Wednesday, December 9, 2009

ရသ ..။

ညီလေးရေ ...!

ဟောဒီမှာ ...
ငါ သယ်ဆောင်လာခဲ့တဲ့ ..
အဖြူရောင် တိမ်တအုပ် ..
ဟောဟိုက .. အဆုံးအစမဲ့နေတဲ့
မှိုင်းညိုညို တောင်တန်းကြီးတွေပေါ်ကပေါ့ ..
မင်း .. ပွေ့ပိုက်ကြည့်စမ်းပါကွယ် ..
သိမ်မွေ့ခြင်းရသကို ..
ရင်ထဲနက်နက်အထိ ခံစားမိစေချင်လို့ပါ ... ။

မင်း .. ကြားမိလိုက်ရဲ့လား ..!
တောင်တန်းကြီးတွေဆီ .. လည်ပတ်ရင်း ..
ဖြေးဖြေးညင်းညင်း .. နှုတ်ဆက် ဖြတ်ပြေးသွားတဲ့
လေနုအေးအေး ..
သူနဲ့အတူ .. ငါ့ရင်ရဲ့ အမှာစကားတွေ ပါးလိုက်သေးတယ် ... ။

တောင်ခြေရင်းနားက ..
စမ်းရေကြည်နွေးနွေးကိုလည်း .. ငါ မမေ့ပါဘူး ..
အာရုံနဲ့ .. အသေအချာ ထုပ်သိမ်းလာခဲ့တယ် ..
နွေးထွေး နူးညံ့ခြင်းဆိုတာကို ..
မင်း .. ထိတွေ့ ပျော်ဝင်ကြည့်နိုင်စေဖို့ပါ ... ။

အော် .. ဒါနဲ့ ..
စိမ်းလန်းခြင်း ပန်းချီတောအုပ်တွေ ..
ငါ .. ကျောပိုးလာသေးတယ် ..
တောင်တန်းတွေပေါ်က .. အဲ့ဒီ အမြဲစိမ်းတောတွေလို ..
မင်း .. နှလုံးသားတွေကိုလည်း ..
အကြင်နာတွေနဲ့ .. စိမ်းမြ လတ်ဆတ်နေစေချင်တယ် ... ။

ရင်ထဲရောက်တဲ့ .. ပန်းချီလေးတချပ်
ခုထိ .. ငါ့ရင်ထဲ စွဲကျန်နေတုန်း ..
“အရိပ်ပေးရလို့ .. ကြည်နူးနေတဲ့ သစ်ပင်နဲ့ ..
အရိပ်ခိုခွင့်ရလို့ .. ပီတိတွေနဲ့ မြူးလွင်နေတဲ့ ငှက်ကလေး ..
ဘေးမှာလည်း .. တောနွယ်ပန်းလေးတွေ ခြံရံလို့ ..”
ဒီလို .. ငြိမ်းချမ်းခြင်းအစစ်မျိုး ..
မင်း .. ခံစားကြည့်ဖူးစေချင်တယ် ... ။

အင်းး .. ငါ ယူဆောင်မလာနိုင်သေးတဲ့ ..
ခိုပြာရောင် တောင်တန်းကြီးတွေဆီကိုတော့ ..
တနေ့နေ့ .. .. ..
တနေ့နေ့ပေါ့ .. .. ..

သွားဖြစ်အောင် သွားကြည့်လိုက်ပါ ..
တည်ကြည် ခန့်ထည်ခြင်းရဲ့ .. လျှို့ဝှက်ချက်တွေကို
မင်း .. ကိုယ်တိုင်ကိုယ်ကျ ..
နှလုံးသားနဲ့ .. ဖတ်ရှုစေချင်လို့ပါ ... ။

... 99 ...
၉ ဒီဇင်ဘာ ၂၀၀၉။


No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...