Showing posts with label ကဗျာ။. Show all posts
Showing posts with label ကဗျာ။. Show all posts

Monday, October 22, 2018

"အလင်းအိမ် ..။"

ညီမလေးနဲ့ ညီလေး ..
အလင်းအိမ်လေးတွေ 
အထူးတလည် .. 
ထွန်းညှိတဲ့ အချိန် ရောက်လာပြန်ပြီ ..။

မိုးလေကင်းလွတ်တဲ့ .. 
သာသာယာယာ ဒီလို ကာလမှာ ..
အိမ်တွင်း .. အိမ်ပြင် 
အမှောင်ကင်း .. 
လင်းလက်တောက်ပစေဖို့ ..
အလင်းအိမ်လှလှလေးတွေ 
တန်ဆာဆင်ကြတယ် မဟုတ်လား ..

ဒါဆို ..
ရင်တွင်းနက်နက်ထဲမှာ .. 
တိတ်တိတ်လေး မှောင်မိုက်နေမယ့် .. 
အလင်းအိမ်လေး ရှိနေတာကိုရော ..
သတိပြုမိရဲ့လား .. 

ကိုယ့်နှလုံးသားထဲက အလင်းအိမ်လေးဟာ ..
ကိုယ့်ရဲ့ အရေးတယူ ရှိမှုကို ..
အမြဲတမ်း စောင့်မျှော်နေတယ်ဆိုတာ ..
သတိ မမေ့စေချင်ဘူးကွယ် ..

ပြင်ပက မီးအိမ်အလင်း ..
နှလုံးသားထဲကို ရောက် မရောက် 
မသေချာ နိုင်ပေမယ့် ..
ရင်ထဲက အလင်းဟာ ..
အလုံးစုံသော အမှောင်ထုကို 
ထိုးခွင်း .. 
ဟိုးးးး .. စကြာဝဠာပြင်ပအထိ .. 
လင်းဖြာစေနိုင်ရဲ့ .. 

(ရှင်တော်မြတ်ဘုရားကို 
အကြိုပြုဖို့ .. အကောင်းဆုံးသော
အလင်းစစ်စစ်ပေါ့ ..) 

ညီမလေးရေ .. 
မမေ့ မလျော့ပဲ .. 
ကိုယ့်နှလုံးသားထဲက မီးအိမ်လေးကို 
ကိုယ်ပိုင် အလင်းဓာတ် ..
အရင်ဆုံး ထွန်းညှိနိုင်ပါစေ ..။ 

ညီလေးလည်း .. 
အလင်းစစ်စစ်ကို .. 
နေ့စဉ်နေတိုင်း .. သတိတရ 
သယ်ဆောင်နိုင်သူ ဖြစ်ပါစေ ..။ 

ဒီ "ရင်တွင်း အလင်းဓာတ်" .. 
ချစ်ခင်နှစ်သက်ကြသော ..
ခါးသက် မနှစ်မြို့ကြသော ..
ကျေးဇူးပြုဖူးသော ..
ကျေးဇူးမေ့ဖူးသော ..
အနီးဆုံးသူများကနေ..
အဝေးဆုံးသူများအထိ ..
နက်နက်ရှိုင်းရှိုင်း ..
ဖြန့်ကျက် ထိတွေ့နိုင်ပါစေ ..

အားလုံးသော နှလုံးသားတွေ ..
အလင်းစစ်စစ်ရဲ့ ကြည်လင်မှုမှာ ..
ငြိမ်းချမ်း လှပနိုင်ပါစေ ..။

--99--
22/ Oct/ 2018
"အလင်းအိမ်" - Sketch by 99






Monday, October 23, 2017

"လိုအပ်သမျှ ..။"


"လိုအပ်သမျှ .." by 99

ဘ၀မှာ ..
များများစားစား ..
မလိုအပ်ပါ ..။



ရိုးရိုးသားသား(နဲ့) ..
ပန်းလေးတပွင့် ..
ပျိုးထောင်တတ်ရုံသာ ..။

-- 99 --

19/ Oct/ 2017

"အသက်ဓာတ် ..။"

"အသက်ဓာတ်" by 99 
ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ 
တနင်္ဂနွေရဲ့  ညနေခင်းဟာ ..
ကားတွေ ပိတ်လို့ ကောင်းနေတုန်း ..။

လျှပ်စီးပန်းခက်တွေ ..
တလင်းလင်း တလက်လက် ..
ဟန်ရေးပြကောင်းနေတဲ့ ..
ဒီလို ညနေခင်းထဲ ..
မိုင်ထောင်ချီ အဝေးက ..
ရေခိုးရေငွေ့လေးရယ် ..
ငါ ..
သတိတရ ရှိနေပါတယ် ..။

-- 99 --
22/ Oct/ 2017

Monday, October 16, 2017

"ပျော်ကျခြင်း ..။"

နှင်းဆီ .. by 99
အတိတ်တချို့  ..
အရည်ပျော်ကျတဲ့ အခါ ..

ချစ်ခဲ့သူလည်း အနားမှာ မရှိ ..
မုန်းခဲ့သူလည်း အနားမှာ မရှိ ..
ကောင်းခဲ့သူလည်း အနားမှာ မရှိ ..
ဆိုးခဲ့သူလည်း အနားမှာ မရှိ ..

မရှိခြင်းတွေဟာ ..
အခါမလပ်သော ..
ရှိခြင်း အဖြစ်သာ ..။

-- 99 --
16/ Oct/ 2017

Wednesday, August 16, 2017

"မြင်ကွင်းကျယ် ..။"

"မြင်ကွင်းကျယ် .." by 99

"တိမ်" ..
မဟုတ် ..
ယမ်းငွေ့ ..
မီးခိုး ..
"မှိုင်း" အသွယ်သွယ် ..
မိုးလုံး အပြည့် ..
နှင်လေရာ ..။
 

-- 99 --
16/ Aug/ 2019

Saturday, August 12, 2017

"မပျောက်ဆုံးခင် ..။"

ဒီလိုပါပဲ ..
တနေ၀င် တနေထွက်မှာ ..
ရင်းနှီးခဲ့တဲ့ အကျွမ်းတ၀င် ရှိမှုတွေ ..
တလွှာခြင်း ကွာကျလို့ ..
တရာသီဝင် တရာသီအထွက်မှာ ..
လွမ်းဆွတ် တမ်းတခြင်းတွေဟာ ..
တပွင့်ခြင်းစီ နှုတ်ဆက်လက်ပြ ..
တဖြုတ်ဖြုတ်နဲ့ ကြွေကျနေကြရှာတယ် ..။

အလွမ်းထုရဲ့ ကန့်လန့်ကာနောက်မှာ
ရစ်ထွေး ယက်လုပ်နေဆဲ ..
တွယ်တာစရာ နှောင်ကြိုးတွေလည်း ..
တကြိုးပြီး တကြိုး ..
ပြေလျော့ ..
ပြတ်တောက် ..
နောက်ဆုံးတော့ ..
အငွေ့ပျံ .. .. .. ပျောက်ဆုံး ..။

ငှက်တွေတောင် အဝေးပျံကုန်ကြပြီ ..
အေးလေ ..
အားလုံးဟာ ..
သဘာဝတရားရဲ့ အလိုတော်အတိုင်းပါပဲ ..။

[နောက်တရာသီမှာ ..
မုန်သုံသယ်ယူလာမယ့် ..
တိမ်တိုက်တွေထဲ ..
(အလွမ်းတွေရယ်)
မမေ့မလျော့နဲ့ ပြန်လာခဲ့လိုက်ပါ ..
ချစ်ခြင်း တောအုပ်တွေ ..
လန်းဖြာ ကျန်းမာစေဖို့ပါ ..။]

-- 99 --
12/ Aug/ 2017
"သက်တန့်ရောင် ဘ၀များ .." by 99

Sunday, July 23, 2017

"သုညရဲ့လှိုင်း ..။"

ညီမလေးရေ ..
ငှက်တွေတောင် 
အိမ်ပြန်ကုန်ကြပြီ ..
ငါ့မှာတော့ အရွေ့သုညမှာ 
ရပ်မြဲ ရပ်နေရဆဲပါပဲ ..။

နှလုံးသားရဲ့ ကွန်တိုလှိုင်းတွေ
အနိမ့်အမြင့် မညီမညာ ဖြစ်ရတဲ့အခါ ..
ဂစ်တာကြိုးညှိခဲ့ကြတဲ့ ကာလတွေကို
မဆီမဆိုင် ..
လွမ်းဆွတ်နေမိတော့တယ် ..။

အဲ့ဒီတုန်းက ..
ငါက ဂစ်တာကြိုးညှိ ..
ညီမလေးက အနားမှာ ရယ်မော ..
ဂစ်တာအိုလေးရဲ့ ကြိုးတွေ 
အလွယ်တကူ ညှိလို့မရပေမယ့်
နှလုံးသားရဲ့ ကွန်တိုလှိုင်းတွေ
အတိုင်းမသိ ညီညွတ်ခဲ့ကြတယ် ..။

ညီမလေးရေ ..
ဘ၀ဆိုတာ ..
ချိုမြသာယာတဲ့ သံစဉ် တပုဒ်တဲ့ ..။
ဒီတခါတော့ .. င့ါရင်ထဲက သံစဉ်ချိုလေး ..
ညီမလေးကို နားထောင်ခွင့်ပေးအုံးမယ် ..
ခေါင်းမာ တင်းခံနေသေးတဲ့ ..
အခါးလှိုင်းတွေ .. 
အန်ထုတ်ပြီးတဲ့ အခါကျရင်ပေါ့ ..။

--99--
24/ July/ 2017
 
"ညီမလေးအတွက် .." by 99

Monday, July 17, 2017

"မိတ်ဆွေ ..။"

သေခြင်းတရားကို ..
ကြောက်ရွံ့တဲ့ အခါ ..
နေခြင်းတရားဟာ ..
အိပ်ပေါက်နဲ့ ဖားကောက်နေရသလို ..။

သေခြင်းကို ကျောခိုင်း .. 
မသိ ကျိုးကျွန်ပြုထားတဲ့ အခါ ..
နေခြင်းရဲ့ ပျော်ရွှင်စရာဟာ ..
ခုတောက်ပြီး .. ခုငြိမ်းတဲ့ .. 
ကောက်ရိုးမီးမှုန် တစသာသာ ..။ 

တကယ်တော့ ..
သေလွန်ချိန်အတွက် ..
အသီး အပွင့်တွေဟာ ..
ရှင်သန်ချိန်ရဲ့ ..
ပေါင်းသင် ပျိုးထောင်ရာက ..
ပြောင်းလဲ ဖြစ်တည်လာခဲ့ရတာ ..။

ဒီတော့ ..
ပေါ့ပါး စစ်မှန်တဲ့ ..
နေခြင်းတရားအတွက် ..
နောက်မကျသေးခင် ..
(သူ့ မျက်နှာခြင်းဆိုင်က ..)
သေခြင်းတရားနဲ့ ..
ခေါ် .. ပြော ..
ရင်းနှီး ..
မွေ့လျော်ကြစို့ရဲ့ ..။ 

-- 99 --
17/ July/ 2017



Wednesday, July 5, 2017

"အိပ်မက် ..။"

"Dream" -- sketch on Note 3 by 99
အိပ်မက်တချို့က တောက်ပဖို့ ..
အိပ်မက်တချို့က ချောက်ချဖို့ ..
အိပ်မက်တချို့က ..
ရိုးရိုးသားသား ရင်ခုံရုံ ..
အိပ်မက်တချို့က ..
မှောက်မှောက်မှားမှား ပျော်ရွှင်ရုံ ..
အိပ်မက်တချို့ ..
လေဟုန် စီးကောင်းနေတုန်း ..
အိပ်မက်တချို့ ..
တွင်းနက်နက်မှာ ပိတ်မိနေဆဲမို့ ..
လက်လွှတ်ခြင်းဖြင့်သာ ..
လက်ခံပေးလိုက်ပါ ..။ 


-- 99 --
5/ July/ 2017

"ဘ၀ ..။"

"Life" -- sketch on Note 3 by 99
မိုးထဲ ..
လေထဲ ..
မြက်ရိုင်းပင်
ရှည်ရှည်လေးရဲ့ ..
အဖျား စုစုလေးပေါ်မှာ ..
တွဲလွဲခို ..
ရှင်သန် ..
ပျော်ရွှင်နေတဲ့ ..
မိုးစက်လေးဟာ ..
ကျနော် .. ။


-- 99 --
4/ July/ 2017

"အပျော် ..။"

ယုံကြည်ရာမှာ ..
ပျော်ရွှင်နေတာ ..
အောင်မြင်တာပဲ ..။ 

-- 99 --
3 July 2017
"City" -- sketch on Note 3 by 99

Sunday, May 28, 2017

"နောက်ကျခဲ့တယ် ..။"

၂၁ နှစ် ..
ပြန်တွေ့ရင် မှတ်မိပါ့မလား ..။
ကျနော့်ဆံပင်တွေတောင် ညှပ်ထားတယ် ..
(မှတ်မိလို မှတ်မိငြား ..)
ဒါပေမယ့် ..
"ပြန်ဆုံခွင့်" ဆိုတာ မရှိနိုင်တော့ပါဘူး ..။


ချစ်ခြင်းကို ချစ်ခြင်းသက်သက်နဲ့ ..
ဖေးမခွင့် မရခဲ့တဲ့ ကာလတွေအတွက် ..
ဇာတ်နာတယ် ..။


နောက်ဆံတင်းတင်း ပျော်ရွှင်စမ်းပါလို့ ..
တိုက်တွန်းခွင့် မရခဲ့တာတွေအတွက် ..
ဇာတ်နာတယ် ..။


နောက်ဆုံးတွေ့ခဲ့တုန်းက ..
ညို့ညို့မှိုင်းမှိုင်း စွတ်စွတ်စိုစို အိမ်အပြန် ညတခုအတွက် ..
ဖြောင့်တန်းညီညာတဲ့ လမ်းတခု ..
ညွှန်ပြမပေးလိုက်နိုင်ခဲ့လို့ ..
ဇာတ်နာတယ် ..။


ခုနေ ပြန်တွေ့ရင် ..
ချစ်ခြင်းဟာ ..
ငြိမ်းချမ်းတယ် ဆိုတာလောက်တော့ ..
ပြောပြချင်တယ် ..။ 


အပူလွင်ပြင်မှာ ဖြတ်သန်းရတဲ့အခါ
နောက်ကြောင်းအေးတဲ့ အပြုံးတွေနဲ့
ရှေ့ဆက်နိုင်တာ ပြောပြဖြစ်လိမ့်မယ် ..။


ရှင်ကွဲ ဆိုတာ ..
သုံးသပ်ခွင့် .. ပြင်ဆင်ခွင့် ..
အဝေးကနေ ဆုတောင်းနေခွင့်ရှိနေသေးလို့ ..
ဘယ်လိုဖြစ်ဖြစ် အပြန်တရာ ကောင်းနေသေးတယ် ..။


လောလောဆယ်တော့ ..
တရေးနိုးအတွေးမှာတောင် ..
ဘယ်အရပ်မှာ ရှိနေနိုင်တယ်ဆိုတာ
မသိနိုင်တဲ့ ခွဲခွာခြင်းနဲ့ အဆုံးသတ်ရတာ ..
ဇာတ်အနာဆုံးပဲ ..။


အသိုင်းအ၀ိုင်းရဲ့ စံနှုန်းတွေအလိုကျ ..

ကျနော် လူလားမမြောက်သေးပေမယ့် .. 
ချစ်ခြင်းတွေနဲ့ အလွမ်းတွေတော့ ..
လူလားမြောက် ရင့်ကျက်နေပါပြီ .. ဆိုတာလေး
စကြာဝဠာလှိုင်းတွေက တဆင့် ..
အမှာပါးချင်တယ် ..။ 


ကျနော့် ချစ်ခြင်းတွေ
လက်ခံရရှိပါစေ ..
ရောက်လက်စ တနေရာရာမှာ ..
ဟောဒီ ချစ်ခြင်းစစ်စစ်တွေရဲ့ ပွေ့ပိုက်မှုမှာ ..
ငြိမ်းချမ်း ပျော်ရွှင်နိုင်ပါစေ ..။

-- 99 --
၂၉ မေ ၂၀၁၇။

Wednesday, February 22, 2017

"မေတ္တာပန်း ..။"

ကမ္ဘာမှာ ..
လောက အကြည်ဓာတ် အတွက် ..
ပန်းတွေ .. ပွင့်ကြတယ် ..။


ကျေကျေနပ်နပ် ..
သေသေသပ်သပ် ..
အငြိုးအတေး မရှိ ..
အတွက်အကပ် မရှိ ..
အသွား အပြန် မလို ..
မေတ္တာချိုချိုနဲ့ ..
ပန်းတွေ .. ပွင့်ကြတယ် ..။ 


ပန်းတွေ နှလုံးသားက ..
ဆန့်ထုတ်လိုက်တဲ့ .. ရက်ရောမှု
မြင်သူရင်ကို ဗဟိုပြု ..
ကြည်နူးမှု အစုစု ဖြစ်စေတဲ့ လှိုင်း ..။ 


တစ်ယောက်ကနေ တစ်ရာ ..
ကြည်နူးခြင်း လှိုင်းများ ..
ကူးလူး .. ပျံ့နှံ့ ..

အားကောင်း ဝေဖြာပါ ..

[အကြည်ဓာတ်အတွက် ..
အကြည်ဓာတ်လေး သယ်ဆောင်ခဲ့ရန်သာ ..။] 

-- 99 --
၂၂ ဖေဖော်ဝါရီ ၂၀၁၇။

Wednesday, January 11, 2017

"ပွင့်ချိန် ..။"

ဒီမျက်တောင်မည်းလေး အပင့် ..
ငါ့ စကြာဝဠာထဲ ..
ပန်းတွေ .. ပန်းတွေ ..
အပြိုင်းအရိုင်း .. ပွင့် ..။

-- 99 --
၁၀ ဇန်န၀ါရီ ၂၀၁၇။

Tuesday, December 6, 2016

"ကိုယ့် စကြာဝဠာ ..။"

ညအချိန်မတော်ကြီးမှ ..
ရုတ်တရက်ဆိုသလို ..
သက်တန့်တစင်း ပွင့်လာလေရဲ့ .. ။

အချိန် မဟုတ် .. အခါ မဟုတ်လို့ ဆိုတော့ ..
သက်တန့်က ရယ်တယ် ..။

"အချိန် .. အခါ .. ဆိုတာထက် ..
အဖြစ်အပျက်နဲ့ ရှုမြင်သူ ..
ဒီနှစ်ခု အကြားက .. နှလုံးသား ထောင့်ချိုးနဲ့ ..
ပိုမို သက်ဆိုင်တယ်ကွဲ့ .."
သက်တန့်က ဆိုတယ် ..။

ဟုတ်တော့လည်း ဟုတ်သား ..
တနေ၀င် .. တနေထွက်မှာ ..
တရစပ် ဖြစ်ပွားနေတဲ့ .. အရာတွေ အကြား ..
ဘယ်တခုကိုများ ကိုယ့်နှလုံးသားနဲ့
ထောင့်ချိုးတခု ဖော်ခဲ့မိပါလိမ့် ..။

ဒီတော့ ..
သက်တန့်က ပြောပြန်တယ် ..
ကိုယ်ကိုယ်တိုင် .. စကြာဝဠာတခု ဖြစ်အောင် "စေ" တဲ့ ..
အဲ့ဒီအခါ ..
ကိုယ်ဟာ .. အရာရာ ..
(တနည်းအားဖြင့် ..)
အရာရာဟာ .. ကိုယ် .. ။

ကိုယ်ဟာ ..
ကောက်ယူ သိမ်းဆည်းထားလို့ မရနိုင်တဲ့ ..
သဲသောင် ကမ်းစပ်ဆီက ..
ဖြူဖြူ မွမွ .. လှိုင်းငယ်တပွေ့ ..

ကိုယ်ဟာ ..
တနေမ၀င်ခင် .. အချိန်မှီ ဆောင်းခိုနိုင်ဖို့ရာ ..
အလောသုံးဆယ် ဖြတ်သန်းသွားနေတဲ့ ..
ကောင်းကင် အစွန်းက ငှက်တအုပ် ..

ကိုယ်ဟာ ..
နွေးနွေးထွေးထွေး .. မြေသားထုထဲ ..
နက်သထက် နက်အောင် ..
တိုးဝှေ့ဆန့်ထွက်နေတဲ့ .. သစ်မြစ်ငယ်ကလေး ..

ကိုယ်ဟာ ..
ဆောင်းဦးမှာ .. ကြွေကျလာမယ့် ..
နောက်ဆုံးရဲ့ နောက်ဆုံးသော .. 

သစ်ရွက်ခြောက်ကလေး ..

ကိုယ်ဟာ ..
တိတ်တိတ်ဆိတ်ဆိတ် .. သစ်တောအုပ်ထဲ ..
မြေမှုန်အထပ်ထပ်တွေ အောက်မှာ .. 

အိပ်မောကျနေရစ်တဲ့ ..
ကျောက်စရစ်ခဲတုံးလေး ..

ကိုယ်ဟာ ..
ကိုယ့်သံစဉ် ကိုယ်သီကုံးလို့ ..
ကိုယ့်ကိုယ်ကိုယ် သယ်ဆောင် ခရီးဆက်နေတဲ့ ..
ပျော်ပျော်ရွှင်ရွှင် .. စမ်းချောင်းငယ်လေး ..

ကိုယ်ဟာ ..
ဆောင်းမနက်ခင်း လေပြေထဲမှာ စီးမြောလာခဲ့တဲ့ ..
သင်းသင်းပျံ့ပျံ့ .. စံပါယ်ပန်း ရနံ့လေး ..

(အဖြစ်ချင်ဆုံးတော့ ..)
ကိုယ်ဟာ ..
လူတကာရင်ထဲ ထိုးဖောက်ရောက်ရှိချင်တဲ့ ..
နူးနူးညံ့ညံ့ အပြုံးပန်းတပွင့် ..

(လောလောဆယ်တော့ ..)
ကိုယ်ဟာ ..
ချစ်သူနှစ်ဦး မေ့လျော့ ထားရစ်ခဲ့လေတဲ့ ..
ခပ်နွဲ့နွဲ့ မြက်ခင်းစိမ်းတွေ ကြားက ..
မြေနီရောင် ဖုန်ထူထူတွေ ..
တနင့်တပိုး .. သယ်ပိုးထားနေရတဲ့ လမ်းသွယ်လေး ..။

နေ့နေ့ .. ညညတွေကို ..
ဒီလမ်းသွယ်လေးထဲကနေ .. မျှော်ကြည့်ခံစား ..
ကောင်းကင်ကြီးဆီ ကိုယ့်လက်တွေ လှမ်း ..
တိမ်တွေကို နမ်းရှိုက်ရင်း ..
အရာရာဟာ .. ကိုယ် ..
ကိုယ်ဟာ .. အရာရာအဖြစ် ..
ရွေ့ .. လျား .. .. .. ။

ဒီညတော့ ..
ဆန်းစ လကွေးကွေးလေးနားမှာ ..
လင်းတစ လက်တစ ..  အရောင်ပြနေမယ့် ..
ကြယ်ပန်းပွင့်လေး ဖြစ်ကြည့်မယ် ..။

အင်း ..
အဖြူ အမည်း .. ရောရှက်နေတဲ့ ဘ၀ထဲမှာ ..
နှလုံးသားရဲ့ ထောင့်ချိုးတွေ ..
သိမ်မွေ့ ညင်သာလာတဲ့အခါ ..
အရောင်အသွေး စုံတဲ့ ..
သက်တန့် အစင်းစင်း ..
အုံ့မိုး ဝေဖြာနေလိမ့်မယ် ..

ဒီအခါ ..
ကိုယ်နဲ့ ကိုယ့်စကြ၀ဠာလေးဟာ ..
ဥတုသုံးပါးအတွက် .. အကူညီဖြစ်စေမယ့် ..
အရောင်စုံ .. ထီးလေးတလက်မျှသာ ..။

-- 99 --
၇ ဒီဇင်ဘာ ၂၀၁၆။

Monday, December 5, 2016

"အိမ်ရဲ့ အဝေး ..။"

ညနေခင်းဟာ ..
ခန့်ခန့်ထည်ထည်ပဲ ..
ဖြတ်သန်း ပျံဝဲသွားခဲ့ ..
ဟော ..ငှက်တွေတောင် "အိမ်" (ပြန်) ပျံကုန်ကြပြီ ..
ငါလည်း .. ပျံချင်ရဲ့ ..
ဒါပေမယ့် ..
"အိမ်" ကိုတော့မဟုတ် ..
ငှက်တအုပ် တောင်ပံဖြန့်ရာ ..
ဟောဟို .. ဝေဟင်ထဲကို .. ။

-- 99 --
၅ ဒီဇင်ဘာ ၂၀၁၆။

Monday, November 28, 2016

"တုံ့ပြန်မှု ..။"

ပေးတိုင်းတော့ .. ပြန်မရနိုင်ဘူးပေါ့ ..
ပြန်မရနိုင်တိုင်းသာ .. မပေးဖြစ်တော့ဘူးဆိုရင် ..
ဒီကမ္ဘာမှာ .. ချစ်ခြင်းဆိုတာ .. 

ဆိတ်သုဉ်းသွားလိမ့်မယ် ထင်ပါရဲ့ .. ။
နင့်ဆီက .. ငါ လိုချင်တာနဲ့ ..
ငါ့အတွက် .. နင် ပေးနိုင်ခဲ့တာတွေ ..

ငါ့ဆီက .. နင် မျှော်လင့်ခဲ့တာနဲ့ ..
နင့်အတွက် .. ငါ တကယ် ပေးဖြစ်ခဲ့တာတွေ ..
သေချာ တွေးကြည့်တော့ ..
ခုထိလည်း ..
ထပ်တူ မကျနိုင်သေးပါဘူးကွယ် .. ။
ဒါပေမယ့် ..
နင့်ရဲ့ ချစ်ခြင်း အပိုင်းအစတခုဟာ ..
ငါ နေတတ်ဖို့ ..
ငါ ကျေနပ်ဖို့ ..

ငါ ပျော်ရွှင်ရာ ..
ငါ ကျင်လည်ရာ ..
ငါ့ နှလုံးသား တည်ရာ .. အတွက် 
ဟောဒီ ကမ္ဘာပေါ်မှာ ..
အကောင်းဆုံး အကြောင်းတခုပေါ့ .. ။
အကျိုးဆက် ကောင်းတွေကို .. 
မမျှော်လင့်သင့်တော့ပေမယ့် .. 
ငါ .. အတ္တထူထူနဲ့ မျှော်လင့်နေအုံးမယ် ..။
ရိုးသားတဲ့ ရင်ခုန်သံတွေ .. 
တုံ့ပြန်မှု ရှိပါစေလေ .. ။

-- 99 --
၂၈ နိုဝင်ဘာ ၂၀၁၆

"ဆက်ရန် ..။"

တိုးတိုးဖွဖွ အပြုံးတစနဲ့ ..
စကားတွေ ဖောင်ဖွဲ့နေတဲ့
ချစ်သူရယ် ..။
ဖွေးမြ တောက်ပ .. 

ကြယ်တာရာတွေလို လှလှပပနဲ့ ..
တဖွဖွ ကြွေဆင်းလာနေတဲ့ ..
နှင်းပွင့်တွေရယ် ..။

အို .. .. ..
... 
..
နူးညံ့ ... ... ...

တိတ်ဆိတ်လိုက်တာကွယ် ..။
ဟောဒီ .. စကြာဝဠာ တံတိုင်း ..
အတွင်းနဲ့ အပြင်မှာ ..
လှုပ်ရှားမှု အရာရာ .. ရပ်တန့် ..
ငိုသံတွေ ..  တိုးဖျော့ငြိမ်သက်လို့ ..

သောကမီးလျှံတွေ အစား .. 
ငြိမ်းအေးခြင်း ပန်းတွေ .. နေရာယူ ဖူးပွင့်ကြ ..
အချိန် နာရီတိုင်းမှာ ..
(အလုံးစုံ ချစ်ခြင်းတခုကြောင့် ..)
သိမ်မွေ့ ညင်သာတဲ့ .. 
ရင်ခုန်စည်းချက်တွေပဲ ဖြန့်ဝေပေးဆပ်ကြရအောင် ..
...
..
.
အင်းး .. .. .. 

အိပ်မက်ဆိုရင်လည်း .. 
ဆက်ရန် ... ရှိကြမယ်ကွယ် ..။ 

-- 99 --
၂၈ နိုဝင်ဘာ ၂၀၁၆။

Wednesday, October 26, 2016

"သတိရလို့ .. ရေးတဲ့စာ ..။"

ကိုယ်က ဖြေလျော့ခဲ့တာလား ..
သူက ဖြတ်တောက်ခဲ့တာလား ..
ဘယ်သူက .. ဘယ်သူ့ကို .. ဖြေလျော့ခဲ့တာလဲ ..
ဘယ်သူက .. ဘယ်သူ့ကို .. ဖြတ်တောက်ရစ်ခဲ့တာလဲ ..
သေချာတာကတော့ ..

ကိုယ်တို့ .. ပြေလျော့ ဝေးကွာခဲ့ကြပါတယ် ..။
မေ့လျော့ .. မြုပ်နှံထားနိုင်ခဲ့တယ် ထင်ခဲ့တဲ့ ..
ဘေးထိုးတွန်းဖယ် ထားနိုင်ခဲ့တယ် ထင်ခဲ့တဲ့ ..
ဆယ်စုနှစ် တခုစာ ..
သတိရ .. တမ်းတ .. လွမ်းဆွတ်ခြင်းတွေဟာ ..
အဲ့ဒီနေ့က ..
အဖျားခတ် မွှေနှောက်သွားခဲ့တဲ့ မုန်တိုင်းလို ..
အဲ့ဒီနေ့က ..
ပြိုကျရွာဆင်းခဲ့တဲ့ မိုးရေဖြူဖြူတွေလို ..
သိစိတ်ရဲ့ အကာအရံ အဆီးအတားတွေကို ..
တွန်းတိုက် တိုးဖယ်လို့ ..
ကိုယ့်ရင်ထဲမှာ .. လှိုင်းထ ဗြောင်းဆန်နေခဲ့တယ် ..။
ဟုတ်တယ် ..! မုန်တိုင်းက ကိုယ့်နှလုံးသားကိုမှ ဗဟိုပြုနေတယ် ..
ကာလများစွာ တိမ်ဖုန်းနေခဲ့တဲ့ .. သတိရခြင်းတွေကို
အကာကွယ် မဲ့စေခဲ့တယ် ..
ကိုယ်မငိုပါဘူး ကလေးရယ် .. ဒါပေမယ့် ..

နှလုံးသား တခုလုံး .. စိုရွှဲ ဆို့နင့်နေခဲ့တာ အမှန်ပဲ ..။
ကိုယ့်ခေါင်းပေါ်ကို တယုတယ အုပ်မိုးပေးတတ်တဲ့ .. 

မင်းလက်ဖ၀ါးလေးကို သတိရတယ် ..
မင်းလည်တိုင်ပေါ်မှာ ခပ်ကွေးကွေးလေး အိပ်ပျော်နေမယ့် .. 

ဆံပင်ဗွေစိမ်းစိမ်းလေးကို သတိရတယ် ..
မင်းကိုယ်တိုင် သတိမထားမိတဲ့ .. 

ရိုးရိုးစင်းစင်း ကိုယ်သင်းနံ့လေးကို .. သတိတရ ရှိတယ် ..
အငြင်းပွား ချော့မြူ ခွင့်ရခဲ့တဲ့ အချိန်ကာလ တခုကို .. သတိရတယ် ..
ဖွဲ့ဖွဲ့နွဲ့နွဲ့ မရှိခဲ့တဲ့ .. ရိုးရိုးသားသား စကားသံတွေကို .. သတိရတယ် ..
ပြေလျော့ ပြတ်တောက်လို့ .. ဝေးကွာရတဲ့ အခါ ..
သတိမမူမိခဲ့သမျှ အရာရာဟာ ..
ချစ်စရာ .. လွမ်းစရာ .. 

သတိတရနဲ့ .. တမ်းတစရာတွေသာ ဖြစ်လို့ ..။
နှလုံးသားရဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံးကနေ ..
ဟောဒီမုန်တိုင်း .. ရုတ်တရက် လှုပ် အနှိုးမှာမှ ..
ကိုယ့်အလွမ်းတွေရဲ့ ဇာတ်ကြောင်းကို .. 

စူးစူးရှရှ ခံစား ကြားနာခွင့် ရခဲ့တယ် ..။
*ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သွားရမယ့် .. ဘ၀ထဲမှာ ..
*နောက်ပြန်လှည့်ကြည့်ခွင့် မရှိတော့မှန်း သိပေမယ့် ..
နွေးထွေးမှုတွေ ပေးခဲ့ဖူးတဲ့ .. လက်တစုံအတွက် ..
တိုက်ဆိုင်ဖူးခဲ့တဲ့ ရင်ခုန်သံတွေနဲ့ .. နှလုံးသားတစုံအတွက် ..
ကျေးဇူးပါကွယ် ..။
 

-- 99 --
၂၄ အောက်တိုဘာ ၂၀၁၆။

*Big Bag - ဝေးသွားလည်း .. စာသားတချို့ ခံစားအသုံးပြုထားပါသည်။

Thursday, October 13, 2016

"ဆိတ်ငြိမ်တဲ့အခါ ..။"

တိတ်တိတ်ဆိတ်ဆိတ် မနက်ခင်းထဲ ..
ခိုတကောင် တောင်ပံခတ်သံ ..
လှိုင်းထ လွင့်ပျံနေခဲ့ .. ။
ကျယ်ပြန့်ကြီးမားတဲ့ ကြေကွဲမှုဆိုတာ ..
တိုးညင်းဆိတ်ငြိမ်တဲ့ စာနာမှုတွေကို ..
ဖြန့်ကျက် ပေါက်ဖွားစေနိုင်ရဲ့ .. ။


အဲ့ဒီငြိမ်သက်ခြင်းတွေ ..
ပိုပြီး နက်ရှိုင်းလာတဲ့ အခါ ..
ပိုပြီး ရှည်ကြာတည်တံ့လာတဲ့ အခါ ..
လိပ်ပြာတကောင်ရဲ့ တောင်ပံခတ်သံကိုတောင် ..
နှလုံးသားရဲ့ နားတစုံနဲ့ ..
ကြည်ကြည်လင်လင် ..
နာကြားခွင့် ရလာနိုင်တော့မှာ .. ။


အင်းး .. .. ..
"ပန်းခေတ်" .. ဆိုတာ
ဆိတ်ငြိမ်မှုကို
တန်ဖိုးကြီးကြီးထား .. ခံစားတတ်သူတွေ
မျှဝေနေထိုင်တတ်တဲ့ .. ကာလတခု ဖြစ်မယ် ..
အဲ့ဒီခေတ်မှာ ..
တိုးညင်းဆိတ်ငြိမ်တဲ့ စာနာမှုထဲကနေ ..
အဖန်မလပ် ပေါက်ဖွားရှင်သန်နေမှာက ..
"လွတ်လပ်သော ပျော်ရွှင်ခြင်း" များသာ ဖြစ်လိမ့်မယ် ..။

-- 99 --
 ၁၄ အောက်တိုဘာ ၂၀၁၆။