Sunday, September 16, 2007

ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ။

အီးမေးလ်တခုကနေရထားတဲ့ အကြောင်းအရာလေးပါ။
ကျနော်ကိုယ်တိုင်တောင် ဒီစာဖတ်ပြီးမှ ဘုန်းကြီးတွေ သပိတ်မှောက်ရတဲ့ အဓိပ္ပါယ်ကို နားလည်သွားပါတယ်။
အလည်လာကြတဲ့ သူငယ်ချင်းတွေအတွက်လည်း ဗဟုသုတတိုးစေချင်တဲ့ စေတနာနဲ့ပါ ..။
ဖော်ပြမယ့်အကြောင်းအရာကတော့ ...
“ပတ္တနိက္ကုဇ္ဇနကံ အကြောင်းသိကောင်းစရာ” ပဲ ဖြစ်ပါတယ်။
... ... ... ... ... ...
အကျယ်သို့ ...


“ပတ္တနိက္ကုဇ္ဇနကံ” အကြောင်းသိကောင်းစရာ။

“စက်တင်ဘာလ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး ပခုက္ကူမြို့က မတရားဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်ခံကြရတဲ့ ကိုယ်တော်လေးတွေ ကျေနပ်သည်ထိ တောင်းပန်ရမယ်။

ဒီလိုမှမဟုတ်ရင် သံဃာတော်တွေက စစ်အစိုးရနဲ့အပေါင်းပါတွေကို သပိတ်မှောက်ကြမှာတဲ့” ဆိုတဲ့ သတင်းဟာ ပြည်တွင်းရော၊ ပြည်ပမှာပါ ဟိုးလေးတကျော် ဖြစ်နေပါတယ်။ ဒီနေရာမှာ သပိတ်မှောက်တာနဲ့ စပ်လျဉ်းလို့ သိချင်သူတွေလဲ ကမ္ဘာအနှံ့-ဟုဆိုလျှင် မှားမယ် မထင်ပါ။ ဒါ့ကြောင့် သံဃာတော်တွေ သပိတ်မှောက်တဲ့ ပါဠိလို “ပတ္တနိက္ကုဇ္ဇန” အကြောင်းကို အကြမ်းဖျဉ်း တင်ပြလိုပါတယ်။

သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်းများ။

တကယ်တော့ သံဃာတော်တွေ သပိတ်မှောက်ပုံဟာ အလွန်ရိုးရှင်းပါတယ်။ သပိတ်မှောက်နိုင်ခြင်း အကြောင်းရင်း (၈) ချက်ရှိပါတယ်။

(၁) ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ။ ဘုရားရှင်ကို စော်ကားခြင်း။

(၂) ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ။ တရားကို စော်ကားခြင်း။

(၃) သံဃဿ အ၀ဏ္ဏံ ဘာသတိ။ သံဃာတော်ကို စော်ကားခြင်း။

(၄) ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ။ ရဟန်းတော်တွေ လာဘ်လာဘ မရအောင် ပြုလုပ်ခြင်း။

(၅) ဘိက္ခူနံ အ၀ါသာယ ပရိသက္ကတိ။ ရဟန်းတော်တွေ နေရာထိုင်ခင်း မရအောင် ပြုလုပ်ခြင်း။

(၆) ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ။ ရဟန်းတော်တွေ အကျိုးယုတ်အောင် ပြုလုပ်ခြင်း။

(၇) ဘိက္ခူနံ အက္ကောသတိ ပရိဘာသတိ။ ရဟန်းတော်တွေကို ဆဲရေးခြင်း ကြိမ်းမောင်းခြင်း။

(၈) ဘိက္ခူနံ ဘိက္ခူဟိ ဘေဒေတိ။ ရဟန်းတော်အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ခြင်း - တို့ပါပဲ။

ဒီ (၈) ချက်အနက် တချက်ချက်နဲ့ ညိစွန်းရင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို သံဃာတော်တွေအနေနဲ့ သပိတ်မှောက်ပိုင်ခွင့် (“ပတ္တနိက္ကုဇ္ဇန” ကံဆောင်ခွင့်) ရှိပါတယ်။ ဒါတွေကတော့ သပိတ်မှောက်နိုင်ခြင်းအကြောင်းရင်းတွေပါပဲ။

သပိတ်မှောက်တာ ဘယ်ခေတ်က စခဲ့ပါသလဲ။

အမှန်မှာ အခုခေတ်မှ အဆန်းထွင်ပြီး လုပ်တဲ့ကိစ္စမဟုတ်ပါ။ ဗုဒ္ဓလက်ထက်ကတည်းက ရှိခဲ့တာပါ။ လိစ္ဆ၀ီမင်းတပါးဟာ အရှင်ဒဗ္ဗကို သူ့ဇနီးနဲ့ ဖောက်ပြန်တယ် - လို့ မဟုတ်တမ်းတရား စွတ်စွဲပါတယ်။ ထိုအကြောင်း ဗုဒ္ဓသိတော်မူတဲ့အခါ အရှင်ဒဗ္ဗကို သံဃာအလယ်မှာ စစ်ဆေးပါတယ်။ မဟုတ်ကြောင်းထင်ရှားတဲ့အခါ အဲဒီစွတ်စွဲသူကို သပိတ်မှောက်ခွင့် ဗုဒ္ဓက ခွင့်ပြုတော်မူခဲ့ပါတယ်။ ပြန်လည်တောင်းပန်တဲ့အခါ သပိတ်ပြန်လှန်ပေးခဲ့ပါတယ်။

၎င်းအပြင် ဗမာရာဇ၀င်မှာ “ခုံတော် မောင်ကျဘမ်း” ဆိုလျှင် မကြားဘူးသူ ရှားပါလိမ့်မယ်။ စကားတတ်၊ စကားကပ်တဲ့နေရာ တကယ့်ဆရာကြီးပါပဲ။ သူ့အလုပ်က ရှေ့နေ။ သူ့ခေတ်သူ့ခါက သူနဲ့ တရားခွင်မှာ ရင်ဆိုင်ရသူတွေဟာ အရှုံးနဲ့သာ ကြုံရလို့ “ခုံတော် မောင်ကျဘမ်း” ဆိုတဲ့ နာမည်ရထားသူပါ။ တနေ့ သူဟာ ရုံးတော်ကိုအလာ မထေရ်တပါးနဲ့ဆုံတော့ “ကိုယ်တော် ဘယ်က ကြွလာသလဲ” လို့ အထက်စီးလေသံနဲ့ မေးလျှောက်တော့ “ဆွမ်းခံလာတာပါ ဒကာကြီး”လို့ ဖြေတဲ့အခါ “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာ မလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံ ရပါတယ်။ အိမ်ရှင်မကို ပါးတောင်ချခဲ့လို့ ရသေးတယ်” လို့ ပြန်လျှောက်တော့ “ဒီတခါတော့ ဒီဒကာကို ဆုံးမဖို့ အချိန်တန်ပြီ” လို့တွေးပြီး ခုံတော် မောင်ကျဘမ်းရဲ့ အိမ်သို့ ကြွသွားပါတယ်။

ဘာကြောင့် မထေရ်မြတ်က အဲဒီလို တွေးရသလဲဆိုရင် တခါမှာ သံဃာတော်တွေ ရေတွက်တဲ့အခါ မောင်ကျဘမ်းက “တယောက် နှစ်ယောက်” စသည်ဖြင့် ရေတွက်တာကို “တပါး၊ နှစ်ပါး” လို့ သုံးသင့်ကြောင်း အချို့သံဃာတော်တွေက မိန့်တော့ “အရိယာတွေတောင် မဂ္ဂဌာန်ရှစ်ယောက်၊ ဖလဌာန်ရှစ်ယောက်လို့ စာပေကျမ်းဂန်တွေမှာ သုံးသေးတာ ကိုယ်တော်တို့ကို ဘာမို့လို့ တပါး၊ နှစ်ပါးစသည်ဖြင့် သုံးရမှာလဲ” လို့ မချေမငံ သံဃာ့အလယ်မှာ ပြောဖူးတဲ့အချက်ကို ပြန်ပြီးမြင်ယောင်လို့ ဖြစ်ပါတယ်။

အိမ်ရောက်တဲ့အခါ မောင်ကျဘမ်းကတော်က “အရှင်ဘုရား ကိစ္စအထူးရှိလို့လားဘုရား” လို့ လျှောက်တော့ “အေး … ဆွမ်းခံလာတာ” မိန့်တော့ မောင်ကျဘမ်းကတော်လည်း ဆွမ်းဘာညာလောင်းလှူပြီး ဦးချ၊ အရှင်မြတ်ပြန်ကြွခါနီးမှာ လက်အုပ်ချီပြီး ရပ်နေရှာတဲ့ မောင်ကျဘမ်းကတော်ရဲ့ပါးကို “ဖြန်း” ကနဲချကာ ပြန်ကြွလာခဲ့ပါတယ်။ အဲဒီအရှင်မြတ်ရဲ့ဘွဲ့ကတော့ အရှင်ဥတ္တမတဲ့။ အရှင်ဥတ္တမ-က မောင်ကျဘမ်းကတော်ကို ပါးရိုက်တဲ့သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပါတယ်။ မောင်ကျဘမ်းလဲ အတော်ဒေါသထွက်သွားသတဲ့။ နောက်ဆုံး ရှင်ဥတ္တမ-ကို သူ့ဇနီးအားစော်ကားတဲ့အမှုနဲ့ ရုံးတော်ကို တိုင်ပါတယ်။ အရှင်ဥတ္တမကို ရုံးတော်က ဆင့်ခေါ်ပြီး အမှုစစ်ပါတယ်။ တရားလိုရဲ့ရှေ့နေက မောင်ကျဘမ်းပါပဲ။ သူ့အမှုကို ရုံးတော်မှာ ဦးတိုက်လျှောက်တော့ အရှင်ဥတ္တမ-က မောင်ကျဘမ်းစကားကို ကိုးကားပြီး “ကိုယ်တော်လို ထင်ရှားတဲ့သူက ဆွမ်းခံကြွစရာမလိုပါဘူး။ ဘယ်အိမ်သွားပြီး ဆွမ်းခံခံရပါတယ်။ အိမ်ရှင်မကို ပါးတောင် ချခဲ့လို့ ရသေးတယ်” လို့ ပြောတဲ့အတွက် မောင်ကျဘမ်းစကားအတိုင်း ပြုလုပ်ခြင်းဖြစ်ကြောင်း” ခုခံချေပတဲ့အတွက် မောင်ကျဘမ်းခမျာ အပွဲပွဲနွှဲခဲ့သမျှ အရှုံးနဲ့ ရင်ဆိုင်သွားရပါသတဲ့။

မောင်ကျဘမ်းရဲ့စွဲချက်ဟာ သံဃာကိုစော်ကားခြင်းဖြစ်လို့ သံဃာထုက မကျေနပ်သဖြင့် မောင်ကျဘမ်း မိသားစု၊ အသိုင်းအ၀ိုင်းကို သပိတ်မှောက်ခဲ့ပါတယ်။ တောင်းပန်တော့ သပိတ်ပြန်လှန်လိုက်တာပါပဲ။ အဲဒီအချိန်ကစပြီး ကိုယ်တော်လေး အရှင်ဥတ္တမလည်း “ရှင်ဥတ္တမကျော်”ဆိုတဲ့ နာမည်နဲ့ ယနေ့တိုင် ထင်ရှားနေဆဲပါပဲ။

နောက်ထပ် အထင်ရှားဆုံး အနီးဆုံး အထောက်အထားကတော့ ၁၉၉၀၊ မတ်လ၊ ရှစ်လေးလုံး နှစ်ပတ်လည် အဖြစ် မန္တလေးမြို့မှာ သံဃာတော်တွေကို ဆွမ်းလောင်းရာမှာ နအဖ(န၀တ) က ပစ်ခတ်ဖျက်ဆီးခဲ့လို့ ရဟန်းတော်အချို့ သေနတ်ဒဏ်ရာနဲ့ ပျံလွန်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် န၀တကို ၀န်ချတောင်းပန်ဖို့ သံဃာတော်တွေက တောင်းဆိုခဲ့ပေမယ့် လက်မခံတဲ့အတွက် ၁၉၉၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်နေ့မှာ န၀တနဲ့တကွ သူ့ရဲ့လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို သံဃသာမဂ္ဂီအဖွဲ့ ဥက္ကဌဆရာတော် ဦးရေ၀တ-ဦးဆောင်ကာ သပိတ်မှောက် ကံဆောင်ခဲ့ကြပါတယ်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်က “ဘုန်းကြီးတွေက သပိတ်မှောက်တယ်ပြောတယ်။ မှောက်ပေါ့။ ဘာဖြစ်မှာလဲ..” လို့တောင် ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှ သာသနာရေးဦးစီးဌာနက ညွှန်ချုပ် ဦးအံ့မောင်-က အသေအချာရှင်းပြမှ သပိတ်မှောက်မှုရဲ့ အတိမ်အနက်ကို သဘောပေါက်ကာ သပိတ်ကို ခွဲဖို့ ကြိုးစားပါတော့တယ်။ ပထမဆုံးအနေနဲ့ ဒီသပိတ်မှောက်တာဟာ မန္တလေးမှာတင်ဖြစ်တာ ရန်ကုန်မပါဘူး-လို့ ထင်ပြီး အားစမ်းတဲ့အနေနဲ့ ကိုးထပ်ကြီးဘုရားမှာ ကိုးရက်၊ ကိုးလ၊ ကိုးဆယ့်ကိုး၊ နံက် ကိုးနာရီအချိန်၊ သံဃာအပါးကိုးရာကို သင်္ကန်းဒွိစုံ၊ ငွေကိုးရာနဲ့ ဆွမ်းကပ်ပွဲလုပ်ပါတယ်။ ရန်ကုန်မြို့က သံဃာတွေက အလှူမခံကြတဲ့အခါ ကမန်းကတမ်း ထောက်ကြံ့၊ မှော်ဘီ၊ လှည်းကူး-စတဲ့ နီးစပ်ရာက ဘုမသိဘမသိ ကိုယ်တော်လေးတွေကို အတင်းပင့်ပြီး ဆွမ်းကပ်ခဲ့ရပါတယ်။ စုစုပေါင်း ဘုစုခရု နှစ်ရာ့ငါးဆယ်၊ သုံးရာခန့်ရှိတယ်လို့ မြင်သိခဲ့ရပါတယ်။ ဒီတော့မှ တကယ်ဆိုတာ သဘောပေါက်ပြီး မဟန ဆရာတော်ကြီးတွေကို သပိတ်ခွဲမဲ့အကြောင်း၊ အာဏာသုံးမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် အသိပေးပါတယ်။ ထိုစဉ်က မဟန ဆရာတော် ဘဒ္ဒန္တခမာဝုဓ-က တရားဟောပါတယ်။ အရေးပေါ်ကြေငြာချက် ပုဒ်မတွေထုတ်ပြီး မန္တလေးကကျောင်းတိုက်ကြီးတွေကို ကွန်မန်ဒိုတပ်သားတွေနဲ့ဝိုင်းပြီးရှာ၊ သံဃာတော်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ပါတယ်။

ထိုစဉ်က အဖမ်းဆီးခံ ထင်ရှားတဲ့ ဆရာတော်များကတော့ မစိုးရိမ်တိုက်ဟောင်းဆရာတော် အရှင်ကောဝိဒါ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ရာဇဘိဝံသ (သစအ - ဓမ္မာစရိယ)၊ မရမ်းကုန်း တိပိဋ္ဋက မဟာဂန္ဓာရုံကျောင်းတိုက် အရှင်သုမင်္ဂလာလင်္ကာရ (တိပိဋ္ဋကဓရ၊ ယခုပျံလွန်)၊ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် အရှင်တိလောကာ ဘိဝံသ (သစအ - ဓမ္မစရိယ)၊ သာကေတ ပါဠိကာရီဆရာတော် အရှင်အင်္ဂိသ (ဒွိပိဋ္ဋက)၊ မဂ္ဂင်ဆရာတော် အရှင်ဝါသ၀ပဏ္ဏိ (ဘာသန္တရ ကျွမ်းကျင်၊ ယခုပျံလွန်)တို့မှစ၍ ပုစွန်တောင် ညောင်ကုန်းကျောင်းတိုက်က ကိုရင်ရှင်ဓမ္မာစာရ (၁၃)နှစ်သားလေးထိ ပိုက်စိပ်တိုက် ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အခြားသော ထင်ရှား၊ မထင်ရှားရှိကြတဲ့ သံဃာတော်များလည်း ကျန်ပါသေးတယ်။ ဘွဲ့တော်တွေ ထည့်မဖော်ပြနိုင်သည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

စစ်အာဏာပိုင်များဟာ ဘယ်တော့မှ တောင်းပန်ရိုးမရှိပဲ လက်နက်အားကိုးဖြင့်သာ ဖြေရှင်းလေ့ရှိသည်မှာ ၁၉၆၂ ခုနှစ်မှစပြီး ယနေ့တိုင်ပင် ဖြစ်ပါတယ်။

ယခုလည်း အားလုံးသိကြတဲ့အတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များက လမ်းလျှောက်မေတ္တာပို့သည်ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်၊ ဦးပဇင်းသုံးပါးကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်၊ သေနတ်ဒင်နဲ့ထု၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို၊ လူဝတ်လဲခိုင်း၊ အချုပ်ခန်းထဲ ထည့် - စတာတွေကို ကျူးလွန်စော်ကားခဲ့တဲ့အတွက် သံဃာထုတရပ်လုံး၊ ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်ခဲ့ပြီး ယခုလို သပိတ်မှောက် ကံဆောင်ဖို့ထိ ဖြစ်လာခြင်းဖြစ်ပါတယ်။ အမှန်မှာ အပ်နဲ့ထွင်းရမဲ့ဟာကို ပေါက်ဆိန်နဲ့ထွင်းရအောင် လုပ်ခြင်းပင် ဖြစ်ပါတယ်။ တောင်းပန်ရမယ့်အစား သံဃာတွေကို တင်းကြပ်ဖို့ ဆရာတော်တွေကကို သွေးထိုး၊ သတင်းစာထဲကနေ အမှားတွေရေးသား၊ အဖမ်းဆီးအနှိပ်စက်ခံရတဲ့ ဦးပဇင်းသုံးပါးကို တပါးငွေသုံးသိန်းစီပေးပြီး အဖြစ်မှန်တွေကို မပြောရန် ခြိမ်းခြောက်မှုတွေကို အတင့်ရဲစွာ ပြုလုပ်လာကြတဲ့အတွက် ပိုမိုတင်းမာလာရခြင်းဖြစ်ပါတယ်။

လတ်တလောမှာလဲ ပခုက္ကူမြို့ပေါ်ရှိ ကျောင်းတိုက်အားလုံးကို တိုက်ခါဖို့ဖိအားပေးသဖြင့် ၀ါတွင်းကာလ မှာပင် သံဃာတော်များ နေရပ်ဌာနေအသီးသီးသို့ ပြန်ကြွသွားကြရပါပြီ။ ဒါ့အပြင် စိုးရိမ်ဖွယ် အခြေအနေကတော့ လမ်းလျှောက်မေတ္တာပို့ရာမှာ ပါဝင်ခဲ့ကြတဲ့ .. အထူးသဖြင့် ခေါင်းဆောင်လို့ ယူဆခံကြရတဲ့ သံဃာတော်တွေရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်။ အလွန်အန္တရာယ်ကြီးပါတယ်။ အများစုမှာ ရပ်ရွာတွေက ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စစ်တပ်၊ ရဲနဲ့ အလိုတော်ရိတွေက အချိန်မရွေး အန္တရာယ်ပေးနိုင်လို့ အဲဒီအရှင်မြတ်များ သတိအထူးထားစေလိုပါတယ်။ ဖြစ်နိုင်ရင် ရပ်ရွာပြန်တာထက် မန္တလေးလို မြို့ကြီးတွေကို သွားကြရင် ပိုသင့်တော်ပါလိမ့်မယ်။ ဒါပေမဲ့ ၀ါတွင်းကာလဖြစ်လို့ အခက်အခဲတွေ အများကြီးကြုံပါလိမ့်မယ်။

နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာလိုသလား။

တကယ်တော့ နေရာတိုင်းမှာ ကမ္မ၀ါစာ ဖတ်စရာမလိုပါ။ တနေရာမှာ ကမ္မ၀ါစာဖတ်လျှင် ကံမြောက်ပါတယ်။ ကြားသိကြတဲ့ ရဟန်းသာမဏေတိုင်း၊ ပြည်တွင်း၊ ပြည်ပ အားလုံးလိုက်နာရပါတယ်။ မလိုက်နာရင် အပြစ် (အာပတ်) သင့်ပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်ပါတယ်။

သပိတ်မှောက်တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။

သပိတ်မှောက်တယ်ဆိုတာ သပိတ်အမှောက်ခံရတဲ့ မိသားစု၊ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းစသည်တို့နဲ့ ပတ်သက်တဲ့ သာရေး၊ နာရေးကိစ္စမှန်သမျှကို လိုက်လံပြီး တရားဟောခြင်း၊ အလှူခံခြင်း စသည်တို့ကို မပြုလုပ်ပဲ ကြဉ်ဖယ်ထားခြင်းသာ ဖြစ်ပါတယ်။ သူတို့နဲ့ပတ်သက်တဲ့ ကိစ္စဟူသမျှ လုံးဝကင်းရှင်းစွာ နေခြင်းပဲဖြစ်ပါတယ်။

ဘယ်လောက်ကြာသည်ထိ မှောက်ရမှာလဲ။

သပိတ်မှောက်ခံရသူတွေအနေနဲ့ သံဃာတော်ကို ကျေနပ်သည်အထိ မတောင်းပန်မခြင်း၊ တရားသဖြင့် တောင်းဆိုတဲ့အရာတွေ မလိုက်လျောမချင်း သပိတ်မှောက်ထားပါလိမ့်မယ်။ အကယ်၍ သူတို့အမှားကို မြင်ပြီး တောင်းပန်၊ လိုက်လျောလာတဲ့အခါမှာလည်း သိမ်ထဲမှာ အနဲဆုံး သံဃာလေးပါးနဲ့ ကမ္မ၀ါစာကို ဖတ်ရပါတယ်။ အဲဒါကို “ပတ္တဥက္ကုဇ္ဖန” သပိတ်လှန်တယ် - လို့ ခေါ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ပတ္တနိက္ကုဇ္ဖနကံ အကြောင်းအရိပ်အမြွက်မျှ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုကျင်းပမဲ့ သပိတ်မှောက်ကံဆောင်ပွဲဟာ သာသနာသမိုင်းမှာ စတုတ္ထမြောက် မော်ကွန်း ဖြစ်ပါလိမ့်မယ်။ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ သမိုင်းကတော့ သက်သေခံနေပါလိမ့်မယ်။ နောက်ပြီး အဲဒီသပိတ်မှောက် ကံဆောင်ပွဲနဲ့ ပတ်သက်တဲ့ ရဟန်းမှန်သမျှဟာ အချိန်မရွေး၊ နေရာမရွေး၊ အဖမ်းဆီးခံရပြီး စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ ထောင်ကျရုံတင်မက အသက်ပင် ဆုံးရှုံးနိုင်ကြောင်းကိုလဲ ၁၉၉၀ ပြည့်နှစ်က ဖြစ်ခဲ့တဲ့ အခြေအနေတွေက သက်သေခံနေပါကြောင်း တင်ပြရင်း …


(ဓမ္မသည် အဓမ္မကို အောင်စမြဲ)

သကျကုလ

(စက်တင်ဘာ ၁၆၊ ၂၀၀၇)


No comments:

Post a Comment

အတွေးအမြင်လေးတွေ ဝေမျှသွားနိုင်ပါတယ်...