Friday, July 24, 2015

"ချစ်ခြင်း ညနေ ..။"

ပန်းပွင့်ဖြူဖြူလေးတွေ ..
ဖွေးသန့်အောင် .. ဝေနေတတ်တဲ့  
စိမ်းမှောင်မှောင် .. စင်္ကြာပန်းရုံလေး ..
သူ့အရိပ်အောက်မှာ .. မလှုပ်မရှက်နဲ့ ..
အိပ်မောကျနေမယ့် ..
သစ်သားခုံတန်းအိုလေး ..

ဒီလို ခပ်ဝါးဝါး .. ပိတ်ကား နောက်ခံထဲက ..
ပုစွန်ဆီရောင် ညနေခင်းတိုင်းမှာ ..
ရင်ခုန်ဖက်ကို မပြောပြဖြစ်ခဲ့တဲ့ ..  
ရှိန်းမြသင်းပြသော ချစ်ခြင်းတွေ ..
ဒီ .. ပန်းရုံလေးထက်မှာ .. 
သင်းရနံ့တွေလို .. 
ဝေ .. ခဲ့ ..  
ဝေ .. ဆဲ ..
ဝေ .. မြဲ ..

စင်္ကြာပန်းလေးတွေနဲ့ .. 
လင်းဖွေးနေမယ့် .. ညနေခင်းလေး ..
ပန်းဆီရောင် တိမ်သားထုတွေအောက်မှာ ..
ချစ်ခြင်းတခုကို အလှဆင်နေမယ့် .. ညနေခင်းလေး ..
ခုံတန်းလေး တိတ်ဆိတ် နှုတ်ပိတ်နေလို့ ..
အိပ်မောကျနေရှာမယ့် .. ညနေခင်းလေး ..
မက်မက်မောမော .. 
လွမ်းမိပါရဲ့ ..။

တနေ၀င် .. 
တနေထွက်နဲ့ ..
တိုက်စားသွားနေကြတဲ့ အရာတွေထဲ ..
ပန်းတွေ .. ဖွေးပါစေ ..
အလွမ်းတွေ .. မွှေးပါစေ ..
နွေးထွေးတဲ့ .. ချစ်ခြင်းတွေ ..
သက်လုံ ကောင်းပါစေ ..။

-- 99 --
၂၄ ဇူလိုင် ၂၀၁၅


No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...