Tuesday, August 14, 2007

ဆရာကြီး မင်းသုဝဏ် အမှတ်တရ။

ကျနော်တို့တွေ သူရေးသားခဲ့တဲ့ ကဗျာတွေနဲ့
လူလားမြောက်လာခဲ့တာပါ။
အရွယ်ငယ်သေးလို့ အဓိပ္ပါယ်ကို နက်နက်နဲနဲ
သဘောမပေါက်ခင်ကတည်းက
“ဘကြီးအောင် ညာတယ်” ဆိုတဲ့
ဝတ္တုတိုလေးကိုလည်း
အသည်းစွဲ ဖြစ်ခဲ့ဖူးပါတယ်။
ကျနော်တို့ လက်တကမ်းမှာ ရှိနေတဲ့
အတွေ့အကြုံ အဖြစ်အပျက်တွေနဲ့ပဲ ..
လေ့လာမှန်းမသိ လေ့လာမိသွားအောင် သင်ကြားပေးခဲ့သူတဦးပါ။

ဆရာကြီးကွယ်လွန်ခြင်း အမှတ်တရနေ့မှာ
ကျနော် ဖတ်မိလိုက်တဲ့ ကဗျာလေးတပုဒ်နဲ့ ဂါရ၀ါ ပြုလိုက်ပါရစေ။
မြန်မာပြည် လွတ်လပ်ရေးမှာ ကျောင်းသားတွေရဲ့
ဦးဆောင်ထမ်းရွက်မှုကို
ဆရာကြီးက အသိမှတ်ပြု ဖွဲ့ဆိုထားခဲ့တာပါ။

ဆရာကြီး မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄)

သာဓုသံ ...

ဒေါင်းပျို ထိုးဆွပ်၊ ဘယ်ညာခွပ်၍

လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား .. ။
အိုးဝေ ကျေးဇူး၊ မထိမ်မြူးပဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓု ခေါ်ကြပါကုန်လော့ .. ။
သာဓုသံတွင် သောတဆင်၍
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ် စောင့်ရှောက်နိုင်စေသောဝ် .. ။

မင်းသုဝဏ်။

(ဤကဗျာမှာ ဗကသများ အဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ထုတ်ဝေတဲ့
“မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်ထဲက ဖြစ်ပါတယ်။)

Monday, August 13, 2007

ကိုငှက် အမှတ်တရ ..။

အိမ်ပြန်ချင်တဲ့ စိတ်ကလေး

တားမရတော့ လို့ ..

“ညီလေးရေ ..

လမ်းမမှားအောင် ရွေးကွာ” ဆိုပြီး ..

တဖွဖွ အမှာစကားတွေအဆုံး ..

ကောင်းကင်ထဲက မြစ်တစင်းဆီ

အားလုံးကို သူစိမ်းဆန်ဆန်ပဲ ..

နောက်ပြန် လှည့်မကြည့်တမ်း

ပျံသန်းသွားခဲ့တဲ့ ..

ကိုငှက်ကြီး ...။

ထားခဲ့ဖူးတဲ့ မျှော်လင့်ချက်တွေ ..

တမလွန်မှာ ငြိမ်းအေးပြည့်ဝနိုင်ပါစေဗျာ ..။

(ကိုထူးအိမ်သင်ဝက်ဘ်ဆိုက်မှ ဓာတ်ပုံများ ပို့ပေးခဲ့တဲ့ မင်းသားကြီးကို ကျေးဇူးတင်ပါသည်။)

Sunday, August 12, 2007

လူမှုဗေဒ။

ဒီရက်ပိုင်းထဲ .. အလုပ်အတွက် ပြေးလိုက်လွှားလိုက် ..
ဟိုစာဝင် ဒီစာထွက်ဖို့ .. အရှုပ်တွေ လုပ်လိုက် ..
ဟိုဖုန်း .. ဒီဖုန်း အကြောင်းပြန်လိုက်နဲ့ပဲ ..
တပတ်တော့ ကုန်သွားပြန်ပေါ့ ..။
ကိုယ့်ဘလော့အတွက်တောင် ဘာမှ အစီအစဉ်မရှိဖြစ်နေတာ
ရက် အတော်ကြာနေပြီ။
(အပျင်းကြီးနေတာကို .. ပင်ပန်းတယ်ဆိုပြီး ဆင်ခြေပေးရင်းပေါ့ဗျာ)
ဒါနဲ့ပဲ .. အပန်းပြေအောင်လို့
ကိုယ့်ဘလော့လေး ပြန်ဖွင့်ဖတ်တော့ ..
အသစ် လာလည်သူတွေနဲ့ .. လာနေကျ သူငယ်ချင်းတွေဆီက
ကွန်မင့်လေးတွေ တွေ့ရပါတယ်။
“ဒီအပုဒ်လေးက ဖတ်လို့ ကောင်းတယ် ..
ဒီပိုစ့်လေးကတော့ အဓိပ္ပါယ်ရှိတယ် ..
ဒါလေးကတော့ တွေးစရာလေးနဲ့ ..
ဒီလိုရေးထားတော့ ဘာလေးကို ပြန်သတိရစေတယ်..”
စသဖြင့်ပေါ့လေ ..။
လာလည်ရင်းထားသွားတဲ့ အားပေးစကားလေးတွေ ..။
သူတို့ရဲ့ စကားလက်ဆောင်တွေကို ဖတ်ရင်းနဲ့
ဘာရယ်မဟုတ်ပါဘူး ..
ရင်ထဲက အပျင်းစိတ်တွေနဲ့ ပင်ပန်းတကြီး ဖြစ်နေတာတွေကို
ရေအေးအေးနဲ့ ဆေးချလိုက်သလိုပဲ ခံစားလိုက်ရတယ်။
ငါဘာများရေးလို့ ရနိုင်မလဲဆိုပြီးလည်း
လန်းလန်းဆန်းဆန်းနဲ့ ပြန်တွေးမိလာတော့တယ်။
တွေးရင်းကနေလည်း ခွန်အားပေးတဲ့စကားဆိုတာ
တော်တော် အသုံးဝင် အရေးကြီးပါလားဆိုတာ ..
ကိုယ်တိုင် ခံစား တွေ့မြင်ပြီး .. သဘောပေါက်သွားတယ်။
ကိုယ်တိုင် ခံစားတယ်ဆိုတာကတော့ ..
ကိုယ့်ဘလော့ကို အလည်လာရင်း ထားသွားကြတဲ့
သူငယ်ချင်းတွေရဲ့ တခွန်းစ နှစ်ခွန်းစ စကားတိုလေးတွေဟာ ..
ဘလော့ဖန်တီးသူမိမိကို ကြီးမားတဲ့ တွန်းအားတွေပေးနေသလို
ခံစားလိုက်ရလို့ပါပဲ။
တွေ့မြင်တယ်ဆိုတာကတော့ .. ပြောရရင် နဲနဲလေးရှည်မယ်။
ကျနော် မြင်ခဲ့ ကြားခဲ့တာလေးတခုကို ပြန်ပြောပြမလို့ပါ။
လောကမှာ ..
ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို
ခွန်အားဖြစ်စေနိုင်တဲ့အပြင် ..
အဲဒီ စိတ်အင်အားတွေ ..
ယုတ်လျော့ ကျဆင်းသွားအောင် လုပ်နိုင်တာလည်း
“စကား” တခွန်းနဲ့တင် လုံလောက်တယ်ဆိုတာကို ..
အမှတ်မထင် ကြုံတွေ့လိုက်ရလို့ပါ။

တနေ့က ..
ကျနော် ရုံးတခုကို အလည်ရောက်သွားတယ်။
အားလုံး မြန်မာပြည်သားတွေပါ ..။
အသေအချာ ပြောရရင်တော့
ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေပေါ့ ..။
ကျနော် ရောက်ပြီး ခဏနေတော့ ..
နောက်ထပ် ဧည့်သည်တွေရောက်လာတယ်။
ဒါနဲ့ပဲ ရုံးမှာ အကြီးအကဲဆိုသူက ..
လာလည်သူတွေကို ရွှန်းရွှန်းဝေအောင်
ဧည့်ခံ ကျွေးမွေးပြီး .. စကားလက်ဆုံတွေ ကျနေပါရော။
ဒီတော့ ကျန်တဲ့သူတွေ (လက်အောက်ငယ်သားလို့ သတ်မှတ်ထားသူတွေ)
စိတ်ထဲထင်နေတာက .. လိုအပ်ရင် အကူအညီပေးရမယ်ပေါ့ ..။
အတော်လေးကြာတော့ .. ဧည့်သည်တွေက တနေရာသွားချင်ကြောင်း ..
အခုမှ ဒီနိုင်ငံကိုရောက်လာတာဆိုတော့
လိုက်ပို့ဖို့ပြောရင်း အကူအညီတောင်းပါတယ်။
ဖြစ်ချင်တော့ .. ရွှန်းရွှန်းဝေနေတဲ့ အကြီးအကဲ
ဘာမှ မပြောရသေးခင်ပဲ .. ရှားရှားပါးပါး စိတ်ကောင်းလေးနဲ့
အကူအညီပေးချင်နေတဲ့ ရုံးအကူ ဦးလေးက ..
သူလိုက်ပို့ပေးနိုင်ကြောင်း ပြာပြာသလဲ ၀င်ပြောပါတော့တယ်။
သူတို့ထင်ထားတာက ဒီလိုကူညီလိုက်ရင် ..
အကြီးအကဲကတော့ ကျေနပ်မှာပဲ ထင်လို့ပါ။
ကံဆိုးချင်တော့ .. ထင်သလိုမဟုတ်ပဲ
“မျက်နှာမရ ခြေထောက်ရ” တဲ့အဖြစ် ဆိုက်ပါလေရောလား ..။
ဧည့်သည်တွေသွားပို့ပြီး ၃ နာရီလောက်ကြာတော့ ..
သွားပို့ပေးတဲ့ ဦးလေးပြန်လာပါတယ်။
ဒီမှာတင် ပြဿနာက စပါတော့တယ်။
အကြီးအကဲက ..သူလိုက်မပို့စေချင်တာကို
ရုံးချိန်အတွင်း လိုက်ပို့ရမလားဆိုပြီး
ဆူပူ အော်ဟစ်ပါတော့တယ်။
ဟိုဦးလေးခမြာ ..
အကြီးအကဲလိုက်ပို့စေချင်တယ် ထင်လို့ လိုက်ပို့တာပါလို့
ခခယယပြောဖို့ ကြိုးစားပါတယ်။
ဒါပေမယ့် .. ၀ါကျဆုံးအောင် ပြောခွင့်မသာလိုက်ပါဘူး။
(တကယ်တော့ အကြီးအကဲဆိုသူနဲ့ သူ့တပည့်ဆိုတာ
အရွယ်တူသူတွေပါ)
ကျနော်လည်း မကောင်းတတ်တာနဲ့ ..
ခပ်မြန်မြန်ပဲ နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။
ကျနော် ထွက်လာတဲ့အထိ .. အကြီးအကဲဆိုသူ တယောက် ..
နောက်ကြောင်းပြန်ပြန်ရစ်ပြီး နင်မင်းကဆစကားတွေကို
မပြီးနိုင်မစီးနိုင် .. ရေပက်မ၀င် ပြောဆိုကျန်ရစ်ခဲ့ပါတော့တယ်။
ဒီဆူဆူပူပူ အဖြစ်အပျက်ကို သူတို့ ရုံးခန်းထဲမှာပဲ
ချန်ထားနိုင်ခဲ့ပေမယ့် ..
ကျနော်နဲ့အတူ ကပ်ပါလာတာက
စကားပြောပုံ ဆိုပုံတွေနဲ့ဆိုင်တဲ့
မဆုံးနိုင်တဲ့ ခပ်ရှည်ရှည်အတွေးတခုပါ .. ။

ကောင်းကောင်းမွန်မွန် ရှင်းပြပြောဆိုလည်း ဒီစကားပဲ ..
အော်ဟစ် ဆူပူပြီး ပြောလည်း ဒီစကားပဲ ..။
ဒါကိုပဲ .. လူတွေ ဘာလို့ ကိုယ့်စိတ်နဲ့မတည့်တိုင်း
အလွယ်တလွယ်ကူ စိတ်ထွက်ပေါက်ပေးရာရောက်တဲ့
ဒီလို နှုတ်ကြမ်းလျှာကြမ်းနဲ့ ပြောတာမျိုးကို ရွေးကြပါလိမ့်။
အခြေအနေတခုကို နားမလည်လို့ပဲဖြစ်ဖြစ် ..
ရုံးတခုရဲ့ စည်းမျဉ်းတွေကို အကျွမ်းတ၀င် မဖြစ်သေးလို့ပဲဖြစ်ဖြစ် ..
အမှားတခု ကျူးလွန်မိခဲ့ရင်တောင် ..
အခုလို အော်ဟစ်ကြိမ်းမောင်းနေတာမျိုးဟာ
မှန်ကန်တဲ့ လမ်းကို သွားချင်စိတ်ရှိအောင်
တည့်မတ်ပေးရာ ရောက်ပါ့မလား။
သေချာတာကတော့ .. ဒီလို ပုံစံမမှန်တဲ့ အော်ဟစ်ခြင်းမျိုးဟာ ..
လမ်းမှန်ကို မတွေ့စေပဲ .. နားထောင်သူကို
နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေပဲ ဖန်တီးပေးရာ ရောက်မှာပါ။
ပြောသူမှာလည်း .. မလိုလားအပ်တဲ့
အာဏာရှင်ဆန်ဆန် အလေ့အကျင့်တွေ
စွဲကပ်စေပါတယ် .. (ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ပါ)
တဖက်သားကို နိုင်လိုမင်းထက် ပြောဆိုနေတာတွေ ..
တဖက်စကားကို အချိန်ပေး နားထောင့်လေ့ မရှိတာတွေ ..
တဖက်သားက အမှား .. ငါကမှ အမြဲမှန်တယ်လို့ တွေးတတ်တာတွေ ..
တဖက်သားကို ဖြေရှင်းခွင့် မပေးတတ်တာတွေ ..
အခြေအနေတခုကို ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ပဲ ..
ကိုယ်လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး အပြစ်ရှာ ထောက်ပြတတ်တာတွေ ..
ဒီလို ပြောဆို ဆက်ဆံပုံမျိုးတွေ ..
တကယ်တော့ .. သာမာန်အခြေအနေတွေမှာတောင်
မကျင့်သုံးသင့်ဘူးလို့ .. (ကျနော်) ထင်တာပဲ။
တဖက်သားကို လေးစားမှုမရှိတာ .. သိသာ ထင်ရှားနေလို့ပါ ..။
ဒါ့အပြင် .. တဖက်သားကို
စိတ်ဓာတ်ကျစေနိုင်တဲ့ စကားတွေပဲ ဖြစ်မှာမို့လို့ပါ ..။
ဒါဆို ..
“လူ့အခွင့်အရေးကို လေးစားပါတယ်” လို့
တပြောတည်း ပြောနေတဲ့နေရာမျိုးမှာ ..
“ဒီမိုကရေစီ အရေးအတွက်ပါ” လို့ ..
တသသ ကြွေးကြော်နေတဲ့ နေရာမျိုးမှာမှ ..
လူသားအဖြစ် လေးစားခံပိုင်ခွင့် ဆိုတဲ့ .. လူတယောက်ရဲ့အခွင့်အရေးကို ..
အပြောအဆိုတခုကနေ နှိမ့်ချပစ်လိုက်တဲ့အဖြစ် ..
ပြောသူရော .. အပြောခံရသူရော .. သတိမှ ပြုမိပါ့လား ..။
အပြန်အလှန်ပြောလိုက်တဲ့ စကားတွေကို ..
ပြန်ရော သုံးသပ်မိပါ့မလား။
ပြောသူက .. “ငါကောင်းကောင်း ဆူလိုက်နိုင်တယ်” ဆိုပြီး
အာဏာအသေးစားလေးမှာ ရစ်မူးကောင်း ရစ်မူးနေလိမ့်မယ် ..။
အပြောခံရသူမှာတော့ ..
“ငါ .. ဘာမှမဟုတ်ပါလား ..။
သူများ အလေးစားမခံရတဲ့ ငါ .. ပါလား ..။” လို့
တွေးပြီး .. ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့ပဲ
ဆောက်တည်ရာမရ စိတ်ဓာတ်တွေ ပျောက်ဆုံးသွားနိုင်တဲ့အထိ ..
စိတ်အနာ ရသွားနိုင်ပါတယ် ..။
နောက်ပြီး .. ဒီဘာမှမဟုတ်တဲ့ စိတ်အခြေအနေလေးတွေကနေ ..
နောင်တချိန်မှာ ကြောက်စရာကောင်းတဲ့ စိတ်ဒဏ်ရာ ပြပွဲကြီးတွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ..။
ဒီတော့ ..
ကိုယ်ပြောလိုက်တဲ့ စကားတခွန်းတိုင်းဟာ ..
တဖက်သားအတွက် လှံသွားသဖွယ် ထိုးနှက်ထိရှခြင်း မရှိစေအောင် ..
အမှန်အမှားကို အေးအေးချမ်းချမ်းနဲ့ ခွဲခြားနားလည်စေအောင် ..
ရင်ထဲကနေ စစ်စစ်မှန်မှန်နဲ့ လုပ်ကိုင်ချင်စိတ်တွေ ပေါ်ထွန်းလာအောင် ..
ကျနော်တို့ အချင်းချင်းကြား .. သတိရှိရှိနဲ့
စေတနာအခြေခံပြီး .. ပြောဆိုဆက်ဆံကြဖို့ အရေးကြီးလှပါတယ်။
တကယ်ဆိုရင် .. ကျနော်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးဟာ
စိတ်ဓာတ်ရေးရာ တော်လှန်ရေးတရပ် ..
ဆင်နွှဲဖို့ လိုအပ်နေတယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ ..။
ကျနော်တို့ရဲ့ အပြောအဆိုတွေ ..
ဆက်ဆံပုံ ဆက်ဆံနည်းတွေ ..
ဆွေးနွေးနည်း ဆွေးနွေးဟန်တွေဟာ ..
လူတန်းစားအလွှာ ဆိုတဲ့ ပညတ်ချက်တွေအောက်မှာ
ကန့်သတ်ခြင်း မခံရဖို့ ..
ဖြတ်သန်းခဲ့ဖူးတဲ့ ခေတ်ကာလဆိုးတခုက အလေ့အကျင့်တွေကို
ဆက်လက် မသယ်ဆောင်လာမိဖို့ ..
သတိကြီးကြီး ထားရှိသင့်ကြပါတယ် ..။

ဒီမိုကရေစီဆိုတာ ..
ကိုယ့်အတ္တတွေ ထင်ရာစိုင်းပိုင်ခွင့်လား ..။
ခေါင်းဆောင်ဆိုတာရော ..
အရပ်လေးမျက်နှာကို ထင်သလို စိတ်ထွက်ပေါက် ပေးပိုင်ခွင့်လိုင်စင် ရထားတဲ့သူလား ..။
ရယူချင်တာတခုခုရှိလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြလိုက်တာကမှ ..
တဖက်သားကို လေးစား နားလည်ခြင်းလို့ ဆိုလိုတာလား ..။
(တကယ်ဆို ..) ကိုယ့်ကိုကိုယ် ကယ်တင်ဖို့အတွက် ..
“လူအများကြီးကို ကယ်တင်နေရတာပါ” လို့ .. ဟောင်ဖွာဖွာ ပြောနိုင်တာကမှ
နိုင်ငံရေးတဲ့လား ..။
လူတွေပြောပြောနေတဲ့ .. “တန်းတူညီရေး” ဆိုတာ ..
စာမျက်နှာတွေပေါ်ကနေ လူ့လောကထဲ ရောက်လာဖို့ ..
တော်တော်များ ခက်ခဲနေသလား ..။
ဒါတွေ …
စဉ်းစားကြဖို့ ..
အပြန်ပြန် အလှန်လှန် သုံးသပ်ကြဖို့ ..
ပြီးရင်တော့ ..
တန်းတူရေးဆိုတဲ့ အခြေအနေတခု အစပျိုးပေါ်ပေါက်လာဖို့ ..
မနှောင့်မနှေး အကောင်အထည်ဖော်ကြဖို့ ..
ကျနော်တို့ အားလုံးမှာ .. တာဝန်ရှိနေပါတယ်။

နိုင်ငံရေးဆိုတာရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ..
လူမှုဗေဒ ညက်ညောအောင် ..
အချင်းချင်း နားလည်မှုတွေ .. လက်ခံနိုင်မှုတွေ မြန်မြန်ရအောင် ..
ဆရာတော် ရှင်မဟာရဌသာရရဲ့ ကဗျာလေးလို ကျင့်သုံးကြရအောင်ဗျာ။
“တယောက်စကား ..

တယောက်နားမှာ မခါးရအောင် ..
သတိဆောင်၍ .. မောင်တို့ ဆိုလေ ..
ပျားသကာသို့ ချိုလှစေ ..”
(ကဗျာ အမှားပါလျင် ပြင်ပေးပါ .. ဒီလောက်ပဲ မှတ်မိလို့ပါ)

Friday, August 10, 2007

ရုန်းကန်ဆဲ။


ညက .. ၀ရံတာနားမှာ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေတဲ့
ခိုဖြူဖြူလေးတွေကို ကြည့်နေရင်းနဲ့ ..
ဒီစာလေး တကြောင်း နှစ်ကြောင်းကို ..
အမှတ်မထင် ရေရွတ်မိတယ်။
... ... ....
ကျနော်တို့ (၇) တန်းကျောင်းသား ဘ၀တုန်းကပါ။
... ... ...
အနီရဲရဲ သွေးတွေစွန်းနေတဲ့ ဂျိုးငှက်လေးတကောင် ..
သံဆူးကြိုးတွေနဲ့ တည်ဆောက်ထားတဲ့ လှောင်အိမ်လေးထဲကနေ ..
အလွတ်ရုန်းနေတာကို ..
လက်ကိုင်ပ၀ါ ဖြူဖြူတွေပေါ်မှာ.. ရိုက်နှိပ်ပြီး ..
ကျောင်းနံရံတွေပေါ် လိုက်ကပ် ..
ကျောင်းသားတွေကြားထဲ ဝေငှခဲ့ကြတာကို သတိရမိတယ်။
ဂျိုးငှက်လေးနားဘေး.. ရေးထားတဲ့ ကဗျာလေးက ..

“ချုပ်နှောင်ဖွဲ့တင်း အာဏာတွင်းမှ ..
နီမောင်း သွေးစက် ၀င်းလက်လက်နဲ့ ..

လွတ်မြောက်ခြင်းတွက် ..

ရုန်းကန်လျက် ...”


(သြဂုတ်လ အမှတ်တရ)

Tuesday, August 7, 2007

ကိုတာရာမင်းဝေရဲ့ ကျောင်းဖွင့်ချိန်။

ဒီကဗျာလေးကို အမေရိကားမှာ ရောက်နေတဲ့ ကျနော့်အသိ ဦးလေးတယောက်က ပို့ပေးလိုက်တာပါ။
ကျေးဇူး အထူးတင်ပါတယ် ဦးလေးခင်ဗျာ။

ကိုတာရာမင်းဝေအတွက်ရော ..

၈၈ လွမ်းဆွတ်မှုအတွက်ရော အမှတ်တရအဖြစ် ဖော်ပြလိုက်ပါတယ် ..။




ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့

မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ

ဟစ်တလာရုပ်ထုကို

လူတစုထုဆစ်နေကြတယ်။

သူတို့ဟာ ...

ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်

ပျားရည်စက်တွေကို မီးရှို့ပူဇော်

ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ

ဟစ်တလာပါးစပ်ထဲက

ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။

သူတို့ဟာ ...

ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး

သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ

ဖိတ်ခေါ်ကြပါပြီ။


(၂)

ငါတို့ကျောင်းတော်ကြီးရဲ့

ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ

တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊

အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ

နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ

အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့

ဝိညာဉ်တွေပဲ ...

ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး

ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်

အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။

ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ

“ကမ္ဘာမကြေဘူး ... ... ...

ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”

သီချင်းလေး နားဆင်ရင်း

ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို

မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)

ငါတို့ကျောင်းတော်ကြီးရဲ့

ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ

တက္ကသိုလ်စာကြည့်တိုက်ထဲမှာ

ဖြူဝါးဝါးအရိပ်တချို့

စာထိုင်ဖတ်နေကြတယ်။

တချို့ဖတ်တာ .. ကဗျာစာအုပ်

တချို့ဖတ်တာ .. သမိုင်းစာအုပ်

တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်

ရုတ်တရက်

အဖြူရိပ်တခုဟာ ထိုင်ရာကထ

“ဗမာပြည်ကို ကယ်တင်ရတော့မယ်”

နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်

“ဗမာပြည်ကို ကယ်တင်ရတော့မယ်

ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”

သူတို့ဟာ တိတ်ဆိတ်စွာ

အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။

စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ

လွယ်အိပ်လွယ်သံများ

ဖိနပ်စီးသံများ အဆုံးမှာ

နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...

... ... နောက်ထပ် ... ...

... ... နောက်ထပ် ... ...


(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ

အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။

အရိုးစုတခုက ...
ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး

အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”

စသည်ဖြင့် ပြောကြား

အားလုံးငြိမ်သက်နားထောင်နေကြတယ်။

အခန်းထဲမှာ

အကျဉ်းထောင်က ပြေးထွက်လာတဲ့

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ

သတ္တိဗုံးကို နှောင်ထုံးခတ်

ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ

အဲဒီမှာ ...
အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော

“တောက အဖေနဲ့အမေတော့

ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”

ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက

မျက်ရည်ဖြူတစက်

စီးသက်ကျလာတယ်။


(၅)

ငါတို့ကျောင်းတော်ကြီးရဲ့

ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ

အချုပ်ကားပြာပြာကြီးတွေ

ဒရကြမ်းနှင်နေကြတယ်။

အဲဒီကားကြီးတွေထဲမှာ

“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ

ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ”
ဆိုတဲ့
တေးသံသာယာ

ညီညာစွာ ပဲ့တင်ပေါ်ထွက်

ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ

အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ

သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ

ဦးခေါင်းခွံမှာ
အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ

ထွက်ခွာသွားတဲ့ အချုပ်ကားနောက်

ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ

ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား

“သားရေ
အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ

ရာဇ၀င်တုန်ခါအောင်
မြည်ဟည်းလာခဲ့ပြီ။

(၆)

ငါတို့ကျောင်းတော်ကြီးရဲ့

နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ

ဒေါင်းအလံတလူလူလွှင့်ထူလို့

ကျောင်းသားတွေ ချီလာပါပြီ

ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက

ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့

ကျောင်းသားတွေက

နောက်က ချီတက်လိုက်ပါလာတယ်။

“ဒီမိုကရေစီရရှိရေး ... တို့အရေး”

“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။

ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း

တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး

ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...

သေနတ်သံတချက်ဖောက်ရင်

ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...

နောက်ဆုံးနေ့အထိ ...


(၇)

ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ

ရုတ်တရက် ရဲရဲနီစွေးသွားတယ်။

ချက်ခြင်းပဲ ရေငွေ့ပျံတက်

ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို

ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ

လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...

ဒိန်းဒုံး ဆူညံသွားတယ် ...

အဲဒီအခါ ... ကျောင်းတော်မှာ ...

ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ

ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ

သစ်ရွက်တွေ တလက်လက်တောက်ပကြ

ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ

မြေကြီးတွေ တုန်ခါတော်လဲကြ

တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး

ကြွေးကြော်သံတွေနဲ့

ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်

နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ

ငါတို့ကျောင်းတော်ကြီးဟာ ... ...

တလဲ့လဲ့ တ၀င်းဝင်း

သွေးနီရောင် တောက်ပခါ ...

အာဇာနည် သူရဲကောင်းတို့ရဲ့

ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။


(၈)

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား

ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ

သွေးပင်လယ်ကြီးကို ကျော်နင်း

ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။

တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...

အဲဒီထဲက တချို့ဟာ ...

“အကြောင်းကြောင်းကြောင့်ပါ” လို့

စိတ်မကောင်းစွာပြောရင်း ...

ထုံးတံတားကို လျှောက်နင်း ...

ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်

ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...

တချို့ကတော့ ...

“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း

ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...

ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။

အဲဒီလို ... လူစားတွေကိုတော့ ...

ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်

ရာဇ၀င်က ခွင့်မလွှတ်သရွေ့

သူတို့ဟာ ... သမိုင်းမှာ ...

“သစ္စာဖောက်” များသာဖြစ်တယ်။


(၉)

ကျောင်းသားနဲ့ကျောင်း

တနေ့တော့ ပေါင်းရမှာပဲ

ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး

ကျောင်းကြီးဆီ အရောက်သွားကြမယ်။

သွေးပင်လယ်ကြီးဟာ

တငွေ့ငွေ့ပူခြစ် ဆူပွက်

ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး

သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်

ငါတို့တွေ

ငါတို့တွေ လှည့်မပြန်ဘူး၊

ငါတို့ထဲက တချို့ဟာ ...

ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု

ငါတို့အထဲက တချို့ဟာ ...

ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်

ငါတို့အထဲက တချို့ဟာ ...

ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်

လှေရွက်အဖြစ် စပ်ချုပ်

မုန်တိုင်းကို ခွဲဝင်

သွေးပင်လယ်ကို ဖြတ်ပြီး

ကျောင်းတော်ကြီးဆီသွားဖို့

လုပ်နေတယ်...။


(၁၀)

နောက်ဆုံးမှာ ...

ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း

အမှန်တရားတခုထံ

ငါတို့ သစ္စာအဓိဌာန်ပြု

အို ... သူရဲကောင်းတို့

အို ... ကျဆုံးခဲ့လေသော

ဒီမိုကရေစီ တိုက်ပွဲဝင်

သူငယ်ချင်းဟောင်း ...

သူရဲကောင်းတို့

ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်

မြင့်မြတ်စွာ ကျဆုံးခဲ့သော ...

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ရှေ့နောက်ဝဲယာ ...

ထက်အောက်ဝန်းကျင်၌

ပျံ့နှံ့တည်ရှိကြကုန်တော့၏။

ထိုသော ...

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့

ထိုးဖောက်ယိုစိမ့်စီးဝင်ကာ

ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။

အို ... သူရဲကောင်းတို့

အို ... ကျဆုံးလေသော

ဒီမိုကရေစီတိုက်ပွဲဝင်

သူငယ်ချင်းဟောင်း သူရဲကောင်းတို့

ဗမာပြည်ကို ရှိခိုးကာ

ဤသွေးပင်လယ်အား

ငါတို့ ဖြတ်ကူအံ့

မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ

ငါတို့၏
အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

Sunday, August 5, 2007

ကြက်ဆူပင် စိုက်ပျိုးနည်း။

တလောကမှ မြန်မာပြည်ကနေ ဘန်ကောက်ကို အလည်လာတဲ့
သူငယ်ချင်းတယောက်နဲ့တွေ့လို့
စကားစပ်မိရာက
ကြက်ဆူပင်တွေအကြောင်း ပြောဖြစ်ကြတယ် ..။

ရပ်ကွက်တွေထဲမှာ နေရာအနှံ့ဆိုသလို
အထက်အမိန့်နဲ့ ကြက်ဆူပင်တွေ စိုက်နေရလို့

လူတကာတွေ စိတ်ညစ်နေရကြောင်း ပြောပြပါတယ်..။
ဒီလူတကာတွေထဲမှာ ဘုန်းကြီးတွေလည်း ပါ ပါတယ်တဲ့ ..။
ဒါနဲ့ ကျနော်က သူ့စကားကို ကြားဖြတ်ပြီး ..
ကြက်ဆူပင်ရဲ့ ဆိုးကျိုးတွေကို သိသလောက် ဖောက်သည်ချဖို့ ကြိုးစားပါတော့တယ်။

နောက်ဆုံး ဖတ်မိထားတဲ့ မွန်းသက်ပန်ဘလောက်ထဲက ..
ကြက်ဆူသီးကြောင့် ကလေးတွေ အဆိပ်မိတဲ့အကြောင်း ..
မှတ်မိသလောက် အကျယ်တ၀င့် ပြောပြမိပါတယ်။


ဒါနဲ့ပဲ သူက ..
“ငါတို့ဘက်မှာတော့ အဲဒီအခြေအနေထိရောက်မှာ မစိုးရိမ်ရဘူး” လို့ ပြောတော့..
ကျနော် အံ့အားသင့်သွားပါတယ် ။

ဘယ်လိုလဲပေါ့ ... !

ဒီတော့ .. သူက ..
“အဲဒီလို .. အန္တရာယ်တွေ ဘာတွေ နားလည်နေလို့ မဟုတ်ဘူးဟေ့ ..
အမိန့်နဲ့ စိုက်ခိုင်းတော့ လူတွေက အမြင်ကပ်တာနဲ့ပဲ
အပင်တွေလည်း ဆက်မကြီးနိုင်အောင် ..
သူတို့လည်း အပြစ်လွတ်အောင် .. ဆိုပြီး
ရေလောင်းတဲ့အခါ ရေအေးအေးအစား
ရေနွေးပူတွေနဲ့ လောင်းတော့ ..
အပင်တွေက မင်းတို့စိုးရိမ်ရတဲ့ ..
ကြီးထွားဖွံ့ဖြိုးပြီး .. အပွင့်တွေ ပွင့်..
အသီးတွေ သီး ဆိုတဲ့ .. အဆင့်ကို မရောက်နိုင်ဘူး ဖြစ်နေတယ်ကွ..” လို့
ပြောပြီး
အားရပါးရ ရယ်ပါတော့တယ်။
ကျနော်လည်း .. သူနဲ့အတူ လိုက်ရယ်မိပါတော့တယ်..။

“အော် .. ရသလောက်လေးတော့ လုပ်နေကြသားပဲ” လို့လည်း
စိတ်ထဲမှာ သဘောကျနေမိပါတယ် ..။

Wednesday, August 1, 2007

အတွေးတစ .. ။

အခန်းကို ပြန်ရောက်တော့ ည ၁၁ နာရီခွဲနေပြီ။
တနေ့လုံး ပိတ်လှောင်ထားတဲ့ တံခါးတွေကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ..
အခန်းထဲကို လေနုအေးတွေ အပြေးအလွှား တိုးဝင်လာကြတော့တယ်..။
ကျပ်တီးကျပ်တောက် ၀ရံတာလေးကိုဖြတ်ပြီး ..
အခန်းထဲ ဖြာကျနေတဲ့ အလင်းရောင်ကို
အခန်းမီး မဖွင့်မိသေးလို့ .. ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ် ..။
မီးခလုပ်ဆီ လှမ်းနေတဲ့လက်ကို ရုတ်သိမ်း ..
ကျောပိုးအိပ်ကို အခန်းထောင့်မှာပဲ အသာချလို့
ခြေလှမ်းတွေက .. လရောင်နဲ့ လင်းထိန်နေတဲ့ ၀ရံတာဘက်ကို ..။
ဒီနေ့ လပြည့်နေ့ပဲ..။

တနေ့လုံးရွာထားတဲ့မိုးကြောင့် ထင်ပါရဲ့..။
ပတ်ဝန်းကျင်ရဲ့ အေးမြလန်းဆန်းခြင်းတွေကို ..
ထူးထူးခြားခြား ခံစားမိလိုက်တယ် ..။
အရောင်ခပ်နက်နက်တွေ ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ထဲ ..
ရက်ရက်ရောရော အဖြူရောင်တွေ ဖြန့်ကျဲလိုက်တဲ့ လတစင်းကြောင့်..
မြင်ကွင်းက ရုပ်ငြိမ်ပန်းချီတချပ်လို ခန့်ထည်လို့ ..။
မျက်လုံးအစုံကို မှိတ် ..
ပြန့်ကျဲနေတဲ့ စိတ်တွေကို ရုတ်သိမ်းပြီး ..
ငြိမ်သက်ခြင်းနောက် လိုက်ပါ ခံစားကြည့်စေတော့ ..။
ပူလောင် ကျဉ်းကြပ်ခြင်းတွေနဲ့ ဒီဝရံတာလေးကနေ ..
ကြည်လင်ကျယ်ပြောတဲ့ ခပ်ဝေးဝေး .. ကောင်းကင်ထဲကို ..။
ဟိုမှာ ဆန်ဖွတ်နေတဲ့ အဖိုးအိုပါလား ..!
အနားမှာလည်း ယုန်တကောင် အသာဝပ်လို့ ..။
ဘယ်အရပ်က လွင့်လာမှန်းမသိတဲ့ .. လေပြေအေးတချက် ..
မျက်နှာပြင်ကို ခပ်ဖွဖွ ဖြတ်နင်းသွားတော့တယ်။

အရင်က ဒီလို သာယာ ငြိမ်သက်နေတဲ့ ညမျိုးတွေမှာ ..
အိပ်မပျော်မချင်း ကြားရတတ်တဲ့ ပုံပြင်တွေနဲ့..
ပုံပြောသူတွေကို သတိရတယ် ..။
အထူးသဖြင့်တော့ …
ရာသီအေးအေး .. လရောင်ဖြာဖြာမှာ ..
ဖြေးဖြေးမှန်မှန် ပုံပြောတတ်တဲ့ မေမေ့ရဲ့ဟန် ..
မှိတ်ထားတဲ့ မျက်လုံးမှောင်မှောင်ထဲ (အခုတောင်) အထင်းသား မြင်နေမိတယ်။
“နားထောင်နေလား သားကြီး..”
“ဟုတ်..”
စိတ်ကူးထဲမှာ ခေါင်းအညိမ့် ..
နှုတ်ခမ်းပေါ်က အပြုံးတခုကို သိသိသာသာ ခံစားမိလိုက်တယ် ..။
ကျနော် ပုံပြင်တွေကို တကယ်လွမ်းတယ် မေမေ..!
ပုံပြင် နားထောင်ခဲ့ချိန်တွေကိုလည်း တမ်းတတယ်..။
ဒီပုံပြင်တွေကြောင့်ပဲ ..
ကျနော်အခုလို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်ခဲ့တာဆိုရင်
လူတကာတွေ ရယ်နေမလားပဲ..။
ဘ၀ရဲ့ သင်ခန်းစာတွေ ..
ဘ၀အတွက် ရှိသင့်တဲ့ စိတ်ခွန်အားတွေနဲ့ မျှော်လင့်ချက်တွေကို ..
မေမေ ပြောပြခဲ့တဲ့ ပုံပြင်တွေကတဆင့်… ရခဲ့တာမို့ ..
ကျနော့်အတွက်တော့ ပုံပြင်တွေဟာ ..
အရေးပါတယ်လို့ ယုံကြည်ခဲ့.. ယုံကြည်နေမြဲပါ ..။

အခုတလော ..
ကိုယ်ကျင့်တရားတွေအကြောင်း ဖတ်ရတဲ့အခါ ..
.. ဒီလို ကိုယ်ကျင့်တရား (သို့) ဂုဏ်သိက္ခာရယ်လို့
စကားလုံးအကြီးကြီးတွေ ဖြစ်မလာခင်တည်းက ..
ကိုယ့်ကိုကိုယ့် စောင့်ထိန်းတတ်ခြင်းဆိုတာလေးကို
ပုံပြင်တွေက တဆင့် ရင်းနှီးအောင် မိတ်ဆက်ပေးခဲ့တဲ့ မေမေ့ကို ..
တိတ်တဆိတ်နဲ့ ခဏခဏ ကျေးဇူးတင်နေမိတယ် ..။
ငယ်ငယ်က.. အပျော်သက်သက် နားထောင်ခဲ့တယ်ပဲ ဆိုပေမယ့်
ကြားရဖန်များလာတော့ ..
“ကိုယ့်ကိုကိုယ် ဘာလို့ တည့်မတ်သင့်တာလဲ ..
လိပ်ပြာလုံတယ်ဆိုတာ ဘယ်လိုမျိုးလဲ ..
အမှားအမှန် ခွဲခြားတတ်တယ် ဆိုတာရော ..
ပြောသလောက် တကယ် လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ရဲ့လား .. ”
ပေါ့ပေါ့ပါးပါးလေးတွေပဲ ဆိုပေမယ့် ..
လွဲမှားလိုက်တဲ့ တခဏလေးမှာပဲ
လူဖြစ်ရှုံးစေနိုင်လောက်တဲ့ လေးနက်ခြင်းတွေအကြောင်း ..
မသိလိုက် မသိဘာသာ ရင်ထဲမှာ နေရာယူတတ်ခဲ့တယ်..။

မေမေပြောဖူးတဲ့ ပုံပြင်တွေထဲက ..
နှမ်းခိုးစားလို့ အပြစ်ပေးခံရတဲ့ အိမ်ရှေ့မင်းသားအကြောင်း
မှတ်မိသေးတယ် …။ (အတိအကျတော့ မသိတော့ပါ)
လမ်းဘေးလှန်းထားတဲ့ နှမ်းကို အပျော်အပျက် ခိုးစားခဲ့သူ .. မင်းသားကို
တချိန်မှာ တိုင်းပြည်ကို အုပ်စိုးမယ့်သူမှန်း သိပါလျက် ..
ဆရာဖြစ်သူက ပြတ်ပြတ်သားသား အပြစ်ပေးခဲ့တယ် ..။
မင်းသားက တန်ဖိုးမရှိတဲ့နှမ်းအတွက် အပြစ်ပေးခံခဲ့ရလို့
ဆရာအပေါ်မှာ အမျက်သိုခဲ့ချိန်မှာ ..
ဆရာက တန်ဖိုးမရှိတဲ့နှမ်းအတွက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့
ကိုယ်ကျင့်တရားရဲ့ ပျက်စီးခြင်းအစကို အမြော်အမြင်ရှိရှိ ..
ထိန်းကွပ်ပေးခဲ့တယ် ..။
ဒီတုန်းက .. မင်းဆရာကို “သတ္တိရှိလိုက်တာနော်” ဆိုပြီး
ချီးမွမ်းလို့ မဆုံးနိုင်အောင်ပါပဲ ..။
မင်းသားဖြစ်လို့ အလိုက်အထိုက် မဆက်ဆံပဲ ..
မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို အမုန်းခံဆွဲတင်ပေးခဲ့တဲ့အတွက်ပါ..။
အဲဒီ သေးသေးမွှားမွားကိစ္စလေးကိုသာ ခွင့်ပြုထားခဲ့ရင် ..
စာရိတ္တရှိတဲ့ မင်းကောင်းတပါး ဖြစ်မလာမှာ သေချာပါတယ် ..။
ဒီပုံလေးကို ပြောပြပြီးတော့ .. မေမေက နောက်ထပ် သိသင့်တဲ့
ဘာသာရေးဆိုင်ရာ အခြေခံလေးတွေကိုပါ မသိမသာ ဆက်ပြောခဲ့တယ်။
သူတပါး ပိုင်ဆိုင်မှုဆိုရင် ..
မသိအောင်ပဲဖြစ်ဖြစ် .. တမင်ရည်ရွယ်ပြီးပဲဖြစ်ဖြစ် ..
စိတ်နဲ့ ပစ်မှားခဲ့ရင်ပဲဖြစ်ဖြစ် .. ကိုယ်ထိလက်ရောက် ရယူခဲ့ရင်ပဲဖြစ်ဖြစ် ..
ဒါဟာ ကိုယ်ကျင့်တရား ဖောက်ဖျက်ခြင်းထဲမှာ အကျူံးဝင်နေပြီတဲ့ ..
နောက်ပြီး .. ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာ ကြုံခဲ့ရင်လည်း မင်းဆရာလိုမျိုး
ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး အကြံပေး ကူညီရမယ်တဲ့ ..
အဲဒီကမှ တဆင့် ..
အရွယ်မရွေး စောင့်ထိန်းသင့်တဲ့ .. ငါးပါးသီလအကြောင်း ..
ကျနော်တို့ နားလည်အောင် .. ရှင်းပြပါတယ်။
(ဘယ်ပုံပြင်ပဲ ပြီးပြီး .. မေမေက ငါးပါးသီလနဲ့ပြန်ပြီး ခိုင်းနှိုင်းပြလေ့ရှိပါတယ်)
ဒီလိုသာ ငါးပါးသီလမှာ အခြေတည်တဲ့ ကိုယ်ကျင့်တရားတွေ ခိုင်မြဲမယ်ဆိုရင် ..
ကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးလို ..
ကျနော်တို့ မျက်နှာတွေလည်း အမြဲဝင်းပနေလိမ့်မယ်လို့ ..
ကလေးတွေ ကျေကျေနပ်နပ်နဲ့ အကျင့်ကောင်းတွေ
ထိန်းသိမ်းချင်လာအောင်လည်း ဆွဲဆောင်တတ်ပါသေးတယ် ..။

ဘယ်လိုပဲဖြစ်ဖြစ် ..
ကျနော့်အတွက်တော့ .. ဒီပုံပြင်တွေဆိုတာ
အမှန်တရားတွေ အစပျိုးရာ ..

ဆောင်သင့် ရှောင်သင့်တာတွေရဲ့ အတုယူရာ ..
ကိုယ့်ကျင့်သိက္ခာတွေရဲ့ အခြေခံအုတ်မြစ်တည်ရာပါပဲ ..။
...
ဆုတ်ကပ်ပါလို့ လူကြီးတွေ ပြောပြောနေတဲ့ ဒီခေတ်ကြီးထဲ ..
အမှားတွေကို အမှန်လိုလိုနဲ့ ..
မျက်နှာဖုံး အမျိုးမျိုးသုံးပြီး
မြိန်မြိန်ယှက်ယှက် ကျင့်ကြံနေသူတွေကို မြင်တော့မှ ..
ကိုယ်ကျင့်တရားဆိုတာ ..
ကိုယ့်အတွက် .. ပတ်ဝန်းကျင်အတွက် ..
သမိုင်းကြောင်းအတွက် .. လောကအတွက် ..
ဘယ်လောက် အရေးပါလဲဆိုတာ ..

(မိန်းမောနေရာကနေ ..)
အလန့်တကြားနဲ့ ပြန်နိုးထလာမိတယ်။

...
ကျနော်တို့တုန်းက .. ဒီလို ပုံပြင်နားထောင်ခွင့်တွေ ရှိခဲ့သေးလို့
ကံကောင်းတယ်လို့ လူငယ်လေးတယောက်က ပြောတယ်။
သူ့မှာတော့ .. ဘယ်လိုပဲ တောင့်တတောင့်တ .. ဒီအခွင့်အရေးမျိုး မရနိုင်ပါဘူးတဲ့ ..။
သိတတ်စကတည်းက အမေနဲ့အဝေးမှာ ..
အဖေဆိုတာ မမြင်ဘူးလိုက်ပဲ ကြီးပြင်းလာခဲ့တဲ့ ဘ၀ ..
သဘာဝအရကို ပိုင်ဆိုင်သင့်တဲ့ ပုံပြင်နားထောင်ပိုင်ခွင့်လေးတောင် ..
မရနိုင်ရှာတဲ့ ကလေးတွေ .. ကျနော်တို့ဆီမှာ မရေတွက်နိုင်အောင်ပါပဲလား ..။
ပုံပြင်နားထောင်နိုင်ဖို့ဆိုတာ .. မိသားစုနဲ့ရှိနေမှကိုး ..
မိသားစုနဲ့အတူ ရှိနေဖို့ဆိုတာ ..
ရပ်တည်နိုင်တဲ့ အခြေအနေတွေ အခွင့်သာနေမှကိုး ..
ဒါဆို .. ကလေးတွေ ပုံပြင်တွေနဲ့ ပြန်နီးရဖို့ ..
လူကြီးတွေ .. ပုံပြင်တွေ ပြန်ဝေမျှနိုင်ဖို့ ..
ပုံပြင်တွေကနေ .. မျိုးဆက်သစ်တွေကို
အကျင့်သိက္ခာတွေ အကြောင်း ..
စောင့်ထိန်းသင့်တာတွေ အကြောင်း ..
တရားခြင်း မတရားခြင်းတွေ အကြောင်း .. ။
အကြောင်းတွေ အများကြီး ..
လက်ဆင့်ကမ်းဖို့ ရှိနေပါလား ..။
...
ခပ်အုပ်အုပ် အော်မြည်လိုက်တဲ့ .. ညငှက်တကောင်ရဲ့ အသံအကြား ..
အတွေးရေစီး ရပ်တန့်..။
ဝန်းကျင်တခုလုံးကတော့ ငြိမ်သက်မြဲ ..
ဝေ့၀ဲပျံ့လွင့်လာတဲ့ ယုဇနပန်းရနံ့ ..
ရင်ထဲနက်နက်ရောက်အောင် ရှိုက်သွင်းလိုက်မိတယ် ..။
ကိုယ်ကျင့်တရားဆိုတာတွေ ဒီပန်းရနံ့တွေလို ..
မွှေးမြနိုင်ကြမယ် ဆိုရင်လေ..။

ဘလော့ ဆိုတာ ..။

ခုတလော .. မအားမလပ်တာနဲ့ ဘလော့မှာ ရေးဖို့တောင် မစဉ်းစားမိဘူး ဖြစ်နေတယ်။
မအားပေမယ့် တခြားဘလော့တွေကိုတော့ ပုံမှန်ရောက်ဖြစ်ပါတယ်။
ရေးနိုင်ကြသူတွေကို အားပေးရမှာက သမိုင်းပေးတာဝန်ပေပဲကိုး..။
ဖတ်ပြီးရင် သူတို့ရဲ့ အတွေးအခေါ်တွေ .. သတင်းအချက်အလက်တွေ ..
အရေးအဖွဲ့တွေ .. အမြင်စူးရှမှုတွေအတွက်
ကြည်နူးကျေနပ်မှုတွေ ခံစားရမှာမို့လို့ပါ..။
ကိုယ်က ဒီလိုဖြစ်နေပေမယ့် .. တချို့တချို့လည်း
ကိုယ့်လို မကြည်နူးနိုင် မုဒိတာမပွားနိုင်ပဲ ..
စိတ်အနှောက်အယှက် ဖြစ်စေမယ့် စကားတွေနဲ့
ဘလော့တော်တော်များများမှာ လိုက်အနှောက်အယှက်ပေးနေတာ မြင်နေရတယ်။
ဘာလို့ဒီလိုမျိုးတွေ ဖြစ်ရတာပါလိမ့် ..။
ဘလော့ဆိုတာ ကိုယ်ပိုင် အတွေးတွေ .. အမြင်တွေ ..
အကြားတွေနဲ့ ခံစားချက်တွေကို ..
ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ..
လွတ်လွတ်လပ်လပ် ဖွင့်ထုတ်နိုင်တဲ့ နေရာတခုပါ..။
ရေးတဲ့သူကလည်း သူ့အရေးအသားတွေကို ..
ဘယ်သူတဦးတယောက် .. ဘယ်အဖွဲ့အစည်းတခု .. ဘယ်နိုင်ငံတခုရဲ့
စည်းမျဉ်း ဥပဒေသတွေအောက်မှာမှ ရပ်တည်ပြီး စံနှုန်းတိုင်းတာနေစရာ မလိုဘူး..။
"Freedom of Expression" ဆိုတာလေးကို တဦးချင်းစီ
စနစ်တကျ လေ့ကျင့်ပျိုးထောင်နေကြတဲ့ နေရာလေးလို့..
သတ်မှတ်ထားရင်ပဲ လုံလောက်နေပါပြီ။
ဒီတော့ .. လာဖတ်တဲ့ သူတွေမှာလည်း ..
ကိုယ်ပိုင်စံနှုန်းလေး တခုပဲလိုမယ် ထင်ပါတယ်။
တဖက်သားကို လေးစားမှု .. ကိုယ့်သိက္ခာကို လေးစားတန်ဖိုးထားမှုဆိုတဲ့
ပေတံလေးနဲ့သာ အလည်သွားမယ်ဆိုရင် ..
မလိုလားအပ်တာတွေ မပြောဖြစ် .. မဆွေးနွေးဖြစ်နိုင်တော့ဘူးပေါ့။
ဒါကိုမှ မနေနိုင်သေးရင် .. တခြားဘလော့တွေကို
ဝင်မဖတ်ရုံပဲပေါ့..။
ဒီ့ထက်မှ ပိုပြီး မကျေနပ်နိုင်ရင် .. သူများဘလော့တွေမှာ ၀င်မရှုပ်ပဲ ..
ကိုယ့်မကျေနပ်ချက်တွေအတွက် ကိုယ့်ပိုင်ဘလော့တခု လုပ်ပြီး တင်ထားနိုင်တာပဲ။
ဒီလောက်လွယ်နေတဲ့ ကိစ္စကို ခက်အောင် ..
အနှောက်အယှက်တွေ ဖြစ်အောင်
မလုပ်သင့်ဘူး ထင်တာပဲ။
အခုမှ မြန်မာဘလော့လောက အရှိန်ရလာစပဲ ရှိသေးတယ် ..
မကူညီချင်နေ .. မနှောက်ယှက်ကြပါနဲ့လို့ ..
ဘလော့တွေထဲမှာ ..
ရန်စကားတွေ ..
အကျိုးမရှိ ငြင်းခုန်နေတာတွေ ..
အဓိပ္ပါယ်မရှိတဲ့ အတိုက်အခံ ပြောဆိုနေတာတွေ ..
မမြင်ချင် မဖတ်ချင်လို့ပါ ..။
ဘလော့ စာသားတွေ အဆိပ်သင့်ချင်း ကင်းဝေးပါစေ..။
ဘလော့ လောက တိုးတက်အေးချမ်းပါစေ .. ။

Monday, July 23, 2007

နိုင်သလောက်လေး..။

ဒီနေ့ကားပေါ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက် သေးသေးလေးကနေ
ရှည်ရှည်လျားလျား အတွေးတွေ ၀င်လာခဲ့တယ်..။
ကားပေါ်မှာ ထိုင်နေသူက နေရာပေးသင့်တဲ့ လူအတွက်
နေရာဖယ်ပေးလိုက်တာ .. တကယ်တော့ အဆန်းမဟုတ်ပါဘူး ..။
ဒါပေမယ့် တဦးကို တဦး ညှာတာထောက်ထားတဲ့ စိတ်တွေ
ခမ်းခြောက်လာနေတဲ့ ဒီခေတ်ကြီးမှာ ..
ဒီလို ခဏတာ လမ်းခရီးပေါ်က နေရာလေးကိုတောင်
ပေးသင့်တဲ့လူက ကိုယ့်မျက်စိရှေ့မှာ ရောက်နေပါလျှက် ..
မုဒိတာ အပြည့်နဲ့ ခွင့်ပြုပေးလိုက်ဖို့ဆိုတာ ..
အတော်ကို ခက်ခဲနေတဲ့ အလုပ်တခုလို ဖြစ်နေပါပြီ ..။
ခဏတာ သက်တောင့်သက်သာ ရှိမှုလေးကလည်း
သူ့အတိုင်းအတာနဲ့ သူတော့ ..
အတ္တကို ချွေးသိပ်စေတာကိုး ..။
ဒါဆို ..
တကယ့်ကို ဘ၀တခုလုံးနဲ့ ယှဉ်ပြီး ကြည့်ရမယ့် ..
သက်တောင့် သက်သာရှိမှုကြီးတွေအတွက်ဆိုရင် ..
အတ္တတွေ .. အတ္တတွေ ..
ဘယ်လောက်တောင် တောက်လောင်နေလိုက်မလဲ ..။
...
နေရာဆိုတာလေးကိုပဲ စိတ်ထဲမှာ စဥ်းစားမိရင်း ..
အဖေပြောဖူးခဲ့တဲ့ အကြောင်းအရာတွေထဲက ..
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာပေးတတ်မှုအကြောင်းကို သွားပြီးသတိရမိပါတယ်..။
အဲဒီအကြောင်းအရာလေးဟာ မြို့စားကြီးရေးထားတဲ့ ..
ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာထဲက ..
“အရည်အချင်းရှိသူကို .. အရည်အချင်းရှိသလို နေရာပေးတတ်ဖို့” ဆိုတာလေးနဲ့
တူနေတာလေးကို သတိပြုမိလိုက်လို့ ..
တိုတိုလေး ဆိုပေမယ့်.. ဝေမျှချင်မိပါတယ်..။
...
ဗိုလ်ချုပ်တို့ ကျောင်းသားဘ၀က ..
မိမိတို့ရဲ့ အသက်ကို မငဲ့ကွက်ပဲ လွတ်လပ်ရေးအတွက်
ကြိုးပမ်းနေကြတဲ့ ကျောင်းသားတွေရှိသလို ..
သူတို့ လှုပ်ရှားမှုမှန်သမျှကို အမြဲထောက်လှမ်းပြီး ..
ကျောင်းအုပ်ချုပ်သူတွေနဲ့ အာဏာပိုင်တွေကို ..
သတင်းပေးနေတဲ့ ကျောင်းသားတွေလည်း ရှိသတဲ့ ..။
(ဒါကတော့ ခေတ်တိုင်းမှာပါပဲ..)

ဒီအထဲမှာ ..
ဦးဖေခင်ဆိုသူက ဗိုလ်ချုပ်တို့အုပ်စုနဲ့
ဆန့်ကျင်ဘက်မှာ ရပ်တည်တဲ့ အရေးပိုင်ကြီးတဦးရဲ့ သားပါ..။
ဗိုလ်ချုပ်တို့လုပ်သမျှကို သူက မျက်စိဒေါက်ထောက်ကြည့်ပြီး ..
ကျောင်းအုပ်ကို ပြန်သတင်းပေးနေသူပေါ့ ..။
ဒီလို သတင်းပေးနေတာကိုမှ အားမရသေးပဲ ..
တနေ့မှာ ဗိုလ်ချုပ်တို့ကို လူမိုက်တွေငှားပြီး ရိုက်ခိုင်းတဲ့ အထိတောင်
ရမ်းကားခဲ့ပါတယ်တဲ့ ..။
ဒီကတည်း သူတို့ အုပ်စု ၂ စုဟာ .. လူငယ်တွေ သဘာဝအတိုင်း
ကျောင်းတော်က ရန်စတွေ ဖြစ်သွားခဲ့ပါတယ်..။
...
ဒီလိုနဲ့ ကာလတွေ ပြောင်း .. .. ..
ဗိုလ်ချုပ်ကလည်း လွတ်လပ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေချိန် ..
ဦးဖေခင်ကလည်း တောင်တန်းဒေသ အုပ်ချုပ်ရေးရုံးမှာ
ပေါက်ရောက်တဲ့ တာဝန်ခံအဖြစ် ထမ်းဆောင်နေချိန် ..
တောင်တန်းဒေသဆိုင်ရာ စော်ဘွားတွေရဲ့ အိမ်တွေ .. သံတမန်တွေရဲ့ အိမ်တွေကို
တံခါးမရှိ ဓားမရှိဆိုသလို ၀င်ထွက်နေနိုင်လောက်အောင် ..
ဦးဖေခင်ရဲ့ ဆက်ဆံရေးက ပြေပြစ် အဆင်ကျခဲ့တယ်..။
...
ဒီလိုနဲ့ ..
ပင်လုံစာချုပ်အရေး ..
တိုင်းရင်းသားအားလုံး တပေါင်းတစည်းတည်း ရှိအောင် စည်းရုံးနိုင်ဖို့ ..
ကူပြီး တာဝန်ထမ်းနိုင်မယ့်သူ လိုလာပါတယ် ..
ဒီတော့ .. ဗိုလ်ချုပ်က
ဖဆပလအဖွဲ့အစည်းအဝေးမှာ ..
ဦးဖေခင်ရဲ့ အမည်ကို တင်သွင်းခဲ့ပါတယ် ..။

ဦးကျော်ငြိမ်း အပါအ၀င် အခြား လုပ်ဖော်ကိုင်ဖက်တွေက ..
“ခင်ဗျားကို ကျောင်းတုန်းက .. ဒီလူ ဘယ်လို လုပ်ခဲ့လည်းဆိုတာ သိနေလျက်နဲ့..
ဒီလိုလူမျိုးကို ဘယ်လို ယုံလို့ရမှာလဲ ..” ဆိုပြီး
သုံးခါတိတိ ပယ်ချခဲ့ကြတယ် ..။
ဒါပေမယ့် ..
ဗိုလ်ချုပ်ရဲ့ ခေါင်းမာမှုကို ဆက်မယှဉ်နိုင်တော့တဲ့ အဆုံး ...
သဘောတူ ခွင့်ပြုလိုက်ကြရတယ် ..။
အဲဒီနောက် ..ဗိုလ်ချုပ်က ဦးဖေခင်ကို ကိုယ်တိုင်တွေ့ပြီး ..
မြန်မာ့လွတ်လပ်ရေးအတွက် ပါဝင်ပေးဖို့ အကူအညီတောင်းခဲ့တယ် ..။
.. ဦးဖေခင်ဟာ မျက်ရည်တွေကျတဲ့ အထိတောင်
ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်တဲ့ ..
“ကျုပ်လည်း ဗမာပါပဲဗျာ ..
ဗမာ့အရေးအတွက် ပါဝင်ခွင့် ရချင်နေခဲ့တာပါ ..

ခင်ဗျားတို့က တလျှောက်လုံး ..
ကျုပ်ကို ပစ်ပယ်ထားလို့ အခွင့်မသာခဲ့တာပါ ..” လို့

ပြောရင်း ဗိုလ်ချုပ်ကမ်းတဲ့လက်ကို ၀မ်းပန်းတသာနဲ့ လက်ခံခဲ့ပါတယ်.. ။
(ဗိုလ်ချုပ်အကို ဦးအောင်သန်း ပြောပြချက်)
ဒီလိုနဲ့ ပင်လုံညီလာခံ ..
အဲဒီကမှ ပင်လုံစာချုပ် .. ဆိုပြီး
ဗိုလ်ချုပ်ရဲ့ ရိုးသားမှု..
ကြိုးစားမှု .. မယိမ်းယိုင်တဲ့ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့ ..
အရည်အချင်းရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပံ့ပိုးမှုတွေ ပေါင်းစပ်ရင်း
ရလာဒ်ကောင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် .. ။
...
ဒါလေးကို ကြည့်ရင် ဗိုလ်ချုပ်ဆီမှာ ..
ခေါင်းဆောင်ချင်စိတ် သက်သက်ပဲ မဟုတ်တဲ့ ..
တော်သူကို တော်သလို .. သင့်မြတ်တဲ့ တာဝန်ခွဲပေးနိုင်မှုမျိုး ရှိနေတာကို
တွေ့လိုက်ရပါတယ်..။
ဗိုလ်ချုပ် အောင်မြင်နေချိန်ဟာ .. ငယ်ရွယ်သေးတာမို့
မာန်မာန ထောင်လွှားမယ်ဆိုရင်လည်း ဘယ်သူမှ တတ်နိုင်မှာ မဟုတ်ပါဘူး..။
နောက်ပြီး .. လူဆိုတာမျိုးကလည်း
ကိုယ့်အပေါ် ဘာအပြစ်မှ ကျူးလွန်မထားသူတွေကိုတောင် ..
အရည်အချင်းရှိနေပါလျက် အခွင့်အရေးပေးဆိုတာ ..
အတော့ကို ခက်ခဲတတ်ကြပါတယ် .. ။
ဒီတော့ .. ဗိုလ်ချုပ်လိုမျိုး ကိုယ့်အပေါ်မှာ ရန်သူတယောက်လို ပြုမူခဲ့ဖူးတဲ့သူကို
အခွင့်အရေး ပေးဖို့ဆိုတာ ..
သာမန်လူတွေ အနေနဲ့ စဉ်းတောင် မစဉ်းစားဖူးကြတဲ့ အဖြစ်ပါ ..။
သဘောထားကြီးတယ်ဆိုတာ အပြောလွယ်သလောက် ..
အလုပ်ခက်တာကိုး .. ။
...
လူတယောက်ရဲ့ အရည်အသွေးကို မြင်နိုင်ဖို့..
သိမြင်နေတဲ့ အရည်အသွေးကိုလည်း အတ္တကင်းကင်း လက်ခံနိုင်ဖို့ ..
လက်ခံထားတဲ့ အရည်အချင်းလေးကို မပိတ်ပင်လိုက်ဖို့ ..
အဲဒီအရည်အချင်းနဲ့ ထိုက်တန်မှန်ကန်တဲ့ နေရာကို စီစဉ်ပေးနိုင်ဖို့ ..
စီစဉ်ပေးထားတဲ့နေရာနဲ့ ကိုက်ညီတဲ့ လုပ်ပိုင်ခွင့်တွေကို ယုံယုံကြည်ကြည်နဲ့ ပေးအပ်နိုင်ဖို့ ..
လိုအပ်ရင် ကိုယ်ပေးအပ်ထားသူရဲ့ နောက်ကနေလိုက်ပါနိုင်ဖို့ ..
သေသေချာချာ တွေးကြည့်တော့ ..
လူတယောက်ကို နေရာတခု ..
အခွင့်အရေးတခု ပေးလိုက်နိုင်တယ်ဆိုတာ ..

တော်ရုံသတ္တိနဲ့ လက်ခံပေးခြင်းမျိုးမဟုတ်ဘူးဆိုတာ ..
တစတစ မြင်လာမိတယ်။
...
ဒါဆို ..
ကျနော်တို့အလှည့်ကျရင်ရော ..
ကိုယ်တတ်နိုင်တာတွေ ထမ်းရွက်နေရင်း..
အခွင့်အရေးပေးရမယ့် သူတွေ ရှိလာခဲ့ရင် ..
ဗိုလ်ချုပ်လို စိတ်ဓာတ်မျိုး ရှိနိုင် .. ထားနိုင်ပါ့မလား ..။
လူပဲလေ..
ရိုးရိုးသားသား ၀န်ခံရရင် ..
အလကားနေရင်းတော့ သူများတွေအတွက်ပဲ ကောင်းတာတွေ ဘယ်လုပ်ပေးချင်နေပါ့မလဲ ..
ဒါက လူမှန်ရင် ရှိတတ်တာ ပြောတာပါ ..
ဒီစိတ်ကို ပြန်ပြီး ချွန်းအုပ်နိုင်ဖို့တော့ တော်တော်လေး လိုအပ်ပါတယ်။
အရိုင်းစိတ်တွေကို အယဉ်စိတ် အသိစိတ်လေးနဲ့ ထိန်းချုပ်ပြီး ..
မိမိတို့ရဲ့အတ္တတွေကို တွန်းလှန်ရင်း ..
ဖြစ်သင့်တာတွေကို ကိုယ်နိုင်သလောက်လေးပဲ ..
တဦးချင်းစီ ကြိုးစားကြည့်ကြမယ်ဆိုရင် ..
ကျနော်တို့ တောင့်တနေတဲ့ အနာဂတ်တခုဆီ ..
ခပ်မြန်မြန်လေးများ အရောက်သွားနိုင်မလားလို့ပါ .. ။

Friday, July 20, 2007

ညီမလေး ... ။

“ညီမလေးကို သူက လက်ထပ်ခွင့် တောင်းနေပြီ .. ကိုကြီး ..”
ဖုန်းထဲကတဆင့် နားထဲကို ပူပူနွေးနွေး စီးဝင်လာတဲ့ .. ညီမအငယ်ဆုံးရဲ့ စကားသံ ချိုမြမြလေး..။
ခေါင်းနားပန်းတွေ ထူပူပြီး ... သွေးလှည့်ပတ်ခြင်းတွေ ခဏတာ ရပ်တန့်သွားခဲ့တယ် ...။
“ကိုကြီး .. ကြားရဲ့လား.. ”
“အင်း... ကြားပါတယ်ကွ .. ညီမလေးရ.. မေမေတို့ကရော ဘာပြောလဲ..”
အလောတကြီး စစ်ကူတောင်းသလို အမေးမျိုးနဲ့..
“မေမေတို့ကလည်း သဘောတူပါတယ် ... သူက ညီမလေးအတွက် အဖော်ကောင်းပါတဲ့..။”
ဟူး .... .... .... .... ..... ..... ..... ..... ။
အလုအယက်တက်လာတဲ့ ရင်ထဲက လေပူတွေကို ခပ်မြန်မြန်ပဲ မှုတ်ထုတ်လို့ ...
“အေးပါ... ညည်း အဆင်ပြေတယ်ဆို ကိုကြီးက ၀မ်းသာပြီးသားပါ..
လိုအပ်တာကို နောက်မှ ထပ်ပြောပေါ့...”

ဖုန်းချအပြီး မျက်စိခဏအမှိတ်မှာ ...
ညီမလေး ...
ကျနော့် မျက်စိထဲမှာ ဂါဝန်ဖားဖား .. ပါးဖောင်းဖောင်းနဲ့...
ဆံပင်ဖြောင့်ဖြောင့်လေးတွေကို နှစ်ဖက်ခွဲစည်းထားတဲ့ ...
ချစ်စရာ ကလေးလေး...။
အချိန်ယန္တားတခု မြန်မြန်ဆန်ဆန်ပဲ ဖြတ်သန်းသွားခဲ့တာကိုး ...။
... ... ...
မောင်နှမ သုံးယောက်မှာ .. အကြီးဆုံးက ကျနော်..
ကျနော့်အောက်မှာ ညီမငယ်လေး နှစ်ယောက် ...
တယောက်နဲ့တယောက် နှစ်တွေ သိပ်မကွာပေမယ့် .. အကြီးဆုံးဆိုတဲ့ အသိနဲ့ ကျနော်က ..
သူတို့ထက် အသက်တွေ အများကြီး ကြီးနေသယောင်နဲ့..
ငယ်ငယ်ကတည်းက အကိုကြီး အဖအရာဆိုပြီး

သူတို့တာဝန်တွေကို ကျေကျေနပ်နပ် ယူခဲ့မိတယ်...။
ကျနော့် ပါးစပ်က သူတို့အတွက် “ကလေး..” ဆိုတဲ့ အသုံးက သူများတွေ အမြင်ကပ်ယူရတဲ့အထိ..။

ကျောင်းစတက်တော့ ကျနော်က သူတို့ရဲ့ အထမ်းသမား ...
လွယ်အိတ်ကအစ ထမင်းဗူးတွေအဆုံး ..
မညီးမညူ သယ်ပေးခဲ့ရတာ ..
ကျနော့် အမောတွေကို ပြေပျောက်စေတာက သူတို့အရယ်အပြုံးတွေပဲ...
အရွယ်ရောက်လာတော့ ..
မိန်းကလေးတွေမို့လို့ အားငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေနဲ့
ဟိုနေရာ မသွားရဲ .. ဒီနေရာ မသွားရဲ မဖြစ်ရအောင် ..
လူများပေ့ဆိုတဲ့ လက်ဖက်ရည်ဆိုင်တွေကိုမှ ရွေးခေါ်သွားပြီး ..
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို သွပ်သွင်းပေးခဲ့တယ် ...
ဒီလိုနဲ့ ... “လက်ဖက်ရည်ဆိုင်မှာ သီချင်း နားထောင်ရတာ ..

အိမ်မှာထက် ပိုအရသာရှိတယ်” လို့ ..
ပြောတတ်နေတဲ့ ညီမတွေကို ကြည့်ပြီး ဂုဏ်တွေယူလို့...
မေမေဆူတဲ့အခါ ညီမလေးတွေ စိတ်မညစ်ရအောင် ..
ဂစ်တာတီးပြီး .. သီချင်းတွေ အော်ဆိုခိုင်းရင်း ..
အဆိုကောင်းတဲ့ ညီမတွေအတွက် လက်မ တထောင်ထောင်နဲ့ပေါ့...
နောက်ပြီး .. ရည်းစားထားဖို့ လူကြီးတွေမသိအောင်

ကိုယ်ကိုတိုင်ပဲ တိုက်တွန်းခဲ့တာ..
ညီမလေးတွေကို လူကြီးတွေရဲ့ ရှေးဟောင်းပုံစံခွက်ထဲမှာ မနေစေပဲ
ကိုယ်ပိုင် ဆင်ခြင်ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းတွေ ရှိအောင် ...
ကိုယ့်အတွေးနဲ့ကိုယ် ဆုံးမသွန်သင်ခဲ့သေးတယ် ...
အိမ်ကလူကြီးတွေ အမြင်မှာတော့ ကိုယ်ပြောတာတွေ အားလုံး တခုမှ ဟုတ်တာမပါ ..
..မိန်းကလေးဆိုတာ ..
အိမ်အပြင်မထွက်ပဲ အိမ်ထဲက အလုပ်တွေအားလုံး သိမ်းကျုံးလုပ်နေရမယ်ဆိုတဲ့
အဘွားတို့ခေတ်က အယူအဆတွေကို ..
ညီမလေးတွေအတွက် ကျနော်က ဆန့်ကျင်ပေးခဲ့သူ...
မိန်းကလေးတွေတတ်ရမယ့် အိမ်တွင်းမှုအလုပ်တွေအစား
စာတွေများများ ဖတ်စေခဲ့တယ် ... ကလေးတွေကို စာသင်စေခဲ့တယ် ...
ဒီအတွေ့အကြုံတွေကနေ ..

ကိုယ့်ကိုကိုယ် သုံးသပ်တတ်အောင် ...
အသိဥာဏ် ရင့်ကျက်အောင် ...
ဆင်ခြင်တုံ့တရား ရှိအောင် ..
ပြဿနာတွေကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်အောင် ...
အလွယ်တကူ စိတ်ဓာတ်မကျအောင် ...
လူတဖက်သားကို စာနာနားလည်တတ်အောင် ..
စိတ်ဓာတ်အင်အား နည်းပါးသူတွေကို ကူညီဖေးမတတ်အောင် ..
သည်းခံ ခွင့်လွှတ်နိုင်စွမ်း ရှိအောင် ..

ရုပ်ဝတ္တုပိုင်ဆိုင်မှုနဲ့ စိတ်ဓာတ်ခွန်အားကို ထိန်းညှိတတ်အောင် ...
သူတို့ကို သူတို့ တည်ဆောက်လာနိုင်မယ်လို့ စဉ်းစားတွေးဆပြီးတော့ပါ..။
ကျနော့်အတွေးတွေက ညီမလေးတွေရဲ့ စိတ်ဓာတ်ရေးရာကို

အတိုင်းအတာတခုထိ ဖွံဖြိုးစေခဲ့မှာပါပဲ..။
မိဘတွေရဲ့ အစိုးလွန် ... အကာအကွယ် လွန်နေတဲ့ ချစ်ခြင်းမျိုးထက်
လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ ဆွေးဆွေးနွေးနွေး တည့်မတ်ချစ်ခင်တာမျိုးကိုပဲ
ကျနော်က သဘောကျတာ...။
ဘာပဲဖြစ်ဖြစ် ညီမလေးတွေအပေါ် မိဘတွေလိုအပ်နေတယ်လို့ ထင်တဲ့

တထောင့်တနေရာလေးကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးရုံပါ ..။
နောက်ပြီး ... မိဘတွေ အမြဲပြောနေတဲ့ ..
“မင်းတို့ အိမ်ထောင်ကျမှ မိဘတွေရဲ့ သောကကို နားလည်မယ်” ဆိုတာကို

ကျနော်က လက်မခံချင်သူ .. ။
ဘာလို့လည်းဆိုတော့ ..
ကျနော်တောင် ညီမလေးတွေကို ဒီလောက် အရိပ်ကြည့် ချစ်နေခဲ့ရင် ..
မေမေတို့ဆိုရင် ... ဆိုတဲ့အတွေးက ကျနော့်ကို ပိုကြေကွဲစေပါတယ် ..။
ကျနော်တွေးသမျှတွေ .. ကျနော် စိုးရိမ်သမျှတွေကို
သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ စဉ်းစား စိုးရိမ်ပြီးသားနေမှာပါ ...။
ဒါဆို ..
အခု ကျနော် ဖြစ်နေတာကို မေမေသာ မြင်ရင် ..
“ပိုလိုက်တာ သားကြီးရယ်” လို့ ပြောမယ်ထင်တယ် ..
“သီးချိန်တန် .. ပွင့်ချိန်တန်လို့ပဲကွယ်” လို့ နှစ်သိမ့်မှာလည်း အသေအချာပါပဲ ...။
အရင်က မေမေတို့ကို အကာအကွယ်ပေးပြီး .. လူကြီးတွေ မသိအောင်
ဒီညီမတွေကို ကျနော်ပဲ အချစ်အကြောင်းတွေ ပြောပြခဲ့တာ...

ရည်းစားထားခဲ့တာတောင် ပြုံးပြုံးကြီး သဘောတွေကျနေခဲ့တာ ..
အခု .. ဒီသတင်းကြားတာ ဘာမှ ထွေထွေထူးထူး တုန်လှုပ်စရာ မလိုပါဘူး ..
ဒါ .. သဘာဝအတိုင်း ဖြစ်နေတဲ့ .. ဖြစ်လာရမယ့် ..
ဖြစ်စဉ်တခုပဲလေ .. ။
ဘယ်လိုပဲ ကိုယ့်ကိုကိုယ် ဖြေတွေးနေပေမယ့် ..
ရင်တပြင်လုံး ထူးထူးခြားခြား နာကျင်နေခဲ့တယ် .. ။
နှမြောနေတာပဲ ဖြစ်မှာပါ..။
တကယ်ဆို ..
ကိုယ် အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်ခဲ့တဲ့ ပန်းကလေး ..
အပြစ်အနာအဆာ ကင်းကင်းနဲ့ လှလှပပ ပွင့်လန်းနေတာ ..
အမြတ်တနိုး တန်ဖိုးထားချင်သူ ရှိနေတာ ..
ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မှ မဟုတ်တာ..
ကျနော် မပျော်မရွှင် ဖြစ်နေရင်..
ညီမလေး ဘယ်စိတ်ချမ်းသာပါ့မလဲ ..။
နောက်တခါ ဖုန်းဆက်ရင်တော့ ..
ညီမလေးအတွက် သင်ခန်းစာအသစ်တွေ ပြင်ဆင်ထားရတော့မယ် ..
ကိုယ်ပိုင်ဘ၀ကို ထူထောင်တဲ့အခါ ..
ချစ်ခြင်းတခုတည်းနဲ့ မလုံလောက်တဲ့အကြောင်း ..
တဖက်သားကို နားလည်ပေးတတ်ဖို့ ..
တဖက်သားကို လေးစားတတ်ဖို့..
မလိုအပ်တဲ့ သံသယတွေ မရှိစေဖို့ ..
အလျော့အတင်းတွေကို ချိန်ညှိတတ်တဲ့
အိမ်ထောင်ဖက်ကောင်း တယောက်ဖြစ်စေဖို့နဲ့ ..
တဦးနဲ့ တဦး လိုအပ်ချက်တွေကို အပြန်အလှန် ဖြည့်ဆည်းပေးရင်း
ပျော်ရွှင်သာယာတဲ့ .. အိမ်ထောင်တခုကို တည်ထောင်နိုင်ဖို့ပေါ့...။

Tuesday, July 17, 2007

ကျောင်း အလွမ်း ... ။

အလုပ်လုပ်နေရင်း စိတ်ပေါ့အောင် သီချင်းလေးတပုဒ် နားထောင်မိပါတယ် ...
မပေါ့တဲ့အပြင် ရင်ထဲ ပိုတောင်လေးသွားတယ် ...
“ဒီနေရာဟောင်းလေးလည်း ... ငါရင်မှာ လွမ်းလွန်းလို့
အို... ပြန်လည် တမ်းတနေဆဲပါ ...”

သီချင်းက အဲလက်စ်ရဲ့ “နေရာဟောင်း”... ။
... ... ...
“ငါတို့ တနေရာစီ ဝေးနေခဲ့လို့ပဲဖြစ်ဖြစ် ...
အလုပ်တွေနဲ့ မအားလပ်နိုင်ခဲ့ရင်ပဲဖြစ်ဖြစ် ...

ဒီထိုင်နေကြ နေရာလေးကို
ငါတို့ရဲ့နေရာဟောင်းလေးဆိုပြီး ပြန်တမ်းတနေမှာ သေချာတယ် ... ။”
“ငါကတော့ ... တချိန်ချိန်ကျရင် ဒီနေရာလေးကို ပြန်လာပြီး ...
အဲလက်စ်ရဲ့ နေရာဟောင်း သီချင်းဖွင့်နားထောင်ရင်း ...
သူငယ်ချင်းတွေ အတူတူရှိခဲ့တဲ့ အချိန်တွေကို ပြန်သတိရနေမိမှာ ... ။”
“ဟာ .. နင်တို့ကလည်း ...
အတူတူ ပြန်လာလည်း ရတာပဲကို ... ။”
သူငယ်ချင်းမတွေရဲ့ တယောက်တပေါက် ရေရွတ်သံတွေ ...
နားထဲမှာ ပြန်ကြားမိနေသလိုပဲ ... ။
ဟိုတုန်းကတော့ ...
အချိန်မရွေး ပြန်တွေ့နိုင်တယ်ဆိုပြီး ...
ခွဲခွာခြင်းဆိုတာကို ဘယ်လိုပုံစံမျိုးနဲ့မှ ပြင်ဆင်မထားခဲ့မိကြတာ အသေအချာပါ..။
နေပူပူမှာ ခပ်လွင့်လွင့် ဝေ့၀ဲလာတဲ့ လေပူနွေးနွေးတချက် ...
ရင်ထဲကျကျကို ၀င်သွားတာ ခံစားမိလိုက်တယ် ... ။
သြော် ... ခရေပင်တန်းတွေကို လွမ်းမိပါရဲ့ ... ။
... ... ...
အင်းစိန် ဂျီတီအိုင်တကျောင်းထဲကို အငြိုးကြီးကြီးနဲ့ အတော်ကြာအောင် ပိတ်ထားခဲ့ပြီးမှ ...
ကျောင်းသူ ကျောင်းသားတွေ အားလုံး ...
ရန်ကုန်တဖက်ကမ်းမှာရှိတဲ့
ရှေးဟောင်းမြို့တော် သံလျင်ကို
ပြောင်းရွှေ့တက်ရောက်ခွင့် ရခဲ့ကြပါတယ် ...။
ကသောင်းကနင်းဖြစ်နေတဲ့ ဒီကျောင်းဝင်းကြီးထဲမှာ ...
ကသောင်းကနင်းနဲ့ အပြေးအလွှား ၀င်ထွက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ ...
ကသောင်းကနင်း အုပ်ချုပ်နေရတဲ့ ဆရာ ဆရာမတွေ ...
ကသောင်းကနင်း အစီအစဉ်မကျဖြစ်နေသေးတဲ့ စာသင်ခန်းတွေ ...
ကသောင်းကနင်း စားသောက်ဆိုင်တန်းတွေ ...
ကသောင်းကနင်း ရှုပ်ပွနေတဲ့ ကျောင်းကားတွေနဲ့ လိုင်းကားတွေ ...
ကသောင်းကနင်း လေ့ကျင့်ရေး အလုပ်ရုံတွေ ...
မြင်သမျှ ... ကြားသမျှ ...
အရာရာဟာ ကသောင်းကနင်းနဲ့ပဲ စတင်ခဲ့ကြပါတယ် ...။
ဒီလောက်များပြားတဲ့ ကသောင်းကနင်းတွေကို ...
ဖရိုဖရဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်ကျော်နိုင်ခဲ့တယ် ... ။
ကျောင်းသားဘ၀ရဲ့ နေ့ရက်တွေ ...
ဘယ်လိုဖြစ်ဖြစ် ကြည်နူးစရာတွေပါပဲ ... ။
... ... ...
ကျနော်က “လက်သမား အင်ဂျင်နီယာ” ဒုတိယနှစ် ကျောင်းသား...။
ဒီကျောင်းကြီးရှိရာကို တမျှော်တခေါ်ကြီး လာရတာ ..
တကယ့်တကယ်မှာ ပျော်စရာဆိုလို့ တကွက်မှာ ရှာမတွေ့နိုင်ဘူး ...။
နွေရာသီဆို ...
နေပူပူ ဖုန်ထူထူမှာ ဂျက်လေယာဉ်နီးနီး အမြန်နှုန်းမြှင့် ပြေးဆွဲနေတဲ့ ကားတွေနောက်
ချွေးအပြိုင်းပြိုင်းနဲ့ အရူးတပိုင်းလို
ပြေးရ လိုက်ရတာလည်း ၀ဋ်ကြီးတခု ...။
မိုးတွင်းဆိုလည်း ...
လူအမြင်ကတ်စရာ တီစကွဲယား ဆိုတဲ့ ပေတံကြီးတွေတကားကား ...
စိုစိုစွတ်စွတ် ထီးတွေ ထမင်းဗူးတွေနဲ့
ကြပ်ကြပ်ညပ်ညပ် ကားတွေပေါ်ကို ခြေစုံလေးချ ရပ်နိုင်ဖို့အတွက်
အလုအယက် တိုးဝှေ့နေရတာ ... (အခု ပြန်စဉ်းစားတော့)
တကယ် ခွန်အားတွေ ပြုန်းတီးခဲ့တာပဲ ...။
ဆောင်းတွင်းကျတော့ရော ...
ကားမရမှာစိုးလို့ အိပ်ရာကနေ အစောကြီးထရတဲ့ ဒဏ်..
တကယ့်ကို သည်းမခံချင်စရာ ... ။
တခြားနိုင်ငံတွေမှာလို ကားမပိတ်ပါပဲနဲ့တောင် အနဲဆုံး ၁ နာရီခွဲလောက် သွားရတာကိုး ...။
ကားပေါ်ရောက်အောင် မစွမ်းဆောင်နိုင်တဲ့နေ့ဆိုရင်တော့ ...
လမ်းမှာတင် ၃ နာရီလောက် အချိန်ကုန်ပြီးသားပဲ ...။
ဒါ .. လမ်းပန်းဆက်သွယ်ရေးရဲ့
အားသာချက်ပဲ ရှိသေးတယ် ...။
စာသင်ခန်းလုံလောက်မှုကျပြန်တော့လည်း ... သြချရတယ် ..။
ရုတ်တရက်ဆိုသလို အင်းစိန်က ကျောင်းသားတွေကို လက်ခံလိုက်ရတော့ ...
ရှိထားတဲ့ စာသင်ခန်းနည်းနည်းလေးနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဖြစ်တော့တာပါပဲ ...။
ဒါနဲ့ ..
ဥာဏ်ကြီးရှင် အုပ်ချုပ်သူတွေက ...
တိုင်းပြည်ရဲ့ကြယ်ပွင့် အနာဂတ်ရဲ့ သားလောင်းတွေအတွက်
မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စီစဉ်ပေးလိုက်ပုံက ...
နေပူရင် ထိုင်နေရင်း ဟောဟဲဆိုက်ပြီး ...
မိုးရွာရင် စာသံတွေပျောက်သွားတတ်တဲ့ ...
လယ်ကွင်းထဲက နောက်ဆုံးပေါ် ဓနိမိုး .. ကျူထရံကာ စာသင်ခန်းတွေပါပဲ..။
စားသောက်ဆိုင်တန်းတွေကျတော့ရော ...
စီနီယာတွေက
“ဦးချစ်ဆိုင်တို့ ...
အင်းယားကန်ဘောင်ပေါ်က ဆိုင်တွေမှာ စားခဲ့တာကွ” လို့ ကြွားလုံးထုတ်နိုင်ချိန်မှာ ..
ကျနော်တို့ခမြာ...
ဗီတာမင်စုံအောင်ဆိုပြီး ကန်ဇွန်းရွက်ကြော်ထဲ မြက်ပါရောထည့်တတ်တဲ့ ဆိုင်တွေ ...
အကျရည်.. နို့ဆီနဲ့ သကြားထည့်ရင်
လက်ဖက်ရည်ဖြစ်ပြီလို့
သီအိုရီကျွမ်းကျင်တဲ့ ဆိုင်တွေ ...
ရင်ပူလို့ အအေးလေးများ မမှာလိုက်နဲ့...
ရေမခဲ လို့ပါဆိုပြီး အချိုရည်ပူပူကြီးတွေပဲ အတင်းရောင်းတတ်တဲ့ ဆိုင်တွေ ...
ဆိုင်ပတ်ဝန်းကျင်ကျတော့လည်း သစ်ရိပ်ဝါးရိပ်ဆိုတာ ဝေလာဝေး..
မြင်မြင်သမျှ ... တံလျှပ်တွေချည်းပဲ ...
ဒီလို ကြည်နူးစရာတကွက်မှ မရှိတဲ့ ဆိုင်တွေမှာ ကြိတ်မှိတ် ကျင်လည်ခဲ့ကြရတယ် ..
ရှိစေတော့...
ပညာရဖို့သာ လိုရင်းမဟုတ်လား...။
ဇွဲလေး ခတ်ထားကြဖို့ သယ်ချင်းတွေ အချင်းချင်း အားတွေပေး ..။
သိပ်မလိုတော့တဲ့ ခရီးဆုံးကို မယိုင်မလဲ ခိုင်ခိုင်မြဲမြဲ ရောက်နိုင်ဖို့လေ ..။
... ... ...
ကျနော်တို့ သူငယ်ချင်းတွေ ကျောင်းရောက်တာနဲ့
အရင်ဆုံး သယ်လာတဲ့ ထမင်းဗူးတွေနဲ့ ၀မ်းဖြည့်ထား ..
ပြီးရင် ကျောင်းထဲ လှည့်လည်ကြ .. ဘယ်သူငယ်ချင်းက ဘယ်အဆောင်မှာများ ရောက်နေသလဲပေါ့...
အဲဒီနောက် .. နေ့လည်စာ မတိုင်ခင်
ရောက်ရာနေရာမှာ စတည်းချကြရတယ် ...
အပူအားကြီးတဲ့အရပ်ဆိုတော့ မလိုလားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်မှာစိုးလို့ပါ..။
အဲ..ရောက်နေတဲ့နေရာက စာသင်ခန်းဖြစ်ဖို့တော့ ရာနှုန်းနဲတယ် ...။
ဒီလိုနဲ့ ...
စာသင်ခန်းတွေဆီကို
မရောက်တခါ ရှောင်တလှည့်နဲ့ပဲ ..
ကျောင်းနေပျော်၍ စာမတော်သော ကျောင်းသားအဖြစ် ဖြတ်သန်းခဲ့ပါတယ်..။
စာသင်ဆောင်တွေ ဘေးကပ်လျက်မှာ အရိပ်ကောင်းကောင်းနဲ့
နေရာကျယ်ကျယ်တခုရှိတယ် .. အဲဒါ အိမ်သာပါ ..။
ကျနော်တို့ အဲဒီမှာဝိုင်းဖွဲ့ကြတာများတယ် .. တလွဲမတွေးပါနဲ့..။
မိန်းကလေး ယောက်ျားလေး ဂီတ၀ါသနာပါသူတွေ စုပြီး
ဂစ်တာတီးတဲ့လူကတီး သီချင်းဆိုတဲ့သူကဆို..
“စစ်ကိုင်းလမ်းကို လွမ်း ... ပုဂံလမ်းကို လွမ်း...
ဂျပ်ဆင်ကို စိတ်ကူးနဲ့မြင်ကြည့်ရင်း...”
သီချင်းတွေကတဆင့် ရင်တွင်းပြတိုက်တွေကို
ဖွင့်လှစ်ခဲ့ကြတယ်...။
ပျော်စရာဆိုတာအားလုံးနဲ့ အလှမ်းဝေးလွန်းတဲ့ ကျောင်းတော်ကြီးမှာ...
ဒီအချိန်လေးတွေဟာ တကယ့်ကို ရှားရှားပါးပါးနဲ့
အပြစ်အနာအဆာကင်းတဲ့ အပျော်စစ်စစ်တွေပါပဲ ...။
... ... ...
စာသင်ဆောင်တွေမှာရှိတဲ့ အချိန်က
လက်ဖက်ရည်ဆိုင်မှာ ရောက်နေတဲ့အချိန်ထက်
ဘယ်လိုတွက်တွက်ကို ပိုနည်းပါတယ် ..။
ဒီနေရာမှာမှပဲ ကျနော်တို့သိချင်တဲ့
အပြင်လောကတွေ အကြောင်း...
စိတ်အာဟာရတွေ အကြောင်း ...
ယုံကြည်ချက်တွေ အကြောင်း...
ပေးဆပ်သွားသူတွေ အကြောင်း...
(ကောင်မလေးတွေအကြောင်းလည်း ပါတာပေါ့)
ဟိုအကြောင်း ဒီအကြောင်းတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်လို့ပါ..။
အဲဒီက ဆွေးနွေးခန်းတွေပြီးရင် ...
ကျောင်းအ၀င်နဲ့ နဲနဲပိုနီးသွားတဲ့
ခရေပင်တန်းကိုသွား... ခရေပင်ရိပ်မှာ ကိုယ့်ခုံလေးကိုယ် ချထိုင် ..
(ကျောင်းကားတွေပေါ်က ခုံတွေ ယူထိုင်တာပါ)
သီဟိုဠ်တောထဲက ဖြတ်တိုက်လာတဲ့ လေအေးအေးကို ခံစားရင်းနဲ့...
တခါတခါလည်း မြက်ခင်းပေါ်မှာ ဒီအတိုင်းထိုင်ရင်း လေပစ်ကြ ..
တခါတလေလည်း စစ်တုရင်ကစားကြ..
တခါတရံလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အနာဂတ်အကြောင်း စဉ်းစားနေကြ...
အများအားဖြင့်တော့ .. ဖြတ်သွားဖြတ်လာ သူငယ်ချင်းတွေကို နှုတ်ဆက် ..
ကောင်မလေးတွေကို မျက်နှာလိုမျက်နှာရ ပြုံးပြ ..
အင်းစိန်မှာ ဖရိုဖရဲဖြစ်သွားခဲ့တဲ့ ဇာတ်လေးဟောင်းတွေအတွက်..
ဇာတ်လမ်းအသစ်တွေ ဖန်တီးကြနဲ့...
နောက်ပြီး..
ငွေ ၂၀ ပေးရတဲ့ အအေးတပုလင်းကို သူငယ်ချင်း ၄ ယောက်မျှသောက်ရင်း ...
ဂျိုးသိန်းတလိပ်ကို အရစ်ကျမှတ်ထားပြီး ခွဲဝေဖွာရှိုက်ခဲ့ရင်း...
ရှိခြင်း မရှိခြင်းတွေကို ...
ကျောင်းပြီးရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အားခဲ့ဖြတ်ကျော်ခဲ့ကြတယ်..။
အခုလို .. ခပ်ဝေးဝေးက ပြန်ကြည့်မှ
ပြန်မရနိုင်တော့တဲ့ ပျော်စရာတွေလို့ သိတော့တယ် ... ။

... ... ...
ကျောင်းတွေပြီးသွားတော့ ...
စိတ်ကူးယဉ် ဆွေးနွေးခန်းတွေနဲ့တင် ဘ၀ကို ရင်ဆိုင်ဖို့မဖြစ်နိုင်တော့ဘူး..။
ဒါနဲ့ပဲ အသည်းအသန် အလုပ်တွေရှာကြ ..
ဝင်ငွေမရှိပဲ ထွက်ငွေတွေပဲ များများနေတော့ ..
သူငယ်ချင်းတွေနဲ့တွေ့ဖို့ဆိုတာ ယောင်လို့တောင် စိတ်မကူးအား..။
အလုပ်ရတော့လည်း ...
ရတဲ့နေရာမှာ ပို၍ ပို၍တည်ငြိမ်လာဖို့..
ဝင်ငွေပိုပြီး ဖြောင့်ဖြူးလာဖို့..
ကိုယ့်ကိုကိုယ် အလုပ်မှာမြုပ်နှံလို့...
ခံစားချက်တွေနဲ့ ရှင်သန်နေတဲ့ လူပါလားဆိုတာတောင် မေ့လျော့လုနီးပါး...။
တခါတရံ သီချင်းသံတွေကြားရင်တော့..
သူငယ်ချင်းတွေကို တိတ်တဆိတ် သတိရနေတတ်ပါတယ်...။
ဘယ်တော့မှ အကောင်ထည်မဖော်ဖြစ်တဲ့ ... “သူငယ်ချင်းတွေနဲ့တွေ့မယ်” ဆိုပြီးလည်း
ဆုံးဖြတ်မိတာလည်း အခါခါပါပဲ..။
... ... ...
တနေ့...
ဖုန်းဆက်လာတယ် ...
“... ဆုံးသွားပြီ..” တဲ့...။
ရင်ထဲက တခုခု ပြုတ်ကျသွားသလိုပါလား..။
မတ်တပ်မရပ်နိုင်တော့လို့ နီးရာထိုင်ခုံတခုမှာ ၀င်ထိုင်ရင်း ကျိန်းသေအောင် ပြန်နားထောင်...။
တကယ်ပြောတာလား...။
ကျနော့် သူငယ်ချင်းက ငယ်ငယ်လေးရှိသေးတာလေ..။
ဟိုတလောကပဲ သူ့မင်္ဂလာဆောင်အတွက် ပျော်ပျော်ရွှင်ရွှင်ကြီး အလုပ်တွေ ရှုပ်နေတယ်လေ...
သူ အလုပ်ဝင်လို့ရပြီ လို့လည်း တခြား သူငယ်ချင်းတယောက်ပြောတာကို
မနေ့ကပဲ နားထောင်ခဲ့သေးတယ်...။
... ဘယ်လို အင်အားနဲ့ လက်ခံရပါ့မလဲ..။
တွေ့မယ် တွေ့မယ်နဲ့ အခင်ဆုံး သူငယ်ချင်းတယောက် ...
မတွေ့လိုက်နိုင်ခင်ပဲ ဦးအောင် ခွဲခွာသွားခဲ့ပြီ ...။
ကိုယ့်ကိုကိုယ့်ပဲ အပြစ်တင်မိတယ် ...
ဘာတွေများ ဒီလောက်အရေးကြီးတာတွေနဲ့ ရှုပ်နေခဲ့လို့လည်း...
ကိုယ်မရှိလို့ မဖြစ်ရလောက်အောင် အောင်မြင်နေခဲ့တာလည်း မဟုတ်...
ပိုက်ဆံတွေအများကြီး ရနေခဲ့တာလည်း မဟုတ်...
စိတ်လက် ပျော်ရွှင်မှုတွေနဲ့ အရာရာကို သတိမေ့နေလောက်အောင်လည်း
အဆင်ပြေနေတာ မဟုတ်ပါဘဲနဲ့...
တလ တခါတောင် သူငယ်ချင်းတွေနဲ့ တွေ့ဖို့လေးကို ပျက်ကွက်ခဲ့တဲ့သူ...
ကျနော် လူမှုရေးမှာ အင်မတန် ညံ့ခဲ့ပါလား..။
ခုတော့မှ နောင်တရနေလို့လည်း သွားတဲ့လူက သွားပြီ...။
ကျန်နေတဲ့ သူငယ်ချင်းတွေလည်း အလှမ်းမမှီနိုင်တဲ့ တမြေစီ အဝေးကြီးတွေမှာ ...။
ပုံစံခြင်းသာ မတူရှိမယ် ...
ခွဲခွာခြင်းကတော့ ခွဲခွာခြင်းပါပဲ ...
အရင်လို .. အပူအပင်ကင်းတဲ့ တွေ့ဆုံခြင်းမျိုး..
နောင်တမရှိတဲ့ စည်းလုံးမှုမျိုး..
တွေဝေခြင်းကင်းတဲ့ တက်ကြွမှုမျိုး...
နောက်ပြန်မလှည့်တတ်တဲ့ ယုံကြည်ချက်မျိုးတွေနဲ့...
ဒီခရေပင်ရိပ်မှာ...
တခါလောက်ပဲ ဖြစ်ဖြစ် ...
... ... ...
ဒီအချိန်ဆို ...
ကွင်းပြင်ကျယ်ကျယ်တွေနဲ့ ကျောင်းဝင်းထဲမှာ...
အရှေ့အနောက်.. တောင်မြောက်က လေရိုင်းတွေ ...
အညှာအတာမရှိ တိုက်ခတ်နေမယ်နဲ့တူတယ်...။
ပြန်မလာနိုင်တဲ့ သူငယ်ချင်းရော..
ပြန်လာနိုင်မယ့် သူငယ်ချင်းတွေရော...
တချိန်ချိန်တော့ ပြန်ဆုံရအောင်ကွာ...။

ဘလော့ ခံစားချက် ... ။

ဘယ်ဆိုးလို့လဲ…။

ဘလော့ခ်လေးတခု လုပ်ထားတာ အချိန်တွေ ကုန်မှန်းမသိပဲ ကုန်သွားတယ်…။

အရင်က နေလို့မပျော်တဲ့ ရုံးမှာ…

အခုဆို အတော်လေး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေပြီ…။

ကိုယ့်ဘလော့ခ်လေးအတွက် လိုအပ်တာတွေ ဖတ်…

ပြင်လို့ရသလောက် ပြင်ရင်းနဲ့…

ရုံးချိန်လေးကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချတတ်နေပြီ…။

သူများဘလော့ခ်တွေလို ဘာမှလည်း များများစားစား ရှိသေးတာ မဟုတ်ပေမယ့်…

ဘလော့ခ်လေးက ကိုယ့်အတွက်တော့ မှန်တချပ်လို ဖြစ်နေပြီနဲ့ တူတယ်…။

ရုံးရောက်တာနဲ့ အပြေးအလွှား ကွန်ပြူတာဖွင့်…

ပြီးတာနဲ့ ကိုယ့်ဘလော့ခ်လေးကို အရင်ဆုံးကြည့်…

(မဖြစ်စလောက် တင်ထားတာလေးတွေကို အစအဆုံး တလုံးမကျန်ပြန်ဖတ်..)

ထမင်းစားမဆင်းခင် .. တခါပြန်ကြည့် …

နေ့လည် … အလုပ်နဲနဲပြီးတာနဲ့ နောက်တခါ ပြန်ဖွင့်ကြည့် …

ညနေ … ရုံးမဆင်းခင် …

ဘာတွေများ ရေးလို့ရနိုင်မလဲလို့ စဉ်းစားရင်းနဲ့ …

ခပ်ကြာကြာကြည့် …

ဘယ်အချိန်ကြည့်ကြည့်ကို ကျေနပ်နေမိတော့တာပဲ …

ပင်ပန်းတာတွေ အားလုံးကို တကယ် ပြေပျောက်စေနိုင်တာပဲ..။

ဒီခံစားချက်မျိုး ဘလော့ခ်ဂါအသစ်တိုင်း ကြုံဖူးမှာပါ…

ဘာပဲဖြစ်ဖြစ်..

အခုမှစတာ မကြာသေးဖူးဆိုတော့ …

ကိုယ့်ဘလော့ခ်အတွက် ဆန်းသစ်နေသေးတဲ့ ခံစားချက်လေး …

ရင်ထဲမှာ အပျော်တွေအပြည့်နဲ့ ကိန်းအောင်းနေတယ်ဗျာ… ။

Sunday, July 15, 2007

အိမ်မက်အလွဲများ ... ။

အသက်ရှင် ရပ်တည်နေခြင်း ဆိုတာကိုက .. စိတ်ကူး အိပ်မက်တွေ နောက်ကို လိုက်ရင်း ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်း ကုန်လွန် နေကြတာပဲ မဟုတ်လား...။ လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးတွေ ရှိနေကြမယ် ဆိုတာ သေချာပါတယ်။ မရှိတဲ့ လူတွေလည်း ရှိနေနိုင်သလို... ရှိရကောင်းမှန်း မသိသူတွေလည်း ရှိနေနိုင် တာပဲ...။ ဘယ်လိုပဲဖြစ်ဖြစ် ... ကျနော်တို့ ရင်ဆိုင် ဖြတ်သန်းရတဲ့ ကာလမှာ ... ရှိထားတယ် ဆိုတဲ့ ဒီစိတ်ကူးနဲ့ အိပ်မက်တွေ ... တကယ်ပဲ တထပ်တည်းကျ အကောင်အထည် ပေါ်လာကြရဲ့လား ...
လက်တွေ့ဖြစ်လာဖို့ အခွင့်အရေးတွေရော လုံလုံလောက်လောက် ရခဲ့ကြရဲ့လား ... ရှင်သန် ရပ်တည်ခြင်း ဆိုတဲ့ အခက်အခဲတွေကြောင့် အိပ်မက်တွေနဲ့ လူနေမှုဘ၀ကို လဲလှယ်လိုက်ကြသလား ...
အိပ်မက်ဆိုတဲ့အတိုင်း အလွယ်တကူပဲ အပျောက်ပျက် ခံခဲ့ကြသလားဆိုတာကတော့ ကိုယ်တိုင်မှပဲ သိနိုင်မယ့် အဖြစ်ပါ။

... .... ...

အိပ်မက်
ငယ်ငယ်က ... နော်မန်ဗက်သွန်းလို နှလုံးသားလှတဲ့ ခွဲစိတ်ဆရာဝန်တယောက် ဖြစ်ချင်ခဲ့တယ် ... ။
ဒီအိပ်မက်ကို ရူးသွပ်လွန်းလို့ နောက်ထပ် ရွေးချယ်စရာဆိုတာကို ပြင်ဆင် မထားခဲ့မိနိုင်အောင်ပါပဲ ... ။ သိပ်ကို ခိုင်ခိုင်မာမာနဲ့ အမြစ်တွယ်နေတဲ့ စိတ်ကူးလေးပါ ... လေထဲ က ဒီစိတ်ကူးလေး ရုပ်လုံးပေါ်လာဖို့ လည်း အပြင်းအထန်တွေ ချီတက်ခဲ့တယ် ... မဖြစ်နိုင်ဘူး ဆိုတာမှ မရှိတာ ... မဖြစ်သေးတာပဲ ရှိတယ် လေ ...လူငယ်တဦးရဲ့ အိပ်မက်အပေါ် ရိုးရိုးစင်းစင်း ယုံကြည်ခြင်းမျိုးနဲ့ပါ ...။ စိတ်ကူးကို ပိုင်ဆိုင်ခွင့်ရတဲ့ တနေ့ ... မြန်မာပြည်ရဲ့ ဝေးလံခေါင်သီတဲ့နေရာတွေမှာ ရှင်သန်နေထိုင်သူတွေကို ကူညီစောင့်ရှောက်မယ်ဆိုတဲ့ ... အတွေးပျော်တွေနဲ့ပေါ့။ ဒီကတည်းက ၀င်ငွေရဖို့ထက် ... လူတွေရဲ့ ငြိမ်းချမ်းနေမယ့် အပျော်မျက်နှာတွေကိုပဲ စဉ်းစားကြည့်တတ်လာခဲ့တယ် ... ။

... ... ...


အဲဒီစိတ်ကူးလေးကို ကိုယ့်ဘ၀ရဲ့အိပ်မက်အဖြစ် ပီပြင်စေသူကတော့ ... ကိုယ်ချစ်ခင်လေးစားရတဲ့ ဒေါ်ဒေါ် ပေါ့ ... ။ဒေါ်ဒေါ်က ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူဘ၀ အဆုံးသတ်ခင်ပဲ ရှမ်းပြည်နယ်တနေရာက တောင်ပေါ် ရွာလေးမှာ ဆရာမလုပ်ဖို့ ထွက်သွားခဲ့တယ် ... ။ ပညာရေးမှာ သူ့လောက်မှ အခွင့်အရေး မရနိုင်သူတွေကို ပေးဆပ် ပျိုးထောင်ချင်စိတ်တွေက ...သူ့ကိုယ်ပိုင်အတ္တတွေကို ခွာချထားနိုင်ခဲ့ပြီး ... ရှေ့ဆက်မယ့် ခြေလှမ်းတွေကို တွန့်ဆုတ်ခြင်း ကင်းဝေးစေခဲ့တယ် ... ။ ဒီတုန်းက ... အစွမ်းအစ ရှိသ လောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းမယ်ဆိုတဲ့ စိတ်ကူး အိပ်မက်တခုနဲ့ တက်ကြွရှင်သန်နေတဲ့ ၂၂ နှစ် သမီးအရွယ် ဒေါ်ဒေါ်ပေါ့ ... ။ ကိုယ်က ဒေါ်ဒေါ့်ဆီက စိတ်ကူး ခံယူချက်ဆိုတာကို စတင်ခံစားမိလာခဲ့တဲ့ ၉ နှစ်သားသာသာ မူလတန်းကျောင်းသား ... ။ ဒီလိုနဲ့ နွေရာသီ ကျောင်းရက်ရှည်ပိတ်ချိန်တွေမှပဲ ဒေါ်ဒေါ် တယောက် သူချစ်တဲ့တောင်တန်းတွေနဲ့ တပည့်တွေဆီကနေ ပြန်လာဖြစ်တော့တယ် ... ။ တနှစ်မှ တခေါက် တည်းရယ် ... ။ ဒါပေမယ့် ... ဒီရှားရှားပါးပါး ပြန်လာတဲ့ တခေါက်လေးတိုင်းမှာ တောင်တန်းတွေ ဆီကနေ တထောင့်တညပုံပြင်တွေထက် ရှည်လျားတဲ့ ပုံပြင်လက်ဆောင်တွေ ယူလာတတ်တယ် ... ။ ဒေါ်ဒေါ်က
ကိုယ်နဲ့ ရွယ်တူတွေ ... ကိုယ့်ထက်ငယ်သူတွေရဲ့ လူမှုဘ၀ နိမ့်ကျမှုတွေအကြောင်း ... ကျန်းမာရေး အသိပညာ ရနိုင်ခွင့်တွေ ရှားပါးကြောင်း ... သက်ကြီးရွယ်အိုတွေ အပါအ၀င် လူတိုင်းလူတိုင်းဟာ သူတို့ အဓိပ္ပါယ်မဖွင့်တတ်တဲ့ ပြည်တွင်းစစ်ပွဲတွေထဲမှာ ပြေးလွှားပုန်းခိုရင်း အသက်တချောင်းကို ခက်ခက်ခဲခဲ မွေးမြူနေရကြောင်းတွေ အဓိကထားပြီး ပြောပြခဲ့တယ် ... နွေရာသီညတွေဟာ ဒေါ်ဒေါ်ပြောပြတဲ့ အတွေ့ အကြုံတွေ ... စွန့်စားခန်းတွေကြားမှာ မရိုးနိုင်အောင်ပဲ အံ့အားတသင့်သင့်နဲ့ ကုန်လွန်သွားခဲ့ကြမြဲပဲ ... ။ ကိုယ် မကြားဖူး ... မကြုံဖူးတာတွေ ... စိတ်ကူးနဲ့တောင် မတွေးဝံ့မိတာတွေဟာ ကိုယ်ရှင်သန်နေတဲ့ တိုင်းပြည်ကျဉ်းကျဉ်းလေးရဲ့ ဟိုတဖက်မှာ ဖြစ်ပျက်နေရှာပါလားဆိုတဲ့ အသိတွေ ... နှလုံးသားနုနုမှာ နေရာဝင်ယူလာခဲ့တယ် ... ကိုယ် အချိန်မှန်မှန် စိတ်အေးအေးနဲ့ ထမင်းစားနေချိန်မှာ အဲဒီ .. ကိုယ်မသိတဲ့ နေရာက လူတွေမှာတော့ ၀မ်းတထွာအတွက် အသက်ပါရင်းပြီး ရှာဖွေနေရာတာကို သိခွင့်ရခဲ့တယ် .. ။
ကိုယ် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေချိန်မှာ သူတို့တွေကတော့ အကာအရံ အခင်းအကျင်း နတ္ထိဖြစ်နေတဲ့ .. အန္တရာယ်တောတောင်တွေထဲမှာ ပြေးလွှားနေရပါလားဆိုတာ မြင်ယောင်လာမိခဲ့တယ် .. ။ ကိုယ် ရေကြည် ရေသန့်ကို လွယ်လွယ်ကူကူပဲ သုံးစွဲနေနိုင်ပေမယ့် ... သူ့တို့ခမြာ ရေတပေါက်အတွက် အသက်ကိုတောင် လောင်းကြေးထပ် သောက်သုံးနေရတဲ့အဖြစ် .. ။ ကိုယ်တို့ရဲ့ညတွေကို လျှပ်စစ်မီးထိန်ထိန်အောက်မှာ အကြောက်တရားကင်းကင်း ဖြတ်သန်းနေချိန်မှာ ... သူတို့ကတော့ စစ်ပွဲထဲက မီးကျည်မီးပေါက်တွေနဲ့ မီးရှို့ခံလိုက်ရတဲ့ အိမ်ခြေတွေဆီက ပျံ့ထွက်လာတဲ့ လောင်မီးပူပူတွေအောက်မှာပဲ ကျင်လည်ခွင့် ရခဲ့ကြတယ်..။ (၁၉၈၆ ခုနှစ်တုန်းက ရန်ကုန်မှာ မီးလာသေးတယ်) ကိုယ် အသက်ငယ်ငယ်မှာ သိထားတဲ့ ကျန်းမာရေးအသိတရားတွေဟာလည်း သူတို့ဆီက သက်ကြီးရွယ်အိုတွေတောင် မသိလိုက်ရပဲ ဘ၀မီးဇာ ကုန်သွားခဲ့ကြတာချည်းပဲတဲ့ .. ဒါပေမယ့်လည်း ... ဒေါ်ဒေါ်ကိုယ်တိုင် စာနာစိတ်နဲ့ ကူညီချင်တာက လွဲလို့ ... ဘာမှပြောင်းလဲပေးလို မရနိုင်တဲ့ အဖြစ်ဆိုးတွေပါ ... ။ အချိန်မရွေး ကျရောက်လာနိုင်တဲ့ လက်တ ကမ်းက အသက်အန္တရာယ်တွေကြောင့် ဒေါ်ဒေါ့်ကို စိုးရိမ်ကြတဲ့ ရွာသူရွာသားတွေက ရန်ကုန်ကို အတင်းပြန်ခိုင်းခဲ့ကြတယ် ... ။ ရင်ထိတ်စရာနေ့ရက်တွေကို ၅ နှစ်ကျော် ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဒေါ်ဒေါ် ရန်ကုန်ကို အန္တရာယ် ကင်းကင်းနဲ့ ပြန်ရောက်လာခဲ့တယ် ...။ လူသာ ပြန်ရောက်လာခဲ့ပေမယ့် ... သူ့ အိပ်မက်တွေ စိတ်ကူးတွေက ဟိုးဝေးဝေးက လွမ်းစရာ တောင်တန်းတွေဆီမှာတဲ့ ... ။ သူ အမြဲ စိတ်မ ကောင်း ဖြစ်နေခဲ့တာက သူ့မှာ ဘေးကင်းရာဆိုတဲ့ အရိပ်တခု ရှိနေခဲ့ပေမယ့် ...သူချစ်တဲ့ ကျောင်းသူ ကျောင်းသားတွေ ... သူ တန်ဖိုးထားတဲ့ အရိုးခံ တောင်တန်းသားတွေမှာတော့ ... ဘေးလွတ်ရာ ဆိုတာ ဘယ်အခါများမှ ရှာတွေ့နိုင်ပါ့မလဲ ဆိုတာကိုပါပဲ ... ။ ဒီလို .. ဒီလိုနဲ့ပဲ ... ကိုယ် မမြင်ဖူး .. မတွေ့ဖူးတဲ့ .. အဲဒီနေရာက လူတွေအတွက် ... ကိုယ့်ရင်ထဲမှာ ကိုယ်ချင်းစာစိတ်တွေ ... စောင့်ရှောက် ကူညီချင်စိတ်တွေ အရွယ်နဲ့ မမျှ ဖြစ်ပေါ် ကိန်းအောင်းလာခဲ့တော့တယ် ... ။ သူတို့တွေကို ... အခကြေးငွေအတွက် ပူပန်နေ စရာမလိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးချင်တယ် ... အသိအမြင် တံခါးတွေကို ဖွင့်လှစ် ပေးချင် တယ် ... သူတို့ရဲ့ အနာဂတ်တွေကို ဂရုစိုက်ပေးချင်သူတွေ ရှိတယ်ဆိုတာကို အသိပေးချင်တယ် ... သူတို့ကြုံတွေ့နေရတဲ့ ဘ၀အမောတွေအတွက် ... ရေကြည်တပေါက်ပဲ ဖြစ်ဖြစ် ဖြစ်ချင်ခဲ့မိတယ် ... ။ ဒီမှာပဲ ... ကိုယ့်အိပ်မက်လေး အစပြုခဲ့ပါတယ် ... ။

... ... ...

တကယ်တော့ ... အိပ်မက်တွေ အမှန်ဖြစ်လာဖို့ဆိုတာလည်း ... ထိုက်သင့်တဲ့ ပျိုးထောင် ပံ့ပိုးခြင်းတွေ လိုအပ်တာကိုး ... ။ ကိုယ် သိတတ်တဲ့အချိန်က စလို့ .. ကိုယ့်ရှေ့မှာ စောင့်ကြိုနေတာက .. မျှော်လင့်ခဲ့ဖူး သလို လင်းလက်နေတဲ့ အနာဂတ်တခု မဟုတ်ပဲ .. ကိုယ့် အိပ်မက်ဆိုတာကို ရိုက်ချိုးပြီး ... ဆက်လက် ရှင်သန်နိုင်ခွင့်တွေကိုပါ ပိတ်လှောင်လိုက်တဲ့ အမှောင်လမ်း သက်သက်တခုပဲ ဖြစ်နေခဲ့ပါတယ် ... ။ ကိုယ့် အိမ်ရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ ဖခင်က အမှန်တရားကို မြတ်နိုးကိုးကွယ်တဲ့သူ ... ယုံကြည်ချက် အတွက်ဆိုရင် ကိုယ့်အတ္တအတွက်ရော ... မိသားစုအတွက်ပါ ဘယ်တော့မှာ ဒူးမထောက်တတ်တဲ့သူ ... ဒီတော့ .. လူတစုအတွက် ခလုပ်ကသင်းဖြစ်နေခဲ့တဲ့ ဖခင်ခမြာ အလုံခြုံလွန် နေရာတခုမှာ ကာလ အတော် ကြာ စခန်းသွင်းခံထားရလေရဲ့ ...။ ဖခင်ရဲ့ အိပ်မက်တွေကို ရိုက်ချိုးအမြစ်ဖြတ်ဖို့လေ ... ။ ဖခင်ရဲ့ အဝေးမှာ ဆက်လက် ရှင်သန်ဖို့ ကြိုးစား ရုန်းကန်နေတဲ့ ကိုယ်တို့မိသားစုတွေ ... နောက်ဆုံးတော့ ... အားလုံးရဲ့ စိတ်ကူး အနာဂတ်ဆိုတာတွေကို စတေး လိုက်ရတော့တာပဲ ... ။ လူတစုနဲ့ စနစ်တခုကြောင့် တခန်းရပ် လိုက်ရတဲ့ အိပ်မက်အတွက် ... မခံချင်ဘူး ... နာကြည်းတယ် ... ကြေကွဲတယ် ... ။ လစ်ဟာမှုတွေ ရင်ထဲ အပြည့် နေရာယူကြတယ် ... ။ မြင်မြင်သမျှ အဓိပ္ပါယ်ရှာဖို့ ခက်နေခဲ့တယ် ... ။ ဆက်ပြီး ရပ်တည်နေနိုင်ဖို့ တောင် မကျိန်းသေတော့သလောက်ပဲ ... ။ ကိုယ်အရောက်သွားချင်ခဲ့တဲ့ အိပ်မက်တည်ရာကို စိတ်ကူးနဲ့ တောင် ဝေးပြီ ... ။ ဘ၀မှာ မဖြစ်နိုင်တာတွေ တကယ်ပဲ ရှိနေခဲ့ပါလား..ဆိုတာ အပြောမဟုတ် လက်တွေ့ ... ။ သေသေချာချာ ရလိုက်တဲ့ သင်ခန်းစာတခုကတော့ ... စိတ်ကူးဆိုတာ အတွေး မျှင်မျှင်လေး မျှသာ ... ဒီအတွေးလေး ပီပြင်လာဖို့ အချိုးညီမျှတဲ့ ပျိုးထောင်မှုတွေ လိုအပ်တယ်ဆိုတာပါပဲ ...။ ခုတော့ ...
ပိတ်လှောင်ခြင်းတွေက ပျိုးထောင်ပေးခြင်းအစား နေရာယူထားခဲ့ကြတာကိုး ...။ ဒီလိုနဲ့ ... ဘယ်သူမှတောင် မသိလိုက်ပဲ ကိုယ့်အိပ်မက်လေး ကြေမွသွားခဲ့ပါတယ် ... ။

... ... ...

ဒေါ်ဒေါ့်အိပ်မက်လေး မပီပြင်နိုင်တော့ဘူး ဆိုတာကို ကျိန်းသေသွားတဲ့ အချိန်တုန်းကရော ... ကိုယ့်လို ကြေကွဲ ဒေါသတွေနဲ့ ဆို့နင့်နေခဲ့တာပဲလား ... ။ တလောလေးက အသိတယောက်ရဲ့ အမှတ်မထင် မကျေနပ်သံကိုလည်း ကြားခဲ့မိတယ် ...။ ဘ၀မှာ မျှော်လင့်ခဲ့သမျှတွေ အဖျက်ခံရလွန်းလို့ ...
မျှော်လင့်ရမှာ ကိုတောင် တုန်လှုပ်နေပြီ ..တဲ့ .. ဒါဆို ... မျှော်လင့်ချက်မထားနိုင်တဲ့ ဘ၀ ... စိတ်ကူးတွေ မရှင် သန်နိုင်တဲ့ ဘ၀ ... အိပ်မက်ဆိုတာလေးမှ မပိုင်ဆိုင်နိုင်တဲ့ ဘ၀မျိုးမှာ ... ကျေနပ်ပျော်ရွှင်စွာ ရပ်တည် နိုင်ဖို့ဆိုတာ ... ... ... ။

.... .... ...

ကိုယ့်လို ...
ကိုယ့်အသိလို ...
ဒေါ်ဒေါ့်လို ...
အိပ်မက်တွေ ဘယ်လောက် များများ ကွဲရှခဲ့ပြီးပြီလဲ ... နောက်ထပ်ရော ဘယ်အထိ ဆက်ပြီး ချိုးဖဲ့ဖျက်ဆီး ခံနေရဦးမှာလဲ ... အိပ်မက် မက်ခွင့်တွေနဲ့ ကိုယ့်အိပ်မက်တွေဆီကို အရောက် သွားပိုင်ခွင့်တွေ ... အနီးဆုံး ဘယ်အချိန်မှာမှ ပြန်အသက်ဝင် လာနိုင်ပါ့မလဲ ... ။ လွဲချော်သွားခဲ့ရတဲ့ အိပ်မက်တွေအတွက် ... ဖေးမ ထိန်းကူပေးမယ့် စိတ်ကူးသစ်တွေ လင်းလက် လာနိုင်ပါအုံးမလား ... ။ လောလောဆယ်တော့ အိပ်မက်ကြီး ထဲကနေ အိပ်မက်အပိုင်းလေးတွေ ပြန်ရှာကြည့်လိုက်အုံးမယ် ... ။ တနည်းနည်းနဲ့ ... လောကကို အထောက်အကူ ပြုနိုင်ကောင်းစေရဲ့လို့လေ ...။

... 99 ...