Friday, April 3, 2009
နှောင်ထုံး ..။
အထိအရှတွေ .. ပရပွနဲ့ဆိုပေမယ့် ..
တောင့်တမိခဲ့ဖူးတဲ့ ..
နူးညံ့ခြင်းလေးတခု ..
မနေ့တနေ့ကအထိ .. ရှိနေခဲ့တယ် ..
ရစ်ပတ် .. ချည်နှောင်ဖို့ ..
တွန့်ဆုတ် .. တွေဝေခြင်းတွေနဲ့ ..။
အချစ်က ..
သိမ်မွေ့ .. နက်ရှိုင်းလွန်းတဲ့ ..
အိပ်မက်ရာသီတခု ..
တမ်းတမ်းမက်မက် .. ပွေ့ဖက်လိုက်ရင် ..
လှိုက်မောပြိုကွဲ .. အလွမ်းရာသီတွေကြားမှာ
အဆုံးသတ် မဲ့နေတော့မယ် ..
အိပ်မက်လေးရေ ..
သူ့အတိုင်းတိုင်းသာ .. ဖြစ်တည်နေပါစေရော့ ..။
..
.
နောက်ဆုံးတော့လည်း ..
ဘ၀က ..
အချစ်ကို ..
နှောင်ထုံး .. ဖြေလျော့လိုက်ပါတယ် ..။
... 99 ...
၃ ဧပရယ်လ် ၂၀၀၉။
Monday, March 16, 2009
ဗြောက်သောက် ..။
မရေမရာတွေ .. ကြီးစိုးလွန်းလို့ .. ။
ညတုန်းကတောင် ..
အလင်းကွဲသံ .. သဲ့သဲ့ ..
ခပ်ယဲ့ယဲ့ .. ထွက်လာသေးတယ် .. ။
“ငါ တယောက်ယောက်နဲ့ ..
စကား ပြောချင်တယ် ..
သတိရနေလို့ ..”
မျိုးကြီး .. ဘာတွေ သတိရနေပါလိမ့် ..
ငါကတော့ .. အန်ထုတ်ပစ်ချင်နေတယ် ..
နားလည် .. နှစ်သိမ့်ပေးမယ့် ..
နားတစုံ .. ပျံသန်းလာခဲ့ပါကွယ် .. ။
မကြေကွဲချင်ဘူး .. ရေရွတ်ရင်းနဲ့ပဲ ..
.
(အချိန်မဟုတ် .. အခါမဟုတ်ကွာ ..)
.
..
လွင့်မြောခြင်းတွေ .. ရစ်သိမ်း
နေရာမှန်ကို .. ပြန်အရောက် ..
ငါကိုယ်တိုင် .. ပုစဉ်းတဖြစ်လဲနဲ့ ..
ရင်ကွဲသံသဲ့သဲ့ ..
ငါ့ .. အလင်းမဲ့ညထဲ ..
ဟိန်းထနေခဲ့တယ် .. ။
.. 99 ..
၁၆ မတ် ၂၀၀၉။
Wednesday, January 28, 2009
ရေတိမ် ..။
အပြေးအလွှား လိုက်လို့ ..
ငွေမှင်ရောင်တွေ .. အမွှန်းကောင်းနေတုန်း ..
အဲ့ဒီ .. တိမ်အုပ်တွေလေ ..
ရေသောက် ဆင်းကုန်ကြတယ် .. ။
... 99 ...
၂၈ ဇန်န၀ါရီ ၂၀၀၉။
Tuesday, December 30, 2008
အသစ်အတွက် အသင့် ..။
ဒီတော့ .. ကျနော်တို့ နေ့စဉ်နေ့တိုင်း .. မလွဲမသွေ ရင်ဆိုင်နေရမှာက ..
"အပြောင်းအလဲ" .. ဆိုတာပါပဲ ..
ကောင်းတဲ့ အပြောင်းအလဲ .. ဒါမှမဟုတ် .. ဆိုးတဲ့ အပြောင်းအလဲ ..
ဘယ်လိုပဲဖြစ်ဖြစ် .. ပြောင်းတော့ ပြောင်းလဲနေမှာ အသေအချာပဲ ..
အဲ့ဒီအကွေ့အပြောင်းတွေက .. ကျနော်တို့နဲ့လည်း အမြဲတမ်း ပတ်သက်နေတတ်တယ် ..
တိုက်ရိုက်ပဲ ဖြစ်ဖြစ် .. သွယ်ဝိုက်ပြီးတော့ပဲ ဖြစ်ဖြစ်ပေါ့ ..
ဒီတော့ .. "အပြောင်းအလဲ" ဆိုတာကို .. ကျနော်တို့ဘ၀ရဲ့ အစိတ်အပိုင်းတခုအဖြစ် ..
လက်ခံကျင့်သုံးတတ်ရမယ့် ကာလမျိုးမှာ ရောက်နေတယ်ဆိုတာ ..
သတိထားကို ထားရတော့မယ့် .. အချိန်အခါမျိုး ဖြစ်နေပြီ ..
သတိထားရမယ်ဆိုတာ .. "အပြောင်းအလဲ" ကြောင့် ဖြစ်ပေါ်လာမယ့် ..
အခြေအနေ အသစ်တွေ ..
အသိုင်းအ၀ိုင်း အသစ်တွေ ..
နည်းစနစ် အသစ်တွေ ..
အခက်အခဲ အသစ်တွေ ..
ထိုးနှက်ချက် အသစ်တွေ ..
အသစ်တွေပေါ့ဗျာ ... ကိုယ် မျှော်လင့်မထားခဲ့ဖူးပေမယ့် ..
လက်မခံလို့မရမယ့် အမှန်တရားတွေအတွက်ပေါ့ .. .. ..
ကျနော်တို့ သတိရှိရပါမယ် ..
ပြင်ဆင်တတ်ရပါမယ် ..
ဆင်ခြင်မိရပါမယ် ..
သင်ခန်းစာယူကြည့်ရပါမယ် ..
အဲ့ဒီလိုမှ မဟုတ်ရင် .. အရာရာက ပြောင်းလဲ လည်ပတ်နေတယ် ..
အဲ့ဒီအထဲမှာ .. မပြောင်းလဲချင်တဲ့ ကိုယ်ကပဲ ကျောက်ဖြစ်ပြီး ကျန်ရစ်ခဲ့မှာပါ ..
ကျောက်ဖြစ်တယ် ဆိုကတည်းက .. အကောင်းတော့ ဖြစ်မှာမဟုတ်ဘူး ..
အချိန်အတိုင်းအတာ တခုမှာ .. သဘာဝပတ်ဝန်းကျင်ရဲ့ တွန်းဖဲ့တိုက်စားမှုကို ခံရပြီး ..
ကမ္ဘာလောကကြီးကနေ .. ရှုံးထွက် ပျောက်ကွယ်သွားကြရတာပါပဲ ..
ဒီတော့ ..
အရှုံးသမား မဖြစ်ရအောင် ..
ကျန်ရစ်တဲ့သူ မဖြစ်ရအောင် ..
ပျောက်ကွယ်သွားသူ မဖြစ်ရအောင် ..
ကမ္ဘာလောကကြီးရဲ့ မောင်းနှင်အားတွေနဲ့ ..
အမြဲတမ်း လိုက်လျောညီထွေ လည်ပတ်နေနိုင်သူဖြစ်ရအောင် ..
ကျနော်တို့ကိုယ် ကျနော်တို့ အကောင်းဆုံး .. ပြင်ဆင် .. ဆင်ခြင်ထားရမယ်လို့ ထင်မိပါတယ် ..
စိတ်ဓာတ်တွေကို ဆန်းစစ်ပါ .. ပြင်ဆင်ပါ .. ခံနိုင်ရည်တွေ မွေးမြူပါ ..
"အပြောင်းအလဲ" ဆိုတာကသာ အမြဲတမ်းအတွက် .. အမှန်တရားဖြစ်တာမို့ ..
ကျနော် ယုံကြည်တာကတော့ ..
"စက္ကန့်တိုင်းဟာ .. နေ့သစ် .. လသစ် .. နှစ်သစ်တွေပါပဲ .."
မတည်ငြိမ်တဲ့ စိတ်ဓာတ်တွေကို ..
စက္ကန့်အသစ်တွေတိုင်းမှာ တည်ငြိမ်အောင် ပြန်တည်ဆောက်ယူပါ ..
မရင့်ကျက်တဲ့ စိတ်ဓာတ်တွေကိုလည်း ..
စက္ကန့်တိုင်းမှာ ရင့်ကျက်မှုတွေ အားကောင်းလာအောင် မွေးမြူထိန်းကြောင်းပါ ..
(နောက်နှစ် တနှစ်ကူးပြောင်းအောင် စောင့်နေစရာ မလိုပါဘူး ..)
ပြီးရင် .. တည်ငြိမ် ရင့်ကျက်တဲ့ စိတ်ဓာတ် အသစ်တွေနဲ့ ..
လက်တွေ့သိပ်ကျတဲ့ .. စက္ကန့်အသစ်တွေကို .. အင်အားအသစ်တွေနဲ့ ရင်ဆိုင်လိုက်ကြပါ ..
ဘ၀တွေ သိပ်ကို နေပျော်စရာ ကောင်းလာမယ် ဆိုတာ ..
အတွေးနဲ့တင် .. ပုံဖော်ကြည့်လို့ ရနေပါတယ် ..
အားလုံးပဲ .. ပျော်ရွှင် အောင်မြင်တဲ့ နံနက်ခင်းအသစ်တွေ ပိုင်ဆိုင် ရင်ဆိုင်နိုင်ပါစေ ..။
... 99 ...
၃၁ ဒီဇင်ဘာ ၂၀၀၈။
Thursday, December 25, 2008
အသစ် ..။
အဖြစ်ဟောင်းတွေရော ..
ငါတို့နဲ့.. လိုက်ခဲ့မှာလား ..
နှစ်သစ်တော့ ..
အဖြစ်တွေ .. သစ်လာမယ်ထင်လို့လား ..
ကိုယ်ကိုယ်တိုင် .. မသစ်ချင်သရွေ့တော့ ..
နှစ်သစ်လည်း .. အဖြစ်ညစ်ထဲမှာပဲ ..
ဟောင်းနွမ်း .. ကျန်ရစ်နေအုံးမှာ ..
ကြားလား .. !!
မြက်ရိုင်းအုပ်တွေက ..
လူယဉ်ကျေးတွေ အကြောင်း ..
စောင်းမြောင်း .. ရယ်မောနေလေရဲ့ .. ။
... 99 ...
၂၉ ဒီဇင်ဘာ ၂၀၀၈။
Wednesday, December 17, 2008
ရိုးနာ ..။
နှလုံးသားတွေက အတု ..
ရပ်ဝန်းတွေက အတု ..
ရည်ရွယ်ချက်တွေက အတု ..
ယုံကြည်ချက်တွေက အတု ..
မျှော်လင့်ချက်တွေက အတု ..
ကမ်းလက်တွေက အတု ..
ကျား .. အတု ..
မ .. အတု ..
ရင်ခုန်သံတွေလည်း အတု ..
ရိုင်းပင်းမှုတွေက အတု ..
ပေးဆပ်တယ်ဆိုတာ အတု ..
မေတ္တာတရားတွေက အတု ..
သစ္စာတွေလည်း အတု ..
အရောင်တွေက အတု ..
ဘောင်တွေလည်း အတု ..
..
.
ရိုးသားရင် .. ပျော်ရွှင်ရသတဲ့ ..
(သူငယ်ချင်းက ပြောတာတော့ ..)
ရိုးသားမှု .. အတုတွေကြားမှာ ..
သူရိုးသားတိုင်း ..
ရင်နာရသတဲ့ .. ။
... 99 ...
၁၇ ဒီဇင်ဘာ ၂၀၀၈။
Wednesday, December 10, 2008
အရေး ..။
လူ့ .. အခွင့် .. အရေး ..
..
.
နားထဲကိုလား ..
မ၀င်ပါဘူးဗျာ ..
နားဝမှာတင် .. ကန့်လန့်ကြီး .. ။
ရင်ထဲနက်နက် .. ၀င်ဖို့လား ..
ပိုခက်နေသပေါ့ ..
နှလုံးသားက .. လက်ခံဖို့ဆိုတာ ..
လက်တွေ့ကျကျ .. လိုသကိုးဗျ .. ။
ခုတော့ ..
ကြားမိတိုင်း ..
နှလုံးသားတွေ .. ဒဏ်သင့် ..
ကမ်းမိသမျှ ..
အဆိပ်တွေပဲ .. ဖြစ်ခဲ့သမို့ ..
နေပါတော့ဗျာ .. (ခပ်ဝေးဝေးမှာ) .. ။
တချို့ရဲ့ .. အခွင့်တွေ ..
အားလုံးရဲ့ .. အရေးအတွက် ..
ရည်ရွယ်မယ့် .. တနေ့တော့ ..
ဒဏ်တွေ ကွယ် .. အဆိပ်တွေ ပြယ်
လူစင်စစ် အဖြစ် .. ရပ်တည်နိုင်လိမ့်မယ် .. ။
... 99 ...
၁၀ ဒီဇင်ဘာ ၂၀၀၈။
Wednesday, December 3, 2008
အတိတ်ချို တခွက် ..။
ခပ်အေးအေးပဲ .. ရောက်လာတဲ့ ..
ဒီဇင်ဘာရေ ..
ခပ်ဆွေးဆွေးတွေခမြာ.. မင်းကြောင့်
ပိုငိုင်ငေး နေရပါရောလား ..
..
မှုန်မှိုင်းမှိုင်း .. ဒီဇင်ဘာထဲ ..
(ကျနော်ကတော့ ..)
ထုံထိုင်းထိုင်း .. အတွေးတွေ ..
ဆွဲလွဲ ပွေ့ပိုက်လို့ ..
အတိတ်ထဲမှာ .. ဒီဇင်ဘာကို
ပြန်တူးဆွ ..
ဖြူလွလွ .. မနက်ခင်းတချို့ရယ်
နွေးထွေးဆဲ .. တွဲလက်ကလေးတွေရယ်
လေပြေထဲက .. ညင်းဖွဖွ ဂီတသံစဉ်လေးရယ်
မြတ်နိုးဆဲ .. ချိုပေါ့ကျတခွက်ရယ်
သြော် .. ဖွဲ့တည်နေဆဲ
ဒီဇင်ဘာရဲ့ .. အတိတ်တွေပါကွယ်
...
..
.
ချိုမြိန်ခဲ့ဖူးတယ် ..
(သို့သော် ..)
ပေါ့ဆခဲ့မိလို့ .. ကျပျောက်သွားခဲ့ရတဲ့
ချိုပေါ့ကျ .. အတိတ်တခွက်
ခုလို ..
ဒီဇင်ဘာ .. မနက်ခင်းတခုမှာ
မက်မက်စက်စက် ..
ပြန်သောက်ချင်နေမိတော့တယ် ..။
... 99 ...
၎ ဒီဇင်ဘာ ၂၀၀၈။
Friday, November 21, 2008
နှင်းညနေ ..။
ကာလရှည်ကြာ .. ညနေခင်းနုနု ..
ပြောင်းလဲခြင်းအမှုနဲ့ .. တွေ့တော့မှာလား ..
..
.
မီးခိုးမှာ အဖြူသိုင်း ..
မြူဆိုင်းဆိုင်းတွေ .. နှောင်ဖွဲ့ ..
မြင်ကွင်းတိုင်း .. လွမ်းမောကျန်လျှက် ..
..
.
လွမ်းရတာတွေ .. မောရတာတွေ ..
တုတ်လိုက် .. နှောင်လိုက် ..
ရစ်လိုက် .. ပတ်လိုက် ..
ထက်ထက် .. ရှရှ ..
မီးခိုးမှာ .. အနီရင့်ပေါင်းပြီး ..
အသွေးတွေ .. စိုးမိုးတယ် ..
..
.
နှင်းကန့်လန့်ကာ .. နင်းဖြတ်သွားတဲ့ ခဏ ..
ညိုမှောင်မှောင်အရိပ် ..
အသွေးဆီ ဖိတ်စင်လေတယ် ..
ဆည်းဆာရေ ..
မင့်အလွန် .. ဟိုတဖက်မှာ ..
အနက်ရင့်တွေ အုပ်စိုးတဲ့ ..
နှင်း.. ညနေတွေ .. တဲ့ကွယ် ..။
... 99 ...
၂၁ နိုဝင်ဘာ ၂၀၀၉။
Wednesday, November 19, 2008
ပန်းနွေဦး ..။
ဆိုငြီးပြ မနေပါနဲ့တော့ ..
ပန်းခင်းတဲ့ .. လမ်းကလေးအကြောင်းလည်း ..
(တခေါက်လောက် ဖြစ်ဖြစ်တော့ ..)
လိုလိုချင်ချင် .. နားဆင်ချင်သေးတယ် ..
...
..
.
ပျံလွှားလေး တကောင်နဲ့တော့ ..
နွေဦးတွေကို ဖန်တီးနိုင်စွမ်း မရှိသေးပါဘူးလေ ..
တနေ့နေ့ပေါ့ ..
ပျံလွှားတွေ အုပ်စုလိုက် ..
ဖွဲ့တည်ပျံသန်းခွင့် ကြုံခဲ့ရင်တော့ ..
ဒီနွေဦးကို ..
ဖီးနစ်တွေအဖြစ်နဲ့ ကြိုဆိုလိုက်ကြမယ် ..။
... 99 ...
၁၉ နိုဝင်ဘာ ၂၀၀၈။
Sunday, November 2, 2008
ရှင်သန်ဆဲ မြူလွှာ ..။
ပြန်မတွေးချင်တဲ့ .. အတိတ်တွေကြား..
ပြန်မတွေးရဲတဲ့ .. အတိတ်တွေများ ..
ပြန်မတွေးနိုင်တော့တဲ့ .. အတိတ်တွေနဲ့ခြား .. ထားလို့ ..
..
.
ခပ်ရင့်ရင့်တွေး ..
အတိတ်ဆိုတာ .. ရဲတယ် ..
လွတ်လွတ်လပ်လပ်တွေး ..
အတိတ်ဆိုတာ .. နက်တယ် ..
ချင့်ချင့်ချိန်ချိန်တွေး ..
အတိတ်ဆိုတာ .. စိမ်းတယ် ..
နှစ်နှစ်ကာကာတွေး ..
အတိတ်ဆိုတာ .. ၀ါတယ် ..
တည်တည်ငြိမ်ငြိမ်တွေး ..
အတိတ်ဆိုတာ .. ပြာတယ် ..
သန့်သန့်စင်စင်တွေး ..
အတိတ်ဆိုတာ .. အဖြူထည် ..
နောက်ပီး ..
ပေါ့ပေါ့ပါးပါးတွေး ..
အတိတ်ဆိုတာ .. တကယ်တော့ ..
မြူမှုန်တွေပါပဲ ..
.
..
မေ့မေ့လျော့လျော့ .. မဟုတ်တာတောင် ..
ရိုးရိုးသားသား အချင်းများပြီး ..
ရှော့ရှော့ပေါ့ပေါ့လေး .. စဉ်းစား ..
အတိတ်တွေ .. ရှင်နေပါစေ ..
အလွဲလွဲ အမှားမှားနဲ့ ..
ရင့်သန်မလာစေဖို့တော့ .. ပြုပြင်ယူပေါ့ .. ။
... 99 ...
၃ နိုဝင်ဘာ ၂၀၀၈။
Thursday, October 30, 2008
ကြယ်စင် ည ..။
အရာရာ အတွက်
ဆိတ်ငြိမ်လွန်းတဲ့ .. ကာလ
အနက်ရောင် .. အနုအရင့်တွေ
ခင်းကျင်းထားတဲ့
ဒီ ညလွှာရုံထဲ ..
င့ါ .. နှလုံးသားတခုလုံး
အသုံး မပြုနိုင်အောင်ကို ..
.. ပြုတ် ..
..
.
ကျ
..
.
တကယ့်ကို ..
သာသာ မွမွလေးပါပဲ ..
အပြစ် မဆိုသာပေမယ့်..
ဒီရင်ထဲ ကျန်ရစ်သမျှက ..
ဟာတာတာ .. ဖြေစရာမရှိတဲ့ ..
နေလောင်လိုက် .. မိုးမှောင်မိုက် ..
အူကြောင်ကြောင်
ကမ္ဘာကြီး လိုပေါ့ ..
.
..
.
.. ဟိုမှာ ..
ကြယ်စင်တွေ .. ခင်းထားတဲ့လမ်း
[ကမ္ဘာပတ် လမ်းထဲတော့ ရောက်နေပြီ ..]
အေးချမ်းမှုတွေနဲ့ ..
စောင့်ကြိုနေလိမ့်မယ် (ထင်ရဲ့ ..)
ငါ့ .. ကြယ်တံခွန်လေးရေ
အစောဆုံး .. ပြန်ဆုံခွင့်
ရပါရစေ .. ။
... 99 ...
၃၁ အောက်တိုဘာ ၂၀၀၈။
Saturday, October 25, 2008
လောက အလိုကျ ..။
ဒီဝရန်တာလေးရဲ့ ..
ဟိုတဖက် လွင်ပြင်လျှိုထဲ ..
မြက်ရိုင်းပင် .. ရှည်မြောမြောတွေ ..
အုံ့အုံဆိုင်းဆိုင်းနဲ့ .. စုဖွဲ့နေကြပေါ့ ..
မြင်ကွင်းလေးရေ ..
တကယ့်ကို .. မယဉ်မရိုင်းပါပဲ ..
လေရူးတွေ .. ကျီစယ် ကလူကြတော့ ..
မြက်ရိုင်းပင် .. အလိုတူတိုင်း ..
[ရှင်သန်ခြင်း အခြေခံအတွက် ..]
ယိမ်းပါး ကခုန်နေကြ .. .. ..။
ဒီဝရန်တာလေးရဲ့ ..
ဟိုတဖက် လွင်ပြင်လျှိုထဲ ..
ထီးတည်းသော အရိပ်အိုတွေ ..
အုံ့မှိုင်း နှစ်ချို့ပေမယ့် ..
ငှက်တသောင်းမက .. နားစေခဲ့ဖူးသတဲ့ ..
မြင်ကွင်းလေးရေ ..
တကယ့်ကို .. သောမနသပါပဲ ..
လေရိုင်းတွေ .. အဆင်ခြင်မဲ့လေတော့ ..
[ရှင်သန်ခြင်း အခြေခံကို မငဲ့ကွက် ..
ဒီတော့လည်း .. .. .. .. ]
အတုံးအရုန်းနဲ့ .. လဲပြိုရှာကြ .. .. ..။
လောကရဲ့ သဘောအလိုအရ ..
မြက်ရိုင်းပင်ထုံးပဲ .. နှလုံးမူသင့်ရော့သလား ..။
ဒီဝရန်တာလေးရဲ့ .. ဟိုတဖက် လွင်ပြင်လျှိုထဲ ..
ဟိုဒီ ပျံဝဲ .. ပျံလွှားငှက်လေးတွေ ..
ခရီး ဘယ်များ .. ဆက်ကြမလဲကွယ် ..
အော်စကာဝိုင်းလ်ရဲ့ “မင်းသားလေး” ဆီ ..
တခါတခေါက် ဖြစ်ဖြစ် .. ၀င်ပေးခဲ့ကြပါ ..
အပြန်ခရီးမှာ .. မင်းသားလေးရဲ့ နှလုံးသား ..
ကောင်းကင် တမန်တော်ထံပါးက ..
မဖြစ်မနေ .. လက်ဆင့်ကမ်းခဲ့ပါ ..
ဒီကမ္ဘာမြေ .. နေရာအနှံ့ ..
သူ့နှလုံးသားရဲ့ အနှစ်သာရတွေ ..
ရက်ရက်ရောရော .. ဖြန့်ဖြူးလိုက်ချင်လို့ပါ .. .. ..။
ဟိုးးတဖက် .. လွင်ပြင်လျှိုအဆုံးရဲ့ ..
စည်းလွတ်ဝါးလွတ် ..
ကောင်းကင်မိုးထက်မှာတော့ ..
တိမ်ရောင်စုံတွေ ..
မင်းရေး .. မင်းသွေး .. ကြွယ်နေကြ ..
အလို ..!
ကြည့်မြင်ရာမှာ ..
နဂါးစက်တွေချည်းပါလား ကွယ်ရို့ .. .. ..။
၂၅ အောက်တိုဘာ ၂၀၀၈။