Showing posts with label လုပ်အား။. Show all posts
Showing posts with label လုပ်အား။. Show all posts

Sunday, May 18, 2008

နားခိုရာ ပေးကြပါ..။

နာဂစ်မုန်တိုင်း ဒဏ်သင့်သူတွေခမြာ မိုးထဲရေထဲ ရွှံ့ထဲဗွက်ထဲ .. တချို့လည်း ရွံ့ရေတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာတွေမှာ .. ဒီအတိုင်း နေ နေကြရတယ်ဆိုတာ .. နေ့စဉ် ရက်ဆက် မြင်ကြားနေရတဲ့ သတင်းတွေအရ .. သိနေရပါတယ် ..။
ဓာတ်ပုံ - အေပီသတင်းဌာန
အမိုးအကာဆိုတာ ပုံမှန်ရာသီဥတု အနေအထားမှာတောင် ရှင်းပြစရာ မလိုလောက်အောင် အရေးကြီးမှန်း လူတိုင်း နားလည်ကြ ပါတယ်။ ဒီတော့ .. ခုလို အချိန်အခါမဟုတ် မုန်တိုင်းနဲ့အတူ စောစီးစွာ ၀င်ရောက်လာတဲ့ မုတ်သုန်ရာသီမျိုးမှာတော့ အမိုးအကာ အောက်မှာ ခိုလှုံနေထိုင်နိုင်ဖို့ ပိုပြီးတောင် လိုအပ်နေပါတယ် ..။
ကျန်းမာရေး ရှုဒေါင့်အရ အဓိကကျတယ်လို့ ပြောနေခြင်းပါ ..။
မိုးရွာထဲ ဒီအတိုင်းကြီး နေနေရတဲ့အတွက် ... ရက်အနည်းငယ်အတွင်း ဒုက္ခသည်တွေမှာ အဆုတ်အအေးမိရောဂါ .. ၀မ်းရောဂါတွေ ခံစားရပါတော့တယ် ..။ ဒါ့အပြင် အကာအရံမရှိတဲ့ ဟင်းလင်းပြင်ထဲ .. ညနက်တော့ ခြင်ကိုက်ရာကနေ .. ကိုယ်ရေပြားရောဂါ .. တိုက်ဖိုက်ရောဂါ .. သွေးလွန်တုတ်ကွေးရောဂါတွေ .. ရလာပါတော့တယ် ..။ သေကြေ ပျက်စီးမှုတွေကြောင့် .. ညစ်ညမ်းနေတဲ့ ပတ်ဝန်းကျင်က လေတွေကို ရှုရှိုက်မိ နေလို့လည်း ပိုမိုဆိုးရွားတဲ့ အဆုတ်နာရောဂါတွေကို အနှေးနဲ့ အမြန် ခံစားရမှာ ဖြစ်ပါတယ် ..။

ဒါပေမယ့်လည်း .. မုန်တိုင်းက သန်းပေါင်းများစွာသော အိုးအိမ်တွေကို အစအန ပြန်ကောက်ပြီး ပြုပြင်လို့ မရတော့ လောက်အောင် ဖျက်ဆီး ၀ါးမြိုသွားခဲ့ပါတယ် ..။
ဒါဆိုရင် .. ဒီဒုက္ခသည်တွေကို ရေသန့် .. အစားအသောက် .. ဆေးဝါးတွေ လှူနေတာနဲ့ တပြိုက်နက်ထဲပဲ .. အမိုးအကာ အောက်မှာ ပို့ဆောင်ပေးဖို့ လူတိုင်းမှာ စွမ်းဆောင်နိုင်တဲ့အခြေအနေ ရှိပါတယ် ..။
ဒါမှလည်း .. လှူဒါန်း ပေးပို့တဲ့ အစားအသောက်တွေရဲ့ အာဟာရ တန်ဖိုးဟာ .. အမိုးအကာ မရှိလို့ ကျူးကျော် ၀င်ရောက်လာမယ့် ရောဂါတွေကြောင့် အလဟတ်သတ် မဖြစ်မှာပါ ..။

ဒီ .. အမိုးအကာအတွက်ကိုလည်း နိုင်ငံတကာကနေ ကျနော်တို့ မြန်မာနိုင်ငံသားတွေ တတ်စွမ်းသရွေ့ ကူညီနေတာ ကြားရပါတယ် ..။ အမေရိကန်နိုင်ငံက ကျနော့် သူငယ်ချင်းတချို့ကတော့ ဓနိမိုး .. ဓနိကာတဲ့ အိမ်လေး တလုံးကို မြန်မာငွေ ငါးသောင်းနှုန်းနဲ့စုပြီး ရွှေပြည်သာဘက်က ဒုက္ခသည်တွေအတွက် လှူဒါန်းနေကြပါတယ် ..။

ကျနော်လည်း ရလာတဲ့ စိတ်ကူးလေးကို အကောင်အထည် ဖော်ဖို့ အလှူငွေ ကောက်ခံနေပါတယ် ..။
အဲဒါကတော့ .. တာလပတ်မိုး တာလပတ်ကာ ထားတဲ့ ယာယီ တဲလေးတွေ လှူဒါန်းဖို့ပါ ..။
ကျနော်တို့ ရည်မှန်းထားတဲ့ တဲပုံစံကတော့ အခုလို ခပ်ရှင်းရှင်း ဒီဇိုင်းလေးပါပဲ ..။
ဖရိမ် (Frame) ကတော့ ၀ါးလုံးတွေနဲ့ပဲ လုပ်မှာပါ ..။
တာလပတ် ၅ ကိုက် အနည်းဆုံး လိုအပ်ပါတယ် ..။
အဲဒီအတွက် ယာယီတဲတလုံးစာကို ..
၂၀ ဒေါ်လာ (US$20)
/ ဘတ်ငွေ ၅၅၀ သာ ကုန်ကျပါမယ် ..။

အနည်းဆုံး လူ ၄ ယောက်တော့ ခိုလှုံနိုင်ပါတယ် ..။
စိတ်ဝင်စားသူများရှိရင် တဖက်မှာ ဖော်ပြထားတဲ့ အီးမေးကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ..။

... 99 ...
၁၉ မေ ၂၀၀၈။

Saturday, May 17, 2008

လပွတ္တာမှာ ..။

ကျနော့်သူငယ်ချင်းတဖွဲ့တော့ လပွတ္တာမှာ တတ်စွမ်းသရွေ့ ကူညီပေးခဲ့ပါတယ်။
ကျနော် နိုင်းနိုင်း ဘန်ကောက်ကနေ လက်ခံရရှိတဲ့ ဘတ်ငွေ ၈၄၀၀ (မြန်မာငွေ ၃ သိန်း)ကို မေလ ၁၀ ရက်နေ့မှာ ရန်ကုန်မှာရှိတဲ့ လုပ်အားကူညီမယ့် သူငယ်ချင်းတစုဆီကို ပို့ပေးခဲ့ပါတယ်။
ပထမတုန်းကတော့ လှိုင်သာယာအတွက် ကောက်ခံခဲ့ပေမယ့် .. ဒုက္ခသည်ပိုများနေတဲ့ လပွတ္တာဘက်ကို အဆက်အသွယ်လည်း ရသွားလို့ ဦးစားပေးဖြစ်ခဲ့ပါတယ် ..။
တကယ်တော့ ကျနော့်သူငယ်ချင်းတွေက လပွတ္တာကနေရောက်လာတဲ့ ဘုန်းဘုန်းတပါးနဲ့ ဆက်သွယ်မိပြီး အခုလို လှူဖြစ်သွားတာပါ ..။
လပွတ္တာကဘုန်းဘုန်း ဦးစီးပြီး ကောက်ခံရရှိတာရော .. ကျနော်တို့ အလှူငွေ ၃ သိန်းကို ထည့်ဝင်ပြီးတော့ရော .. တခြား သူငယ်ချင်းတွေ ထည့်ဝင်တာနဲ့ပါ .. အားလုံး ၁၀ သိန်းကျော်ဖိုး လှူဖြစ်ပါတယ် ..။

အလှူပစ္စည်းတွေကတော့ ...
ဆန်အိတ် - ၅၀ အိတ်
ရေသန့် - ၆၀၀ ပုလင်း (၁ လီတာပုလင်း)
ဓာတ်ဆား - ၃၀၀ ထုတ်
အခြား မြန်မာလိမ်းဆေး .. သောက်ဆေးများ .. ပါဝင်ပါတယ်။

လပွတ္တာမှာ လှူခဲ့တဲ့ ဘုန်းကြီးကျောင်းတွေကတော့ ...
၁) ဓမ္မဇေယျ ကျောင်းတိုက်
၂) သီရိရတနာ ကျောင်းတိုက်
၃) အသောကာရာမ ကျောင်းတိုက်
၎) ကိုးန၀င်း ပရိပတ္တိစာသင်တိုက်
၅) သရက်တောကျောင်း ပရိပတ္တိစာသင်တိုက်
၆) သာသနောဒယ ကျောင်းတိုက်
အင်းစိန်ရွာမ ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဆောင်ပြီး လိုက်ပါလှူဒါန်းပေးပါသည်။

ဒါ့အပြင် ကြည့်မြင်တိုင် တဖက်ကမ်းမှာလည်း ဆန် ၁၀ အိတ်နဲ့ စုမိသမျှ အ၀တ်အစား ၂ သေတ္တာစာ ပေးပို့ လှူဒါန်းခဲ့ပါတယ်။
သွားလှူတဲ့ လူတွေထဲမှာ ဓာတ်ပုံရိုက်ဖို့ အခြေအနေ မပေးတာကြောင့် .. ပါလာသမျှ ဓာတ်ပုံလေးတွေကိုပဲ ပြန်ဝေမျှလိုက်ပါတယ် ..။

လပွတ္တာမြို့ သရက်တောကျောင်းတိုက်။
သရက်တော ကျောင်းတိုက်မှာ ဆန်အိတ်များချရန် ပြင်ဆင်။
အသောကာရာမ ကျောင်းတိုက်တွင် ခိုလှုံနေသူများအတွက် ရေသန့်ဝေငှ။
ရွာအတွင်းပိုင်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများထံသို့ ပစ္စည်းများကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်။

လတ်တလော ကောက်ခံရရှိငွေများကို ဆက်ပြီး ထိထိရောက်ရောက် လှူဒါန်းကူညီသွားပါမယ်။
အလှူငွေ ထည့်ဝင်ချင်သူများလည်း တဖက်တွင်ဖော်ပြထားသော အီးမေးသို့ မေးမြန်း လှူဒါန်းနိုင်ပါသည်။

... 99 ...
၁၇ မေ ၂၀၀၈။