Sunday, September 16, 2007

ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ။

အီးမေးလ်တခုကနေရထားတဲ့ အကြောင်းအရာလေးပါ။
ကျနော်ကိုယ်တိုင်တောင် ဒီစာဖတ်ပြီးမှ ဘုန်းကြီးတွေ သပိတ်မှောက်ရတဲ့ အဓိပ္ပါယ်ကို နားလည်သွားပါတယ်။
အလည်လာကြတဲ့ သူငယ်ချင်းတွေအတွက်လည်း ဗဟုသုတတိုးစေချင်တဲ့ စေတနာနဲ့ပါ ..။
ဖော်ပြမယ့်အကြောင်းအရာကတော့ ...
“ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ” ပဲ ဖြစ်ပါတယ်။
... ... ... ... ... ...
အကျယ်သို့ ...


“ပတ္တနိက္ကုဇ္ဇနကံ” အကြောင်းသိကောင်းစရာ။

“စက်တင်ဘာလ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး ပခုက္ကူမြို့က မတရားဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်ခံကြရတဲ့ ကိုယ်တော်လေးတွေ ကျေနပ်သည်ထိ တောင်းပန်ရမယ်။

ဒီလိုမှမဟုတ်ရင် သံဃာတော်တွေက စစ်အစိုးရနဲ့အပေါင်းပါတွေကို သပိတ်မှောက်ကြမှာတဲ့” ဆိုတဲ့ သတင်းဟာ ပြည်တွင်းရော၊ ပြည်ပမှာပါ ဟိုးလေးတကျော် ဖြစ်နေပါတယ်။ ဒီနေရာမှာ သပိတ်မှောက်တာနဲ့ စပ်လျဉ်းလို့ သိချင်သူတွေလဲ ကမ္ဘာအနှံ့-ဟုဆိုလျှင် မှားမယ် မထင်ပါ။ ဒါ့ကြောင့် သံဃာတော်တွေ သပိတ်မှောက်တဲ့ ပါဠိလို “ပတ္တနိက္ကုဇ္ဇန” အကြောင်းကို အကြမ်းဖျဉ်း တင်ပြလိုပါတယ်။

သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်းများ။

တကယ်တော့ သံဃာတော်တွေ သပိတ်မှောက်ပုံဟာ အလွန်ရိုးရှင်းပါတယ်။ သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်း (၈) ချက်ရှိပါတယ်။

(၁) ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ။ ဘုရားရှင်ကို စော်ကားခြင်း။

(၂) ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ။ တရားကို စော်ကားခြင်း။

(၃) သံဃဿ အ၀ဏ္ဏံ ဘာသတိ။ သံဃာတော်ကို စော်ကားခြင်း။

(၄) ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ။ ရဟန်းတော်တွေ လာဘ်လာဘ မရအောင် ပြုလုပ်ခြင်း။

(၅) ဘိက္ခူနံ အ၀ါသာယ ပရိသက္ကတိ။ ရဟန်းတော်တွေ နေရာထိုင်ခင်း မရအောင် ပြုလုပ်ခြင်း။

(၆) ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ။ ရဟန်းတော်တွေ အကျိုးယုတ်အောင် ပြုလုပ်ခြင်း။

(၇) ဘိက္ခူနံ အက္ကောသတိ ပရိဘာသတိ။ ရဟန်းတော်တွေကို ဆဲရေးခြင်း ကြိမ်းမောင်းခြင်း။

(၈) ဘိက္ခူနံ ဘိက္ခူဟိ ဘေဒေတိ။ ရဟန်းတော်အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ခြင်း - တို့ပါပဲ။

ဒီ (၈) ချက်အနက် တချက်ချက်နဲ့ ညိစွန်းရင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို သံဃာတော်တွေအနေနဲ့ သပိတ်မှောက်ပိုင်ခွင့် (“ပတ္တနိက္ကုဇ္ဇန” ကံဆောင်ခွင့်) ရှိပါတယ်။ ဒါတွေကတော့ သပိတ်မှောက်နိုင်ခြင်းအကြောင်းရင်းတွေပါပဲ။

သပိတ်မှောက်တာ ဘယ်ခေတ်က စခဲ့ပါသလဲ။

အမှန်မှာ အခုခေတ်မှ အဆန်းထွင်ပြီး လုပ်တဲ့ကိစ္စမဟုတ်ပါ။ ဗုဒ္ဓလက်ထက်ကတည်းက ရှိခဲ့တာပါ။ လိစ္ဆ၀ီမင်းတပါးဟာ အရှင်ဒဗ္ဗကို သူ့ဇနီးနဲ့ ဖောက်ပြန်တယ် - လို့ မဟုတ်တမ်းတရား စွတ်စွဲပါတယ်။ ထိုအကြောင်း ဗုဒ္ဓသိတော်မူတဲ့အခါ အရှင်ဒဗ္ဗကို သံဃာအလယ်မှာ စစ်ဆေးပါတယ်။ မဟုတ်ကြောင်းထင်ရှားတဲ့အခါ အဲဒီစွတ်စွဲသူကို သပိတ်မှောက်ခွင့် ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့ပါတယ်။ ပြန်လည်တောင်းပန်တဲ့အခါ သပိတ်ပြန်လှန်ပေးခဲ့ပါတယ်။

၎င်းအပြင် ဗမာရာဇ၀င်မှာ “ခုံတော် မောင်ကျဘမ်း” ဆိုလျှင် မကြားဘူးသူ ရှားပါလိမ့်မယ်။ စကားတတ်၊ စကားကပ်တဲ့နေရာ တကယ့်ဆရာကြီးပါပဲ။ သူ့အလုပ်က ရှေ့နေ။ သူ့ခေတ်သူ့ခါက သူနဲ့ တရားခွင်မှာ ရင်ဆိုင်ရသူတွေဟာ အရှုံးနဲ့သာ ကြုံရလို့ “ခုံတော် မောင်ကျဘမ်း” ဆိုတဲ့ နာမည်ရထားသူပါ။ တနေ့ သူဟာ ရုံးတော်ကိုအလာ မထေရ်တပါးနဲ့ဆုံတော့ “ကိုယ်တော် ဘယ်က ကြွလာသလဲ” လို့ အထက်စီးလေသံနဲ့ မေးလျှောက်တော့ “ဆွမ်းခံလာတာပါ ဒကာကြီး”လို့ ဖြေတဲ့အခါ “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာ မလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံ ရပါတယ်။ အိမ်ရှင်မကို ပါးတောင်ချခဲ့လို့ ရသေးတယ်” လို့ ပြန်လျှောက်တော့ “ဒီတခါတော့ ဒီဒကာကို ဆုံးမဖို့ အချိန်တန်ပြီ” လို့တွေးပြီး ခုံတော် မောင်ကျဘမ်းရဲ့ အိမ်သို့ ကြွသွားပါတယ်။

ဘာကြောင့် မထေရ်မြတ်က အဲဒီလို တွေးရသလဲဆိုရင် တခါမှာ သံဃာတော်တွေ ရေတွက်တဲ့အခါ မောင်ကျဘမ်းက “တယောက် နှစ်ယောက်” စသည်ဖြင့် ရေတွက်တာကို “တပါး၊ နှစ်ပါး” လို့ သုံးသင့်ကြောင်း အချို့သံဃာတော်တွေက မိန့်တော့ “အရိယာတွေတောင် မဂ္ဂဌာန်ရှစ်ယောက်၊ ဖလဌာန်ရှစ်ယောက်လို့ စာပေကျမ်းဂန်တွေမှာ သုံးသေးတာ ကိုယ်တော်တို့ကို ဘာမို့လို့ တပါး၊ နှစ်ပါးစသည်ဖြင့် သုံးရမှာလဲ” လို့ မချေမငံ သံဃာ့အလယ်မှာ ပြောဖူးတဲ့အချက်ကို ပြန်ပြီးမြင်ယောင်လို့ ဖြစ်ပါတယ်။

အိမ်ရောက်တဲ့အခါ မောင်ကျဘမ်းကတော်က “အရှင်ဘုရား ကိစ္စအထူးရှိလို့လားဘုရား” လို့ လျှောက်တော့ “အေး … ဆွမ်းခံလာတာ” မိန့်တော့ မောင်ကျဘမ်းကတော်လည်း ဆွမ်းဘာညာလောင်းလှူပြီး ဦးချ၊ အရှင်မြတ်ပြန်ကြွခါနီးမှာ လက်အုပ်ချီပြီး ရပ်နေရှာတဲ့ မောင်ကျဘမ်းကတော်ရဲ့ပါးကို “ဖြန်း” ကနဲချကာ ပြန်ကြွလာခဲ့ပါတယ်။ အဲဒီအရှင်မြတ်ရဲ့ဘွဲ့ကတော့ အရှင်ဥတ္တမတဲ့။ အရှင်ဥတ္တမ-က မောင်ကျဘမ်းကတော်ကို ပါးရိုက်တဲ့သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပါတယ်။ မောင်ကျဘမ်းလဲ အတော်ဒေါသထွက်သွားသတဲ့။ နောက်ဆုံး ရှင်ဥတ္တမ-ကို သူ့ဇနီးအားစော်ကားတဲ့အမှုနဲ့ ရုံးတော်ကို တိုင်ပါတယ်။ အရှင်ဥတ္တမကို ရုံးတော်က ဆင့်ခေါ်ပြီး အမှုစစ်ပါတယ်။ တရားလိုရဲ့ရှေ့နေက မောင်ကျဘမ်းပါပဲ။ သူ့အမှုကို ရုံးတော်မှာ ဦးတိုက်လျှောက်တော့ အရှင်ဥတ္တမ-က မောင်ကျဘမ်းစကားကို ကိုးကားပြီး “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာမလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံရပါတယ်။ အိမ်ရှင်မကို ပါးတောင် ချခဲ့လို့ ရသေးတယ်” လို့ ပြောတဲ့အတွက် မောင်ကျဘမ်းစကားအတိုင်း ပြုလုပ်ခြင်းဖြစ်ကြောင်း” ခုခံချေပတဲ့အတွက် မောင်ကျဘမ်းခမျာ အပွဲပွဲနွှဲခဲ့သမျှ အရှုံးနဲ့ ရင်ဆိုင်သွားရပါသတဲ့။

မောင်ကျဘမ်းရဲ့စွဲချက်ဟာ သံဃာကိုစော်ကားခြင်းဖြစ်လို့ သံဃာထုက မကျေနပ်သဖြင့် မောင်ကျဘမ်း မိသားစု၊ အသိုင်းအ၀ိုင်းကို သပိတ်မှောက်ခဲ့ပါတယ်။ တောင်းပန်တော့ သပိတ်ပြန်လှန်လိုက်တာပါပဲ။ အဲဒီအချိန်ကစပြီး ကိုယ်တော်လေး အရှင်ဥတ္တမလည်း “ရှင်ဥတ္တမကျော်”ဆိုတဲ့ နာမည်နဲ့ ယနေ့တိုင် ထင်ရှားနေဆဲပါပဲ။

နောက်ထပ် အထင်ရှားဆုံး အနီးဆုံး အထောက်အထားကတော့ ၁၉၉၀၊ မတ်လ၊ ရှစ်လေးလုံး နှစ်ပတ်လည် အဖြစ် မန္တလေးမြို့မှာ သံဃာတော်တွေကို ဆွမ်းလောင်းရာမှာ နအဖ(န၀တ) က ပစ်ခတ်ဖျက်ဆီးခဲ့လို့ ရဟန်းတော်အချို့ သေနတ်ဒဏ်ရာနဲ့ ပျံလွန်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် န၀တကို ၀န်ချတောင်းပန်ဖို့ သံဃာတော်တွေက တောင်းဆိုခဲ့ပေမယ့် လက်မခံတဲ့အတွက် ၁၉၉၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်နေ့မှာ န၀တနဲ့တကွ သူ့ရဲ့လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို သံဃသာမဂ္ဂီအဖွဲ့ ဥက္ကဌဆရာတော် ဦးရေ၀တ-ဦးဆောင်ကာ သပိတ်မှောက် ကံဆောင်ခဲ့ကြပါတယ်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်က “ဘုန်းကြီးတွေက သပိတ်မှောက်တယ်ပြောတယ်။ မှောက်ပေါ့။ ဘာဖြစ်မှာလဲ..” လို့တောင် ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှ သာသနာရေးဦးစီးဌာနက ညွှန်ချုပ် ဦးအံ့မောင်-က အသေအချာရှင်းပြမှ သပိတ်မှောက်မှုရဲ့ အတိမ်အနက်ကို သဘောပေါက်ကာ သပိတ်ကို ခွဲဖို့ ကြိုးစားပါတော့တယ်။ ပထမဆုံးအနေနဲ့ ဒီသပိတ်မှောက်တာဟာ မန္တလေးမှာတင်ဖြစ်တာ ရန်ကုန်မပါဘူး-လို့ ထင်ပြီး အားစမ်းတဲ့အနေနဲ့ ကိုးထပ်ကြီးဘုရားမှာ ကိုးရက်၊ ကိုးလ၊ ကိုးဆယ့်ကိုး၊ နံက် ကိုးနာရီအချိန်၊ သံဃာအပါးကိုးရာကို သင်္ကန်းဒွိစုံ၊ ငွေကိုးရာနဲ့ ဆွမ်းကပ်ပွဲလုပ်ပါတယ်။ ရန်ကုန်မြို့က သံဃာတွေက အလှူမခံကြတဲ့အခါ ကမန်းကတမ်း ထောက်ကြံ့၊ မှော်ဘီ၊ လှည်းကူး-စတဲ့ နီးစပ်ရာက ဘုမသိဘမသိ ကိုယ်တော်လေးတွေကို အတင်းပင့်ပြီး ဆွမ်းကပ်ခဲ့ရပါတယ်။ စုစုပေါင်း ဘုစုခရု နှစ်ရာ့ငါးဆယ်၊ သုံးရာခန့်ရှိတယ်လို့ မြင်သိခဲ့ရပါတယ်။ ဒီတော့မှ တကယ်ဆိုတာ သဘောပေါက်ပြီး မဟန ဆရာတော်ကြီးတွေကို သပိတ်ခွဲမဲ့အကြောင်း၊ အာဏာသုံးမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် အသိပေးပါတယ်။ ထိုစဉ်က မဟန ဆရာတော် ဘဒ္ဒန္တခမာဝုဓ-က တရားဟောပါတယ်။ အရေးပေါ်ကြေငြာချက် ပုဒ်မတွေထုတ်ပြီး မန္တလေးကကျောင်းတိုက်ကြီးတွေကို ကွန်မန်ဒိုတပ်သားတွေနဲ့ဝိုင်းပြီးရှာ၊ သံဃာတော်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ပါတယ်။

ထိုစဉ်က အဖမ်းဆီးခံ ထင်ရှားတဲ့ ဆရာတော်များကတော့ မစိုးရိမ်တိုက်ဟောင်းဆရာတော် အရှင်ကောဝိဒါ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ရာဇဘိဝံသ (သစအ - ဓမ္မာစရိယ)၊ မရမ်းကုန်း တိပိဋ္ဋက မဟာဂန္ဓာရုံကျောင်းတိုက် အရှင်သုမင်္ဂလာလင်္ကာရ (တိပိဋ္ဋကဓရ၊ ယခုပျံလွန်)၊ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် အရှင်တိလောကာ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ သာကေတ ပါဠိကာရီဆရာတော် အရှင်အင်္ဂိသ (ဒွိပိဋ္ဋက)၊ မဂ္ဂင်ဆရာတော် အရှင်ဝါသ၀ပဏ္ဏိ (ဘာသန္တရ ကျွမ်းကျင်၊ ယခုပျံလွန်)တို့မှစ၍ ပုစွန်တောင် ညောင်ကုန်းကျောင်းတိုက်က ကိုရင်ရှင်ဓမ္မာစာရ (၁၃)နှစ်သားလေးထိ ပိုက်စိပ်တိုက် ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အခြားသော ထင်ရှား၊ မထင်ရှားရှိကြတဲ့ သံဃာတော်များလည်း ကျန်ပါသေးတယ်။ ဘွဲ့တော်တွေ ထည့်မဖော်ပြနိုင်သည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

စစ်အာဏာပိုင်များဟာ ဘယ်တော့မှ တောင်းပန်ရိုးမရှိပဲ လက်နက်အားကိုးဖြင့်သာ ဖြေရှင်းလေ့ရှိသည်မှာ ၁၉၆၂ ခုနှစ်မှစပြီး ယနေ့တိုင်ပင် ဖြစ်ပါတယ်။

ယခုလည်း အားလုံးသိကြတဲ့အတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များက လမ်းလျှောက်မေတ္တာပို့သည်ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်၊ ဦးပဇင်းသုံးပါးကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်၊ သေနတ်ဒင်နဲ့ထု၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို၊ လူဝတ်လဲခိုင်း၊ အချုပ်ခန်းထဲ ထည့် - စတာတွေကို ကျူးလွန်စော်ကားခဲ့တဲ့အတွက် သံဃာထုတရပ်လုံး၊ ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ယခုလို သပိတ်မှောက် ကံဆောင်ဖို့ထိ ဖြစ်လာခြင်းဖြစ်ပါတယ်။ အမှန်မှာ အပ်နဲ့ထွင်းရမဲ့ဟာကို ပေါက်ဆိန်နဲ့ထွင်းရအောင် လုပ်ခြင်းပင် ဖြစ်ပါတယ်။ တောင်းပန်ရမယ့်အစား သံဃာတွေကို တင်းကြပ်ဖို့ ဆရာတော်တွေကကို သွေးထိုး၊ သတင်းစာထဲကနေ အမှားတွေရေးသား၊ အဖမ်းဆီးအနှိပ်စက်ခံရတဲ့ ဦးပဇင်းသုံးပါးကို တပါးငွေသုံးသိန်းစီပေးပြီး အဖြစ်မှန်တွေကို မပြောရန် ခြိမ်းခြောက်မှုတွေကို အတင့်ရဲစွာ ပြုလုပ်လာကြတဲ့အတွက် ပိုမိုတင်းမာလာရခြင်းဖြစ်ပါတယ်။

လတ်တလောမှာလဲ ပခုက္ကူမြို့ပေါ်ရှိ ကျောင်းတိုက်အားလုံးကို တိုက်ခါဖို့ဖိအားပေးသဖြင့် ၀ါတွင်းကာလ မှာပင် သံဃာတော်များ နေရပ်ဌာနေအသီးသီးသို့ ပြန်ကြွသွားကြရပါပြီ။ ဒါ့အပြင် စိုးရိမ်ဖွယ် အခြေအနေကတော့ လမ်းလျှောက်မေတ္တာပို့ရာမှာ ပါဝင်ခဲ့ကြတဲ့ .. အထူးသဖြင့် ခေါင်းဆောင်လို့ ယူဆခံကြရတဲ့ သံဃာတော်တွေရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်။ အလွန်အန္တရာယ်ကြီးပါတယ်။ အများစုမှာ ရပ်ရွာတွေက ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စစ်တပ်၊ ရဲနဲ့ အလိုတော်ရိတွေက အချိန်မရွေး အန္တရာယ်ပေးနိုင်လို့ အဲဒီအရှင်မြတ်များ သတိအထူးထားစေလိုပါတယ်။ ဖြစ်နိုင်ရင် ရပ်ရွာပြန်တာထက် မန္တလေးလို မြို့ကြီးတွေကို သွားကြရင် ပိုသင့်တော်ပါလိမ့်မယ်။ ဒါပေမဲ့ ၀ါတွင်းကာလဖြစ်လို့ အခက်အခဲတွေ အများကြီးကြုံပါလိမ့်မယ်။

နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာလိုသလား။

တကယ်တော့ နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာမလိုပါ။ တနေရာမှာ ကမ္မ၀ါစာဖတ်လျှင် ကံမြောက်ပါတယ်။ ကြားသိကြတဲ့ ရဟန်းသာမဏေတိုင်း၊ ပြည်တွင်း၊ ပြည်ပ အားလုံးလိုက်နာရပါတယ်။ မလိုက်နာရင် အပြစ် (အာပတ်) သင့်ပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်ပါတယ်။

သပိတ်မှောက်တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။

သပိတ်မှောက်တယ်ဆိုတာ သပိတ်အမှောက်ခံရတဲ့ မိသားစု၊ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းစသည်တို့နဲ့ ပတ်သက်တဲ့ သာရေး၊ နာရေးကိစ္စမှန်သမျှကို လိုက်လံပြီး တရားဟောခြင်း၊ အလှူခံခြင်း စသည်တို့ကို မပြုလုပ်ပဲ ကြဉ်ဖယ်ထားခြင်းသာ ဖြစ်ပါတယ်။ သူတို့နဲ့ပတ်သက်တဲ့ ကိစ္စဟူသမျှ လုံးဝကင်းရှင်းစွာ နေခြင်းပဲဖြစ်ပါတယ်။

ဘယ်လောက်ကြာသည်ထိ မှောက်ရမှာလဲ။

သပိတ်မှောက်ခံရသူတွေအနေနဲ့ သံဃာတော်ကို ကျေနပ်သည်အထိ မတောင်းပန်မခြင်း၊ တရားသဖြင့် တောင်းဆိုတဲ့အရာတွေ မလိုက်လျောမချင်း သပိတ်မှောက်ထားပါလိမ့်မယ်။ အကယ်၍ သူတို့အမှားကို မြင်ပြီး တောင်းပန်၊ လိုက်လျောလာတဲ့အခါမှာလည်း သိမ်ထဲမှာ အနဲဆုံး သံဃာလေးပါးနဲ့ ကမ္မ၀ါစာကို ဖတ်ရပါတယ်။ အဲဒါကို “ပတ္တဥက္ကုဇ္ဖန” သပိတ်လှန်တယ် - လို့ ခေါ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ပတ္တနိက္ကုဇ္ဖနကံ အကြောင်းအရိပ်အမြွက်မျှ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုကျင်းပမဲ့ သပိတ်မှောက်ကံဆောင်ပွဲဟာ သာသနာသမိုင်းမှာ စတုတ္ထမြောက် မော်ကွန်း ဖြစ်ပါလိမ့်မယ်။ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ သမိုင်းကတော့ သက်သေခံနေပါလိမ့်မယ်။ နောက်ပြီး အဲဒီသပိတ်မှောက် ကံဆောင်ပွဲနဲ့ ပတ်သက်တဲ့ ရဟန်းမှန်သမျှဟာ အချိန်မရွေး၊ နေရာမရွေး၊ အဖမ်းဆီးခံရပြီး စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ ထောင်ကျရုံတင်မက အသက်ပင် ဆုံးရှုံးနိုင်ကြောင်းကိုလဲ ၁၉၉၀ ပြည့်နှစ်က ဖြစ်ခဲ့တဲ့ အခြေအနေတွေက သက်သေခံနေပါကြောင်း တင်ပြရင်း …


(ဓမ္မသည် အဓမ္မကို အောင်စမြဲ)

သကျကုလ

(စက်တင်ဘာ ၁၆၊ ၂၀၀၇)


Thursday, September 6, 2007

ဆရာတော် ဦးဥတ္တမ အမှတ်တယ။

ကိုယ့်ဘလော့မှာ ဘာမှမရေးနိုင်တာ ကြာပြီ။ ဒါနဲ့ပဲ ..
လာလည်နေကြ သူငယ်ချင်းတွေအတွက် တန်ဖိုးရှိတာလေးလည်း ပေးချင် ..
ကိုယ့်ဘလော့မှာ အသစ်လေးလည်းတင်ဖြစ်ချင်တာနဲ့ ..
ဆရာဦးဇင်လင်း ရေးသားထားပြီး .. ခေတ်ပြိုင်မှာဖော်ပြထားတဲ့
အာဇာနည်ဆရာတော် ဦးဥတ္တမအကြောင်းကို ..
(၉-၉-၀၇)ရက်နေ့မှာ ကျရောက်လာတော့မယ့် ..
ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် တင်ပေးလိုက်ပါတယ်။
.... .... ...
မြန်မာ့လွတ်လပ်ရေးဗိမာန်ကို ပန္နက်ချခဲ့သူ အာဇာနည် မျိုးချစ်ပုဂ္ဂိုလ် ...။
ဇင်လင်း။

မြန်မာနိုင်ငံသူ နိုင်ငံသားတို့ မမေ့သင့်မမေ့အပ်သော နိုင်ငံ့အာဇာနည်များအနက် ရှေ့ဆုံးတန်းမှပါဝင်သော ရဟန်းအာဇာနည်တပါး ရှိသည်ကို သင်သိပါရဲ့လားဟုမေးလျှင် ယနေ့ခေတ် အသက် (၃၀) အောက် လူငယ်အတော်များများ အဖြေပေးနိုင်ကောင်းမှ ပေးနိုင်ပေလိမ့်မည်။

ဤသို့ဆိုရသည်မှာ ထိုရဟန်းအာဇာနည်ကြီး ပေါ်ထွန်းခဲ့သည်မှာ ဗြိတိသျှကိုလိုနီခေတ်ကဖြစ်၍ ယနေ့ခေတ် လူငယ်တို့နှင့် အတန်ပင်စိမ်းနေ၍ ဖြစ်သည်။ ထို့ပြင် နှစ်ကာလအားဖြင့် တွက်စစ်လျှင်လည်း ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ ဤစက်တင်ဘာ (၉) ရက်တွင် (၆၈) နှစ် ပြည့်မြောက်ခဲ့ပေပြီ။ ထိုရဟန်းအာဇာနည် ဆရာတော်၏ ဟောပြောရေးသားချက်များမှာ အာဏာရှင်အဆက်ဆက်အား စိန်ခေါ်လျှက်ရှိသောကြောင့် အာဏာသိမ်း စစ်အစိုးရအဆက်ဆက်က ထိုရဟန်းအာဇာနည်၏ ဘွဲ့နာမကို သမိုင်းစာမျက်နှာပေါ်မှ ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားထားခြင်း ဖြစ်သည်။ ဤအချက်သည် ခေတ်လူငယ်တို့မျက်ခြေပြတ်သွားရသည့် အဓိကအချက် ဖြစ်ပေသည်။

သို့သော် သမိုင်းကို စိတ်ဝင်စား၍ စာဖတ်လေ့ရှိသော လူငယ်များအဖို့မူ ထိုဆရာတော်၏ ဘွဲ့နာမကို မှတ်မိနိုင်ပါသည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်ကို မှတ်မိကြမည်ထင်ပါသည်။ ထိုအာဇာနည်အရှင်မှာ “ဆရာတော် ဦးဥတ္တမ” ဖြစ်သည်။ ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက်ခဲကျပ်တည်းကာဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲ၌ “ဆရာတော် ဦးဥတ္တမ” က ဟောပြောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် “ဆရာတော်သည် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချခံရသော ပထမဦးဆုံး ရဟန်းအာဇာနည်ဖြစ်သည်၊ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က မြန်မာနိုင်ငံ ဒုတိယဘုရင်ခံဖြစ်သည်။

ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်သည်။ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူ တို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရူပ ရပ်ကွက်၌ (၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၄) တွင်ဖွားမြင်သည်။ အသက် (၁၅) နှစ် အရွယ်တွင် ကာလကတ္တားမှ တက္တသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြို စာသင်တိုက်၌ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံ သို့ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများသင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိ ပါမောက္ခအဖြစ်လည်းဆောင်ရွက်ခဲ့သေးသည်။

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ တဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ခရီးလှည့်၍ နိုင်ငံတကာအရေး အရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ် ဖြစ်လာသည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့သွားရောက်ကာ တိုကျို ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး သင်ကြားပြသခဲ့ပြီး မြန်မာနိုင်ငံ အပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးမှု အခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်၎င်း၊ သူရိယသတင်းစာ စတင် တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ် လူလတ်များနှင့်၎င်း၊ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေးကြိုးပမ်းအားထုတ်ကြဖို့လည်း ရေးသားဟောပြောသည်။ ခေတ်ပညာတတ်လူငယ် လူလတ်များကိုလည်း ဟုမ္မရူးသဘောတရားစိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူး သဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ဖူးသည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီ အဖွဲ့ဝင်ဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့်ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်းတွေ့ဆုံသိကျွမ်းခဲ့သည်။ ဒေါက်တာ ဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမ ကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ပြန်ကြွလာသည်။ ထိုအချိန်မှ စတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာ ဗဟုသုတများနှင့် ယှဉ်တွဲ၍နိုင်ငံရေး တရားများဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း တိုးမပေါက် အောင် စည်ကားသည်ဟု သိမှီသူများ မှတ်တမ်းတင်ခဲ့ကြသည်။ ဆရာတော်၏ ဟောပြောချက် တရပ်မှာ ဤသို့ဖြစ်သည်။

“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အား ကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန် နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။

ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာ ရှိတယ်။´

ထို့ကြောင့်လည်း ဆရာတော် ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ်အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင်လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုကလက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ်ရှားမှုစတင်ဖေါ်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။ “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်နာမည်သတင်း ပိုမိုပေါ်လွင် ထင်ရှားလာသည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျှက် ၀ံသာနု အသင်းများလည်း တိုးတက်များပြား လာသည်။

သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခန်းတနားဖေါ်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။ ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေး ရအောင်ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမကမိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများပေါ်ထွန်းလာကာ၊ နိုင်ငံရေးတရားဟောပြောသည့် သံဃာတော်များတိုးပွားလာခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃသမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃသမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်းခေါင်းဆောင်များအပါအ၀င် ရဟန်းရှင်လူ ပရိသတ်ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာတရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေး လုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုကပိုမိုထောက်ခံ အားပေးလာခဲ့သည်။

ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ် ပစ္စည်းကိုဝယ်ယူအားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူ အားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) စသော ကြွေးကြော်သံများ ကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော်ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန် သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်စေအောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့် အခါတိုင်း ၀ိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း၊ နောင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထု မြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင်လည်း သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။ ထိုသို့သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာ လျှက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာ အတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့ အနှစ်သာရအရ အမျိုးဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြု ကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။

ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ်လှုံ့ဆော်ရေးသာခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှု တို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များပါဝင် ဆွေးနွေးဟောပြော လာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌့ ပါဝင်ဆောင်ရွက်လာကြသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျှက် ဟုမ္မရူးတောင်းဆိုဟောပြော ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ ရာထားသော်လည်း (၇၉)ဦးသာ ရွေးကောက် ခံ ဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံ အုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါ မရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူကသဘောတူ၍ ဆာင်ရွက်လေဟန် ပရိယာယ် ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲမ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေး လုပ်ရန်မဖြစ်နိုင်။ ဗျူရိုကရက်တို၏ သြဇာကိုမလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ မှတ်သားအားတက်ဖွယ် ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက် ကြီးတဲ့ ဘုရင်ခံ ဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ဗျူရိုကရက် တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”

ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြော တောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်း ကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။ ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲ ဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ် ဟန့်တားမှု အမျိုးမျိုးအကြားမှ မိမိနိုင်ငံသူနိုင်ငံသားတို့အား နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက် လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့ပေသည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့ပေသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာစာအုပ်”တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောင်္ကျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း။”ဟု ဖေါ်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင် အဆက်ဆက်က မပျက် ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်းဖြစ်ပေသည်။

ယနေ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော လူငယ်မျိုးဆက်သစ်တို့အနေဖြင့် ဆရာတော်ဦးဥတ္တမ၏ အာဇာနည် စိတ်ဓာတ်ကို စံနမူယှု၍ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ကြိုးပမ်း အားထုတ်ကြမည်ဆိုလျှင် ဆရာတော်၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ကြောင်း ပြသရာရောက်မည်ဟု ထင်မြင်ယူဆမိပေသည်။

‘ဆရာတော် ဦးဥတ္တမ’ ပျံလွန်တော်မူခြင်း (၆၈) နှစ်ပြည့် အထိမ်းအမှတ်။


ကျမ်းကိုးစာရင်း။

(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန္န၀ါရီ။

(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။

(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။

(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။

Tuesday, August 14, 2007

ဆရာကြီး မင်းသုဝဏ် အမှတ်တရ။

ကျနော်တို့တွေ သူရေးသားခဲ့တဲ့ ကဗျာတွေနဲ့
လူလားမြောက်လာခဲ့တာပါ။
အရွယ်ငယ်သေးလို့ အဓိပ္ပါယ်ကို နက်နက်နဲနဲ
သဘောမပေါက်ခင်ကတည်းက
“ဘကြီးအောင် ညာတယ်” ဆိုတဲ့
ဝတ္တုတိုလေးကိုလည်း
အသည်းစွဲ ဖြစ်ခဲ့ဖူးပါတယ်။
ကျနော်တို့ လက်တကမ်းမှာ ရှိနေတဲ့
အတွေ့အကြုံ အဖြစ်အပျက်တွေနဲ့ပဲ ..
လေ့လာမှန်းမသိ လေ့လာမိသွားအောင် သင်ကြားပေးခဲ့သူတဦးပါ။

ဆရာကြီးကွယ်လွန်ခြင်း အမှတ်တရနေ့မှာ
ကျနော် ဖတ်မိလိုက်တဲ့ ကဗျာလေးတပုဒ်နဲ့ ဂါရ၀ါ ပြုလိုက်ပါရစေ။
မြန်မာပြည် လွတ်လပ်ရေးမှာ ကျောင်းသားတွေရဲ့
ဦးဆောင်ထမ်းရွက်မှုကို
ဆရာကြီးက အသိမှတ်ပြု ဖွဲ့ဆိုထားခဲ့တာပါ။

ဆရာကြီး မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄)

သာဓုသံ ...

ဒေါင်းပျို ထိုးဆွပ်၊ ဘယ်ညာခွပ်၍

လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား .. ။
အိုးဝေ ကျေးဇူး၊ မထိမ်မြူးပဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓု ခေါ်ကြပါကုန်လော့ .. ။
သာဓုသံတွင် သောတဆင်၍
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ် စောင့်ရှောက်နိုင်စေသောဝ် .. ။

မင်းသုဝဏ်။

(ဤကဗျာမှာ ဗကသများ အဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ထုတ်ဝေတဲ့
“မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်ထဲက ဖြစ်ပါတယ်။)

Monday, August 13, 2007

ကိုငှက် အမှတ်တရ ..။

အိမ်ပြန်ချင်တဲ့ စိတ်ကလေး

တားမရတော့ လို့ ..

“ညီလေးရေ ..

လမ်းမမှားအောင် ရွေးကွာ” ဆိုပြီး ..

တဖွဖွ အမှာစကားတွေအဆုံး ..

ကောင်းကင်ထဲက မြစ်တစင်းဆီ

အားလုံးကို သူစိမ်းဆန်ဆန်ပဲ ..

နောက်ပြန် လှည့်မကြည့်တမ်း

ပျံသန်းသွားခဲ့တဲ့ ..

ကိုငှက်ကြီး ...။

ထားခဲ့ဖူးတဲ့ မျှော်လင့်ချက်တွေ ..

တမလွန်မှာ ငြိမ်းအေးပြည့်ဝနိုင်ပါစေဗျာ ..။

(ကိုထူးအိမ်သင်ဝက်ဘ်ဆိုက်မှ ဓာတ်ပုံများ ပို့ပေးခဲ့တဲ့ မင်းသားကြီးကို ကျေးဇူးတင်ပါသည်။)

Sunday, August 12, 2007

လူမှုဗေဒ။

ဒီရက်ပိုင်းထဲ .. အလုပ်အတွက် ပြေးလိုက်လွှားလိုက် ..
ဟိုစာဝင် ဒီစာထွက်ဖို့ .. အရှုပ်တွေ လုပ်လိုက် ..
ဟိုဖုန်း .. ဒီဖုန်း အကြောင်းပြန်လိုက်နဲ့ပဲ ..
တပတ်တော့ ကုန်သွားပြန်ပေါ့ ..။
ကိုယ့်ဘလော့အတွက်တောင် ဘာမှ အစီအစဉ်မရှိဖြစ်နေတာ
ရက် အတော်ကြာနေပြီ။
(အပျင်းကြီးနေတာကို .. ပင်ပန်းတယ်ဆိုပြီး ဆင်ခြေပေးရင်းပေါ့ဗျာ)
ဒါနဲ့ပဲ .. အပန်းပြေအောင်လို့
ကိုယ့်ဘလော့လေး ပြန်ဖွင့်ဖတ်တော့ ..
အသစ် လာလည်သူတွေနဲ့ .. လာနေကျ သူငယ်ချင်းတွေဆီက
ကွန်မင့်လေးတွေ တွေ့ရပါတယ်။
“ဒီအပုဒ်လေးက ဖတ်လို့ ကောင်းတယ် ..
ဒီပိုစ့်လေးကတော့ အဓိပ္ပါယ်ရှိတယ် ..
ဒါလေးကတော့ တွေးစရာလေးနဲ့ ..
ဒီလိုရေးထားတော့ ဘာလေးကို ပြန်သတိရစေတယ်..”
စသဖြင့်ပေါ့လေ ..။
လာလည်ရင်းထားသွားတဲ့ အားပေးစကားလေးတွေ ..။
သူတို့ရဲ့ စကားလက်ဆောင်တွေကို ဖတ်ရင်းနဲ့
ဘာရယ်မဟုတ်ပါဘူး ..
ရင်ထဲက အပျင်းစိတ်တွေနဲ့ ပင်ပန်းတကြီး ဖြစ်နေတာတွေကို
ရေအေးအေးနဲ့ ဆေးချလိုက်သလိုပဲ ခံစားလိုက်ရတယ်။
ငါဘာများရေးလို့ ရနိုင်မလဲဆိုပြီးလည်း
လန်းလန်းဆန်းဆန်းနဲ့ ပြန်တွေးမိလာတော့တယ်။
တွေးရင်းကနေလည်း ခွန်အားပေးတဲ့စကားဆိုတာ
တော်တော် အသုံးဝင် အရေးကြီးပါလားဆိုတာ ..
ကိုယ်တိုင် ခံစား တွေ့မြင်ပြီး .. သဘောပေါက်သွားတယ်။
ကိုယ်တိုင် ခံစားတယ်ဆိုတာကတော့ ..
ကိုယ့်ဘလော့ကို အလည်လာရင်း ထားသွားကြတဲ့
သူငယ်ချင်းတွေရဲ့ တခွန်းစ နှစ်ခွန်းစ စကားတိုလေးတွေဟာ ..
ဘလော့ဖန်တီးသူမိမိကို ကြီးမားတဲ့ တွန်းအားတွေပေးနေသလို
ခံစားလိုက်ရလို့ပါပဲ။
တွေ့မြင်တယ်ဆိုတာကတော့ .. ပြောရရင် နဲနဲလေးရှည်မယ်။
ကျနော် မြင်ခဲ့ ကြားခဲ့တာလေးတခုကို ပြန်ပြောပြမလို့ပါ။
လောကမှာ ..
ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို
ခွန်အားဖြစ်စေနိုင်တဲ့အပြင် ..
အဲဒီ စိတ်အင်အားတွေ ..
ယုတ်လျော့ ကျဆင်းသွားအောင် လုပ်နိုင်တာလည်း
“စကား” တခွန်းနဲ့တင် လုံလောက်တယ်ဆိုတာကို ..
အမှတ်မထင် ကြုံတွေ့လိုက်ရလို့ပါ။
…
တနေ့က ..
ကျနော် ရုံးတခုကို အလည်ရောက်သွားတယ်။
အားလုံး မြန်မာပြည်သားတွေပါ ..။
အသေအချာ ပြောရရင်တော့
ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေပေါ့ ..။
ကျနော် ရောက်ပြီး ခဏနေတော့ ..
နောက်ထပ် ဧည့်သည်တွေရောက်လာတယ်။
ဒါနဲ့ပဲ ရုံးမှာ အကြီးအကဲဆိုသူက ..
လာလည်သူတွေကို ရွှန်းရွှန်းဝေအောင်
ဧည့်ခံ ကျွေးမွေးပြီး .. စကားလက်ဆုံတွေ ကျနေပါရော။
ဒီတော့ ကျန်တဲ့သူတွေ (လက်အောက်ငယ်သားလို့ သတ်မှတ်ထားသူတွေ)
စိတ်ထဲထင်နေတာက .. လိုအပ်ရင် အကူအညီပေးရမယ်ပေါ့ ..။
အတော်လေးကြာတော့ .. ဧည့်သည်တွေက တနေရာသွားချင်ကြောင်း ..
အခုမှ ဒီနိုင်ငံကိုရောက်လာတာဆိုတော့
လိုက်ပို့ဖို့ပြောရင်း အကူအညီတောင်းပါတယ်။
ဖြစ်ချင်တော့ .. ရွှန်းရွှန်းဝေနေတဲ့ အကြီးအကဲ
ဘာမှ မပြောရသေးခင်ပဲ .. ရှားရှားပါးပါး စိတ်ကောင်းလေးနဲ့
အကူအညီပေးချင်နေတဲ့ ရုံးအကူ ဦးလေးက ..
သူလိုက်ပို့ပေးနိုင်ကြောင်း ပြာပြာသလဲ ၀င်ပြောပါတော့တယ်။
သူတို့ထင်ထားတာက ဒီလိုကူညီလိုက်ရင် ..
အကြီးအကဲကတော့ ကျေနပ်မှာပဲ ထင်လို့ပါ။
ကံဆိုးချင်တော့ .. ထင်သလိုမဟုတ်ပဲ
“မျက်နှာမရ ခြေထောက်ရ” တဲ့အဖြစ် ဆိုက်ပါလေရောလား ..။
ဧည့်သည်တွေသွားပို့ပြီး ၃ နာရီလောက်ကြာတော့ ..
သွားပို့ပေးတဲ့ ဦးလေးပြန်လာပါတယ်။
ဒီမှာတင် ပြဿနာက စပါတော့တယ်။
အကြီးအကဲက ..သူလိုက်မပို့စေချင်တာကို
ရုံးချိန်အတွင်း လိုက်ပို့ရမလားဆိုပြီး
ဆူပူ အော်ဟစ်ပါတော့တယ်။
ဟိုဦးလေးခမြာ ..
အကြီးအကဲလိုက်ပို့စေချင်တယ် ထင်လို့ လိုက်ပို့တာပါလို့
ခခယယပြောဖို့ ကြိုးစားပါတယ်။
ဒါပေမယ့် .. ၀ါကျဆုံးအောင် ပြောခွင့်မသာလိုက်ပါဘူး။
(တကယ်တော့ အကြီးအကဲဆိုသူနဲ့ သူ့တပည့်ဆိုတာ
အရွယ်တူသူတွေပါ)
ကျနော်လည်း မကောင်းတတ်တာနဲ့ ..
ခပ်မြန်မြန်ပဲ နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။
ကျနော် ထွက်လာတဲ့အထိ .. အကြီးအကဲဆိုသူ တယောက် ..
နောက်ကြောင်းပြန်ပြန်ရစ်ပြီး နင်မင်းကဆစကားတွေကို
မပြီးနိုင်မစီးနိုင် .. ရေပက်မ၀င် ပြောဆိုကျန်ရစ်ခဲ့ပါတော့တယ်။
ဒီဆူဆူပူပူ အဖြစ်အပျက်ကို သူတို့ ရုံးခန်းထဲမှာပဲ
ချန်ထားနိုင်ခဲ့ပေမယ့် ..
ကျနော်နဲ့အတူ ကပ်ပါလာတာက
စကားပြောပုံ ဆိုပုံတွေနဲ့ဆိုင်တဲ့
မဆုံးနိုင်တဲ့ ခပ်ရှည်ရှည်အတွေးတခုပါ .. ။
…
ကောင်းကောင်းမွန်မွန် ရှင်းပြပြောဆိုလည်း ဒီစကားပဲ ..
အော်ဟစ် ဆူပူပြီး ပြောလည်း ဒီစကားပဲ ..။
ဒါကိုပဲ .. လူတွေ ဘာလို့ ကိုယ့်စိတ်နဲ့မတည့်တိုင်း
အလွယ်တလွယ်ကူ စိတ်ထွက်ပေါက်ပေးရာရောက်တဲ့
ဒီလို နှုတ်ကြမ်းလျှာကြမ်းနဲ့ ပြောတာမျိုးကို ရွေးကြပါလိမ့်။
အခြေအနေတခုကို နားမလည်လို့ပဲဖြစ်ဖြစ် ..
ရုံးတခုရဲ့ စည်းမျဉ်းတွေကို အကျွမ်းတ၀င် မဖြစ်သေးလို့ပဲဖြစ်ဖြစ် ..
အမှားတခု ကျူးလွန်မိခဲ့ရင်တောင် ..
အခုလို အော်ဟစ်ကြိမ်းမောင်းနေတာမျိုးဟာ
မှန်ကန်တဲ့ လမ်းကို သွားချင်စိတ်ရှိအောင်
တည့်မတ်ပေးရာ ရောက်ပါ့မလား။
သေချာတာကတော့ .. ဒီလို ပုံစံမမှန်တဲ့ အော်ဟစ်ခြင်းမျိုးဟာ ..
လမ်းမှန်ကို မတွေ့စေပဲ .. နားထောင်သူကို
နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေပဲ ဖန်တီးပေးရာ ရောက်မှာပါ။
ပြောသူမှာလည်း .. မလိုလားအပ်တဲ့
အာဏာရှင်ဆန်ဆန် အလေ့အကျင့်တွေ
စွဲကပ်စေပါတယ် .. (ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ပါ)
တဖက်သားကို နိုင်လိုမင်းထက် ပြောဆိုနေတာတွေ ..
တဖက်စကားကို အချိန်ပေး နားထောင့်လေ့ မရှိတာတွေ ..
တဖက်သားက အမှား .. ငါကမှ အမြဲမှန်တယ်လို့ တွေးတတ်တာတွေ ..
တဖက်သားကို ဖြေရှင်းခွင့် မပေးတတ်တာတွေ ..
အခြေအနေတခုကို ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ပဲ ..
ကိုယ်လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး အပြစ်ရှာ ထောက်ပြတတ်တာတွေ ..
ဒီလို ပြောဆို ဆက်ဆံပုံမျိုးတွေ ..
တကယ်တော့ .. သာမာန်အခြေအနေတွေမှာတောင်
မကျင့်သုံးသင့်ဘူးလို့ .. (ကျနော်) ထင်တာပဲ။
တဖက်သားကို လေးစားမှုမရှိတာ .. သိသာ ထင်ရှားနေလို့ပါ ..။
ဒါ့အပြင် .. တဖက်သားကို
စိတ်ဓာတ်ကျစေနိုင်တဲ့ စကားတွေပဲ ဖြစ်မှာမို့လို့ပါ ..။
ဒါဆို ..
“လူ့အခွင့်အရေးကို လေးစားပါတယ်” လို့
တပြောတည်း ပြောနေတဲ့နေရာမျိုးမှာ ..
“ဒီမိုကရေစီ အရေးအတွက်ပါ” လို့ ..
တသသ ကြွေးကြော်နေတဲ့ နေရာမျိုးမှာမှ ..
လူသားအဖြစ် လေးစားခံပိုင်ခွင့် ဆိုတဲ့ .. လူတယောက်ရဲ့အခွင့်အရေးကို ..
အပြောအဆိုတခုကနေ နှိမ့်ချပစ်လိုက်တဲ့အဖြစ် ..
ပြောသူရော .. အပြောခံရသူရော .. သတိမှ ပြုမိပါ့လား ..။
အပြန်အလှန်ပြောလိုက်တဲ့ စကားတွေကို ..
ပြန်ရော သုံးသပ်မိပါ့မလား။
ပြောသူက .. “ငါကောင်းကောင်း ဆူလိုက်နိုင်တယ်” ဆိုပြီး
အာဏာအသေးစားလေးမှာ ရစ်မူးကောင်း ရစ်မူးနေလိမ့်မယ် ..။
အပြောခံရသူမှာတော့ ..
“ငါ .. ဘာမှမဟုတ်ပါလား ..။
သူများ အလေးစားမခံရတဲ့ ငါ .. ပါလား ..။” လို့
တွေးပြီး .. ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့ပဲ
ဆောက်တည်ရာမရ စိတ်ဓာတ်တွေ ပျောက်ဆုံးသွားနိုင်တဲ့အထိ ..
စိတ်အနာ ရသွားနိုင်ပါတယ် ..။
နောက်ပြီး .. ဒီဘာမှမဟုတ်တဲ့ စိတ်အခြေအနေလေးတွေကနေ ..
နောင်တချိန်မှာ ကြောက်စရာကောင်းတဲ့ စိတ်ဒဏ်ရာ ပြပွဲကြီးတွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ..။
ဒီတော့ ..
ကိုယ်ပြောလိုက်တဲ့ စကားတခွန်းတိုင်းဟာ ..
တဖက်သားအတွက် လှံသွားသဖွယ် ထိုးနှက်ထိရှခြင်း မရှိစေအောင် ..
အမှန်အမှားကို အေးအေးချမ်းချမ်းနဲ့ ခွဲခြားနားလည်စေအောင် ..
ရင်ထဲကနေ စစ်စစ်မှန်မှန်နဲ့ လုပ်ကိုင်ချင်စိတ်တွေ ပေါ်ထွန်းလာအောင် ..
ကျနော်တို့ အချင်းချင်းကြား .. သတိရှိရှိနဲ့
စေတနာအခြေခံပြီး .. ပြောဆိုဆက်ဆံကြဖို့ အရေးကြီးလှပါတယ်။
တကယ်ဆိုရင် .. ကျနော်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးဟာ
စိတ်ဓာတ်ရေးရာ တော်လှန်ရေးတရပ် ..
ဆင်နွှဲဖို့ လိုအပ်နေတယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ ..။
ကျနော်တို့ရဲ့ အပြောအဆိုတွေ ..
ဆက်ဆံပုံ ဆက်ဆံနည်းတွေ ..
ဆွေးနွေးနည်း ဆွေးနွေးဟန်တွေဟာ ..
လူတန်းစားအလွှာ ဆိုတဲ့ ပညတ်ချက်တွေအောက်မှာ
ကန့်သတ်ခြင်း မခံရဖို့ ..
ဖြတ်သန်းခဲ့ဖူးတဲ့ ခေတ်ကာလဆိုးတခုက အလေ့အကျင့်တွေကို
ဆက်လက် မသယ်ဆောင်လာမိဖို့ ..
သတိကြီးကြီး ထားရှိသင့်ကြပါတယ် ..။
…
ဒီမိုကရေစီဆိုတာ ..
ကိုယ့်အတ္တတွေ ထင်ရာစိုင်းပိုင်ခွင့်လား ..။
ခေါင်းဆောင်ဆိုတာရော ..
အရပ်လေးမျက်နှာကို ထင်သလို စိတ်ထွက်ပေါက် ပေးပိုင်ခွင့်လိုင်စင် ရထားတဲ့သူလား ..။
ရယူချင်တာတခုခုရှိလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြလိုက်တာကမှ ..
တဖက်သားကို လေးစား နားလည်ခြင်းလို့ ဆိုလိုတာလား ..။
(တကယ်ဆို ..) ကိုယ့်ကိုကိုယ် ကယ်တင်ဖို့အတွက် ..
“လူအများကြီးကို ကယ်တင်နေရတာပါ” လို့ .. ဟောင်ဖွာဖွာ ပြောနိုင်တာကမှ
နိုင်ငံရေးတဲ့လား ..။
လူတွေပြောပြောနေတဲ့ .. “တန်းတူညီရေး” ဆိုတာ ..
စာမျက်နှာတွေပေါ်ကနေ လူ့လောကထဲ ရောက်လာဖို့ ..
တော်တော်များ ခက်ခဲနေသလား ..။
ဒါတွေ …
စဉ်းစားကြဖို့ ..
အပြန်ပြန် အလှန်လှန် သုံးသပ်ကြဖို့ ..
ပြီးရင်တော့ ..
တန်းတူရေးဆိုတဲ့ အခြေအနေတခု အစပျိုးပေါ်ပေါက်လာဖို့ ..
မနှောင့်မနှေး အကောင်အထည်ဖော်ကြဖို့ ..
ကျနော်တို့ အားလုံးမှာ .. တာဝန်ရှိနေပါတယ်။
…
နိုင်ငံရေးဆိုတာရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ..
လူမှုဗေဒ ညက်ညောအောင် ..
အချင်းချင်း နားလည်မှုတွေ .. လက်ခံနိုင်မှုတွေ မြန်မြန်ရအောင် ..
ဆရာတော် ရှင်မဟာရဌသာရရဲ့ ကဗျာလေးလို ကျင့်သုံးကြရအောင်ဗျာ။
“တယောက်စကား ..

တယောက်နားမှာ မခါးရအောင် ..
သတိဆောင်၍ .. မောင်တို့ ဆိုလေ ..
ပျားသကာသို့ ချိုလှစေ ..”
(ကဗျာ အမှားပါလျင် ပြင်ပေးပါ .. ဒီလောက်ပဲ မှတ်မိလို့ပါ)

Friday, August 10, 2007

ရုန်းကန်ဆဲ။


ညက .. ၀ရံတာနားမှာ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေတဲ့
ခိုဖြူဖြူလေးတွေကို ကြည့်နေရင်းနဲ့ ..
ဒီစာလေး တကြောင်း နှစ်ကြောင်းကို ..
အမှတ်မထင် ရေရွတ်မိတယ်။
... ... ....
ကျနော်တို့ (၇) တန်းကျောင်းသား ဘ၀တုန်းကပါ။
... ... ...
အနီရဲရဲ သွေးတွေစွန်းနေတဲ့ ဂျိုးငှက်လေးတကောင် ..
သံဆူးကြိုးတွေနဲ့ တည်ဆောက်ထားတဲ့ လှောင်အိမ်လေးထဲကနေ ..
အလွတ်ရုန်းနေတာကို ..
လက်ကိုင်ပ၀ါ ဖြူဖြူတွေပေါ်မှာ.. ရိုက်နှိပ်ပြီး ..
ကျောင်းနံရံတွေပေါ် လိုက်ကပ် ..
ကျောင်းသားတွေကြားထဲ ဝေငှခဲ့ကြတာကို သတိရမိတယ်။
ဂျိုးငှက်လေးနားဘေး.. ရေးထားတဲ့ ကဗျာလေးက ..

“ချုပ်နှောင်ဖွဲ့တင်း အာဏာတွင်းမှ ..
နီမောင်း သွေးစက် ၀င်းလက်လက်နဲ့ ..

လွတ်မြောက်ခြင်းတွက် ..

ရုန်းကန်လျက် ...”


(သြဂုတ်လ အမှတ်တရ)

Tuesday, August 7, 2007

ကိုတာရာမင်းဝေရဲ့ ကျောင်းဖွင့်ချိန်။

ဒီကဗျာလေးကို အမေရိကားမှာ ရောက်နေတဲ့ ကျနော့်အသိ ဦးလေးတယောက်က ပို့ပေးလိုက်တာပါ။
ကျေးဇူး အထူးတင်ပါတယ် ဦးလေးခင်ဗျာ။

ကိုတာရာမင်းဝေအတွက်ရော ..

၈၈ လွမ်းဆွတ်မှုအတွက်ရော အမှတ်တရအဖြစ် ဖော်ပြလိုက်ပါတယ် ..။




ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့

မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ

ဟစ်တလာရုပ်ထုကို

လူတစုထုဆစ်နေကြတယ်။

သူတို့ဟာ ...

ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်

ပျားရည်စက်တွေကို မီးရှို့ပူဇော်

ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ

ဟစ်တလာပါးစပ်ထဲက

ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။

သူတို့ဟာ ...

ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး

သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ

ဖိတ်ခေါ်ကြပါပြီ။


(၂)

ငါတို့ကျောင်းတော်ကြီးရဲ့

ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ

တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊

အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ

နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ

အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့

ဝိညာဉ်တွေပဲ ...

ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး

ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်

အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။

ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ

“ကမ္ဘာမကြေဘူး ... ... ...

ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”

သီချင်းလေး နားဆင်ရင်း

ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို

မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)

ငါတို့ကျောင်းတော်ကြီးရဲ့

ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ

တက္ကသိုလ်စာကြည့်တိုက်ထဲမှာ

ဖြူဝါးဝါးအရိပ်တချို့

စာထိုင်ဖတ်နေကြတယ်။

တချို့ဖတ်တာ .. ကဗျာစာအုပ်

တချို့ဖတ်တာ .. သမိုင်းစာအုပ်

တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်

ရုတ်တရက်

အဖြူရိပ်တခုဟာ ထိုင်ရာကထ

“ဗမာပြည်ကို ကယ်တင်ရတော့မယ်”

နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်

“ဗမာပြည်ကို ကယ်တင်ရတော့မယ်

ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”

သူတို့ဟာ တိတ်ဆိတ်စွာ

အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။

စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ

လွယ်အိပ်လွယ်သံများ

ဖိနပ်စီးသံများ အဆုံးမှာ

နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...

... ... နောက်ထပ် ... ...

... ... နောက်ထပ် ... ...


(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ

အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။

အရိုးစုတခုက ...
ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး

အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”

စသည်ဖြင့် ပြောကြား

အားလုံးငြိမ်သက်နားထောင်နေကြတယ်။

အခန်းထဲမှာ

အကျဉ်းထောင်က ပြေးထွက်လာတဲ့

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ

သတ္တိဗုံးကို နှောင်ထုံးခတ်

ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ

အဲဒီမှာ ...
အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော

“တောက အဖေနဲ့အမေတော့

ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”

ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက

မျက်ရည်ဖြူတစက်

စီးသက်ကျလာတယ်။


(၅)

ငါတို့ကျောင်းတော်ကြီးရဲ့

ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ

အချုပ်ကားပြာပြာကြီးတွေ

ဒရကြမ်းနှင်နေကြတယ်။

အဲဒီကားကြီးတွေထဲမှာ

“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ

ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ”
ဆိုတဲ့
တေးသံသာယာ

ညီညာစွာ ပဲ့တင်ပေါ်ထွက်

ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ

အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ

သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ

ဦးခေါင်းခွံမှာ
အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ

ထွက်ခွာသွားတဲ့ အချုပ်ကားနောက်

ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ

ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား

“သားရေ
အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ

ရာဇ၀င်တုန်ခါအောင်
မြည်ဟည်းလာခဲ့ပြီ။

(၆)

ငါတို့ကျောင်းတော်ကြီးရဲ့

နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ

ဒေါင်းအလံတလူလူလွှင့်ထူလို့

ကျောင်းသားတွေ ချီလာပါပြီ

ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက

ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့

ကျောင်းသားတွေက

နောက်က ချီတက်လိုက်ပါလာတယ်။

“ဒီမိုကရေစီရရှိရေး ... တို့အရေး”

“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။

ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း

တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး

ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...

သေနတ်သံတချက်ဖောက်ရင်

ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...

နောက်ဆုံးနေ့အထိ ...


(၇)

ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ

ရုတ်တရက် ရဲရဲနီစွေးသွားတယ်။

ချက်ခြင်းပဲ ရေငွေ့ပျံတက်

ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို

ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ

လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...

ဒိန်းဒုံး ဆူညံသွားတယ် ...

အဲဒီအခါ ... ကျောင်းတော်မှာ ...

ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ

ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ

သစ်ရွက်တွေ တလက်လက်တောက်ပကြ

ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ

မြေကြီးတွေ တုန်ခါတော်လဲကြ

တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး

ကြွေးကြော်သံတွေနဲ့

ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်

နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ

ငါတို့ကျောင်းတော်ကြီးဟာ ... ...

တလဲ့လဲ့ တ၀င်းဝင်း

သွေးနီရောင် တောက်ပခါ ...

အာဇာနည် သူရဲကောင်းတို့ရဲ့

ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။


(၈)

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား

ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ

သွေးပင်လယ်ကြီးကို ကျော်နင်း

ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။

တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...

အဲဒီထဲက တချို့ဟာ ...

“အကြောင်းကြောင်းကြောင့်ပါ” လို့

စိတ်မကောင်းစွာပြောရင်း ...

ထုံးတံတားကို လျှောက်နင်း ...

ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်

ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...

တချို့ကတော့ ...

“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း

ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...

ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။

အဲဒီလို ... လူစားတွေကိုတော့ ...

ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်

ရာဇ၀င်က ခွင့်မလွှတ်သရွေ့

သူတို့ဟာ ... သမိုင်းမှာ ...

“သစ္စာဖောက်” များသာဖြစ်တယ်။


(၉)

ကျောင်းသားနဲ့ကျောင်း

တနေ့တော့ ပေါင်းရမှာပဲ

ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး

ကျောင်းကြီးဆီ အရောက်သွားကြမယ်။

သွေးပင်လယ်ကြီးဟာ

တငွေ့ငွေ့ပူခြစ် ဆူပွက်

ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး

သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်

ငါတို့တွေ

ငါတို့တွေ လှည့်မပြန်ဘူး၊

ငါတို့ထဲက တချို့ဟာ ...

ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု

ငါတို့အထဲက တချို့ဟာ ...

ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်

ငါတို့အထဲက တချို့ဟာ ...

ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်

လှေရွက်အဖြစ် စပ်ချုပ်

မုန်တိုင်းကို ခွဲဝင်

သွေးပင်လယ်ကို ဖြတ်ပြီး

ကျောင်းတော်ကြီးဆီသွားဖို့

လုပ်နေတယ်...။


(၁၀)

နောက်ဆုံးမှာ ...

ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း

အမှန်တရားတခုထံ

ငါတို့ သစ္စာအဓိဌာန်ပြု

အို ... သူရဲကောင်းတို့

အို ... ကျဆုံးခဲ့လေသော

ဒီမိုကရေစီ တိုက်ပွဲဝင်

သူငယ်ချင်းဟောင်း ...

သူရဲကောင်းတို့

ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်

မြင့်မြတ်စွာ ကျဆုံးခဲ့သော ...

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ရှေ့နောက်ဝဲယာ ...

ထက်အောက်ဝန်းကျင်၌

ပျံ့နှံ့တည်ရှိကြကုန်တော့၏။

ထိုသော ...

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့

ထိုးဖောက်ယိုစိမ့်စီးဝင်ကာ

ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။

အို ... သူရဲကောင်းတို့

အို ... ကျဆုံးလေသော

ဒီမိုကရေစီတိုက်ပွဲဝင်

သူငယ်ချင်းဟောင်း သူရဲကောင်းတို့

ဗမာပြည်ကို ရှိခိုးကာ

ဤသွေးပင်လယ်အား

ငါတို့ ဖြတ်ကူအံ့

မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ

ငါတို့၏
အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

Sunday, August 5, 2007

ကြက်ဆူပင် စိုက်ပျိုးနည်း။

တလောကမှ မြန်မာပြည်ကနေ ဘန်ကောက်ကို အလည်လာတဲ့
သူငယ်ချင်းတယောက်နဲ့တွေ့လို့
စကားစပ်မိရာက
ကြက်ဆူပင်တွေအကြောင်း ပြောဖြစ်ကြတယ် ..။

ရပ်ကွက်တွေထဲမှာ နေရာအနှံ့ဆိုသလို
အထက်အမိန့်နဲ့ ကြက်ဆူပင်တွေ စိုက်နေရလို့

လူတကာတွေ စိတ်ညစ်နေရကြောင်း ပြောပြပါတယ်..။
ဒီလူတကာတွေထဲမှာ ဘုန်းကြီးတွေလည်း ပါ ပါတယ်တဲ့ ..။
ဒါနဲ့ ကျနော်က သူ့စကားကို ကြားဖြတ်ပြီး ..
ကြက်ဆူပင်ရဲ့ ဆိုးကျိုးတွေကို သိသလောက် ဖောက်သည်ချဖို့ ကြိုးစားပါတော့တယ်။

နောက်ဆုံး ဖတ်မိထားတဲ့ မွန်းသက်ပန်ဘလောက်ထဲက ..
ကြက်ဆူသီးကြောင့် ကလေးတွေ အဆိပ်မိတဲ့အကြောင်း ..
မှတ်မိသလောက် အကျယ်တ၀င့် ပြောပြမိပါတယ်။


ဒါနဲ့ပဲ သူက ..
“ငါတို့ဘက်မှာတော့ အဲဒီအခြေအနေထိရောက်မှာ မစိုးရိမ်ရဘူး” လို့ ပြောတော့..
ကျနော် အံ့အားသင့်သွားပါတယ် ။

ဘယ်လိုလဲပေါ့ ... !

ဒီတော့ .. သူက ..
“အဲဒီလို .. အန္တရာယ်တွေ ဘာတွေ နားလည်နေလို့ မဟုတ်ဘူးဟေ့ ..
အမိန့်နဲ့ စိုက်ခိုင်းတော့ လူတွေက အမြင်ကပ်တာနဲ့ပဲ
အပင်တွေလည်း ဆက်မကြီးနိုင်အောင် ..
သူတို့လည်း အပြစ်လွတ်အောင် .. ဆိုပြီး
ရေလောင်းတဲ့အခါ ရေအေးအေးအစား
ရေနွေးပူတွေနဲ့ လောင်းတော့ ..
အပင်တွေက မင်းတို့စိုးရိမ်ရတဲ့ ..
ကြီးထွားဖွံ့ဖြိုးပြီး .. အပွင့်တွေ ပွင့်..
အသီးတွေ သီး ဆိုတဲ့ .. အဆင့်ကို မရောက်နိုင်ဘူး ဖြစ်နေတယ်ကွ..” လို့
ပြောပြီး
အားရပါးရ ရယ်ပါတော့တယ်။
ကျနော်လည်း .. သူနဲ့အတူ လိုက်ရယ်မိပါတော့တယ်..။

“အော် .. ရသလောက်လေးတော့ လုပ်နေကြသားပဲ” လို့လည်း
စိတ်ထဲမှာ သဘောကျနေမိပါတယ် ..။

Wednesday, August 1, 2007

အတွေးတစ .. ။

အခန်းကို ပြန်ရောက်တော့ ည ၁၁ နာရီခွဲနေပြီ။
တနေ့လုံး ပိတ်လှောင်ထားတဲ့ တံခါးတွေကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ..
အခန်းထဲကို လေနုအေးတွေ အပြေးအလွှား တိုးဝင်လာကြတော့တယ်..။
ကျပ်တီးကျပ်တောက် ၀ရံတာလေးကိုဖြတ်ပြီး ..
အခန်းထဲ ဖြာကျနေတဲ့ အလင်းရောင်ကို
အခန်းမီး မဖွင့်မိသေးလို့ .. ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ် ..။
မီးခလုပ်ဆီ လှမ်းနေတဲ့လက်ကို ရုတ်သိမ်း ..
ကျောပိုးအိပ်ကို အခန်းထောင့်မှာပဲ အသာချလို့
ခြေလှမ်းတွေက .. လရောင်နဲ့ လင်းထိန်နေတဲ့ ၀ရံတာဘက်ကို ..။
ဒီနေ့ လပြည့်နေ့ပဲ..။
…
တနေ့လုံးရွာထားတဲ့မိုးကြောင့် ထင်ပါရဲ့..။
ပတ်ဝန်းကျင်ရဲ့ အေးမြလန်းဆန်းခြင်းတွေကို ..
ထူးထူးခြားခြား ခံစားမိလိုက်တယ် ..။
အရောင်ခပ်နက်နက်တွေ ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ထဲ ..
ရက်ရက်ရောရော အဖြူရောင်တွေ ဖြန့်ကျဲလိုက်တဲ့ လတစင်းကြောင့်..
မြင်ကွင်းက ရုပ်ငြိမ်ပန်းချီတချပ်လို ခန့်ထည်လို့ ..။
မျက်လုံးအစုံကို မှိတ် ..
ပြန့်ကျဲနေတဲ့ စိတ်တွေကို ရုတ်သိမ်းပြီး ..
ငြိမ်သက်ခြင်းနောက် လိုက်ပါ ခံစားကြည့်စေတော့ ..။
ပူလောင် ကျဉ်းကြပ်ခြင်းတွေနဲ့ ဒီဝရံတာလေးကနေ ..
ကြည်လင်ကျယ်ပြောတဲ့ ခပ်ဝေးဝေး .. ကောင်းကင်ထဲကို ..။
ဟိုမှာ ဆန်ဖွတ်နေတဲ့ အဖိုးအိုပါလား ..!
အနားမှာလည်း ယုန်တကောင် အသာဝပ်လို့ ..။
ဘယ်အရပ်က လွင့်လာမှန်းမသိတဲ့ .. လေပြေအေးတချက် ..
မျက်နှာပြင်ကို ခပ်ဖွဖွ ဖြတ်နင်းသွားတော့တယ်။
…
အရင်က ဒီလို သာယာ ငြိမ်သက်နေတဲ့ ညမျိုးတွေမှာ ..
အိပ်မပျော်မချင်း ကြားရတတ်တဲ့ ပုံပြင်တွေနဲ့..
ပုံပြောသူတွေကို သတိရတယ် ..။
အထူးသဖြင့်တော့ …
ရာသီအေးအေး .. လရောင်ဖြာဖြာမှာ ..
ဖြေးဖြေးမှန်မှန် ပုံပြောတတ်တဲ့ မေမေ့ရဲ့ဟန် ..
မှိတ်ထားတဲ့ မျက်လုံးမှောင်မှောင်ထဲ (အခုတောင်) အထင်းသား မြင်နေမိတယ်။
“နားထောင်နေလား သားကြီး..”
“ဟုတ်..”
စိတ်ကူးထဲမှာ ခေါင်းအညိမ့် ..
နှုတ်ခမ်းပေါ်က အပြုံးတခုကို သိသိသာသာ ခံစားမိလိုက်တယ် ..။
ကျနော် ပုံပြင်တွေကို တကယ်လွမ်းတယ် မေမေ..!
ပုံပြင် နားထောင်ခဲ့ချိန်တွေကိုလည်း တမ်းတတယ်..။
ဒီပုံပြင်တွေကြောင့်ပဲ ..
ကျနော်အခုလို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်ခဲ့တာဆိုရင်
လူတကာတွေ ရယ်နေမလားပဲ..။
ဘ၀ရဲ့ သင်ခန်းစာတွေ ..
ဘ၀အတွက် ရှိသင့်တဲ့ စိတ်ခွန်အားတွေနဲ့ မျှော်လင့်ချက်တွေကို ..
မေမေ ပြောပြခဲ့တဲ့ ပုံပြင်တွေကတဆင့်… ရခဲ့တာမို့ ..
ကျနော့်အတွက်တော့ ပုံပြင်တွေဟာ ..
အရေးပါတယ်လို့ ယုံကြည်ခဲ့.. ယုံကြည်နေမြဲပါ ..။
…
အခုတလော ..
ကိုယ်ကျင့်တရားတွေအကြောင်း ဖတ်ရတဲ့အခါ ..
.. ဒီလို ကိုယ်ကျင့်တရား (သို့) ဂုဏ်သိက္ခာရယ်လို့
စကားလုံးအကြီးကြီးတွေ ဖြစ်မလာခင်တည်းက ..
ကိုယ့်ကိုကိုယ့် စောင့်ထိန်းတတ်ခြင်းဆိုတာလေးကို
ပုံပြင်တွေက တဆင့် ရင်းနှီးအောင် မိတ်ဆက်ပေးခဲ့တဲ့ မေမေ့ကို ..
တိတ်တဆိတ်နဲ့ ခဏခဏ ကျေးဇူးတင်နေမိတယ် ..။
ငယ်ငယ်က.. အပျော်သက်သက် နားထောင်ခဲ့တယ်ပဲ ဆိုပေမယ့်
ကြားရဖန်များလာတော့ ..
“ကိုယ့်ကိုကိုယ် ဘာလို့ တည့်မတ်သင့်တာလဲ ..
လိပ်ပြာလုံတယ်ဆိုတာ ဘယ်လိုမျိုးလဲ ..
အမှားအမှန် ခွဲခြားတတ်တယ် ဆိုတာရော ..
ပြောသလောက် တကယ် လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ရဲ့လား .. ”
ပေါ့ပေါ့ပါးပါးလေးတွေပဲ ဆိုပေမယ့် ..
လွဲမှားလိုက်တဲ့ တခဏလေးမှာပဲ
လူဖြစ်ရှုံးစေနိုင်လောက်တဲ့ လေးနက်ခြင်းတွေအကြောင်း ..
မသိလိုက် မသိဘာသာ ရင်ထဲမှာ နေရာယူတတ်ခဲ့တယ်..။
…
မေမေပြောဖူးတဲ့ ပုံပြင်တွေထဲက ..
နှမ်းခိုးစားလို့ အပြစ်ပေးခံရတဲ့ အိမ်ရှေ့မင်းသားအကြောင်း
မှတ်မိသေးတယ် …။ (အတိအကျတော့ မသိတော့ပါ)
လမ်းဘေးလှန်းထားတဲ့ နှမ်းကို အပျော်အပျက် ခိုးစားခဲ့သူ .. မင်းသားကို
တချိန်မှာ တိုင်းပြည်ကို အုပ်စိုးမယ့်သူမှန်း သိပါလျက် ..
ဆရာဖြစ်သူက ပြတ်ပြတ်သားသား အပြစ်ပေးခဲ့တယ် ..။
မင်းသားက တန်ဖိုးမရှိတဲ့နှမ်းအတွက် အပြစ်ပေးခံခဲ့ရလို့
ဆရာအပေါ်မှာ အမျက်သိုခဲ့ချိန်မှာ ..
ဆရာက တန်ဖိုးမရှိတဲ့နှမ်းအတွက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့
ကိုယ်ကျင့်တရားရဲ့ ပျက်စီးခြင်းအစကို အမြော်အမြင်ရှိရှိ ..
ထိန်းကွပ်ပေးခဲ့တယ် ..။
ဒီတုန်းက .. မင်းဆရာကို “သတ္တိရှိလိုက်တာနော်” ဆိုပြီး
ချီးမွမ်းလို့ မဆုံးနိုင်အောင်ပါပဲ ..။
မင်းသားဖြစ်လို့ အလိုက်အထိုက် မဆက်ဆံပဲ ..
မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို အမုန်းခံဆွဲတင်ပေးခဲ့တဲ့အတွက်ပါ..။
အဲဒီ သေးသေးမွှားမွားကိစ္စလေးကိုသာ ခွင့်ပြုထားခဲ့ရင် ..
စာရိတ္တရှိတဲ့ မင်းကောင်းတပါး ဖြစ်မလာမှာ သေချာပါတယ် ..။
ဒီပုံလေးကို ပြောပြပြီးတော့ .. မေမေက နောက်ထပ် သိသင့်တဲ့
ဘာသာရေးဆိုင်ရာ အခြေခံလေးတွေကိုပါ မသိမသာ ဆက်ပြောခဲ့တယ်။
သူတပါး ပိုင်ဆိုင်မှုဆိုရင် ..
မသိအောင်ပဲဖြစ်ဖြစ် .. တမင်ရည်ရွယ်ပြီးပဲဖြစ်ဖြစ် ..
စိတ်နဲ့ ပစ်မှားခဲ့ရင်ပဲဖြစ်ဖြစ် .. ကိုယ်ထိလက်ရောက် ရယူခဲ့ရင်ပဲဖြစ်ဖြစ် ..
ဒါဟာ ကိုယ်ကျင့်တရား ဖောက်ဖျက်ခြင်းထဲမှာ အကျူံးဝင်နေပြီတဲ့ ..
နောက်ပြီး .. ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာ ကြုံခဲ့ရင်လည်း မင်းဆရာလိုမျိုး
ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး အကြံပေး ကူညီရမယ်တဲ့ ..
အဲဒီကမှ တဆင့် ..
အရွယ်မရွေး စောင့်ထိန်းသင့်တဲ့ .. ငါးပါးသီလအကြောင်း ..
ကျနော်တို့ နားလည်အောင် .. ရှင်းပြပါတယ်။
(ဘယ်ပုံပြင်ပဲ ပြီးပြီး .. မေမေက ငါးပါးသီလနဲ့ပြန်ပြီး ခိုင်းနှိုင်းပြလေ့ရှိပါတယ်)
ဒီလိုသာ ငါးပါးသီလမှာ အခြေတည်တဲ့ ကိုယ်ကျင့်တရားတွေ ခိုင်မြဲမယ်ဆိုရင် ..
ကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးလို ..
ကျနော်တို့ မျက်နှာတွေလည်း အမြဲဝင်းပနေလိမ့်မယ်လို့ ..
ကလေးတွေ ကျေကျေနပ်နပ်နဲ့ အကျင့်ကောင်းတွေ
ထိန်းသိမ်းချင်လာအောင်လည်း ဆွဲဆောင်တတ်ပါသေးတယ် ..။

ဘယ်လိုပဲဖြစ်ဖြစ် ..
ကျနော့်အတွက်တော့ .. ဒီပုံပြင်တွေဆိုတာ
အမှန်တရားတွေ အစပျိုးရာ ..

ဆောင်သင့် ရှောင်သင့်တာတွေရဲ့ အတုယူရာ ..
ကိုယ့်ကျင့်သိက္ခာတွေရဲ့ အခြေခံအုတ်မြစ်တည်ရာပါပဲ ..။
...
ဆုတ်ကပ်ပါလို့ လူကြီးတွေ ပြောပြောနေတဲ့ ဒီခေတ်ကြီးထဲ ..
အမှားတွေကို အမှန်လိုလိုနဲ့ ..
မျက်နှာဖုံး အမျိုးမျိုးသုံးပြီး
မြိန်မြိန်ယှက်ယှက် ကျင့်ကြံနေသူတွေကို မြင်တော့မှ ..
ကိုယ်ကျင့်တရားဆိုတာ ..
ကိုယ့်အတွက် .. ပတ်ဝန်းကျင်အတွက် ..
သမိုင်းကြောင်းအတွက် .. လောကအတွက် ..
ဘယ်လောက် အရေးပါလဲဆိုတာ ..

(မိန်းမောနေရာကနေ ..)
အလန့်တကြားနဲ့ ပြန်နိုးထလာမိတယ်။

...
ကျနော်တို့တုန်းက .. ဒီလို ပုံပြင်နားထောင်ခွင့်တွေ ရှိခဲ့သေးလို့
ကံကောင်းတယ်လို့ လူငယ်လေးတယောက်က ပြောတယ်။
သူ့မှာတော့ .. ဘယ်လိုပဲ တောင့်တတောင့်တ .. ဒီအခွင့်အရေးမျိုး မရနိုင်ပါဘူးတဲ့ ..။
သိတတ်စကတည်းက အမေနဲ့အဝေးမှာ ..
အဖေဆိုတာ မမြင်ဘူးလိုက်ပဲ ကြီးပြင်းလာခဲ့တဲ့ ဘ၀ ..
သဘာဝအရကို ပိုင်ဆိုင်သင့်တဲ့ ပုံပြင်နားထောင်ပိုင်ခွင့်လေးတောင် ..
မရနိုင်ရှာတဲ့ ကလေးတွေ .. ကျနော်တို့ဆီမှာ မရေတွက်နိုင်အောင်ပါပဲလား ..။
ပုံပြင်နားထောင်နိုင်ဖို့ဆိုတာ .. မိသားစုနဲ့ရှိနေမှကိုး ..
မိသားစုနဲ့အတူ ရှိနေဖို့ဆိုတာ ..
ရပ်တည်နိုင်တဲ့ အခြေအနေတွေ အခွင့်သာနေမှကိုး ..
ဒါဆို .. ကလေးတွေ ပုံပြင်တွေနဲ့ ပြန်နီးရဖို့ ..
လူကြီးတွေ .. ပုံပြင်တွေ ပြန်ဝေမျှနိုင်ဖို့ ..
ပုံပြင်တွေကနေ .. မျိုးဆက်သစ်တွေကို
အကျင့်သိက္ခာတွေ အကြောင်း ..
စောင့်ထိန်းသင့်တာတွေ အကြောင်း ..
တရားခြင်း မတရားခြင်းတွေ အကြောင်း .. ။
အကြောင်းတွေ အများကြီး ..
လက်ဆင့်ကမ်းဖို့ ရှိနေပါလား ..။
...
ခပ်အုပ်အုပ် အော်မြည်လိုက်တဲ့ .. ညငှက်တကောင်ရဲ့ အသံအကြား ..
အတွေးရေစီး ရပ်တန့်..။
ဝန်းကျင်တခုလုံးကတော့ ငြိမ်သက်မြဲ ..
ဝေ့၀ဲပျံ့လွင့်လာတဲ့ ယုဇနပန်းရနံ့ ..
ရင်ထဲနက်နက်ရောက်အောင် ရှိုက်သွင်းလိုက်မိတယ် ..။
ကိုယ်ကျင့်တရားဆိုတာတွေ ဒီပန်းရနံ့တွေလို ..
မွှေးမြနိုင်ကြမယ် ဆိုရင်လေ..။

ဘလော့ ဆိုတာ ..။

ခုတလော .. မအားမလပ်တာနဲ့ ဘလော့မှာ ရေးဖို့တောင် မစဉ်းစားမိဘူး ဖြစ်နေတယ်။
မအားပေမယ့် တခြားဘလော့တွေကိုတော့ ပုံမှန်ရောက်ဖြစ်ပါတယ်။
ရေးနိုင်ကြသူတွေကို အားပေးရမှာက သမိုင်းပေးတာဝန်ပေပဲကိုး..။
ဖတ်ပြီးရင် သူတို့ရဲ့ အတွေးအခေါ်တွေ .. သတင်းအချက်အလက်တွေ ..
အရေးအဖွဲ့တွေ .. အမြင်စူးရှမှုတွေအတွက်
ကြည်နူးကျေနပ်မှုတွေ ခံစားရမှာမို့လို့ပါ..။
ကိုယ်က ဒီလိုဖြစ်နေပေမယ့် .. တချို့တချို့လည်း
ကိုယ့်လို မကြည်နူးနိုင် မုဒိတာမပွားနိုင်ပဲ ..
စိတ်အနှောက်အယှက် ဖြစ်စေမယ့် စကားတွေနဲ့
ဘလော့တော်တော်များများမှာ လိုက်အနှောက်အယှက်ပေးနေတာ မြင်နေရတယ်။
ဘာလို့ဒီလိုမျိုးတွေ ဖြစ်ရတာပါလိမ့် ..။
ဘလော့ဆိုတာ ကိုယ်ပိုင် အတွေးတွေ .. အမြင်တွေ ..
အကြားတွေနဲ့ ခံစားချက်တွေကို ..
ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ..
လွတ်လွတ်လပ်လပ် ဖွင့်ထုတ်နိုင်တဲ့ နေရာတခုပါ..။
ရေးတဲ့သူကလည်း သူ့အရေးအသားတွေကို ..
ဘယ်သူတဦးတယောက် .. ဘယ်အဖွဲ့အစည်းတခု .. ဘယ်နိုင်ငံတခုရဲ့
စည်းမျဉ်း ဥပဒေသတွေအောက်မှာမှ ရပ်တည်ပြီး စံနှုန်းတိုင်းတာနေစရာ မလိုဘူး..။
"Freedom of Expression" ဆိုတာလေးကို တဦးချင်းစီ
စနစ်တကျ လေ့ကျင့်ပျိုးထောင်နေကြတဲ့ နေရာလေးလို့..
သတ်မှတ်ထားရင်ပဲ လုံလောက်နေပါပြီ။
ဒီတော့ .. လာဖတ်တဲ့ သူတွေမှာလည်း ..
ကိုယ်ပိုင်စံနှုန်းလေး တခုပဲလိုမယ် ထင်ပါတယ်။
တဖက်သားကို လေးစားမှု .. ကိုယ့်သိက္ခာကို လေးစားတန်ဖိုးထားမှုဆိုတဲ့
ပေတံလေးနဲ့သာ အလည်သွားမယ်ဆိုရင် ..
မလိုလားအပ်တာတွေ မပြောဖြစ် .. မဆွေးနွေးဖြစ်နိုင်တော့ဘူးပေါ့။
ဒါကိုမှ မနေနိုင်သေးရင် .. တခြားဘလော့တွေကို
ဝင်မဖတ်ရုံပဲပေါ့..။
ဒီ့ထက်မှ ပိုပြီး မကျေနပ်နိုင်ရင် .. သူများဘလော့တွေမှာ ၀င်မရှုပ်ပဲ ..
ကိုယ့်မကျေနပ်ချက်တွေအတွက် ကိုယ့်ပိုင်ဘလော့တခု လုပ်ပြီး တင်ထားနိုင်တာပဲ။
ဒီလောက်လွယ်နေတဲ့ ကိစ္စကို ခက်အောင် ..
အနှောက်အယှက်တွေ ဖြစ်အောင်
မလုပ်သင့်ဘူး ထင်တာပဲ။
အခုမှ မြန်မာဘလော့လောက အရှိန်ရလာစပဲ ရှိသေးတယ် ..
မကူညီချင်နေ .. မနှောက်ယှက်ကြပါနဲ့လို့ ..
ဘလော့တွေထဲမှာ ..
ရန်စကားတွေ ..
အကျိုးမရှိ ငြင်းခုန်နေတာတွေ ..
အဓိပ္ပါယ်မရှိတဲ့ အတိုက်အခံ ပြောဆိုနေတာတွေ ..
မမြင်ချင် မဖတ်ချင်လို့ပါ ..။
ဘလော့ စာသားတွေ အဆိပ်သင့်ချင်း ကင်းဝေးပါစေ..။
ဘလော့ လောက တိုးတက်အေးချမ်းပါစေ .. ။