဆိုတာနဲ့ နောက်ထပ် ချိုတေးသံသာတွေ မခံစားချင်လို့ပါ ..။ တနေ့နေ့တော့ .. ကျနော်တို့အားလုံးဟာ .. ဆန်းသစ်သော အနာဂတ်တွေ .. ဆိုတာကို အဖေသိအောင် ပြောပြဖြစ်မှာပါ ..။
… 99 …
၂၄ ဇူလိုင် ၂၀၀၈။
4 comments:
  1. ဒီဆောင်းပါးကတကယ့်အမှန်တရားတွေပါ။ ကျွန်တော်ကိုယ်တိုင်လည်းဆယ်တန်းကျောင်းသားလောက်
    ထိအဲလိုနှိုင်းယှဉ်အပြောခံခဲ့ရဖူးပါတယ်။ အဲ..မိဘတွေအနေ
    နဲ့ကြည့်တော့လဲကိုယ့်သားသမီးကိုဖြစ်ချင်စိတ်အရမ်းများပြီး
    ပြောမိတာပါ။ သူတို့အနေနဲ့ကြည့်ရင်လည်းမှန်ပါတယ်။ လူ
    ငယ်တွေဘက်ကကျတော့လည်း အဲလိုပြောလေ ဘာလုပ်ရ
    မှန်းမသိလေဖြစ်တတ်ပါတယ်။ တော်တော့်ကိုဂွကျတဲ့ကိစ္စပါ။ ကျွန်တော့်မှာလည်းညီ၊ ညီမ
    ပြောရလောက်အောင်လည်းကျွန်တော်သည်ဘာမှမဟုတ်သေး
    ပါ။ အဓိကကတော့ လူငယ်တွေဟာကိုယ့်ရဲ့ ၀ါသနာကို
    လွတ်လပ်စွာ တွေးတော၊ ပြောဆို၊ ရေးသား၊ လုပ်ကိုင်၊
    ထုတ်ဖော်ပိုင်ခွင့်သာရမယ်ဆိုရင်တော့.......
    အဲတစ်ခုတော့ရှိပါတယ်။ အဲဒါတွေဟာတရားမျှတနေဖို့တော့လိုပါမယ်။
    ReplyDelete
  2. အဖေနဲ့ ရွယ်တူ ကျနော့် သူငယ်ချင်း အဖေက ဘာ ညာ ကွိကွ ... လို့ ပြန်ပြောမိရင် .. ဆိုတဲ့ ရယ်ချင်စိတ်ကို ထိန်းထားပြီး သည်းခံပြီး နားထောင်လိုက်ပါတယ်။ ။
    သြော် . . . လူကြီးဆိုတာလည်း ကလေးတွေပါပဲ .. ။
    ဖွံ့ ဖြိုးတဲ့ Dimension တွေ မတူတာ လူကြီးတွေ သိစေချင်တယ်။ ကိုယ့်ဘာသာ သိနေရင်လည်း အဲလို ပြောဆိုတာတွေကို စိတ်ထဲ သိပ်မနာတော့ဘူးပေါ့..။
    ReplyDelete
  3. အရမ်းကောင်းတဲ့ တင်ပြမှုပါ။
    ငယ်ငယ်က နှိုင်းတာ ခံရဖူးတယ်ဗျ။ ကိုယ့်အိမ်ကို သူငယ်ချင်း လာလည်ရင် အိမ်က အမေက ပြောတယ် "သူကဖြင့် တော်လိုက်တာ... မင်းက အသုံးမကျဘူး"
    ကိုယ်က သူ့အိမ်သွားလည်တော့ သူ့ အမေက ပြောတယ် "သူ(ကျွန်တော်)က တော်သလောက် သူ့သားက အသုံးမကျဘူး"
    ဆိုတော့ ကလေး ဦးနှောက်နဲ့ နှိုင်းကြည့်တယ်လေ။
    ငါတော်တယ်ဆိုတာလည်း တကယ်ဟုတ်ချင်မှ ဟုတ်မယ်။ သူတော်တယ် ဆိုတာလည်း တကယ် ဟုတ်ချင်မှ ဟုတ်မယ်။ သူတော်တယ် ငါတော်တယ်လို့ အဖေတွေ အမေတွေ ပြောပြောနေကြတာက သားသမီးတွေ မခံချင်စိတ်ဖြစ်ပြီး ကြိုးစားအောင်ပါလား ဆိုပြီး သဘောပေါက်ပြီး.........
    သူတို့ အဲလို ပြောတိုင်း ပြောတိုင်း..............
    ကြိုးစားပြလိုက်တယ်.... မထင်နဲ့နော.....
    ဘာမှကို မခံစား ဘာမှကို မတုံ့ပြန်တော့တာ :P
    စာဖတ်ရတာ ကောင်းပါတယ်ဗျာ
    ReplyDelete
အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...