Tuesday, June 16, 2015

“အနန္တဆုံမှတ် ..။”


ရိုးသား အရိုင်းဆန်မှုတွေနဲ့ ..
သူဟာ ..
ကျနော့်အတွက်တော့ ..
(အမြဲတမ်း) သိုးငယ်လေးပါပဲ ..။

ကံတရားက .. 
မပြောမဆိုနဲ့ ကန့်လန့်ကာဖွင့်တယ် ..
ရင်ခတ်လှိုင်းတွေကို .. ကျီစယ်ရုံလား ..
ပေးဆပ်ဖို့တွေ ကျန်နေသေးလို့လား ..
ဆုပေးခံရရိုး မရှိခဲ့တာမို့ ..
ဒဏ်ပေး ဆိုတဲ့ဇာတ်မျိုးပဲ ..
နာနာကြင်ကြင် လှမ်းမြင်နေမိသလိုလို ..။

ထူထဲ နက်ရှိုင်းပြီးသား.. နေသားတကျ ရှိမှုတွေကို
ထိခတ် လှုပ်နှိုးနေဖို့ ..
ဖြစ်မှ မဖြစ်သင့်တော့တာ ..
သူ့အတိုင်းတိုင်း .. 
ထားလိုက်ပါတော့လားကွယ် ..။

“သူ့ဆံနွယ်လေးတွေ .. 
 ထိတို့ကစားခွင့် ..
 သူ့ကိုယ်သင်းနံ့လေး .. 
 တရင်းတနှီး နမ်းရှိုက် အမှတ်ရခွင့် ..
 သူ့လက်ဖ၀ါးလေး .. 
 တင်းတင်း ခိုင်ခိုင် ဆုပ်ကိုင်နိုင်ခွင့် ..
 သူ့အသံ တိုးဖွဖွလေး .. 
 ကိုယ့်နှလုံးအိမ်ဆီ .. ပျံ့လွင့်ရွေ့လျားလာခွင့် .. ..” 

ရယ်ချင်တယ် .. 
ငိုလည်း .. ငိုချင်တယ် ..
ဒါ .. လောကဓံ တရပ်ရဲ့
ပြည့်စုံ လှပမှုပဲလေ ..။

တွေ့ဆုံခြင်းက .. 
မျဉ်းပြိုင်နှစ်ကြောင်းလိုမို့ .. 
မျှော်လင့်နိုင်ခွင့် ရအုံးမယ်ဆိုရင် ..
သံသရာ အနန္တ(Infinity) မှာ ..
“ဆုံမှတ်” တခု ..
ဖြတ်ခွင့်ပြုပါ ..။ 

--99--
၁၇ ဇွန် ၂၀၁၅