Monday, January 28, 2008

ရိုးပြတ်တွေရေ ..။

အဝေးပဲ ကြည့်ကြည့် ..
အနီးပဲ ကြည့်ကြည့် ..
အရာရာဟာ မှုန် .. ၀ါး .. နေ .. တုန်း ..။
အရာရာဟာ ရင့် .. ရိုင်း .. နေ .. တုန်း ..။
အရာရာဟာ ပြို .. လဲ .. နေ .. တုန်း ..။
.
..
...

ဒီမျက်ဝန်းတွေ .. တောက်ပခဲ့ဖူးတယ် ..။
ခုများ .. မှုန်ရီရီမှိုင်းတဲ့ အမြင်ထိုင်းတွေသာ ယဉ်ပါး ..
အစဉ် .. အရိုင်းတွေနဲ့ မှိုင်းဝေနေလေရဲ့ ..
ရွှေရောင် အမြင်တွေ ပြန်ပေးပါ ..။

ဒီနားတွေ .. ချိုမြခဲ့ဖူးတယ် ..။
ခုများ .. ခပ်ရိုင်းရိုင်းအာရုံတွေသာ စီးဆင်း ..
အချိန်တိုင်း .. ရင့်သီးခြင်းတွေနဲ့ ခါးသက်နေလေရဲ့ ..
သံစဉ်ချိုတွေ ပြန်ပေးပါ ..။

ဒီခြေထောက်တွေ .. လန်းဆန်း တက်ကြွခဲ့ဖူးတယ် ..။
ဟိုတုန်းကနဲ့ ကွဲပြား .. ရှေ့သို့ဆိုတဲ့ ခရီးအတွက် ..
နွမ်းချိ မာန်လျော့နေလေရဲ့..
ဒါ အပျော်ပျင်းလား .. အပြင်းအထန် ပျော်ကျကုန်တာများလား ..
ဘာပဲဖြစ်ဖြစ် .. .. ..
ယုံကြည်ခြင်း ခြေလှမ်းတွေ ပြန်ပေးပါ ..။

ဒီနှလုံးသား တစုံ .. အမှန်တရားအတွက် လှပခဲ့ဖူးတယ် ..။
သံသယတွေ အတွန်းအတိုက်မှာ .. ယိမ်းယိုင်ခြင်းတွေနဲ့ လျော့ရဲ ..
မသိလိုက် မသိဘာသာ .. ပြိုလဲခြင်း အစကို ဦးတည်နေလေရဲ့ ..
မဖြစ်ဘူး .. မဖြစ်ဘူး .. .. ..
နှလုံးသား အမှန်တရားအတွက် ..
သံထည်လို ခိုင်မာခြင်း တံတိုင်းတွေနဲ့ .. ပြန်ကာကွယ်ခွင့်ပေးပါ။

မှုန်ရီဝေမှိုင်းနဲ့ .. အမြင်တွေ ထိုင်းနေသမျှ ..
ရင်ခုန်သံအမှားနဲ့ .. သံစဉ်တွေ ရိုင်းနေသမျှ ..
ချိနဲ့ ခြေလှမ်းတွေနဲ့ .. ရပ်တည်ချက်တွေ ကိုင်းနေသမျှ ..
နောက်ပြီး ..
နှလုံးသား အမှန်တရား .. ပျော့ပြဲ .. လျော့ရဲနေသမျှ ..
တောင်းသမျှတွေ ပြန်ရနိုင်ဖို့ ..
သေချာခြင်းအလျဉ်း မရှိလေတော့ ..
သူငယ်ချင်းရေ ..
လာကွာ ..
ငါတို့ ရိုးပြတ် အရိုင်းတွေ ..
အမြင့်ဆုံးခရီးကို အပြင်းဆုံး “စိုင်း” ကြရအောင် ..။

1 comment:

  1. ရိုးပြတ် အရိုင်းတွေ ..အမြင့်ဆုံးခရီးကို အပြင်းဆုံး “စိုင်း” ကြရအောင် ဆိုတော့.. ငါတို့တတွေ စုပေါင်းပြီး လေတံခွန်လုပ်ပြီး ပျံသွားမလား…

    ReplyDelete

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...