Sunday, August 12, 2007

လူမှုဗေဒ။

ဒီရက်ပိုင်းထဲ .. အလုပ်အတွက် ပြေးလိုက်လွှားလိုက် ..
ဟိုစာဝင် ဒီစာထွက်ဖို့ .. အရှုပ်တွေ လုပ်လိုက် ..
ဟိုဖုန်း .. ဒီဖုန်း အကြောင်းပြန်လိုက်နဲ့ပဲ ..
တပတ်တော့ ကုန်သွားပြန်ပေါ့ ..။
ကိုယ့်ဘလော့အတွက်တောင် ဘာမှ အစီအစဉ်မရှိဖြစ်နေတာ
ရက် အတော်ကြာနေပြီ။
(အပျင်းကြီးနေတာကို .. ပင်ပန်းတယ်ဆိုပြီး ဆင်ခြေပေးရင်းပေါ့ဗျာ)
ဒါနဲ့ပဲ .. အပန်းပြေအောင်လို့
ကိုယ့်ဘလော့လေး ပြန်ဖွင့်ဖတ်တော့ ..
အသစ် လာလည်သူတွေနဲ့ .. လာနေကျ သူငယ်ချင်းတွေဆီက
ကွန်မင့်လေးတွေ တွေ့ရပါတယ်။
“ဒီအပုဒ်လေးက ဖတ်လို့ ကောင်းတယ် ..
ဒီပိုစ့်လေးကတော့ အဓိပ္ပါယ်ရှိတယ် ..
ဒါလေးကတော့ တွေးစရာလေးနဲ့ ..
ဒီလိုရေးထားတော့ ဘာလေးကို ပြန်သတိရစေတယ်..”
စသဖြင့်ပေါ့လေ ..။
လာလည်ရင်းထားသွားတဲ့ အားပေးစကားလေးတွေ ..။
သူတို့ရဲ့ စကားလက်ဆောင်တွေကို ဖတ်ရင်းနဲ့
ဘာရယ်မဟုတ်ပါဘူး ..
ရင်ထဲက အပျင်းစိတ်တွေနဲ့ ပင်ပန်းတကြီး ဖြစ်နေတာတွေကို
ရေအေးအေးနဲ့ ဆေးချလိုက်သလိုပဲ ခံစားလိုက်ရတယ်။
ငါဘာများရေးလို့ ရနိုင်မလဲဆိုပြီးလည်း
လန်းလန်းဆန်းဆန်းနဲ့ ပြန်တွေးမိလာတော့တယ်။
တွေးရင်းကနေလည်း ခွန်အားပေးတဲ့စကားဆိုတာ
တော်တော် အသုံးဝင် အရေးကြီးပါလားဆိုတာ ..
ကိုယ်တိုင် ခံစား တွေ့မြင်ပြီး .. သဘောပေါက်သွားတယ်။
ကိုယ်တိုင် ခံစားတယ်ဆိုတာကတော့ ..
ကိုယ့်ဘလော့ကို အလည်လာရင်း ထားသွားကြတဲ့
သူငယ်ချင်းတွေရဲ့ တခွန်းစ နှစ်ခွန်းစ စကားတိုလေးတွေဟာ ..
ဘလော့ဖန်တီးသူမိမိကို ကြီးမားတဲ့ တွန်းအားတွေပေးနေသလို
ခံစားလိုက်ရလို့ပါပဲ။
တွေ့မြင်တယ်ဆိုတာကတော့ .. ပြောရရင် နဲနဲလေးရှည်မယ်။
ကျနော် မြင်ခဲ့ ကြားခဲ့တာလေးတခုကို ပြန်ပြောပြမလို့ပါ။
လောကမှာ ..
ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို
ခွန်အားဖြစ်စေနိုင်တဲ့အပြင် ..
အဲဒီ စိတ်အင်အားတွေ ..
ယုတ်လျော့ ကျဆင်းသွားအောင် လုပ်နိုင်တာလည်း
“စကား” တခွန်းနဲ့တင် လုံလောက်တယ်ဆိုတာကို ..
အမှတ်မထင် ကြုံတွေ့လိုက်ရလို့ပါ။

တနေ့က ..
ကျနော် ရုံးတခုကို အလည်ရောက်သွားတယ်။
အားလုံး မြန်မာပြည်သားတွေပါ ..။
အသေအချာ ပြောရရင်တော့
ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေပေါ့ ..။
ကျနော် ရောက်ပြီး ခဏနေတော့ ..
နောက်ထပ် ဧည့်သည်တွေရောက်လာတယ်။
ဒါနဲ့ပဲ ရုံးမှာ အကြီးအကဲဆိုသူက ..
လာလည်သူတွေကို ရွှန်းရွှန်းဝေအောင်
ဧည့်ခံ ကျွေးမွေးပြီး .. စကားလက်ဆုံတွေ ကျနေပါရော။
ဒီတော့ ကျန်တဲ့သူတွေ (လက်အောက်ငယ်သားလို့ သတ်မှတ်ထားသူတွေ)
စိတ်ထဲထင်နေတာက .. လိုအပ်ရင် အကူအညီပေးရမယ်ပေါ့ ..။
အတော်လေးကြာတော့ .. ဧည့်သည်တွေက တနေရာသွားချင်ကြောင်း ..
အခုမှ ဒီနိုင်ငံကိုရောက်လာတာဆိုတော့
လိုက်ပို့ဖို့ပြောရင်း အကူအညီတောင်းပါတယ်။
ဖြစ်ချင်တော့ .. ရွှန်းရွှန်းဝေနေတဲ့ အကြီးအကဲ
ဘာမှ မပြောရသေးခင်ပဲ .. ရှားရှားပါးပါး စိတ်ကောင်းလေးနဲ့
အကူအညီပေးချင်နေတဲ့ ရုံးအကူ ဦးလေးက ..
သူလိုက်ပို့ပေးနိုင်ကြောင်း ပြာပြာသလဲ ၀င်ပြောပါတော့တယ်။
သူတို့ထင်ထားတာက ဒီလိုကူညီလိုက်ရင် ..
အကြီးအကဲကတော့ ကျေနပ်မှာပဲ ထင်လို့ပါ။
ကံဆိုးချင်တော့ .. ထင်သလိုမဟုတ်ပဲ
“မျက်နှာမရ ခြေထောက်ရ” တဲ့အဖြစ် ဆိုက်ပါလေရောလား ..။
ဧည့်သည်တွေသွားပို့ပြီး ၃ နာရီလောက်ကြာတော့ ..
သွားပို့ပေးတဲ့ ဦးလေးပြန်လာပါတယ်။
ဒီမှာတင် ပြဿနာက စပါတော့တယ်။
အကြီးအကဲက ..သူလိုက်မပို့စေချင်တာကို
ရုံးချိန်အတွင်း လိုက်ပို့ရမလားဆိုပြီး
ဆူပူ အော်ဟစ်ပါတော့တယ်။
ဟိုဦးလေးခမြာ ..
အကြီးအကဲလိုက်ပို့စေချင်တယ် ထင်လို့ လိုက်ပို့တာပါလို့
ခခယယပြောဖို့ ကြိုးစားပါတယ်။
ဒါပေမယ့် .. ၀ါကျဆုံးအောင် ပြောခွင့်မသာလိုက်ပါဘူး။
(တကယ်တော့ အကြီးအကဲဆိုသူနဲ့ သူ့တပည့်ဆိုတာ
အရွယ်တူသူတွေပါ)
ကျနော်လည်း မကောင်းတတ်တာနဲ့ ..
ခပ်မြန်မြန်ပဲ နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။
ကျနော် ထွက်လာတဲ့အထိ .. အကြီးအကဲဆိုသူ တယောက် ..
နောက်ကြောင်းပြန်ပြန်ရစ်ပြီး နင်မင်းကဆစကားတွေကို
မပြီးနိုင်မစီးနိုင် .. ရေပက်မ၀င် ပြောဆိုကျန်ရစ်ခဲ့ပါတော့တယ်။
ဒီဆူဆူပူပူ အဖြစ်အပျက်ကို သူတို့ ရုံးခန်းထဲမှာပဲ
ချန်ထားနိုင်ခဲ့ပေမယ့် ..
ကျနော်နဲ့အတူ ကပ်ပါလာတာက
စကားပြောပုံ ဆိုပုံတွေနဲ့ဆိုင်တဲ့
မဆုံးနိုင်တဲ့ ခပ်ရှည်ရှည်အတွေးတခုပါ .. ။

ကောင်းကောင်းမွန်မွန် ရှင်းပြပြောဆိုလည်း ဒီစကားပဲ ..
အော်ဟစ် ဆူပူပြီး ပြောလည်း ဒီစကားပဲ ..။
ဒါကိုပဲ .. လူတွေ ဘာလို့ ကိုယ့်စိတ်နဲ့မတည့်တိုင်း
အလွယ်တလွယ်ကူ စိတ်ထွက်ပေါက်ပေးရာရောက်တဲ့
ဒီလို နှုတ်ကြမ်းလျှာကြမ်းနဲ့ ပြောတာမျိုးကို ရွေးကြပါလိမ့်။
အခြေအနေတခုကို နားမလည်လို့ပဲဖြစ်ဖြစ် ..
ရုံးတခုရဲ့ စည်းမျဉ်းတွေကို အကျွမ်းတ၀င် မဖြစ်သေးလို့ပဲဖြစ်ဖြစ် ..
အမှားတခု ကျူးလွန်မိခဲ့ရင်တောင် ..
အခုလို အော်ဟစ်ကြိမ်းမောင်းနေတာမျိုးဟာ
မှန်ကန်တဲ့ လမ်းကို သွားချင်စိတ်ရှိအောင်
တည့်မတ်ပေးရာ ရောက်ပါ့မလား။
သေချာတာကတော့ .. ဒီလို ပုံစံမမှန်တဲ့ အော်ဟစ်ခြင်းမျိုးဟာ ..
လမ်းမှန်ကို မတွေ့စေပဲ .. နားထောင်သူကို
နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေပဲ ဖန်တီးပေးရာ ရောက်မှာပါ။
ပြောသူမှာလည်း .. မလိုလားအပ်တဲ့
အာဏာရှင်ဆန်ဆန် အလေ့အကျင့်တွေ
စွဲကပ်စေပါတယ် .. (ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ပါ)
တဖက်သားကို နိုင်လိုမင်းထက် ပြောဆိုနေတာတွေ ..
တဖက်စကားကို အချိန်ပေး နားထောင့်လေ့ မရှိတာတွေ ..
တဖက်သားက အမှား .. ငါကမှ အမြဲမှန်တယ်လို့ တွေးတတ်တာတွေ ..
တဖက်သားကို ဖြေရှင်းခွင့် မပေးတတ်တာတွေ ..
အခြေအနေတခုကို ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ပဲ ..
ကိုယ်လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး အပြစ်ရှာ ထောက်ပြတတ်တာတွေ ..
ဒီလို ပြောဆို ဆက်ဆံပုံမျိုးတွေ ..
တကယ်တော့ .. သာမာန်အခြေအနေတွေမှာတောင်
မကျင့်သုံးသင့်ဘူးလို့ .. (ကျနော်) ထင်တာပဲ။
တဖက်သားကို လေးစားမှုမရှိတာ .. သိသာ ထင်ရှားနေလို့ပါ ..။
ဒါ့အပြင် .. တဖက်သားကို
စိတ်ဓာတ်ကျစေနိုင်တဲ့ စကားတွေပဲ ဖြစ်မှာမို့လို့ပါ ..။
ဒါဆို ..
“လူ့အခွင့်အရေးကို လေးစားပါတယ်” လို့
တပြောတည်း ပြောနေတဲ့နေရာမျိုးမှာ ..
“ဒီမိုကရေစီ အရေးအတွက်ပါ” လို့ ..
တသသ ကြွေးကြော်နေတဲ့ နေရာမျိုးမှာမှ ..
လူသားအဖြစ် လေးစားခံပိုင်ခွင့် ဆိုတဲ့ .. လူတယောက်ရဲ့အခွင့်အရေးကို ..
အပြောအဆိုတခုကနေ နှိမ့်ချပစ်လိုက်တဲ့အဖြစ် ..
ပြောသူရော .. အပြောခံရသူရော .. သတိမှ ပြုမိပါ့လား ..။
အပြန်အလှန်ပြောလိုက်တဲ့ စကားတွေကို ..
ပြန်ရော သုံးသပ်မိပါ့မလား။
ပြောသူက .. “ငါကောင်းကောင်း ဆူလိုက်နိုင်တယ်” ဆိုပြီး
အာဏာအသေးစားလေးမှာ ရစ်မူးကောင်း ရစ်မူးနေလိမ့်မယ် ..။
အပြောခံရသူမှာတော့ ..
“ငါ .. ဘာမှမဟုတ်ပါလား ..။
သူများ အလေးစားမခံရတဲ့ ငါ .. ပါလား ..။” လို့
တွေးပြီး .. ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့ပဲ
ဆောက်တည်ရာမရ စိတ်ဓာတ်တွေ ပျောက်ဆုံးသွားနိုင်တဲ့အထိ ..
စိတ်အနာ ရသွားနိုင်ပါတယ် ..။
နောက်ပြီး .. ဒီဘာမှမဟုတ်တဲ့ စိတ်အခြေအနေလေးတွေကနေ ..
နောင်တချိန်မှာ ကြောက်စရာကောင်းတဲ့ စိတ်ဒဏ်ရာ ပြပွဲကြီးတွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ..။
ဒီတော့ ..
ကိုယ်ပြောလိုက်တဲ့ စကားတခွန်းတိုင်းဟာ ..
တဖက်သားအတွက် လှံသွားသဖွယ် ထိုးနှက်ထိရှခြင်း မရှိစေအောင် ..
အမှန်အမှားကို အေးအေးချမ်းချမ်းနဲ့ ခွဲခြားနားလည်စေအောင် ..
ရင်ထဲကနေ စစ်စစ်မှန်မှန်နဲ့ လုပ်ကိုင်ချင်စိတ်တွေ ပေါ်ထွန်းလာအောင် ..
ကျနော်တို့ အချင်းချင်းကြား .. သတိရှိရှိနဲ့
စေတနာအခြေခံပြီး .. ပြောဆိုဆက်ဆံကြဖို့ အရေးကြီးလှပါတယ်။
တကယ်ဆိုရင် .. ကျနော်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးဟာ
စိတ်ဓာတ်ရေးရာ တော်လှန်ရေးတရပ် ..
ဆင်နွှဲဖို့ လိုအပ်နေတယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ ..။
ကျနော်တို့ရဲ့ အပြောအဆိုတွေ ..
ဆက်ဆံပုံ ဆက်ဆံနည်းတွေ ..
ဆွေးနွေးနည်း ဆွေးနွေးဟန်တွေဟာ ..
လူတန်းစားအလွှာ ဆိုတဲ့ ပညတ်ချက်တွေအောက်မှာ
ကန့်သတ်ခြင်း မခံရဖို့ ..
ဖြတ်သန်းခဲ့ဖူးတဲ့ ခေတ်ကာလဆိုးတခုက အလေ့အကျင့်တွေကို
ဆက်လက် မသယ်ဆောင်လာမိဖို့ ..
သတိကြီးကြီး ထားရှိသင့်ကြပါတယ် ..။

ဒီမိုကရေစီဆိုတာ ..
ကိုယ့်အတ္တတွေ ထင်ရာစိုင်းပိုင်ခွင့်လား ..။
ခေါင်းဆောင်ဆိုတာရော ..
အရပ်လေးမျက်နှာကို ထင်သလို စိတ်ထွက်ပေါက် ပေးပိုင်ခွင့်လိုင်စင် ရထားတဲ့သူလား ..။
ရယူချင်တာတခုခုရှိလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြလိုက်တာကမှ ..
တဖက်သားကို လေးစား နားလည်ခြင်းလို့ ဆိုလိုတာလား ..။
(တကယ်ဆို ..) ကိုယ့်ကိုကိုယ် ကယ်တင်ဖို့အတွက် ..
“လူအများကြီးကို ကယ်တင်နေရတာပါ” လို့ .. ဟောင်ဖွာဖွာ ပြောနိုင်တာကမှ
နိုင်ငံရေးတဲ့လား ..။
လူတွေပြောပြောနေတဲ့ .. “တန်းတူညီရေး” ဆိုတာ ..
စာမျက်နှာတွေပေါ်ကနေ လူ့လောကထဲ ရောက်လာဖို့ ..
တော်တော်များ ခက်ခဲနေသလား ..။
ဒါတွေ …
စဉ်းစားကြဖို့ ..
အပြန်ပြန် အလှန်လှန် သုံးသပ်ကြဖို့ ..
ပြီးရင်တော့ ..
တန်းတူရေးဆိုတဲ့ အခြေအနေတခု အစပျိုးပေါ်ပေါက်လာဖို့ ..
မနှောင့်မနှေး အကောင်အထည်ဖော်ကြဖို့ ..
ကျနော်တို့ အားလုံးမှာ .. တာဝန်ရှိနေပါတယ်။

နိုင်ငံရေးဆိုတာရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ..
လူမှုဗေဒ ညက်ညောအောင် ..
အချင်းချင်း နားလည်မှုတွေ .. လက်ခံနိုင်မှုတွေ မြန်မြန်ရအောင် ..
ဆရာတော် ရှင်မဟာရဌသာရရဲ့ ကဗျာလေးလို ကျင့်သုံးကြရအောင်ဗျာ။
“တယောက်စကား ..

တယောက်နားမှာ မခါးရအောင် ..
သတိဆောင်၍ .. မောင်တို့ ဆိုလေ ..
ပျားသကာသို့ ချိုလှစေ ..”
(ကဗျာ အမှားပါလျင် ပြင်ပေးပါ .. ဒီလောက်ပဲ မှတ်မိလို့ပါ)

No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...