Thursday, June 28, 2007

Green Field...

...ငယ်ငယ်က ကစားတဲ့ အ၀ါရောင် မြက်ခင်းပြင် ကိုယ်လေ တစ်ခါပြန်ရောက်ခဲ့ရင်း....
အင်း....
ကျောင်းတုန်းက မြက်ခင်းပြင်မစိမ်းတစိမ်းတွေကို သတိယမိပါရဲ့...၊ စိတ်ကူးနဲ့လည်း ခဏခဏ အလည်သွားခဲ့မိတယ်၊ ကိုယ်က ဒီမြက်ခင်းတွေနဲ့ အဝေးဆုံးမှာ ရောက်နေခဲ့တာကိုး၊
သတိယစရာတွေ ပြောမကုန်အောင်ရှိနေပါလျက်နဲ့ဘာလို့များ ဒီမြက်ခင်းတွေဆီကိုမှ စိတ်က ရောက်နေမိပါ လိမ့်...၊
ဘ၀မှာ မွန်းကြပ်တာတွေနဲ့ ကြုံလာရတိုင်း ပေါ့ပါးလွတ်လပ်ခြင်းဆိုတာကို တောင့်တမိကြတာကိုး...ဒီတော့ အကာအရန် အတားအဆီးတွေ ရှိမနေတဲ့ ကွင်းပြင်တရဟောကြီးပေါ်က စိမ်းလမ်းစိုပြေနေတဲ့.. တခါတလေ လည်း ညိုဝါရောင် ပေါက်နေတတ်တဲ့ မြက်ခင်းပြင်ကျယ်ကြီးကိုပဲ လွမ်းမောတမ်းတမိနေတတ်တာပေါ့၊
တကယ်တမ်းကျတော့ ဒီမြက်ခင်းတွေမှာ ထူးခြားတဲ့ဆွဲဆောင်မှုတွေ ရှိမနေခဲ့ပါဘူး၊ သီချင်းတွေ ဇာတ်လမ်း တွေထဲကလိုလည်း အမြဲတမ်း လှပစိမ်းစိုနေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။ နောက်ပြီး ဒီမြက်ခင်းတွေဟာ နူးညံ့ လှပတဲ့ မြက်ခင်းနုနုတွေလည်း မဟုတ်ပါဖူး၊ ဒါပေမယ့် ဒီမြက်ခင်းတွေဆီမှာ ရိုးစင်းတဲ့ အရိုင်းဆန်မှုတွေ ရှိတယ်...လွတ်လပ်မှုတွေကို ခံစားနိုင်တယ်...ပျိုမြစ်ခြင်းတွေကို အသက်ဝင်စေနိုင်တယ်...
ဒါကြောင့်လည်း...သတိရစရာတွေ တပုံတပင်ကြီးထဲက အဲဒီမြက်ခင်း မစိမ်းတစိမ်းတွေကိုပဲ တမ်းတမိတာပေါ့၊
.......
သေချာစဉ်းစားကြည့်တော့... ဘ၀မှာ လမ်းလျောက်တတ်တဲ့အရွယ်က စလို့ ကိုယ့်အတွက် ဒီမြက်ခင်း မစိမ်းတ စိမ်းတွေက အရေးပါခဲ့တာပဲ။
ညနေဖက်တွေဆိုရင် ချစ်တဲ့အဖေနဲ့ လမ်းလျောက်ရင်း... လေကောင်းလေသန့်ရှူရင်း... ကွင်းပြင်ထဲမှာ ပြေးလွားကစားရင်းနဲ့ပဲ... ဒီမြက်ခင်းတွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။
အသေအချာ လမ်းလျှောက်တတ်ချိန်ရောက်တော့... ချစ်တဲ့အဖေက အနားမှာရှိမနေနိုင်တော့ပဲ ကိုယ်နားမလည်နိုင်တဲ့ တနိုင်ငံတည်းကပေါ်က လူသူမရောက်နိုင်တဲ့ ဒေသတစ်ခုမှာ ကာလအတော်ကြာ လှောင်ပိတ်မိနေလေရဲ့။ အဖေမရှိပေမယ့် အဖေမိတ်ဆက်ပေးခဲ့တဲ့ မြက်ခင်းတွေဆီကို တော့ အရောက်သွားမြဲသွားခဲ့ပါတယ်။ အဖေပြန်လာမယ့် ညနေခင်းတခုကို ပြန်ရဖို့ပေါ့။
ဒီတုန်းက အဖေပြောပြခဲ့ဖူးတဲ့စကားတွေကို နားမလည်နိုင်ခဲ့ပေမယ့် ကိုယ့်စိတ်တွေကို ဒီမြက်ခင်းပြင် စိမ်းစိမ်း ကြီးလိုပဲ ကျယ်ပြန့်ကြီးမားအောင် ကြိုးစားနေခဲ့မိတယ်...၊
မြက်ခင်းတွေ တော်တော်စိမ်းနေတဲ့ ညနေခင်းတစ်ခုမှာ အဖေ အိမ်ပြန်ရောက်လာခဲ့တယ်...အဲဒီနေ့က ကွင်းပြင်ထဲက မြက်ပင်စိမ်းစိမ်းရှည်ရှည်တွေ ညွတ်ကျယိမ်းနွဲ့နေအောင်ကို လေပြင်းပြင်းတွေ တိုက်နေတဲ့နေ့ ပေါ့....။
.......
ဒီလိုနဲ့ အလယ်တန်းရောက်လာတော့ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ဒီမြက်ခင်းတွေပေါ်မှာ
မရေတွက်နိုင်တဲ့ ကစားနည်းပေါင်းမြောက်မြားစွာကို ကစားခဲ့ရင်း ကိုယ့်ရဲ့နေ့တွေဟာ အပူအပင်ကင်းနေခဲ့ပြန်တယ်။ ကိုယ့်ရဲ့ မနက်ခင်းတွေ...ကိုယ့်ရဲ့ နေ့လည်ခင်းတွေနဲ့... ကိုယ့်ရဲ့ ညနေခင်းတွေကို တနည်းတဖုံနဲ့ ပြီးပြည့်စုံစေခဲ့ တာလည်း ဒီမြက်ခင်းတွေပဲလို့ဆိုရင် မှားမယ်မထင်ပါဖူး..။
......
ဟော..အထက်တန်းကျောင်းသားဖြစ်လာတာတဲ့အခါကျတော့... ဒီမြက်ခင်းတွေ.. ဒီကွင်းပြင်တွေက ပိုပြီး အသက်ဝင်လာပြန်ရော... သူငယ်ချင်းတွေနဲ့ ဘောလုံးကန်လည်း ဒီကွင်းပြင်ပေါ်မှာ... လသာတဲ့ညတွေဆိုရင် ၀ိုင်းဖွဲ့ပြီး ဂစ်တာတီးကြတာလည်း ဒီကွင်းထဲမှာ... တခါတလေ ချိန်းပြီးရန်ဖြစ်ကြတာတောင် ဒီကွင်းပြင်ကြီးပေါ် က မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ...
ကျောင်းသွားကျောင်းပြန် ဒီမြက်ခင်းစိမ်းစိမ်းကွင်းပြင်ကြီးကို ခလုတ်တိုက်သွားနေခဲ့ရတာပဲ... အထူးတလည် အရေးပါနေခဲ့တဲ့ အရာတစ်ခုလို့ ဘယ်တုန်းကမှာ မမြင်မိခဲ့ပါဘူး...။
ဒီလိုနဲ့ အထက်တန်းပြီး...တက္ကသိုလ်...။
မြင်နေရလွန်းလို့ မမြင်ချင်တော့လောက်အောင် ဖြစ်နေခဲ့တဲ့ ဒီကွင်းတွေ....
တက္ကသိုလ်ဆိုတဲ့ အဆင့်မြင့်ပညာရေးနယ်ပယ်မှာလည်း အများဆုံးမြင်နေရတာ ဒီကွင်းတွေပါပဲလား။
ဒီတစ်ခါတော့ မြက်ခင်းတွေအစား စိမ်းစိမ်းစိုစို စပါးပင်တွေစိုက်ပျိုးထားတဲ့ လယ်ကွင်းတွေပေါ့...။
သြော်...ဒီတုန်းကတော့ လူသူမနီးအရပ်ဒေသကို ပို့ရမလားဆိုပြီး...
ဒီကွင်းစိမ်းစိမ်းတွေကို လျစ်လျူရှုခဲ့မိတယ်..
ဆက်ရန်...

No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...