ဒီဝရန်တာလေးရဲ့ ..
ဟိုတဖက် လွင်ပြင်လျှိုထဲ ..
မြက်ရိုင်းပင် .. ရှည်မြောမြောတွေ ..
အုံ့အုံဆိုင်းဆိုင်းနဲ့ .. စုဖွဲ့နေကြပေါ့ ..
မြင်ကွင်းလေးရေ ..
တကယ့်ကို .. မယဉ်မရိုင်းပါပဲ ..
လေရူးတွေ .. ကျီစယ် ကလူကြတော့ ..
မြက်ရိုင်းပင် .. အလိုတူတိုင်း ..
[ရှင်သန်ခြင်း အခြေခံအတွက် ..]
ယိမ်းပါး ကခုန်နေကြ .. .. ..။
ဒီဝရန်တာလေးရဲ့ ..
ဟိုတဖက် လွင်ပြင်လျှိုထဲ ..
ထီးတည်းသော အရိပ်အိုတွေ ..
အုံ့မှိုင်း နှစ်ချို့ပေမယ့် ..
ငှက်တသောင်းမက .. နားစေခဲ့ဖူးသတဲ့ ..
မြင်ကွင်းလေးရေ ..
တကယ့်ကို .. သောမနသပါပဲ ..
လေရိုင်းတွေ .. အဆင်ခြင်မဲ့လေတော့ ..
[ရှင်သန်ခြင်း အခြေခံကို မငဲ့ကွက် ..
ဒီတော့လည်း .. .. .. .. ]
အတုံးအရုန်းနဲ့ .. လဲပြိုရှာကြ .. .. ..။
လောကရဲ့ သဘောအလိုအရ ..
မြက်ရိုင်းပင်ထုံးပဲ .. နှလုံးမူသင့်ရော့သလား ..။
ဒီဝရန်တာလေးရဲ့ .. ဟိုတဖက် လွင်ပြင်လျှိုထဲ ..
ဟိုဒီ ပျံဝဲ .. ပျံလွှားငှက်လေးတွေ ..
ခရီး ဘယ်များ .. ဆက်ကြမလဲကွယ် ..
အော်စကာဝိုင်းလ်ရဲ့ “မင်းသားလေး” ဆီ ..
တခါတခေါက် ဖြစ်ဖြစ် .. ၀င်ပေးခဲ့ကြပါ ..
အပြန်ခရီးမှာ .. မင်းသားလေးရဲ့ နှလုံးသား ..
ကောင်းကင် တမန်တော်ထံပါးက ..
မဖြစ်မနေ .. လက်ဆင့်ကမ်းခဲ့ပါ ..
ဒီကမ္ဘာမြေ .. နေရာအနှံ့ ..
သူ့နှလုံးသားရဲ့ အနှစ်သာရတွေ ..
ရက်ရက်ရောရော .. ဖြန့်ဖြူးလိုက်ချင်လို့ပါ .. .. ..။
ဟိုးးတဖက် .. လွင်ပြင်လျှိုအဆုံးရဲ့ ..
စည်းလွတ်ဝါးလွတ် ..
ကောင်းကင်မိုးထက်မှာတော့ ..
တိမ်ရောင်စုံတွေ ..
မင်းရေး .. မင်းသွေး .. ကြွယ်နေကြ ..
အလို ..!
ကြည့်မြင်ရာမှာ ..
နဂါးစက်တွေချည်းပါလား ကွယ်ရို့ .. .. ..။
၂၅ အောက်တိုဘာ ၂၀၀၈။
တကယ့်ကို .. မယဉ်မရိုင်းပါပဲ ..
ReplyDeleteလေရူးတွေ .. ကျီစယ် ကလူကြတော့ ..
မြက်ရိုင်းပင် .. အလိုတူတိုင်း ..
[ရှင်သန်ခြင်း အခြေခံအတွက် ..]
ယိမ်းပါး ကခုန်နေကြ .. .. ..။
99 ရေ---
ကဗျာလေးကို သုံးလေးကြိမ်မက ဖတ်နေမိတယ်----
တကယ့်ကို အနှစ်သာရ ရှိပေတယ်----
ဖတ်ရင်းလေ----တိမ်တိုက်တွေထဲ---လွှင့်မျှောသွားသလို
အနုပညာ မြောက်မှုကို ခံစားရပါတယ်---
ဖန်တီးသောအနုပညာများ ကို နှစ်သက် လေးစားလျက်--