Wednesday, February 27, 2008

အရောင်များရဲ့ အသံ ..။

ထိုင်ပေမြို့မှာ မွေးဖွားခဲ့တဲ့ စာရေးသူ “ဂျင်မီလျောင်ဝ်” ဟာ ကင်ဆာရောဂါကနေ လွတ်မြောက်ခဲ့သူပါ။ သူ့ဘ၀ တလျှောက်လုံး ကလေး စာပေနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး .. သူ့စာအုပ်တွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ကမ္ဘာအနှံ့မှာ ထုတ်ဝေခဲ့ပါ တယ် ..။ အခုဖော်ပြထားတဲ့ အရောင်များရဲ့ အသံ” စာအုပ်ကိုတော့ “ဆာရာအယ်လ်သော်မ်ဆမ်” က အင်္ဂလိပ်ဘာသာကို ပြန်ဆိုပေး ထားပါတယ် ..။ ဒီစာအုပ်ကို စင်တင်ပြဇာတ်တွေနဲ့ ကာတွန်းရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပြီးပါပြီ ..။

အရောင်များရဲ့ အသံ” စာအုပ်ထဲက မျက်စိအလင်းအာရုံ ကွယ်ပျောက်သွားခဲ့တဲ့ မိန်းခလေးဟာ ..
ဘ၀အတွက် သူ့မျှော်လင့်ချက် ...
သူမြတ်နိုး နှစ်သက်တဲ့အရာတချို့ ...
ပျောက်ဆုံးသွားခဲ့တဲ့ အလင်းရောင် .. တွေကို ရှာဖွေနိုင်ဖို့ ..
အိမ်ထဲမှာ စိတ်ဓာတ်ကျမနေပဲ ..

စိတ်ကူးအတိုင်း ခရီးထွက်ခဲ့တာကို ပုံဖော်ရေးချယ်ထားတာပါ ..။
သူနဲ့အတူ .. ကျနော်လည်း အတူခရီးထွက်ခဲ့မိပါတယ် .. ကျနော်တို့ဘ၀မှာ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွားတာတွေကို ရှာဖွေ ကြည့်ချင်လို့ပါ ..။

အရောင်များရဲ့ အသံ ..

[စိတ်ကူးနဲ့ နှင်တဲ့ခရီး]

လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး .. ကျမရဲ့အမြင်အာရုံတွေ တဖြည်းဖြည်း ပျောက်ကွယ်လာ တာကို သတိထားခဲ့မိတယ် ..အိမ်မှာ တယောက်တည်း ထိုင်နေရင်းနဲ့ အမှောင်ကမ္ဘာကြီး ကျမဘေးမှာ လွှမ်းခြုံနေရာယူလာတာ ကို ခံစားနေခဲ့တယ် ..
ဒါပေမယ့်
.. ဒီနေ့တော့ မီးခိုးရောင် ခပ်ပျော့ပျော့ မိုးရေတွေထဲကို လမ်းလျှောက်ထွက်လာ ခဲ့တယ် ..
ကျမရဲ့ ဦးတည်ရာက
.. မြေအောက်ရထားဘူတာရုံဘက်ကို ..
ကျမမှာ ရှေ့ဆက်ရမယ့် ခရီးတွေရှိနေသေးတယ်
..
ကျမ ရှာဖွေချင်နေတဲ့ ကိစ္စတချို့ ရှိသေးတယ်
..

မြေအောက်ရထားဘူတာရုံရဲ့ လမ်းဘေး ပလက်ဖောင်းရှိရာ အောက်ဖက်ကို ကျမ ဆင်းသွားတယ် .... အဲဒီမှာက လေတိုက်တာတွေ .. မိုးရွာတာတွေ ဘယ်တော့မှ မရှိ ဘူးလေ ..
ရထားစောင့်နေရင်းနဲ့ ကျမ စပြီး စဉ်းစားမိလိုက်တာက
..
တကယ်လို့များ
.. တကမ္ဘာလုံးက မြေအောက်ရထားလမ်းတွေသာ တလမ်းတည်း ဖြစ်သွားခဲ့ရင် … ကျမ ဘယ်ကို သွားရတော့မလဲ ..
ကျမ စိတ်ကူးလွင့်ဝဲကျတဲ့ .. ဘယ်နေရာမဆိုဖြစ်နိုင်တာပဲနော်
..

နောက်တော့ .. လူတွေပြည့်နှက်နေတဲ့ ရထားထဲ .. ကျမကိုယ်ကျမ အတင်းတိုးဝင်လိုက်ရတယ် ..
ခရီးအဆုံးမှာ
ဒီလူတွေအားလုံးကို .. စောင့်နေမယ့် သက်ဆိုင်ရာ တစုံတယောက် တွေများ ရှိနေမလားလို့ တွေးရင်းနဲ့လေ..

ရထားကြီးက ဘူတာရုံထဲကို တကျွီကျွီ အော်မြည်ပြီး ဆိုက်ကပ်လာတယ် ..
အဲဒီနောက် ရထားကြီးရဲ့တံခါးတွေ လျောကနဲ
ပွင့်လာတယ် ..
အခုတော့ .. ဒီဘူတာရုံလေး ဘာနဲ့တူမှန်းတောင် ကျမ မမှတ်မိတော့ဘူး
..
ကျမအပြင်ကို ထွက်လိုက်ရင်
.. ကျမပတ်ဝန်းကျင်မှာ ဘာတွေများ ရှိနေမှာလဲ ..

ကျမ ဘူတာရုံထွက်ပေါက်ရှိရာ လှေခါးတွေပေါ်ကို တက်သွားတယ် .. ခြေချော်ပြီး လဲမကျဖို့ ဂရုတစိုက်နဲ့ ပေါ့ ..
ဆင်ကြီးတကောင်သွားနေသလို ခပ်အိအိ ခပ်နှေးနှေးပေါ့
..
ဖြေးဖြေးလေးလေး ခပ်အေးအေး စိတ်ရှည်ရှည်နဲ့
.. တလှမ်းချင်းလှမ်းရင်းပေါ့ ..

နောက်ဆုံး .. ကျမလိုဏ်ခေါင်းရှည်ကြီးအပြင်ဘက်ကို လှမ်းထွက်ခဲ့ပေမယ့် .. အလင်းရောင်ကို မမြင်ခဲ့ပါဘူး။ ဒါပေမယ့် .. ကျမအနားမှာ သစ်ရွက်တွေ ကြွေကျနေတာကို ခံစားမိတယ် ..။ နေရောင်ခြည်တွေ ဖြာကျနေလို မျိုးပေါ့ ..
ဒီအနီးအနား တနေရာမှာ ရွှေရောင်သစ်ရွက်လေးတရွက် မြုပ်နှံထားတယ်ဆိုတဲ့ ပုံပြင်တပုဒ်အကြောင်း ကျမ ကြားခဲ့ဖူးတယ်
..

ကျမ ပန်းသီးတွေ ခူးချင်တယ် .. အရည်ရွှမ်းရွှမ်းအသီးကြီးဟာ ကျမလက်ထဲ .. လေးလံနေမှာပဲနော် ..
နီမြန်းပြီး ချိုအီတဲ့အနံ့တွေလည်း သင်းနေမှာ
..
နောက်ပြီး .. လုံးဝန်းပြည့်ဖြိုးနေမှာပဲ ..

ကျမမြေအောက်ရထားဆီကို ပြန်ဆင်းလာခဲ့တယ် ..
ရထားက ကျမကို တခါပြန်သယ်ဆောင်သွားခဲ့တယ်
.. အမှတ်ရစရာတွေလည်း တပါတည်း ယူဆောင်လာရင်းပေါ့ ..

ဘူတာအသစ်မှာ ..
လှေခါးတွေပေါ် နောက်တခါ တက်ရပြန်တယ် ..
ကျမသာ သမုဒ္ဒရာထဲကို ခုန်ထွက်သွားရင် ဘယ်လိုနေမလဲနော်
..
လင်းပိုင်လေးတွေရဲ့ ဘာသာစကားကို ကျမနားလည်တယ်လို့ အိပ်မက်မက်တယ်
..
သူတို့စကားက .. ကျမကို ပင်လယ်ရဲ့လျှို့ဝှက်ချက်တွေ .. သိစေ .. ကြားစေတယ်
..
အင်း .. ကောင်းကင်ကြီး ဘယ်လို အပြာရောင်သမ်းတယ်ဆိုတာတောင် .. ကျမမေ့သွားပြီ ..
ဒါပေမယ့်
.. စိတ်ထဲမှာတော့ တိမ်တွေ ပုံသဏ္ဍန်ပြောင်းနေတာကိုတော့ .. ကြည့်နေ မြင်နေတုန်းပါပဲ ..

လိုဏ်ခေါင်းထဲမှာ ရထားသွားနေတဲ့အသံဟာ .. ဟိုးးး ..ခပ်ဝေးဝေးကမ်းစပ်က လှိုင်းပုတ်သံတွေနဲ့ တူပါလားဆိုတာ ကျမ ဘယ်တုန်းကမှ သတိမထားခဲ့မိဘူး ..

နောက်ဆုံးလှေခါးထစ်ကနေ လှမ်းထွက်လိုက်တဲ့အခါ .. ကျမခြေထောက် အောက်ဖက်မှာ ဘာမှ ရှိမနေဘူးဆိုရင် .. ဘာဖြစ်သွားနိုင်လဲလို့ ကျမတွေးကြည့်မိတယ် ..
လေထုကြီးက ကျမကို ပျံသန်းတတ်အောင် သင်ပေးရင် သင်ပေးမှာပေါ့
..
ငှက်ကလေးတွေကို သင်ပေးသလိုမျိုးလေ
..
ပြီးရင်
.. ကျမကို ရထားတွေရှိတဲ့ဆီ ပြန်သယ်ဆောင်သွားပြီး .. ညင်ညင်သာသာလေး ချပေးလိမ့်မှာပေါ့ ..

တခါတလေ .. လမ်းမတွေက သူတို့ကိုယ်သူတို့ ၀င်္ကဘာတခုလိုပဲ ဟန်ဆောင် တတ်ကြတယ် ..
ဒါပေမယ့်
.. သေသေချာချာ ဂရုတစိုက်ကြိုးစားကြည့်ရင် .. “ထွက်ပေါက်တခုဆိုတာ အမြဲလို ရှိစမြဲပါ..

ဒီဘူတာရုံလေးရဲ့အခြေအနေဟာ မနေ့ကနဲ့ ဒီနေ့ .. အတူတူပဲလားဆိုတာ ကျမဘယ်တော့မှာ သိမှာမဟုတ်ပါဘူး ..
ညတွင်းချင်းပဲ ပြောင်းလဲသွားခဲ့သလား
..
အသစ်တခုအဖြစ်များ ဖွံ့ဖြိုးသွားခဲ့ပြီလား
..
အဲ .. ကမ္ဘာ့ပေါ်ကနောက်ဆုံး ဘူတာရုံကို ကျမ
.. ရောက်နေတာလည်း ဖြစ်နိုင်တာပဲ ..
ဒီလိုဆိုရင်တောင်
.. ကျမခရီးက မဆုံးနိုင်သေးပါဘူး ..
ကျမ လိုချင်တာကို ရှာမတွေ့မချင်းပေါ့ ..

ရထားတွေက ကျမနားမှာ ယိမ်းထိုးလှုပ်ခါ အော်မြည်ရင်း.. အလျင်စလိုပဲ ဖြတ်သန်းသွားလာနေကြတယ် ..
ဘယ်ရထားက ကျမသွားချင်တဲ့နေရာမှန်ကို ရောက်အောင် ပို့ဆောင်ပေးမှာလဲ
..
မြေအောက်ထဲမှာ လမ်းပျောက်ဖို့ဆိုတာ
.. တကယ့်ကို လွယ်လွယ်လေးပဲ ..
ကျမဘယ်နားမှာ ရောက်နေတာလဲ
.. ဘယ်ကို ဆက်သွားမှာလဲ ..
ပြီးတော့
.. ကျမ ရှာဖွေနေတာနဲ့ရော တဖြည်းဖြည်း နီးလာပြီလား ..

ကလေးလေးတယောက်က ကျမကို မေးတယ် …။
အိမ်အပြန်လမ်းရောက်အောင် ဘယ်လိုသွားရမလဲတဲ့ ..
ငါလည်း မင်းလို .. ရှာနေတာပါကွယ်” .. လို့ ပြန်ပြောမိတယ် ..
အိမ်ဆိုတာ ..
ကျမ ပျောက်ဆုံးခဲ့သမျှတွေ ရှိနေတဲ့
.. လုံခြုံနွေးထွေးရာ နေရာတခုပေါ့ ..
အပြန်လမ်းရှာတွေ့ပြီး .. ကျမ အိမ်ပြန်အလာကို စိတ်ရှည်ရှည်နဲ့ စောင့်နေလေမှာ
..

ကျမ နောက်ဆုံး ပျောက်ဆုံးသွားတဲ့အရာက .. “အလင်းရောင်ပေါ့ ..
တယောက်ယောက်က ကျမကို စနောက်ပြီး
.. မီးခလုပ်ကို ပိတ်လိုက်သလိုပါပဲ ..
ကျမလေ
.. ကြိုးစားလိုက်ရတာ .. အကြိမ်ကြိမ်ပါပဲ ..
ဒါပေမယ့်လည်း
..နောက်တကြိမ် ပြန်ရှာလို့ မရနိုင်ခဲ့ပါဘူး ..
ဒီတော့
..
ကျမရှေ့မှာစောင့်ကြိုနေတဲ့ အမှောင်ထုထဲကိုပဲ တလှမ်းခြင်း ဆက်သွားနေခဲ့မိတယ်
..

အခုတော့လည်း ..
ကျမ မမြင်နိုင်တဲ့အရောင်တွေရဲ့ အသံတွေကို
.. နားထောင်တတ်လာတယ် ..
ပုံသဏ္ဍန်တွေကို ကျမ ကြိုးစား
အနံ့ခံကြည့်တယ် ..။
အလင်းနဲ့ အမှောင်ကိုလည်း
.. ကျမ အရသာခံကြည့်လို့ရလာတယ် ..
အင်း
.. ပြီးတော့ ..
ပြတင်းတံခါးဝမှာ "ကျ" နေရောင်တွေ တရိပ်ရိပ်ပြည့်လာနေချိန်
.. .. ..
အဲဒီအချိန်လေးမှာပဲ ..
အနားမှာထိုင်ပြီး ကျမကို ကဗျာတွေဖတ်ပြပေးမယ့် သူငယ်ချင်းတယောက်လောက်လည်း မျှော်လင့်မိတယ်
..


ကျမနံဘေးမှာထိုင်မယ့် တစုံတယောက်တော့ ရှိကို ရှိဦးမှာပါ
..
ကျမကို လက်ဖက်ရည်ငဲ့တိုက်မယ်
..
သူ့အနာဂတ်တွေအကြောင်း ပြောပြမယ်
..
ပြီးတော့
.. ကျမ ပြောပြ ရင်ဖွင့်သမျှကိုလည်း နားထောင်မယ့်လူပေါ့ ..

ရထားပေါ်မှာ ယိမ်းထိုးလှုပ်ခါတာရော .. လှေခါးထစ် အဆင်းအတက်များသွားရော ပေါင်းပြီး .. ကျမ တော်တော်လေး ပင်ပန်းနေပြီ ..။ ဒါနဲ့တောင် .. ကျမရင်ထဲက အတွေးတခုက ကျမခြေလှမ်းတွေကို ရှေ့ဆက်စေခဲ့တယ် ..
ခရီးရဲ့အခြားတဖက်မှာ ကျမကို တစုံတယောက်များ စောင့်နေကောင်းရဲ့လို့လေ
..

သူက .. ကျမလက်ကို တွဲလို့ .. ကျမအပေါ်မှာ ထီးမိုးပေးမှာပေါ့ ..
နောက်ပြီး .. ကျမကို ကြယ်တွေအကြောင်း ပြောပြလိမ့်မယ် ..
ပြောပြရင်းနဲ့ .. တညလုံး ကျမနဲ့အတူတူ လမ်းလျှောက် ကူလိမ့်မပေါ့ ..

ဟော .. ကြားလား …!!
ဟိုးး
.. ခပ်ဝေးဝေး ရှေ့နားက လိုဏ်ဂူအဆုံးမှာ .. မင်း ကြားလိုက်သလားဟင် ..!!
လိပ်ပြာလေးတကောင်
.. သူ့အတောင်ပံတွေကို ရိုက်ခတ်နေတယ် ..
အဲဒီ့ အတောင်ပံတွေဆီကနေ တိုက်ခတ်လာတဲ့
လေပါးပါးလေး ..
ကျမမျက်နှာပြင်ပေါ် ပွတ်တိုက်သွားတာ ခံစားလို့ရနေတယ်
..
ကျမ သူ့ခေါ်ဆောင်ရာနောက်ကို
လိုက်လာခဲ့ပါတယ်
..။
လူတကာတွေ ဆန်တက်နေချိန်မှာ ..
ကျမက စုန်ဆင်းလို့
.. ..။
ကဲ
.. လူတကာတွေ စုန်ဆင်းသွားတော့ .. ကျမက အထက်ကို ဆန်တက်လို့ .. .. ..
ဆူညံပွက်လောထပြီး
.. ယောက်ယက်ခတ်နေတဲ့ မြို့ကြီးထဲမှာ .. နူးညံ့သိမ်မွေ့တဲ့ သူ့တောင်ပံခတ်သံလေး ကြားရဖို့ .. ကျမ အစွမ်းကုန် နားစွင့်ခဲ့ရတယ် ..
ဘာလို့လည်းဆိုတော့
.. ကျမရှာဖွေနေတဲ့ … အရည်ရွှမ်းရွှမ်း ပန်းသီးလေးတလုံးရှိတဲ့နေရာ
ဒါမှမဟုတ်လည်း
.. ရွှေရောင်သစ်ရွက်လေး တရွက်ဆီကို ရောက်နိုင်ဖို့ ..
သူ ကျမကို ကူညီမှာလို့ ယုံကြည်ထားလို့လေ
..
သူက ကျမလိုချင်တဲ့ သူငယ်ချင်းရှိရာကို ခေါ်သွားနိုင်မှာ
..
နောက်ပြီး .. ကျမကို
ရောင်စဉ်တွေအားလုံး တည်ရှိရာကိုလည်း လမ်းပြလိမ့်မယ် ..
ပြီးရင်တော့..
ကျမပျောက်ဆုံးသွားတဲ့
အလင်း ရှိရာကိုလည်း ပြန်ခေါ်ဆောင်ပေးလိမ့်မယ်လေ ..

ဒီ အလင်းဟာ ..
ကျမနှလုံးသားထဲမှာ .. လင်းလက်မြဲ .. လင်းလက်နေဆဲ ..
ထွန်းတောက်မြဲ
.. ထွန်းတောက်နေဆဲပါ ..

Tuesday, February 26, 2008

ဘ၀အတွက် ပြည့်စုံမှုတခုမျှသာ ..။

သူငယ်ချင်းနဲ့ အချစ်အကြောင်း ဆွေးနွေးတယ် ..။

အချစ်ဆိုတာ …

လုံးသလား .. ပြားသလား

ချိုသလား .. ချဉ်သလား

ခပ်ခါးခါးများလား ..

သူငယ်ချင်းက “သူ”မသိဘူးတဲ့ ..။

ဒီတော့ .. နောက်တယောက်က .. ..

အချစ်ဆိုတာ ..

လေးဒေါင့်ကြီးတဲ့ ..

တချို့လည်း ဒိုင်းမွန်းပုံ ..

တချို့လည်း ခပ်ဝိုင်းဝိုင်းတွေပေါ့တဲ့ ..။

ဒီတော့ .. အရင်တယောက်က ..

အဌဂံပုံလို့ ထင်သတဲ့ ..

ဘာကြောင့် ထင်ရသလဲ ဆိုတော့ … … …

“သူများနဲ့မတူအောင်လို့တဲ့” …

ကဲ .. ရှင်းရော ..။

တကယ်တော့ .. အချစ်ဆိုတာ ..

ပိတ်လှောင်နှောင်ဖွဲ့ထားတဲ့ .. ခပ်လုံးလုံးကြီးလည်း ဖြစ်နိုင်တာပဲ ..။

ပြန့်ပြူး ပွင့်လင်းတဲ့ .. ခပ်ပြားပြားကြီးဆိုလည်း ဟုတ်တာပဲလေ ..။

ကြည်နူးကျေနပ်မှုတွေကို ဖြစ်စေနိုင်တဲ့ .. ခပ်ချိုချိုလေးလည်း မှားမှ မှားတာ ..။

အမြဲတမ်း ဂျစ်ကျနေတတ်လို့ .. ချဉ်တင်တင်ဆိုလည်း လက်ခံရမှာပဲ ..။

ကြေကွဲဆို့နင့်ရတာတွေ မလွဲမသွေဖြစ်တတ်လို့ .. ခါးတယ်ပြောချင်လား ..

ဟုတ်နေတာပဲကို .. မငြင်းပါဘူး ..။

ဘောင်ခတ်ထားတတ်တဲ့ .. လေးဒေါင့်ကျကျဆိုလည်း မှန်တာပဲလေ ..။

ဒိုင်းမွန်းပုံဆိုတဲ့ .. အချွန်အတက် အတ္တ မာန်မာနတွေနဲ့လည်း ..

ဖွဲ့တည်ထားနိုင်တာပဲ ..။

ပြိုင်ပွဲတခုလို စည်းမျဉ်း ခပ်ဝိုင်းဝိုင်းထဲမှာ ..

ခြေချုပ်မိနေတာမျိုးလည်း .. ကြုံနေကြရမှာပဲ ..။

သူငယ်ချင်း တွေးသလို .. အချစ်ကနေ ပုန်းကွယ်လို့ရအောင် ..

ဒေါင့်ချိုးတွေများတဲ့ .. အဌဂံလိုမျိုးလည်း လိုအပ်တာပဲ ..။

ဘယ်လိုပုံစံပဲဖြစ်ဖြစ် …

သေချာတာက .. ရင်ဆိုင်ဖူးခဲ့တဲ့ အချစ်တိုင်းမှာ ..

ပေးအပ်သူနဲ့ လက်ခံသူရဲ့ ..

မြတ်နိုးမှုတွေ ..ကျေနပ်မှုတွေ ..

ဖြည့်ဆည်းပေးလိုမှုတွေ .. စောင့်ကြည့်ကြည်နူးမှုတွေက ..

အဲဒီ “အချစ်” ဆိုတာကို လွှမ်းခြုံလေ့ရှိတယ် ..။

ဒီတော့ ..

အငြင်းမပွားတာ ကောင်းတယ် သယ်ရင်းရေ ..။

အချစ်ဆိုတာ ငါတို့ဘ၀ကို ပြည့်စုံစေမယ့် ခံစားမှုတခုအဖြစ်သာ မှတ်ယူရအောင် ..။

ကြည်နူး .. ကြေကွဲ ဆိုတာတွေကတော့ ..

ငါတို့ ထိုက်သလောက်ပဲပေါ့ .. .. ..။

99

Monday, February 25, 2008

“ငါ” ပြန်ဖြစ်ချင်တယ် ..။

နှိုးစက်သံနဲ့ မနက်ခင်းတွေ ..
ရပ်တန်းက ရပ်ချင်ပြီ ..
လွင့်ဝဲနေကျ ရွာထိပ်က ကြက်တွန်သံနဲ့ ..
တဖန်ပြန်လင်းပါရစေ .. ငါ့မနက်တွေရယ် ..။

အမည်ခံ ကော်ဖီတခွက်နဲ့ မျှောချခဲ့တဲ့ ..
sandwich
တခု .. ဒါငါ့ မနက်စာတဲ့ ..
မြင်နေကျ ပုံစံခွက်နဲ့ ဒီလို ရယ်ဒီမိတ်တွေ ..
ဘယ်လောက်တောင် နှစ်ပါးသွားရအုံးမလဲ ..။
ဆီမပါ လှော်ရုံသာ မွမ်းမံထားတဲ့ .. ထမင်းကြော်ပူပူလေး ..
ခပ်ကြမ်းကြမ်းဆိုအုံးတော့ .. မေတ္တာထုံမွှန်းထားလေတယ် ..
အင်း .. ရွာတုန်းက ငါ့ မနက်ခင်းတွေ ခွန်အားအပြည့်နဲ့ပေါ့ ..။

ဟိုနားက .. ဒီနား ..
ဒီနားက .. ဒီ့နား ..
အနှေးဆုံးနှုန်းနဲ့ ဥဒဟို ရွေ့လျားနေတဲ့ ..
ခြေမြန်တော် ယာဉ်ပေါင်း သောင်းခြောက်ထောင် ..
အခါခါ ပိတ်ဆို့ခြင်းမှာ ယဉ်ပါးလို့ ..
မြန်ဆန်မှုဆိုတာ .. ဘာပါလိမ့်” ..
ငါ့ရဲ့ နိစ္စဓူဝ ခရီးတွေဟာ ..
သံသယ အမောတွေနဲ့ ..
ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ ..။
ဒီတော့ .. ငါ့အလွမ်းက ..
ခေတ်နောက်ကျန် မြေလမ်းလေးပေါ်မှာ ...
လိုရာခရီးကို .. ခနော်ခနဲ့ သယ်ပိုးမောင်းနှင် အရောက်ပို့ပြီး ..
ကမ္ဘာမြေကို ဒုက္ခနည်းနည်းမှ မပေးတဲ့ ..
ငါ့ .. ခြေမြန်တော် စက်ဘီးလေးဆီကို ရောက်တယ် ..
မင်းကို သယ်မလာမိတာ .. မှားတယ် အမောင်ရာ ..။

*
ပရိုတွေခေတ်စားနေတဲ့ ဒီဝန်းကျင်ထဲ ..
အရာရာ နောက်မကျပဲ .. တိကျ သပ်ရပ်စွာ ..
ပရိုလောင်းလျာတယောက် ဖြစ်ဖို့အရေး ..
တိုက်စားသွားပေါ့ ... ... ...
ငါ့ကို .. .. ..
ငါ့အတွေးတွေကို .. .. ..
ငါ့မျှော်လင့်ချက်တွေကို .. .. ..
ငါ ယုံကြည်တာတွေကို .. နောက်ဆုံး ..
ငါ့ .. .. အချိန်တွေကို ..။
ခုတော့ .. .. ..
ကိုယ်ပိုင်ဆိုတာတောင် မရှိသလောက်ရှား ..။
အိပ်ယာထလည်း .. ပရိုစိတ် ..
စားလည်း .. ပရိုစိတ် ..
သွားလည်း .. ပရိုစိတ် ..
အိပ်လည်း .. ပရိုစိတ် ..
သေရင်တောင် .. ပရိုစိတ်နဲ့ပဲ ဖြစ်နေလိမ့်မယ် ..။

ဟေ့ရောင်ရေ .. .. ..
အချိန်မလွန်သေးဘူးကွာ ..။
ငါ့တို့မြေ .. ငါ့တို့ရွာမှာတုန်းကလို ..
လူ့စိတ်နှလုံးနဲ့ .. လူအဖြစ် ပြန်ရှင်သန်ရပ်တည်နိုင်ဖို့ ..
ငါကတော့ ပရို ဆိုတာကို .. ခွါချရလိမ့်မယ် ..
ပရို လမ်းစဉ်တွေကို .. ခ၀ါချရလိမ့်မယ် ..
ပရို အလေ့အကျင့်တွေကို .. ရပ်တန်းက ရပ်မှဖြစ်မယ် ..။
တကယ်တော့ ..
ပရိုတိုက်စားသွားတဲ့ .. လူသားဆန်မှုတွေကို
(
ညံ့ဖျင်းတယ်ပဲ ပြောပြော)
ငါ ...
ကယ်တင်ချင်နေသေးတယ် .. .. ..။

99

*ပရို = professional

Saturday, February 23, 2008

သူရဲကောင်းတို့အမည် သေသည်မရှိ ..။

ဖဒိုမန်းရှာကို ဂုဏ်ပြုဦးညွတ်သော ... ...
အာဟာရစာစောင်”တွင် ဖော်ပြမည့် ဆရာဦးဇင်လင်း ကဗျာ ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

မောက်မာသူနဲ့ နှိမ့်ချသူ ..

သူရဲကောင်းတွေဟာ နှိမ့်ချကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

ဖြောင့်မတ်သူနဲ့ ကောက်ကျစ်သူ ..

သူရဲကောင်းတွေဟာ ဖြောင့်မတ်ကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

အနစ်နာခံသူနဲ့ တကိုယ်ကောင်းဆန်သူ ..

သူရဲကောင်းတွေဟာ အနစ်နာခံကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

စိတ်ဓာတ်ကြံ့ခိုင်သူနဲ့ စိတ်ဓာတ်ပျော့ညံ့သူ ..

သူရဲကောင်းတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

အတွေးအမြင်ရှင်းသူနဲ့ အတွေးအမြင်ကျဉ်းသူ ..

သူရဲကောင်းတွေဟာ အတွေးအမြင်ရှင်းကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

ကိုယ်ကျင့်သီလကောင်းသူနဲ့ ကိုယ်ကျင့်သီလပျက်သူ ..

သူရဲကောင်းတွေဟာ ကိုယ်ကျင့်သီလပျက်သူကို စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

တရားမျှတသူနဲ့ ဗိုလ်ကျသူ ..

သူရဲကောင်းတွေဟာ ဗိုလ်ကျသူကို

စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

သစ္စာရှိသူနဲ့ သစ္စာမဲ့သူ ..

သူရဲကောင်းတွေဟာ သစ္စာမဲ့သူကို

စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

ညီညွတ်ရေးတည်ဆောက်သူနဲ့ သွေးခွဲသပ်ရိုက်သူ ..

သူရဲကောင်းတွေဟာ သွေးခွဲသပ်ရိုက်သူကို စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

အာဏာမက်သူနဲ့ အာဏာ မမက်သူ ..

သူရဲကောင်းတွေဟာ အာဏာပြသူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

ကိုယ်ကျင့်သီလပျက်သူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

သစ္စာမဲ့သူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

သွေးခွဲသပ်ရိုက်သူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

အာဏာရှင်ကို စက်ဆုတ်တယ် ..။

သူရဲကောင်းကို သတ်ရင် ..

သတ်သူသာ သေတယ် ..

သူရဲကောင်းဟာ မသေ ..။

သူရဲကောင်းကို သတ်ရင် ..

သတ်သူသာ သမိုင်းသေတယ် ..

သူရဲကောင်းရဲ့ သမိုင်းဟာ ..

ကမ္ဘာတည်သရွေ့ တည်တယ် ..။

ဗိုလ်ချုပ်အောင်ဆန်းအစ ..

ဖဒိုမန်းရှာ အဆုံး ..

ကမ္ဘာတည်သရွေ့ .. တည်လိမ့်မယ် ..။

ဇင်လင်း။

(ဖဒိုမန်းရှာ ကျဆုံးခြင်းသို့ ဦးညွတ်ဂုဏ်ပြုကဗျာ)

Tuesday, February 19, 2008

ဒိုင်အိုဂျီးနီးစ် မီးအိမ်။

ဒိုင်အိုဂျီးနီးစ် မီးအိမ်

မေတ္တာတရားဟာ .. ကြောင်တောင်ကန်းပဲ
မြို့ခေါင်ခေါင်မှာ ရွာကျနေတာက .. အက်ဆစ်မိုး
ဘယ်သူ့ကို အဆိုးဆိုမလဲ ..
အကောင်းစားတွေကို လှည့်မငေးတာ ..
အကောင်းမကြိုက်လို့ မဟုတ်ဘူး ..
ဒီလိုပဲ ရူးချင်ယောင်ဆောင်ရမယ် ..။

ငါးမရရင် ..
ရေမချိုးဘူး ..
ရွှံ့မတူးဘူး ..။
အမေရေ ..
နွေခေါင်ခေါင်မှာ ..
နေရောင်ဟာ .. ဒိုင်အိုဂျီးနီးစ် ဆိုပါတော့
ကျနော်ကတော့ ..
အစွမ်းကုန် လောင်ကျွမ်းနေတဲ့ ..
မီးအိမ်တလုံး ...။
(ယဉ်သစ်)

Monday, February 18, 2008

အမေတမ်းချင်း။

အမေတွေကို အမြဲသတိတရနဲ့ ..
လွမ်းဆွတ်နေတတ်တဲ့ သားဆိုးတွေ အများကြီးပါ ..။
အမေ့ရင်ရိပ်မှာတုန်းက ဆိုးခဲ့ .. ပေခဲ့ပေမယ့် ..
အမေ့မေတ္တာက ဘာအကြောင်းပြချက်နဲ့မှ လျော့ပါး ခမ်းခြောက်သွားတာမျိုး မရှိခဲ့ပါဘူး ..။
တသွင်သွင်စီးနေတဲ့ အဲဒီ စမ်းရေအေးကို ..
အဝေးရောက်နေတဲ့ သားဆိုးတယောက်က အခုလို ရေးပြီး အလွမ်းဖြေထားပါတယ် ..။
အလည်လာခဲ့ရင် ခံစားလွမ်းဆွတ်သွားစေချင်တယ်ဗျာ ..။

ကျိန်စာ ..
အဖေ့ဓာတ်ပုံကို မှီနွဲ့ထားလေသူ အမေ့မျက်ရည် ..
မြေနီလမ်းပေါ်က ... ဆိုးနေကျ ခြေသံလေးကို
ငေးမျှော်နေရှာရော့မယ် ..။
လ မသာတဲ့ မြို့ပြမှာတော့ ကျနော် ..
အမေမှာတဲ့ မေတ္တာဓာတ်တွေနဲ့ ပစ်ချကြည့်မိ ..
အကြည့်တွေမှာ ..
ရေတပေါက်မှ မရခဲ့ ..။
မိုင်လေးရာမှာ အမေ ဂုဏ်တော်ကွန်ချာရွတ်ပါ ..
မိုင်လေးရာမှာ ကျနော် အရက်သောက်နေပါတယ် ..
အမေနဲ့ ကျနော် ..
မိုင်ရှစ်ရာ အကွာ ..။
အမေရေ ...
သေမိန့်ကျ လူတယောက်မှာ
ဒဏ်ရာ အနာတရ ဖြစ်ခဲ့ရင် ..
သတ်ပစ်လို့ မရဘူးတဲ့ ..။
အမေနဲ့ ကျနော် ..
ရှင်မိန့်ကျခံ နေ့စွဲတွေမှာ ..
ဘယ်ကံကြမ္မာက ထပ်ဝေးစေခဲ့တာလဲ ..။
အမေရေ ...
ကျနော် ချက်မြုပ်ခဲ့တဲ့နေရာမှာ ..
ဘာအပင် ပေါက်နေပြီလဲ ..။
ကျနော်ကတော့ ..
ခုထိ .. ရွက်ကျပင်ပေါက် ..။
ထုံးတမ်းစဉ်လာအတိုင်း ..
ကျနော် ခလုပ်တိုက်ရင် .. အမေ့ကို မြင်ယောင်လို့ ..
ကျနော်က လိုအပ်သမျှ ထပ်လိုချင်နေပြီး ..
အမေကတော့ ရှိသမျှ နုတ်ပေးချင်နေခဲ့ပေါ့ ..။
ခမ်းခြောက်ခြောက် မေတ္တာတရားကို ရလေတိုင်း ..
ကျနော့်ခြေလှမ်းတွေ .. ဦးပြန်လည်ခဲ့ ..
ခွင့်လွှတ်နေကျ .. လမ်းဆိုးလေးဆီကို ..။

ယဉ်သစ်။

Tuesday, February 5, 2008

နေဘုန်းလတ်သို့ ….

သူငယ်ချင်း ..

ဘေးကင်းစွာနဲ့ ငါတို့ရှေ့ကို မင်း .. အမြန်ဆုံး ပြန်ရောက်လာနိုင်ပါစေ ..။

(ဤပုံကို နေဘုန်းလတ်၏ဘလော့မှ ယူပါသည်။)
ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူမြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထား မိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျ ခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေး ပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူတစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူ ချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင် ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင် တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့် ကြတယ်။

ဒီနေ့ သူရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ် တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ ဘယ်မှာလဲ။ သူရေး မယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ် ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့် နေကြတယ်ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ ဒါတွေ အတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူအတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာ တောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ် တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Monday, January 28, 2008

ရိုးပြတ်တွေရေ ..။

အဝေးပဲ ကြည့်ကြည့် ..
အနီးပဲ ကြည့်ကြည့် ..
အရာရာဟာ မှုန် .. ၀ါး .. နေ .. တုန်း ..။
အရာရာဟာ ရင့် .. ရိုင်း .. နေ .. တုန်း ..။
အရာရာဟာ ပြို .. လဲ .. နေ .. တုန်း ..။
.
..
...

ဒီမျက်ဝန်းတွေ .. တောက်ပခဲ့ဖူးတယ် ..။
ခုများ .. မှုန်ရီရီမှိုင်းတဲ့ အမြင်ထိုင်းတွေသာ ယဉ်ပါး ..
အစဉ် .. အရိုင်းတွေနဲ့ မှိုင်းဝေနေလေရဲ့ ..
ရွှေရောင် အမြင်တွေ ပြန်ပေးပါ ..။

ဒီနားတွေ .. ချိုမြခဲ့ဖူးတယ် ..။
ခုများ .. ခပ်ရိုင်းရိုင်းအာရုံတွေသာ စီးဆင်း ..
အချိန်တိုင်း .. ရင့်သီးခြင်းတွေနဲ့ ခါးသက်နေလေရဲ့ ..
သံစဉ်ချိုတွေ ပြန်ပေးပါ ..။

ဒီခြေထောက်တွေ .. လန်းဆန်း တက်ကြွခဲ့ဖူးတယ် ..။
ဟိုတုန်းကနဲ့ ကွဲပြား .. ရှေ့သို့ဆိုတဲ့ ခရီးအတွက် ..
နွမ်းချိ မာန်လျော့နေလေရဲ့..
ဒါ အပျော်ပျင်းလား .. အပြင်းအထန် ပျော်ကျကုန်တာများလား ..
ဘာပဲဖြစ်ဖြစ် .. .. ..
ယုံကြည်ခြင်း ခြေလှမ်းတွေ ပြန်ပေးပါ ..။

ဒီနှလုံးသား တစုံ .. အမှန်တရားအတွက် လှပခဲ့ဖူးတယ် ..။
သံသယတွေ အတွန်းအတိုက်မှာ .. ယိမ်းယိုင်ခြင်းတွေနဲ့ လျော့ရဲ ..
မသိလိုက် မသိဘာသာ .. ပြိုလဲခြင်း အစကို ဦးတည်နေလေရဲ့ ..
မဖြစ်ဘူး .. မဖြစ်ဘူး .. .. ..
နှလုံးသား အမှန်တရားအတွက် ..
သံထည်လို ခိုင်မာခြင်း တံတိုင်းတွေနဲ့ .. ပြန်ကာကွယ်ခွင့်ပေးပါ။

မှုန်ရီဝေမှိုင်းနဲ့ .. အမြင်တွေ ထိုင်းနေသမျှ ..
ရင်ခုန်သံအမှားနဲ့ .. သံစဉ်တွေ ရိုင်းနေသမျှ ..
ချိနဲ့ ခြေလှမ်းတွေနဲ့ .. ရပ်တည်ချက်တွေ ကိုင်းနေသမျှ ..
နောက်ပြီး ..
နှလုံးသား အမှန်တရား .. ပျော့ပြဲ .. လျော့ရဲနေသမျှ ..
တောင်းသမျှတွေ ပြန်ရနိုင်ဖို့ ..
သေချာခြင်းအလျဉ်း မရှိလေတော့ ..
သူငယ်ချင်းရေ ..
လာကွာ ..
ငါတို့ ရိုးပြတ် အရိုင်းတွေ ..
အမြင့်ဆုံးခရီးကို အပြင်းဆုံး “စိုင်း” ကြရအောင် ..။

Sunday, January 20, 2008

ချအမ်းသွား အမှတ်တရ။

ညီမလေးရေ ..
ပြီးခဲ့တဲ့ စနေ တနင်္ဂနွေတုန်းက ငါတို့ “ချအမ်း”လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေကို ၂ ရက်ခရီးသွားဖြစ်တယ်ဟ။
ဒါကြောင့် နင်တို့ဆီ ဖုန်းမဆက်ဖြစ်တာ။
အပျော်ခရီးတော့ မဟုတ်ပါဘူးကွာ။
ပညာသင်ဆုရလို့ ထိုင်းနိုင်ငံတို့ ဖိလစ်ပိုင်တို့မှာ တက္ကသိုလ်တက်ခွင့်ရတဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲပေါ့။
နှစ်တိုင်း ဒီလိုအချိန်မျိုးမှာ လုပ်လေ့ရှိတယ်တဲ့။
ငါကတော့ .. ငါ့ကျောင်းသားသက်တမ်း ၂ နှစ်အတွင်းမှာ ဒါ .. ပထမဆုံးအကြိမ် တက်ဖူးတာပဲ။
ပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ ရာဂဏန်းလောက် ရှိတယ်လို့တော့ပြောတယ် .. ဒါပေမယ့် အခုတခေါက်ကျတော့ ကျောင်းပြီးသွားလို့ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေရယ် .. ကျောင်းပြီးခါနီးဆဲဆဲတွေရယ်ကိုပဲ ဖိတ်တယ်။
ငါသိသလောက်တော့ ဒီ
နှီးနှောဖလှယ်ပွဲ ခရီးမှာ ..
“ဆွေးနွေးတဲ့အကြောင်းအရာတွေကို ပိုပြီးလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် ..
ကျောင်းပြီးခါနီးကျောင်းသားတွေ သူတို့အရှေ့က စီနီယာတွေဆီက အတွေ့အကြုံ အကြံဥာဏ်တွေရအောင် ..
ပညာသင်ဆုပေးနေတဲ့ အဖွဲ့အစည်းနဲ့ ကျောင်းသားအသိုင်းအ၀ိုင်းကြားမှာ အပြန်အလှန်ကူညီပေးနိုင်အောင်..
နောင်လာနောက်သားတွေအတွက် ပိုကောင်းတဲ့ လမ်းသစ်တွေ ဖန်တီးကူညီနိုင်အောင် ..” ဆိုတဲ့ ရည်ရွယ်ချက်တွေပါတယ်ကွ။
ကဲ ထားပါတော့ ..။
ဒီလိုနဲ့ .. ငါတို့တွေ သောကြာနေ့ညဘက် ၇း၀၀ နာရီလောက်မှာ ငါတို့ဆုံရပ် အေဗက်တက္ကသိုလ်နားကနေ တောင်းအေ့စ်ကား ၃ စီးနဲ့ ချအမ်းကို ထွက်ခဲ့ကြတယ်။
တကယ့် တကယ်ထွက်ရမယ့်အချိန်က ညနေ ၆း၀၀ နာရီ ..
ဒါပေမယ့်
ကားသမားတွေက ငါတို့စောင့်နေတဲ့ နေရာရှာမတွေ့လို့ ထွက်တဲ့အချိန် တော်တော် နောက်ကျ သွားတယ်။ ဘယ်ခရီးမဆို အနည်းနဲ့အများ နောက်ကျတတ်တာပဲလေဟာ။
ငါစီးတဲ့ကားကတော့ တော်တော်ချောင်ပါတယ် .. အားလုံးပေါင်းမှ ၇ ယောက်လောက်ပဲ ပါတာကိုး ..။
ဒါပေမယ့် ငါနဲ့ရင်းနှီးတဲ့သူဆိုလို့ ငါနဲ့ တက္ကသိုလ်အတူတူတက်နေတဲ့ .. သူနာပြုဌာနက ကောင်မလေး တယောက်ပဲပါတယ်။
သူကတော့ တလမ်းလုံး စကားတွေ ဖောင်ဖွဲ့လာလိုက်တာ .. တကယ့်ကို တက်တက်ကြွကြွပဲ ..။
ငါကတော့ .. လာသာ လာရတာ .. စိတ်က မပြီးပြတ်သေးတဲ့ အလုပ်တွေဆီမှာ..။
နင်သိတဲ့အတိုင်းပဲ ငါက ခရီးထွက်ရတာမှ မကြိုက်တာ.. နောက်ပြီး ကားလမ်းတွေ တအားကျပ်တဲ့ အချိန်ကြီးမှာ အလုပ်ကနေ ဒီကို ပြေးလွှားလာရတာဆိုတော့ .. သိပ်ပြီး မရွှင်မလန်းနဲ့ပေါ့ဟာ။
၃ နာရီကျော်ကျော်လောက် စီးလာခဲ့ပြီးမှ ငါတို့နေမယ့် ဟော်တယ်ကို ရောက်တော့တယ် ..။
ဟော်တယ်နာမည်က “ရွှေရောင်ကမ်းခြေ” တဲ့ ..။
(ရွှေရောင်ကမ်းခြေသာဆိုတယ် .. သောင်ပြင်က ဖြူဖျော့ဖျော့ရယ် ..
ပင်လယ်ရေတွေကို ကြည့်လိုက်တော့လည်း .. အပြာရောင်က မပြယ့်တပြယ်နဲ့ ပင်လယ်က သိပ်မလှသလိုပဲ ..။) ဟော်တယ်ရောက်တာ ည ၁၀ နာရီထိုးနေပြီဆိုတော့ ဟော်တယ်ဝန်ထမ်းတွေကလည်း ထမင်းစားဖို့ ပြင်ထားတာတွေကို မြန်မြန်သိမ်းချင်နေကြတာပေါ့။
ဒါနဲ့ပဲ အခန်းသော့ယူပြီးပြီးချင်း အထုတ်ကိုယ်စီဘေးချပြီး ညစာကို အမြန်လွေးလိုက်ရတယ်။
တော်ကြာ ဗိုက်ဟောင်းလောင်းနဲ့ဆိုရင် ငါအိမ်ပျော်မှာ မဟုတ်ဘူး ..။
ခဏနေတော့ ငါနေမယ့်အခန်းကိုရောက် .. ခြေလက်ဆေး၊ မျက်နှာသစ်ပြီး
အိပ်ချင်းအမှုကို မြန်မြန်ပြုလိုက်ရတယ်။ လူက တော်တော် ဒေါင်းနေပြီလေကွာ ..။ တနေကုန် အလုပ်မှာပင်ပန်း .. ကားစောင့်ရတာပင်ပန်း၊ ကားစီးရတာ ပင်ပန်းနဲ့ ..။
ငါ့မှာ အခန်းမီးတွေ ဘာတွေ စုံအောင်ဖွင့်ပြီး .. ကိုယ့်အခန်းဝရံတာရဲ့ ပတ်ဝန်းကျင်ရှုခင်းလေးတောင် မခံစားလိုက်နိုင်ဘူး။
ကြည့်အုံးလေ .. နောက်နေ့မနက်မှာ စမယ့် ဆွေးနွေးပွဲအစီအစဉ်က မနက် ၈ နာရီခွဲတဲ့ .. သေပြီဆရာ။
ချအမ်းရောက်တဲ့ ညကတော့ အဲဒီလိုကြီး မြန်မြန်ကုန်သွားတယ်ဟေ့။
... ... ... ... ...
မနက် ၇း၀၀ နာရီတိတိမှာ နှိုးစက်အော်လို့ အလန့်တကြားထ .. ရေအမြန်ချိုး .. ပြီးတော့ မနက်စာသွားစားတယ်ဟာ။
စားစရာတွေက တော်တော်စုံတယ်ဟ ..။
ထမင်းနဲ့ ဟင်းမျိုးစုံ ရှိတယ် .. အသီးရွက်သုတ်တွေ ရှိတယ် .. ပေါင်မုန့်မျိုးစုံ ရှိတယ် .. ဆန်ပြုတ် ရှိတယ် .. အီကြာကွေး ပိစိလေးတွေ ရှိတယ်.. ကော်ဖီ လက်ဖက်ရည်နဲ့ တခြား အချိုရည်မျိုးစုံရှိတယ်။
ငါက ဆန်ပြုတ်နဲ့ အီကြာကွေးစားတယ် .. ပြီးတော့ ကော်ဖီသောက်တယ် .. ကော်ဖီက တကယ့်ကော်ဖီဟေ့ .. ရေရေလည်လည် ခါးတယ် ..။ ဒါပေမယ့် ဗိုက်တော့ ပြည့်သွားတာပါပဲ။
ပြီးတော့ .. အချင်းချင်း မိတ်ဆက်ပြီး .. ပွားချိန်တောင် မရှိလိုက်ဘူး .. ၈ နာရီခွဲတော့မှာမို့လို့ အခန်းထဲဝင်ဖို့ တယောက်က လိုက်သတိပေးတယ် ..။
ဒါနဲ့ပဲ အခန်းထဲရောက်ပြီး စားပွဲဝိုင်းကြီးတ၀ိုင်းမှာ ကြောင်တောင်တောင် ၀င်ထိုင်နေလိုက်တယ် ..။
တကယ့်ကိုပဲ ငါနဲ့သိတဲ့လူ တော်တော်ရှားနေတာကိုးဟ ..။
ထိုင်ပြီးလို့ ခဏလေးနေတော့ အခန်းမှာ ဖွင့်ထားတဲ့ လေအေးပေးစက်က အစွမ်းပြလာတော့ ငါ့မှာ ပြဿနာတက်ပါလေရော ..။
တကိုယ်လုံးကို တောင့်ခဲသွားမတတ်ပဲဟာ ..။
ငါကလည်း ၂ ရက်ထဲဆိုပြီး .. အနွေးထည်လည်း ထည့်မလာမိတော့ ပိုဆိုးတာပေါ့ .. အကျီင်္ ၂ စုံတောင် ကျောပိုးအိတ်က နဲနဲကြီးလို့ ပါလာတာ။
ဒါပေမယ့် .. ခဏနေတော့ တခြားကျောင်းသားတွေလည်း အအေးဒဏ် မခံနိုင်တော့လို့ အအေးစက်ပိတ်လိုက် မှပဲ ပြောနေတဲ့လူကို အာရုံစိုက်လို့ရတော့တယ် ..။
ရှေ့မှာ ဆလိုက်တွေပြပြီး ရှင်းပြနေတာက ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းရဲ့ လက်ထောက်ဒါရိုက်တာ မစ္စအော်ဒရိုန်။ သူက ဒီပညာသင်ဆုပေးတာတွေ ဖြစ်ပေါ်လာတဲ့အကြောင်းနဲ့ ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ သူတို့အဖွဲ့အစည်းရဲ့ အောင်မြင်မှုတွေကိုလည်း ပြောပြတယ်။ ပြောတာတွေတော့ အများကြီးပဲဟ .. ငါလည်း အခုကျတော့ အကုန်မမှတ်မိတော့ဘူး ..။
သူပြောပြီးတော့ နောက်အမျိုးသမီးတယောက် .. သူကတော့ အန်တီစု မတည်ပေးတဲ့ပိုက်ဆံနဲ့ မြန်မာပြည်က ကျောင်းသားတွေကို ပညာသင်ဆု ထောက်ပံ့ပေးနေတဲ့အဖွဲ့က။ သူ့နာမည်က ဘက်သ်။
သူလည်းပြောသွားတာ အစုံပဲ။ အိန္ဒိယမှာရှိတဲ့ ချင်းဒုက္ခသည်တွေအတွက် ဟိန္ဒီစာနဲ့ အင်္ဂလိပ်စာ အခမဲ့ သင်ပေးနေတဲ့ ကျောင်းလေးတွေ စပြီး တည်ထောင်ထားတယ်ဆိုတာလည်း ပြောပြတယ်။
အဲဒီ ကျောင်းသားတွေထဲက ကျောင်းသားတယောက်ရေးထားတဲ့ “ကျနော်တို့ တိုင်းပြည်” ဆိုတာလေးကိုလည်း ဖတ်ပြတယ်။
အင်္ဂလိပ်လိုရေးထားတဲ့ အဲဒီကလေးရဲ့ အက်ဆေးထဲမှာ ငါတို့ငယ်ငယ်က ပုံရိပ်တွေကို ပြန်မြင်ရတယ်။
သယံဇာတ ကြွယ်ဝတဲ့ မြန်မာပြည်ရဲ့ တောတောင် ရေမြေ သဘာဝတွေ ..
လူလူချင်း စာနာ ထောက်ထားတတ်တဲ့ မြန်မာလူမျိုးရဲ့ ဓလေ့စရိုက်တွေကို ဖော်ညွှန်းထားပြီး ..
မိသားစုအတွက် .. တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးစားချင်နေတဲ့ ..
ရည်ရွယ်ချက်တွေထားနေတဲ့ .. အရေးအသားကို နားထောင်ရတဲ့ရတဲ့ခဏမှာ ..
ငါကိုယ်တိုင် ငယ်ငယ်က စာသင်ခန်းတွေထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ် ..။
တကယ်တော့ ငါတို့အားလုံး တူညီတဲ့ စိတ်ကူးအိပ်မက်တွေ ထားခဲ့ကြတာပဲနော် ..။
အခုထိလည်း ထားနေတုန်းပါပဲ .. အနှေးနဲ့ အမြန်ဆိုသလိုတော့ အကောင်အထည်ပေါ်လာမှာပေါ့လေ..။
ဘက်သ် စကားပြောပြီးတော့ .. မြန်မာနိုင်ငံယျေဘူယ အခြေအနေ သုံးသပ်တာကို ဦးဝင်းမင်းက ပြောပြတယ်။ အဲဒီအချိန်ကတော့ တော်တော်ကြာတယ်ဟ .. လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး နိုင်ငံရေး .. အဲဒါတွေ အားလုံးကို ပွားနေတာဆိုတော့လေ ..။
ပြီးတော့ ထမင်းစားကြတယ်။
နောက်တော့ ထမင်းစားချိန်မို့လို့ စားလည်းစား .. ပွားလည်းပွားရင်းနဲ့ .. သူငယ်ချင်း အသစ်တွေ များလာတယ်ဟ။ မြန်မာပြည်ထဲက လာတဲ့လူတွေရော .. ထိုင်းနိုင်ငံမှာ လက်ရှိကျောင်းတက် အလုပ်လုပ်နေတဲ့ လူတွေရောဆိုတော့ .. အတွေ့အကြုံတွေ ဖလှယ်နေကြတာ အချိန်တွေတောင် ကုန်မှန်းမသိအောင်ပဲ။
ထမင်းစားပြီးချိန်ကြတော့ ..
ငါတို့တွေ လူစုခွဲပြီး အုပ်စုလိုက် ဆွေးနွေးပွဲလုပ်ကြတယ်။
ငါက ပညာရေးအုပ်စုမှာ .. နောက်ထပ် အုပ်စုနှစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ နဲ့ ဆေးပညာအဖွဲ့။
သူတို့ ၂ အုပ်စုက တော်တော်လူတောင့်တယ်ဟ .. ငါတို့က ဆရာတယောက်ပါ ပါမှ ၉ ယောက်တည်း..။ ဒါလည်းတမျိုးတော့ ကောင်းတယ်ကွ .. မြန်မြန်ဆွေးနွေး မြန်မြန်သဘောတူကြတော့ မြန်မြန် အဖြေရတာပေါ့။
ငါတို့အုပ်စုထဲမှာ
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်က ကျောင်းသားတွေပါတယ်။ လူမျိုးနဲနဲစုံတော့ .. အတွေ့အကြုံတွေလည်း အများကြီးပိုရတာပေါ့ကွာ။ ငါတို့အုပ်စုကို ကူညီဆွေးနွေးပေးတဲ့ လူက အင်္ဂလိပ်လူမျိုး။ နာမည်က ကွင်တင်တဲ့။ သူက မြန်မာပြည်ကျောင်းသားတွေအတွက် သင်ရိုးညွှန်းတမ်း အသစ်တွေ စပြီး ဖန်တီးနေတဲ့ အဖွဲ့တခုကပေါ့။ သူလုပ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေလည်း ငါတို့ကို စီဒီချပ်နဲ့ပေးလိုက်တယ်။ ငါနောက်မှာ လူကြုံနဲ့ ပို့ပေးတော့မယ်။
ပထမတော့ ငါတို့အဖွဲ့ဝင်တွေ အချင်းချင်း နာမည်ပြော ဘယ်ကလာတယ် ဘာလုပ်တယ် ပြောရင်း မိတ်ဆက်ကြတယ်။ အချင်းချင်း ပိုရင်းနှီးသွားစေအောင် ရယ်စရာ ကစားနည်းတမျိုးလည်း ကစားသေးတယ်။ နောက်တော့ အုပ်စုနှစ်ခု ပြန်ခွဲပြီး မြန်မာပြည်ပညာရေးစနစ်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို ဆွေးနွေးကြတယ်။
ငါတို့အုပ်စုက ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ မိဘတွေ ကြုံနေရတဲ့ ပညာရေးဆိုင်ရာ အခက်အခဲတွေကို အရင်ဆုံးဆွေးနွေးကြတယ်။
တက်ညီလက်ညီနဲ့ ဆွေးနွေးလိုက်တာ အချက်အလက်တွေ တော်တော်များများ ရလိုက်တယ်။ ကိုယ့်ဟာကိုယ် စဉ်းစားရင်တောင် ဒီလောက်ရချင်မှ ရမှာ။ ဒါကြောင့် ဆွေးနွေးတိုင်ပင်တယ်ဆိုတာ ပိုပြီး ကောင်းမွန် ပြည့်စုံတဲ့ အချက်အလက်နဲ့ ဖြေရှင်းနည်းတွေကို ရရှိတယ်လို့ ပြောကြတာပေါ့။
အဲဒီလိုဆွေးနွေးပြီးတော့ တခြားပညာရေးအဖွဲ့ငယ်လေးနဲ့ ပြန်ပေါင်းပြီး ငါတို့အမြင်တွေကို ပြန်စုစည်းကြ တယ်။ တော်တော် ပြည့်စုံပြီး မြင်ကွင်းကျယ်ကျယ် အချက်အလက်တွေအဖြစ် ဖွဲ့စည်းမိတာပေါ့ဟာ။
အဲဒီနေ့ ညနေပိုင်းမှာ ငါတို့အဖွဲ့ဝင်တွေက သူတို့လက်ရှိ လုပ်နေတဲ့အလုပ်တွေ အကြောင်းပြောပြကြဖို့ သဘောတူကြပြီး အဖွဲ့ထဲက သူငယ်ချင်းတယောက်ရဲ့ အခန်းထဲမှာ လွတ်လွတ်လပ်လပ် သွားပြီး ဆွေးနွေးကြတယ်။ ဘာလို့လဲဆိုတော့ အစည်းဝေးခန်းကြီးထဲမှာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွေက ဆက်သွယ်ရေးနည်းလမ်းဆိုလား ဆွေးနွေးကြမယ်ဆိုတော့ လူနည်းတဲ့ငါတို့က အပြင်ထွက်ပေးလိုက်ရတာ ပေါ့။ ပညာရေးအဖွဲ့က လူတွေဆိုတော့ ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ဘာတွေ ပြန်ပြီး သင်ကြားဖြန့်ဝေ ပေးနေလဲဆိုတာကို အဓိက ဖလှယ်ဖြစ်ကြတယ်။
လူငယ်တွေကို လမ်းမှားမရောက်ရအောင်ရယ် .. တချိန်မှာ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ လူစွမ်းအားတွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး ကိုယ်နိုင်သလောက် လုပ်နေကြတာကို ငါ အခုမှ သိလိုက်ရတယ်။
အရမ်းလည်း အားကျဖို့ကောင်းတယ်။ အားလုံးရဲ့ အတွေ့အကြုံတွေကို အသေးစိတ်သိရတော့ သင်ယူစရာတွေ ထပ်ရပြန်တယ်။ တယောက်နဲ့ တယောက် ရေမြေဒေသ ဘ၀အခြေအနေတွေ ကွဲပြားကြတယ် ဆိုတော့ ရင်ဆိုင်ဖြေရှင်းပေးနေရတဲ့ အခက်အခဲတွေ .. ရင့်ကျက်မှုတွေကလည်း ဘယ်တူနိုင်ကြမလဲ။ ဒါပေမယ့် အဲဒီလို မတူတာတွေကပဲ နားထောင်နေသူတွေကို စိတ်ဝင်တစားနဲ့ လေ့လာချင်စရာတွေ ဖြစ်စေတာ။ ရင်ဖွင့်နားထောင် တတ်ရင်ပေါ့ဟာ။ ဝေမျှကြတဲ့အထဲမှာ ..
ရှည်လျားတဲ့ အတွေ့အကြုံ ဖြတ်သန်းမှု အကြောင်း .. အခက်အခဲတွေနဲ့ ရှေ့ဆက်ကြမယ့်
မျှော်လင့်ချက်တွေ အကြောင်းဆိုတော့ .. နှစ်ယောက်ပြောပြီးတော့ .. ပထမနေ့ရဲ့ ညနေပိုင်းလေး အောင်အောင်မြင်မြင်နဲ့ ကုန်ဆုံးသွားခဲ့တယ်။
... ... ...
နေမ၀င်ခင် ညနေပိုင်းလေး တခဏကို ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ သွားထိုင်ရင်း နည်းမျိုးစုံနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီး အပမ်းဖြေနေတဲ့လူတွေကို ငေးကြည့်ရင်းနဲ့ပဲ ကုန်ဆုံးလိုက်တယ်။ ရေကူးရအောင်လည်း ငါက ရေမကူးတတ်တော့ .. ခပ်အေးအေးပဲ သူများငှားထားတဲ့ ကုလားထိုင်မှာ ၀င်ထိုင်နေလိုက်တယ်။ (ကုလားထိုင်တလုံး ဘတ် ၂၀ ပေးရတယ် .. အလကားထိုင်လို့ မရဘူးဟ)
သူငယ်ချင်းတွေကတော့ တချို့က ပင်လယ်ထဲဆင်း ရေကူးနေကြတယ် ..
တချို့လည်း ရေစပ်စပ် သောင်ပြင်တလျှောက် လမ်းလျှောက်နေကြတယ် ..
တချို့ကတော့ ဓာတ်ပုံတွေ ရိုက်နေကြတယ်ဟ .. သူတို့ကို အဝေးက လှမ်းကြည့်နေပေမယ့် အပျော်တွေက ငါ့ရင်ကို အလိုလို လာကူးစက်တယ် သိလား .. ငါတို့အားလုံး တမြေထဲကလာတယ်ဆိုတဲ့ အသိကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ ခဏနေတော့ ညစာစားချိန် နီးလာတာမို့
အားလုံးအခန်းကို ပြန်ခဲ့ကြတယ် ..။
ညစာစားပြီး သူများတွေကတော့ ကမ်းစပ်ကို တခါပြန်သွားကြတယ် .. လရောင်အောက်က သဲသောင်ဖွေးဖွေးမှာ လမ်းလျှောက်ချင်လို့တဲ့ ..။ ငါကတော့ ထမင်းဝိုင်းကနေ ည ၉ နာရီခွဲလောက်မှ ထပြန်ခဲ့ရတယ် .. တ၀ိုင်းတည်း စားဖော်စားဖက်တွေနဲ့ စကားတွေ ပြောနေရလို့ဟ။ အသိတွေလည်း ထပ်တိုးလာတယ် ..။ နယ်စပ်ဒုက္ခသည် စခန်းတွေထဲမှာ ဆေးမှူးတွေအဖြစ် တာဝန်ထမ်းနေတဲ့လူတွေ ပါတယ်။ သူနာပြုဆရာမတွေ ဖြစ်နေကြတဲ့ လူတွေလည်း ပါတယ်။ နိုင်ငံရေးဘာသာရပ်နဲ့ ကျောင်းပြီးလို့ အလုပ်ရှာဖို့ စိုင်းပြင်းနေသူတွေ လည်း ပါတယ်။ အားလုံး သူတို့သိခဲ့တဲ့ အကြောင်းတွေကို ရယ်စရာအနေနဲ့ ပြန်ပြီးဖောက်သည်ချနေကြ တယ်ဟာ။ လူထုကျန်းမာရေးဘာသာနဲ့ အောင်ထားတဲ့ အကိုကလည်း သူ့အတွေ့အကြုံတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြောပြတယ်။ ငါတို့ စားပွဲဝိုင်းတခုလုံး ရယ်သံတွေ အတောကို မသတ်နိုင်ဘူး။ သူများတွေ မပြန်သေးပေမယ့်
နောက်နေ့မနက် စောစောထရအုံးမှာဆိုတော့ .. စားပွဲကနေ မထချင် ထချင်နဲ့ပဲ အခန်းကိုပြန်လာခဲ့တယ်။
အိပ်ယာမြင်လိုက်တာနဲ့ တနေ့လုံး ပင်ပန်းမှန်းမသိ ပင်ပန်းခဲ့တာတွေက တောင်းဆိုလာလို့ မျက်လုံးတွေက အလိုလို စင်းလာတယ်။ နောက်ဆုံးသိလိုက်တာက ဘေးခန်းက သူငယ်ချင်းတွေ စကားတပြောပြောနဲ့ အခန်းရှေ့က ဖြတ်သွားတယ်ဆိုတာပဲ။
... ... ...
နောက်နေ့မနက်ကျတော့ လူက တော်တော်လန်းလန်းဆန်းဆန်းပဲ။
စစချင်းတုန်းကလို ငါနဲ့ မသိတဲ့လူတွေချည်းပဲလို့ မတွေးတော့လို့လား မသိဘူး။
မြန်မြန်ရေချိုးပြီး မနက်စာဆင်းစား .. စားရင်းလည်း ပွားပေါ့ဟာ ..။
စားပြီးတော့ ငါတို့ပညာရေးအဖွဲ့ မနေ့က မပြီးသေးတဲ့ အတွေ့အကြုံ ဖလှယ်တာကို ဆက်ဆွေးနွေးကြတယ်။
တခြားအဖွဲ့တွေလည်း သူတို့လုပ်စရာရှိတာတွေ .. ဆွေးနွေးစရာကျန်တာတွေကို ဆက်ကြတယ်ပေါ့။
လုပ်စရာတွေ များနေတာနဲ့ အချိန်တောင် ကုန်မှန်းမသိ ကုန်သွားတယ်။
နေ့လည်ပိုင်းရောက်တော့ ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့တွေ အကုန်ပြန်ပေါင်းပြီး အချင်းချင်း ဘယ်လို ဆက်သွယ်ကြမလဲ .. ဘယ်လို အထောက်အကူပေးနိုင်လဲ ဆိုတာတွေ အားလုံးအရှေ့မှာ တဖွဲ့ချင်းက ကိုယ်စားလှယ်တွေ ထွက်ပြောကြတယ်။ ငါတို့အဖွဲ့ကတော့ ပညာရေးစာစောင်ထုတ်မယ် လို့ ပြောလိုက်တယ်။ အဲဒီနည်းနဲ့ အချင်းချင်း အဆက်အသွယ်မပြတ်စေရဘူးလို့ ရှင်းပြတယ်။ စာစောင်က တနှစ်မှာ ၃ ခါထုတ်မယ်။ ငါတို့အဖွဲ့ဝင်တွေရဲ့ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အတွေ့အကြုံတွေကို ရေးကြမယ်ပေါ့..။ နောက်ပြီး ငါတို့စာသင်ခန်းထဲက .. ဒါမှမဟုတ် ငါတို့ပတ်ဝန်းကျင်က လူငယ်ကျောင်းသားတွေနဲ့ အမေးအဖြေ လုပ်ထားတာတွေလည်း ထည့်မယ် .. ဒါမှ လူငယ်သွေးသစ်တွေရဲ့ အိပ်မက်တွေကို ခံစားနိုင်မှာပေါ့။ နောက်ပိုင်း ဒီစာစောင်လေး အခြေခိုင်သွားရင် တခြားအဖွဲ့တွေက အကို .. အမတွေ .. ညီ.. ညီမတွေရဲ့ အတွေ့အကြုံတွေလည်း ထည့်သွားနိုင်အောင် ငါတို့လုပ်ကြမယ်။ ဒီနည်းက တယောက်နဲ့တယောက် မတူညီတဲ့ အချက်အလက်တွေကို အကောင်းဆုံး ပုံဖော်ပေးသွားနိုင်တယ်လေ။ ရောက်ရာအရပ်က သူငယ်ချင်းတွေရဲ့ အခြေအနေ တိုးတက်မှုတွေကိုလည်း သိနိုင်တာပေါ့။ ငါတို့အဖွဲ့ရဲ့ ဆွေးနွေးချက်က ဖြစ်နိုင်ခြေမဟုတ်ဘူး .. ဖြစ်အောင်ကို လုပ်မှာ ဆိုတော့ .. ငါအပါအ၀င် တဖွဲ့လုံး တက်ကြွနေတယ်လို့ ထင်တာပဲဟ ..။
ဒီလိုနဲ့ မပြန်ခင်ညနေပိုင်းလေးမှာ ပညာသင်ဆုထောက်ပံ့ပေးတဲ့အဖွဲ့ရဲ့ မနှစ်က ဦးတည်ချက်တွေကို ငါတို့ ပြန်ဆွေးနွေးပြီး ပိုကောင်းအောင် .. ပိုပြီး ဖြစ်နိုင်ခြေရှိအောင် အကြံပေးကြတယ်။ ဒီတခါ ဆွေးနွေးတာကြတော့ ပညာရေးတဖွဲ့တည်းမဟုတ်တော့ဘူး .. အဖွဲ့အားလုံး ရောပြီးတိုင်ပင်ကြတယ်။ အဲဒီမှာတခါ သူငယ်ချင်း အသစ်တွေ ထပ်ရတယ်။ အခုမှ ပြန်စဉ်းစားတော့ အားလုံးက အလုပ်လုပ်နေကြတဲ့ စီနီယာတွေချည်းပဲဟ။ အဲဒီ အချိန်လေးလဲ ပျော်ပျော်ရွှင်ရွှင် .. အမြင်အသစ်တွေနဲ့ ပြီးဆုံးသွားတယ်။
အဲဒီအချိန်ပြီးတော့ .. အားလုံးပြန်ဖို့ပြင်ကြတော့တာပဲ။ မနက်ကတည်းက အခန်း ပြန်အပ်ပြီးလို့ တော်တော့ တယ်။ အဲလိုမှမဟုတ်ရင် တက်ဆင်း ပြေးလွှားရင်း ရှုပ်နေရအုံးမယ်။

နောက်ဆုံးတော့ ကမန်းကတန်း ကမ်းခြေကို ခဏသွားလိုက်ကြတယ်။ မတ်တပ်ရပ်ပြီး ပင်လယ်ကို ငေးရုံပါပဲ။ ကမ်းစပ်ကိုတောင် မသွားတော့ဘူး။ လူတွေရှုပ်မနေသေးတဲ့ ပင်လယ်ကြီးကို သောင်ပြင်ပေါ်ကပဲ လှမ်းကြည့်လိုက်တယ်။ အခုမှ သိကျွမ်းစပြုနေသူတွေ အားလုံးလည်း အုပ်စုလိုက် ဓာတ်ပုံတွေရိုက်ကြပေါ့ဟာ။ ခဏလေးနေတော့ ငါတို့ပြန်ဖို့ ကားတွေလည်းရောက်နေပြီ .. ထမင်းလည်း အဆင်သင့်ဖြစ်ပြီ .. ဆိုတော့ အားလုံးပဲ ထမင်း မြန်မြန် သွားစားရတယ် .. ပြီးတော့ ကားပေါ်တက်ကြပေါ့ ..။
ကားတွေက ချင်းမိုင်ကို ပြန်မှာရယ် .. ဘန်ကောက်က အေအိုင်တီ တက္ကသိုလ်ကို ပြန်မှာရယ် .. ငါတို့ အေဗက်တက္ကသိုလ်ကို ပြန်မှာရယ်။ အပြန်ခရီးကျတော့ အလာတုန်းကနဲ့ လုံးဝကို မတူတော့ဘူး ..။ စကားပြောစရာ နှုတ်ဆက်စရာ သူငယ်ချင်းတွေနဲ့ ကားရပ်တိုင်း ပြောရတာ အမော။ ကားသွားနေတဲ့ တောက်လျှောက်လည်း ကားထဲမှာ စကားတွေ ဖောင်ဖွဲ့လို့ .. အိပ်ငိုက်ဖို့တောင် အချိန်မရလိုက်ဘူး။ ထူးခြားတာက အလာတုန်းက ဘာရည်ရွယ်ချက်မှ သိပ်မရှိခဲ့ပေမယ့် .. အပြန်ခရီးကျတော့ ကိုယ်ရှေ့လျှောက်လုပ်မယ့် အကြောင်းအရာတွေအတွက် ပိုပြီးလမ်းပွင့်လာတို့ ခံစားရတယ် .. နောက်ပြီး .. အမြင်တူတဲ့ သူငယ်ချင်းတွေ အများကြီး ရလာတယ် ဆိုတာလည်း သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် တနေ့လုံး ပင်ပန်းထားတာခြင်း အတူတူ .. အလာတုန်းကထက် ပိုပြီး တက်ကြွ ရွှင်လန်း နေတာတော့ သေချာတယ် ညီမလေးရေ ..။ နှစ်ရက်စာ အတွေ့အကြုံတွေဆိုတော့ နင် ဖတ်ရတာ တော်တော် ရှည်နေမှာပဲ။ ဒါပေမယ့် ငါ့အတွေ့အကြုံတွေ နင့်ကိုလည်း ခံစားစေချင်လို့ပါ။ နောက်ထပ်ခရီးတွေ သွားဖြစ်ခဲ့ရင်လည်း .. နင် စာရှည်ရှည်တွေ ထပ်ဖတ်ရအုံးမှာပေါ့ ..။ အခုတော့ .. ဒီလောက်ပဲဟာ။

ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေ ..။

Friday, January 18, 2008

လွမ်းတယ် ... ။

လွမ်းတယ် ..။
သစ်ပင် ခပ်အုပ်အုပ်တွေအောက်က

အမိုးစုတ်စုတ်နဲ့ အိမ်အိုလေးကို လွမ်းတယ် ..။


လွမ်းတယ် ..။

ပင်ပျိုပင်အိုတွေ တဘက်တချက်နဲ့
လေတိုက်တိုင်းယိမ်း မြက်စိမ်းစိမ်းတွေတိမ်းနွဲ့နေတတ်တဲ့ ..

မြေနီရောင်ခြယ် ဖုန်ထူထူ လမ်းလေးကို လွမ်းတယ် ..။


လွမ်းတယ် ..။

တစုံတယောက် စောင့်မျှော်နေတတ်လို့

နွေးထွေးခြင်းအဓိပ္ပါယ်ဆောင်ဖူးခဲ့တဲ့ မနက်ခင်းတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

ခပ်မွမွဖုန်လမ်းလေးပေါ်က ခပ်ကြွကြွဖြတ်သန်းခဲ့ဖူးတဲ့

ခြေရာစုံတွဲလေးတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

လေပြေအနော့မှာ ခပ်သော့သော့ပြန့်ဝဲခဲ့ဖူးတဲ့

သောကမဲ့ ရယ်သံတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

မရေမရာ အိပ်မက်တွေနဲ့ မသေချာတဲ့ အနာဂတ်တွေအတွက်

အငြင်းပွားခဲ့ချိန်တွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

မျှော်လင့်ခြင်း မနက်ဖြန်တွေ ရှေ့ဆက်နိုင်ဖို့

လမ်းခွဲခဲ့ကြတဲ့ ယုံကြည်ခြင်း ညနေခင်းတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

တစုံတရာကို လွမ်းခြင်းညည်းခဲ့တဲ့

ကာလမဲ့ညတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

“ယုံကြည်ထားပါ” ဆိုတာကိုလွမ်းတယ် ..။

“ပြန်ဆုံကြမယ်”လို့ ပြောတာကို လွမ်းတယ် ..။

“သိပ်မကြာခင် ..” တဲ့ .. လွမ်းတယ် ..။


ပြန်ပိုင်ဆိုင်ကြမယ့် အချိန်တွေကို ..

ဘာမဆိုင်ညာမဆိုင် ကြိုလွမ်းတယ် ..။


သစ်ပင်အုပ်အုပ် အမိုးစုတ်စုတ်နဲ့

အိမ်အိုလေးမှာ ပြန်လွမ်းမယ် ..။
.. လွမ်းတယ် ..။