Sunday, July 20, 2008
အလှမ်းတဝေး ..။
အပျိုးထောင်ခံချင်သူ .. သစ်ပင်လေးနဲ့ ..
မှတ်မှတ်ထင်ထင် .. ဆုံတွေ့ခဲ့ကြတယ် ..
ဘ၀ရဲ့ .. လမ်းကွေ့ တနေရာမှာပေါ့ ..။
ဥယျာဉ်မှူးရဲ့ ..
ယုယ ကြင်နာခြင်းတွေ ..
ပြုစု စောင့်ရှောက်ခြင်းတွေ ..
အလိုက်သိ ဖြည့်ဆည်းခြင်းတွေ ..
အရိပ်ကြည့် နားလည်ခြင်းတွေ ..
ကာကွယ် ပံ့ပိုးခြင်းတွေ ..
အဲဒါတွေ .. အားလုံး ..
မြတ်နိုးရတဲ့ .. ပျိုးပင်လေးအတွက်ပါတဲ့ ..
တချိန်ချိန်မှာ ..
ပျိုးပင်လေး .. မှန်ကန် လွတ်လပ်စွာ ..
ရင့်သန့်လာဖို့ ရည်ရွယ်ရင်းလေ .. ။
[ဥယျာဉ်မှူးနဲ့ သစ်ပင်ကြား ..
မမြင်နိုင်တဲ့ ကတိစကားတွေထား ..
ခိုင်ကြည်မယ် ယုံမှတ်နေတုန်း .. ..။]
ကံကြမ္မာ လေတချက်အဝှေ့ပေါ့ ..
သစ်ပင်လေးနားက ..
တိတ်တဆိတ် လွင့်ပါးခဲ့ရတဲ့ ဥယျာဉ်မှူး ..
အဝေးကနေ ..
ဆုတောင်းခြင်းတခုသာ တတ်နိုင်ခဲ့လို့ ..
ပင်ပျိုလေးရဲ့ ခွင့်လွှတ်စကား ..
ဥယျာဉ်မှူး မကြားရဲပါဘူးကွယ် .. ။
ဒီလိုနဲ့ ..
အမှတ်မထင် ပြန်တွေ့တဲ့ တနေ့ ..
တခါက ဥယျာဉ်မှူးရဲ့ ပင်ပျိုလေး ..
ရှင်သန် ကြီးထွားနေတဲ့ သစ်ပင်ငယ်လေးအဖြစ် ..
ကမ္ဘာမြေပေါ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ် အခြေချလို့ ..
ရင့်ကျက်ခြင်း လက်တံတွေလည်း ဖြန့်ကျက်လို့ ..
အေးမြခြင်း အရိပ်တွေတောင် ဖန်တီးပေးနေလို့ ..
အင်းး .. ဥယျာဉ်မှူးရဲ့ ပီတိ ..
သစ်ပင်လေး .. မင်း .. သိချင်မှာ သိမှာပါလေ ..။
တကယ်ဆို ..
ခုထိလည်း .. လက်ကမ်းမမှီနိုင်သေးတဲ့ ..
အလှမ်းတဝေးမှာ ရှိနေတုန်းပဲ .. သစ်ပင်လေးရယ် ..။
ကံတရားရဲ့ လေညင်းတွေက ..
မင်းနားကို ပြန်သယ်ဆောင်ပေးဖို့ ..
ဥယျာဉ်မှူး တောင်းဆိုနေတုန်းပါပဲ ..
တရက်မှ မပျက်ကွက်ခဲ့ပါဘူး ..
မင်းအနားက ဝေးလွင့်ပြီးကတည်းကပေါ့ ..။
မြင်ကွင်းမှာ နစ်မြောနေတုန်း .. .. ..
ဟော ...
တီတီတာတာ သံစုံနှောနေတဲ့ .. ငှက်လေးတကောင် ..
သူ့ချိုမြခြင်းတွေမှာ .. ကြည်နူးနေတဲ့ သစ်ပင်လေး ..
သိပ်ပြီးအေးချမ်းတဲ့ .. ရှုခင်းလေးပါလား ..။
ငှက်ကလေးကို အရိပ်မိုးပေးနေတဲ့ .. သစ်ပင်လေးနဲ့ ..
သစ်ပင်လေးကို တေးဆိုနှစ်သိမ့်နေတဲ့ .. ငှက်ကလေး ..
အ .. ပြန် .. အ .. လှန် .. .. ..။
...
..
.
ဥယျာဉ်မှူးဆိုတာ ..
အရိပ်ရစေ .. ပန်းခူးရစေ ဆိုတာမျိုး ..
မျှော်လင့်တောင့်တ .. ရောင်ခြယ်အတ္တတွေ မရှိခဲ့ရိုးပေမယ့် ..
ဒီတခါမှာတော့ ..
ထူးထူးခြားခြား ..
ဘယ်ဘက်ရင်အုံ အတွင်းနက်နက်က ..
တမြေ့မြေ့နဲ့ .. ဆိုးဆိုးရွားရွား ..
စူးရှ နာကျင်နေပါလား ..။
... 99 ...
၂၂ ဇူလိုင် ၂၀၀၈။
Wednesday, June 25, 2008
မျှော်လင့်ရပ်ဝန်း ..။
မပြောင်းမလဲ ကျန်ရစ်တာ ..
ကိုယ့်မြတ်နိုးခြင်းတွေပါ ကလေးရယ် ..။
ကိုယ့်လက်ဖ၀ါး ကြမ်းကြမ်းတွေနဲ့
မိုးပေးခဲ့တဲ့ အရိပ်အောက်မှာ ခိုလှုံရတာ ..
နွေလည်နေ့ခင်းရဲ့ ရင်ခုန်ခြင်းတွေကို
အေးမြ ပြည့်စုံစေတယ်လို့ ပြောခဲ့ဖူးသူ ..
ခုဆို .. ကိုယ့်ထက်ပြည့်စုံတဲ့ အရိပ်တခုအောက်မှာ
ဆက်ပြီး ရင်ခုန် ရပ်တည်နေလောက်ရောပေါ့ ..။
ကိုယ့်မိုးကာအကျီ င်္ နွမ်းနွမ်းလေးနဲ့မှ
အေးစက်စက် မိုးစက်တွေကို ..
အန်တု နွေးသက်စေနိုင်လို့ ..
မိုးရာသီ စက်ဝန်းကိုတောင် ..
မရပ်တန့်ချင်ဘူးလို့ ဆိုခဲ့ဖူးသူ ..
ခုလောက်ဆို .. ရေရာတဲ့ နွေးထွေးခြင်းတွေဆီမှာ
နားခိုနေရောပေါ့ ..။
ကိုယ့်ဖလမ်ထည် ရှပ်အကျီ င်္ပါးပါးလေးနဲ့ဆိုရင်
အေးခဲသွေ့ခြောက်နေတဲ့ ၀င်ရိုးစွန်းတွေမှာတောင်
ရှင်သန် ပျော်မွေ့နေနိုင်တယ်လို့ သေချာစေခဲ့ဖူးသူ ..
ခုတော့ ..၀င်ရိုးစွန်း ရပ်ဝန်းလို
ကိုယ့်ရင်ကို ကြွင်းကျန်ရစ်စေတယ်ပေါ့ ..။
ဒါပေမယ့် ..
အရာရာအတွက် ကျေးဇူးပါ ကလေး ..။
ရာသီတိုင်းအတွက် အမှတ်ရစရာတွေ
ဆောင်ကြဉ်း ပေးခဲ့လို့ပါ ..
ကိုယ်ကတော့ ..
သွေ့ခြောက်နေတဲ့ ဒီရပ်ဝန်းလေး
တဖန်ပြန်ပြီး ..
နွေးထွေး ပြည့်စုံလာမယ့် နေ့ရက်တွေကို
နွေလည် အိပ်မက်တွေလိုပဲ ..
အတိုင်းအဆမဲ့တဲ့ မြတ်နိုးခြင်းတွေနဲ့
အဆုံးအစမဲ့ ..
မျှော်လင့်ဆဲ .. မျှော်လင့်မြဲပေါ့ ..
ကလေးတော့ သိမယ် မထင်ပါဘူးလေ ..။
... 99 ...
၂၆ ဇွန် ၂၀၀၈။
Thursday, June 12, 2008
အလွမ်းရာသီ ..။
ကျောင်းဝင်းထဲကို ရောက်လာပြန်တယ် ..။
ဒီတခါလည်း ..
ငါတယောက်တည်းပါပဲ ..။
အတူတူအချိန်တွေ ကုန်ဆုံးခဲ့ဖူးတဲ့ ..
ဧကရာဇ်ပင်အိုကြီးအောက်မှာ ..
ငါ့ ခြေလှမ်းတွေ .. အလိုလို ရပ်တန့်လို့ ..။
ဒီနားမှာ ..
ငါတို့ စာအံသံတွေ ပဲ့တင်ထပ်နေသေးတယ် ..။
ဒီအရိပ်မှာ ..
ငါတို့ ရယ်သံတွေ စာစာညံနေဆဲပဲ ..။
ဒီစိမ်းဖန့်ဖန့် မြက်ခင်းတွေပေါ်မှာ ..
ငါတို့ ခြေရာတွေ ထင်ကျန်နေတုန်းပဲ ..။
သူငယ်ချင်းရေ ..
ငါ့စိတ်ထဲမတော့ အရာရာဟာ ..
အရင်လို .. မပြောင်းမလဲ ..
နက်ရှိုင်းနေဆဲ .. သိမ်မွေ့နေဆဲ ..
ဒါပေမယ့် ..
(ခုတော့) ငြိမ်သက်နေတဲ့ ပန်းချီတချပ်ပေါ့ ..။
လှိုင်းခတ်နေတဲ့ ငါ့တမ်းတခြင်းတွေတော့ ..
ခုန်ပေါက် လှုပ်ရှားရင်း တဖွဲဖွဲ ကျဆင်းသွားကြတယ် ..
ပကတိ ငြိမ်သက်ခြင်းတွေပေါ်ကိုလေ ..
ဇွန်လဆန်းမှာ ကြဲချတတ်တဲ့ မိုးစက်တွေလိုပါပဲ ..။
တမ်းတရင်းကနေ လွမ်းဆမိပြန်တော့ ..
ငါ့ရင်ထဲလည်း ဇွန်လရဲ့မိုးတွေ ..
အခုမှ သည်းသည်းလှုပ် ရွာသွန်းနေပေါ့ ..။
ပင်ခြေမှာ ငိုက်စိုက်ကျနေတဲ့ ငါ့အကြည့်တွေ ..
ကောင်းကင်ကို ပို့တော့ ..
အာရုံက မိုးစက်တွေကို ၀မ်းပန်းတသာ ခံစားလို့ ..။
ငါတို့တွေ .. ဟိုးးး အရင်ကလည်း ..
ဒီလို မိုးသည်းသည်းတွေထဲမှာပဲ ..
ကဗျာဆန်ဆန် ရင်ခုန်ခဲ့ကြဖူးတယ်နော် ..။
မိုးရေတွေ ဆောင်ကြဉ်းလာတဲ့ မွှေးမြမြ ရနံ့လေး ..
ငါ့နှလုံးသားထဲထိ ခုန်ဆင်းလာတယ် ..။
ပန်းဖြူဖြူတွေကိုမှ ..
အထူးတလည် နှစ်သက်တတ်တဲ့ သူငယ်ချင်းရေ ..
ကွန်ကရစ်လမ်းလေးဒေါင့်မှာ ဧကရာဇ်ပန်းတွေ ..
အချိန်မှန်မှန် ဖွေးနေပြန်ပေါ့ ..။
..
.
လောလောဆယ်တော့ ..
ဒီ အလွမ်းရာသီမှာလည်း ..
ငါ တယောက်တည်းပါပဲလေ ..။
... 99 ...
၎ ဇွန် ၂၀၀၈။
Sunday, May 18, 2008
နားခိုရာ ပေးကြပါ..။
ကျန်းမာရေး ရှုဒေါင့်အရ အဓိကကျတယ်လို့ ပြောနေခြင်းပါ ..။
ဒါဆိုရင် .. ဒီဒုက္ခသည်တွေကို ရေသန့် .. အစားအသောက် .. ဆေးဝါးတွေ လှူနေတာနဲ့ တပြိုက်နက်ထဲပဲ .. အမိုးအကာ အောက်မှာ ပို့ဆောင်ပေးဖို့ လူတိုင်းမှာ စွမ်းဆောင်နိုင်တဲ့အခြေအနေ ရှိပါတယ် ..။
ဒါမှလည်း .. လှူဒါန်း ပေးပို့တဲ့ အစားအသောက်တွေရဲ့ အာဟာရ တန်ဖိုးဟာ .. အမိုးအကာ မရှိလို့ ကျူးကျော် ၀င်ရောက်လာမယ့် ရောဂါတွေကြောင့် အလဟတ်သတ် မဖြစ်မှာပါ ..။
ကျနော်တို့ ရည်မှန်းထားတဲ့ တဲပုံစံကတော့ အခုလို ခပ်ရှင်းရှင်း ဒီဇိုင်းလေးပါပဲ ..။
ဖရိမ် (Frame) ကတော့ ၀ါးလုံးတွေနဲ့ပဲ လုပ်မှာပါ ..။တာလပတ် ၅ ကိုက် အနည်းဆုံး လိုအပ်ပါတယ် ..။
အဲဒီအတွက် ယာယီတဲတလုံးစာကို ..
၂၀ ဒေါ်လာ (US$20) / ဘတ်ငွေ ၅၅၀ သာ ကုန်ကျပါမယ် ..။
အနည်းဆုံး လူ ၄ ယောက်တော့ ခိုလှုံနိုင်ပါတယ် ..။
စိတ်ဝင်စားသူများရှိရင် တဖက်မှာ ဖော်ပြထားတဲ့ အီးမေးကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ..။
... 99 ...
၁၉ မေ ၂၀၀၈။
Saturday, May 17, 2008
လပွတ္တာမှာ ..။
ကျနော် နိုင်းနိုင်း ဘန်ကောက်ကနေ လက်ခံရရှိတဲ့ ဘတ်ငွေ ၈၄၀၀ (မြန်မာငွေ ၃ သိန်း)ကို မေလ ၁၀ ရက်နေ့မှာ ရန်ကုန်မှာရှိတဲ့ လုပ်အားကူညီမယ့် သူငယ်ချင်းတစုဆီကို ပို့ပေးခဲ့ပါတယ်။
ပထမတုန်းကတော့ လှိုင်သာယာအတွက် ကောက်ခံခဲ့ပေမယ့် .. ဒုက္ခသည်ပိုများနေတဲ့ လပွတ္တာဘက်ကို အဆက်အသွယ်လည်း ရသွားလို့ ဦးစားပေးဖြစ်ခဲ့ပါတယ် ..။
တကယ်တော့ ကျနော့်သူငယ်ချင်းတွေက လပွတ္တာကနေရောက်လာတဲ့ ဘုန်းဘုန်းတပါးနဲ့ ဆက်သွယ်မိပြီး အခုလို လှူဖြစ်သွားတာပါ ..။
လပွတ္တာကဘုန်းဘုန်း ဦးစီးပြီး ကောက်ခံရရှိတာရော .. ကျနော်တို့ အလှူငွေ ၃ သိန်းကို ထည့်ဝင်ပြီးတော့ရော .. တခြား သူငယ်ချင်းတွေ ထည့်ဝင်တာနဲ့ပါ .. အားလုံး ၁၀ သိန်းကျော်ဖိုး လှူဖြစ်ပါတယ် ..။
အလှူပစ္စည်းတွေကတော့ ...
ဆန်အိတ် - ၅၀ အိတ်
ရေသန့် - ၆၀၀ ပုလင်း (၁ လီတာပုလင်း)
ဓာတ်ဆား - ၃၀၀ ထုတ်
အခြား မြန်မာလိမ်းဆေး .. သောက်ဆေးများ .. ပါဝင်ပါတယ်။
လပွတ္တာမှာ လှူခဲ့တဲ့ ဘုန်းကြီးကျောင်းတွေကတော့ ...
၁) ဓမ္မဇေယျ ကျောင်းတိုက်
၂) သီရိရတနာ ကျောင်းတိုက်
၃) အသောကာရာမ ကျောင်းတိုက်
၎) ကိုးန၀င်း ပရိပတ္တိစာသင်တိုက်
၅) သရက်တောကျောင်း ပရိပတ္တိစာသင်တိုက်
၆) သာသနောဒယ ကျောင်းတိုက်
အင်းစိန်ရွာမ ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဆောင်ပြီး လိုက်ပါလှူဒါန်းပေးပါသည်။
ဒါ့အပြင် ကြည့်မြင်တိုင် တဖက်ကမ်းမှာလည်း ဆန် ၁၀ အိတ်နဲ့ စုမိသမျှ အ၀တ်အစား ၂ သေတ္တာစာ ပေးပို့ လှူဒါန်းခဲ့ပါတယ်။
သွားလှူတဲ့ လူတွေထဲမှာ ဓာတ်ပုံရိုက်ဖို့ အခြေအနေ မပေးတာကြောင့် .. ပါလာသမျှ ဓာတ်ပုံလေးတွေကိုပဲ ပြန်ဝေမျှလိုက်ပါတယ် ..။
လပွတ္တာမြို့ သရက်တောကျောင်းတိုက်။
သရက်တော ကျောင်းတိုက်မှာ ဆန်အိတ်များချရန် ပြင်ဆင်။
အသောကာရာမ ကျောင်းတိုက်တွင် ခိုလှုံနေသူများအတွက် ရေသန့်ဝေငှ။
ရွာအတွင်းပိုင်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများထံသို့ ပစ္စည်းများကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်။အလှူငွေ ထည့်ဝင်ချင်သူများလည်း တဖက်တွင်ဖော်ပြထားသော အီးမေးသို့ မေးမြန်း လှူဒါန်းနိုင်ပါသည်။
... 99 ...
၁၇ မေ ၂၀၀၈။
Friday, May 9, 2008
သင့် လူမှုစိတ်ဓာတ်လေး မျှဝေခဲ့ပါ။
သနားစရာ ကောင်းလိုက်တာလို့ စုပ်တသပ်သပ် ပြောနေရုံနဲ့တော့ ..
ဒုက္ခတွေ လျော့မသွားနိုင်ပါဘူး ..။
အပိုတွေ မရေရွတ်နေပဲ တကယ်လိုအပ်တာတွေကို တတပ်တအား လုပ်ဆောင်သင့်ကြပါတယ် ..။
လုပ်တဲ့လူတွေလည်း လုပ်နေကြတယ် .. မလုပ်သေးတဲ့လူတွေ ပါဝင်ကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။
ကျနော်တို့ ပိုပြီးများများ လုပ်ဖြစ်လေ .. အထဲမှာ ဒုက္ခပင်လယ်ဝေနေတဲ့ ကျနော်တို့ လူမျိုးတွေ သက်သာရာ ရောက်လေပါ ..။
ဒီတော့ ... ညီအကို မောင်နှမတွေရေ ..
ဝိုင်းဝန်း ကူညီကြရအောင်လား ..။
ကျနော်ကတော့ ရန်ကုန်က သူငယ်ချင်းတွေ အကူအညီနဲ့ ..
လှိုင်သာယာမှာ စားစရာ နေစရာ မရှိသူတွေကို .. ထမင်းချက်ပြီး လွယ်လွယ်ကူကူ စားနိုင်တဲ့ ဟင်းတမျိုးလောက်နဲ့ ဝေငှလှူတန်းနိုင်ဖို့ .. အလှူခံနေပါတယ် ..။
ဆန်ပဲ ဝေမယ်ဆိုရင်လည်း .. ရေတွေ မီးတွေ မရှိလို့ .. အိုးခွက်မရှိလို့ .. ချက်နိုင်မှာ မဟုတ်ပါဘူး ..။
ပြိးရင်လည်း စားစရာ ဟင်းမရှိ ဖြစ်နေမှာပါ ..
ဒါကြောင့် .. ကျနော်တို့ ပိုက်ဆံကောက်တဲ့ လူတွေက တတ်နိုင်သလောက် ၀ိုင်းထည့်ကြပြီး .. လုပ်အားကူမယ့် လူတွေက ရန်ကုန်မှာ အဆင်သင့် စောင့်နေကြပါတယ်။
စိတ်ဝင်စားသူတွေ ကျနော့်ဘလော့မှာ အီးမေးထားခဲ့နိုင်ပါတယ် .. ကျနော် စာရေးဆက်သွယ်ပါမယ် ..။
ဖုန်းနံပါတ် ထားခဲ့ရင်လည်း ရပါတယ် .. အင်တာနေရှင်နယ် ကုဒ်တွေ .. ထည့်ပေးထားခဲ့ပါ ..။
ကျေးဇူးတင်ပါတယ် ..။
... 99 ...
၉ မေလ ၂၀၀၈။
Friday, May 2, 2008
ငါရေးဆွဲတဲ့ အမှား ..။
မျက်စေ့တွေကို ဖွင့် ..
အလင်းတွေကို ခံယူလို့ ..
တနေ့တာကို အစပြုဖို့ ပြင်ဆင် ..
ရေစည်ထဲ ရေလက်ကျန်လေး
တယုတယ ခပ်ဖွဖွ ခပ်ယူသုံး ..
ပေါက်ကွဲသံတချက် ..
ငါ့ရင်ထဲ ပဲ့တင်ထပ်သွားတယ် ..
ဆန်အိုးထဲ ..
လက်ကျန် ဆန် လက်တဆုပ်စာ ..
ငါ့အတွက် .. ထမင်း မဖြစ်နိုင်တော့ဘူး ..
ကဲ .. သတ္တ၀ါတွေအတွက် အာဟာရဖြစ်စေကွာ ..
အိမ်ရှေ့ မြေကွက်လပ်လေး ..
ငှက်ကျေး ကျီကျီကြာကြာ မြည်အာသံတွေ ဖုံးလွှမ်းသွားတယ် ..
ဖရိုဖရဲ အပြုံးတခု ခုန်ဆင်းသွားခဲ့ပေါ့ ..
အကျီ င်္အိပ်ကပ်ထဲ ..
နွမ်းဖတ်ဖတ်နဲ့ ပိုက်ဆံနှစ်ရွက် ..
ပျင်းရိပျင်းတွဲနဲ့ ပုန်းအောင်းနေခဲ့ ..
သူတို့ တန်ဖိုးက ..
အသေးတကာ့ အသေးဆုံးဆိုတော့ ..
ငါ့ခရီးတွေကို ဘယ်ပုံဘယ်နည်းနဲ့ဆက်ရပါ့ ..
ဦးစားပေး စနစ်နဲ့ သွားလိုရာတွေ တွေးပြန်တော့လည်း ..
နေရာတိုင်းက ငါ့အတွက် မဖြစ်မနေ အရေးကြီးနေခဲ့ ..
ငါကသာ နေရာတိုင်းအတွက် အရေးကြီးမနေခဲ့တာ ..
သက်ပြင်းတချက် မှုတ်ထုတ် ..
အထူးအဆန်း မဟုတ်တာ ကြာခဲ့ပါပြီ ..
လမ်းရိုးအတိုင်း ကုန်းကြောင်းပေါ့ ..
သြော် .. ဘ၀ ..
အစကတည်းက မှားနေခဲ့ ..
ဒါကို ငါက ကြံ့ကြံ့ခံတိုက် ..
အမှန်ဖြစ်ဖို့ ကြိုးစားတော့ ..
ငါ .. လူမိုက်ပေါ့ ..
ကဲ .. မွေးကတည်းက ရလာတဲ့ အမှားတွေ ..
ငါ .. ဆက်သိမ်းမထားတော့ဘူး ..
လာရာလမ်းအတိုင်း ပြန်သွားပေတော့ ..
ဒီတခါတော့ .. ငါ့တဘ၀လုံးစာအတွက် ..
အမှားကြီးကြီး ရေးချလိုက်မယ် ..
အမှားကို အမှားနဲ့ ပြန်တိုက်လိုက်ပြီ ..
လာလေရော့ ...
...
..
.
Friday, April 25, 2008
ခွန်အားပြည့်တဲ့ အတောင်တစုံနဲ့အတူ ..။
ကျနော် မြန်မာနိုင်ငံသား ..
မြန်မာပြည်မှာ မွေးဖွားပြီး .. မြန်မာပြည်မှာ ကြီးထွားခဲ့တဲ့သူ ..
မြန်မာပြည်ရဲ့ရင်ငွေ့အောက်မှာပဲ အတောင်အလက်တွေ စုံလင်ခွင့်ရခဲ့သူ ..။
အင်းးး .. အတောင်အလက်တွေ စုံလင်ခွင့် … ။
“စုံလင်ခွင့်” .. လို့သာ ပြောနေရတာ .. ကိုယ်ပျံသန်းချင်ရာကို .. လွတ်လွတ် လပ်လပ် .. ရဲရဲရင့်ရင့် .. ယုံယုံကြည်ကြည် .. ခွန်အားအပြည့်နဲ့ စွန့်စားရဲ လောက်တဲ့ .. စုံလင်ခွင့်မျိုးတော့ မဟုတ်ခဲ့တာ အမှန်ပါပဲ ..။
အချိန်တွေ ပြည့်ပြည့်၀၀ ပေးခဲ့ပါလျက်နဲ့ .. ဒီလို မလွတ်မလပ် မယုံမကြည် ခွန်အားမပြည့်တဲ့ အတောင် အလက်တွေ ဖြစ်လာအောင် .. ဘာတွေကများ ဖန်တီးပြောင်းလဲလိုက်ပါလိမ့် ..။
တကယ်က .. အကြောင်းပေါင်းများစွာ ပေါင်းဆုံမှ အကျိုးရလာဒ်တခု ဖြစ်ပေါ်စေတာ မဟုတ်လား ..။
အရင်က မသိခဲ့ မမြင်ခဲ့ပဲ .. ဒီအကြောင်းပေါင်းများစွာကို ဖြတ်သန်းဖြစ် ခဲ့တယ် ..။
တကယ့်ကို မသိလိုက် မသိဖာသာပါပဲ ..။ သေသေချာချာ သိတာ တခုတော့ ရှိတယ် ..။
ကျနော် ဆောက်တည်ထားဖူးတဲ့ မျှော်လင့်ချက်တွေဟာ .. အကျိုးရလာဒ် သေးသေးလေးတခု အနေနဲ့တောင် ကျနော့်ဆီ ပြန်မလာခဲ့တာကိုပါပဲ ..။
ကျနော် ဘယ်လို အကျိုးရလာဒ်မျိုးတွေ မျှော်လင့်ထားခဲ့ဖူးလဲ ဆိုတာတော့ .. ခပ်ဝါးဝါးတောင် ဖြစ်နေပေါ့ ..။
မှတ်မိတာလေး တခုကတော့ .. ကျနော် စိတ်ဝင်စားတဲ့ ပညာရပ်တခုကို အတားအဆီး အနှောင်အဖွဲ့ ကင်းကင်းနဲ့ သင်ယူလေ့လာခွင့် ရချင်ခဲ့တယ် ..။ လေ့လာခွင့်ရထားတဲ့ ပညာကိုလည်း “ကျနော် တကယ် အသုံးချ နိုင်ပါတယ်”လို့ ဂုဏ်ယူရဲချင်တယ် ..။ အဲဒီလို ထိုက်သင့်တဲ့ ကျွမ်းကျင် တတ်မြောက်ခွင့် ရပြီးတဲ့အခါ ကျရင်တော့ .. ကျနော် မွေးဖွား လူလား မြောက်ခဲ့တဲ့ နေရာမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်တွေ ဆက် လုပ်ချင်တယ် ..။
ဒါတွေက ဖြစ်ချင်ခဲ့တဲ့ တချိန်က ဆန္ဒတခုပါဗျာ ..။
တကယ်လက်တွေ့ ဖြစ်နေခဲ့ .. ဖြစ်နေဆဲတွေကတော့ .. ကျနော့်အထင်နဲ့ ရော .. အမြင်နဲ့ပါ ကွဲလွဲနေခဲ့ပါ တယ် ..။ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့လေ .. အခုကျနော်က .. ကျနော့်ဆန္ဒတွေရဲ့ အဝေးမှာ ရပ်တည်နေ ရတဲ့ လူတယောက် ..။
ဒါပေမယ့် .. ကံကြမ္မာက မျက်နှာသာတော့ တချက်ပေးလိုက်သားဗျ .. ကျနော့်ကို အခွင့်အရေးတခု ပေးတယ်။
ကျနော် တောင့်တခဲ့ဖူးတဲ့ .. “ကျောင်းတက်ခွင့်”ပေါ့ဗျာ ..။ အဲဒါလေးတခုနဲ့တင် မဖြစ်ခဲ့သမျှတွေအတွက် ကျေနပ်နေရတယ် ..။ ခဏတဖြုတ်ဖြစ်ပေါ့ ..။
… … …
ကျောင်းသားအဖြစ်နဲ့ ကျနော့်စိတ်တွေ ပေါ့ပါးလို့ .. စိတ်ကူးတွေလည်း ပြန်ရုန်းထလို့ ..
ကျနော့်စိတ်အားငယ်မှုတွေ တဖြည်းဖြည်း လွင့်ပျောက်လာသလိုပဲ ..။ ကျနော့်ရှေ့မှာ ရောင်စဉ်တွေ ခင်းထားတဲ့လမ်း .. ကျနော်လှမ်းလာမှာကို စောင့်နေပုံရတယ် .. ကျနော် ပျော်ပါတယ် ..။
ဟူးး .. ဒါပေမယ့်ဗျာ ..
“မင်းတို့တိုင်းပြည်မှာ တက္ကသိုလ်မရှိလို့ ဒီမှာလာတက်တာလား” .. လို့ အမေးခံလိုက်ရတိုင်း .. မွန်းမွန်းကြပ် ကြပ်ကြီး ဖြစ်ပြီး .. ကျနော့်အပျော်တွေ လွင့်ပျောက်ကုန်ပါလေရော ..။
အိနြေ္ဒိမပျက် “ရှိတာပေါ့ကွ .. တက္ကသိုလ်တွေမှ အများကြီး ..” လို့ အမြဲ တုံ့ပြန်ခဲ့ပေမယ့် .. ကျနော့် အပြုံးတွေ ကတော့ ပါးလျနေခဲ့ပါတယ် ..။ တဆက်တည်းပဲ ကျနော့်အာရုံတွေက .. ဝေးတမြေက ကျောင်းတော်ကြီးတွေဆီ ပြန်ရောက်ရှိလို့ ..။
… … …
အမှန်တကယ်လည်း ရှိနေတာပဲလေ .. တက္ကသိုလ်တွေမှ အများကြီးရယ် ..
ဒါပေမယ့် .. “တက္ကသိုလ်း”တွေ ..
တက္ကသိုလ်ထဲမှာ အရာရာဟာ ဆွေးမြေ့ဟောင်းနွမ်းလို့ ..။
အဓိကျတဲ့ .. စိတ်ဓာတ်တွေ .. မျှော်လင့်ချက်တွေ .. ယုံကြည်ချက်တွေ ဆိုတာလည်း .. ပုပ်သိုးလို့ဗျာ ..။
သင်ကြားသူတွေလည်း နွမ်းလျ .. သင်ကြားနည်းစနစ်တွေလည်း အပ်ကြောင်းထပ် ..
သင်ကြားရေး အထောက်အကူ ပစ္စည်းတွေလည်း မှန်ဗီဒိုထဲမှာ အတိုး အလျော့မရှိ ..
အနာဂတ်ကို မျှော်ကြည့်နိုင်မယ့် အရာမှန်သမျှ .. ရှိမနေအောင် ဖန်တီး ..
ပြင်းထန်တတ်တဲ့ .. စိတ်ဓာတ်တွေကို ရိုက်ချိုး .. ထွက်ပေါက်မရှိအောင် ကြံဆ ..
နာခံတတ်အောင်ပဲ ကျင့်ပေး .. လမ်းကြောင်းအတိုင်း တသဝေမတိမ်း သွားတတ်အောင် ဆွဲဆောင် ..
ဖြူဖြူစင်စင် တိုးတက်ချင်စိတ်တွေကို .. အမြစ်ကနေ မြေလှန်ပစ် ..
မြင့်မြတ်တဲ့ စိတ်ထားတွေကို .. ယုတ်ညံ့ပေါ့သွမ်းအောင် ပုံသွင်းနေတဲ့ .. ကျောင်းမျိုးတွေတော့ ..
ကျနော်တို့ တိုင်းပြည်မှာ အဆိပ်မှိုပွင့်တွေလိုပဲ .. နေရာအနှံ့ စနစ်တကျ စိုက်ပျိုးထားတယ် ..
အခုဆို ကျနော်တို့တိုင်းပြည်ရဲ့ မျိုးဆက်တွေ အဲဒီမှိုပွင့်တွေကို မသိလိုက် မသိဖာသာပဲ စားသုံးမိပြန်လို့ (အုံလိုက်ကျင်းလိုက်) .. အဆိပ် သင့်နေကြပေါ့ ..။
ဖြေဆေး ဖော်ပေးနိုင်မယ့် သုတေသနအဖွဲ့တွေ .. တက္ကသိုလ်တွေ ဆိုတာတော့ ဝေလာဝေးပါဗျာ ..။
ဖြေဆေးဖော်မိကာမှ ဖြေဆေးအတွက် လတ်တလော သေပေးနေရမယ့် အဖြစ်မျိုးတွေနဲ့ဆိုတော့ ..
အဆိပ်သင့်တာကမှ တော်နေသေးတယ်လို့ တွက်ကောင်းတွက်နေ ကြမှာပေါ့လေ ..။
… … …
ကျနော်ကိုယ်တိုင် တက်ရောက် ပညာသင်ကြားခဲ့ဖူးတဲ့ “…” ကျောင်းတော်ကြီးမှာတော့ ..
ကျနော်တို့ ဘ၀အတွက် စီစဉ်ထားတာ ဘာဆိုဘာမှ ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ အတွေးအမြင်တွေအတွက် ကောင်းချီးပေးမယ့်လူတွေ စောင့် မနေခဲ့ပါဘူး ..
ကျနော်တို့ သိလိုစိတ်တွေအတွက် ဖြည့်ဆည်းပေးနိုင်သူတွေ ကြိုဆို မနေခဲ့ပါဘူး ..
ကျနော်တို့ တက်ကြွမှုတွေအတွက် မှန်မှန်ကန်ကန် ပံ့ပိုး လမ်းပြ ပေးချင်သူတွေ ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ ဥာဏ်စွမ်းဥာဏ်စတွေအတွက် လက်စောင်းထက်စေချင်သူတွေ အသင့်ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ တီထွင်စမ်းသပ်ချင်စိတ်တွေအတွက် မြေတောင်မြောက် ပေးမယ့် ဥယျာဉ်မှူးတွေလည်း အလုပ် မလုပ်နိုင်ကြ တော့ပါဘူး ..
ကျနော်တို့ ဝေဖန်ဆန်းစစ်မှုတွေအတွက် ကျေကျေနပ်နပ် နားထောင်ပေး နိုင်မယ့်သူတွေ ဆက်လက် ရပ်တည် မနေကြတော့ပါဘူး ..
တိုင်းပြည်အနာဂတ်အတွက် အဓိကလိုအပ်တဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ် ခွန်အားတွေအတွက် .. ဓာတ်ကြီး လေးပါး မကတဲ့အရာတွေ ..
ကျနော်တို့တိုင်းပြည်ထဲက ကျောင်းတော်ကြီးတွေထဲမှာ .. တနည်းတဖုံ နဲ့တောင် ရှိမနေခဲ့ပါဘူးဗျာ ..။
ကျနော်တို့ကျောင်းတော်တွေထဲမှာ တကယ်ရှိနေခဲ့တာတွေက .. ခြတွေဗျ .. ခြတွေ ..။
ကျောင်းတော်ရဲ့ နေရာတိုင်းမှာ .. ဘယ်နားကြည့်ကြည့် .. ခြတွေက အုံနဲ့ကျင်းနဲ့ဗျာ .. ရုပ်ဆိုးလိုက်ပုံများ..။
ဘယ်သူမှလည်း အရေးတယူလုပ်ပြီး .. ဖယ်ရှားပစ်ဖို့ မကြိုးစားကြပါဘူး ..
ကျနော်တို့လူမျိုးက သူတပါးပျက်စီးရာ ပျက်စီးကြောင်းကိုမှ မလိုလား ကြတာဗျာ ..
ဒီလိုနဲ့ .. နောက်ဆုံးတော့ .. ခြတွေက အိမ်ရှင်ဖြစ် .. အိမ်ရှင်တွေက အိမ်ပြင်ထွက်ပြေး ..
ပြေးရင်း ပြေးရင်း .. ဝေး၍ဝေးရာကို ရောက်မှန်းမသိ ရောက်လာ ..
အခု .. ကိုယ့်ကိုကိုယ် သတိထားမိတဲ့အချိန်ကျတော့ ..
ကျနော်က ..
ကျောင်းတော်ရဲ့ အပြင် ..
အသိုက်အမြုံရဲ့ အပြင် ..
တိုင်းနိုင်ငံရဲ့ အပြင် .. တကယ့်အပြင်မှာ ရပ်တည်ရောက်ရှိနေခဲ့ပေါ့ ..။
… … …
ကျနော် အခု လေ့လာနေရတဲ့ သင်ခန်းစာတွေမှာတော့ .. ခြနှိမ်နင်းနည်းတွေ မပါဝင်သေးပါဘူး ..
ဒါပေမယ့် .. ကျနော်တို့ကျောင်းတော်တွေကို ပြန်ပြီး ရှင်သန် လန်းဆန်းလာစေဖို့ဆိုရင်တော့ ..
ဒီခြတွေရဲ့ ကျူးကျော်မှုကို တခန်းရပ်အောင် စွမ်းဆောင်နိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းတော်တွေရဲ့ မြေပရ၀ဏ်တွေကို ပြန်သိမ်းပိုက်နိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းမြေတွေကို မြေဆီသြဇာနဲ့ ပြည့်ဝအောင် ပြန်ဖြည့်တင်းနိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းတော်တွေရဲ့အ၀န်းအ၀ိုင်းထဲမှာ ခြစားနိုင်တဲ့ အဟောင်းအနွမ်းတွေကို သစ်လွင် လတ်ဆတ်ခြင်းတွေနဲ့ အစားထိုးနိုင်မှ ဖြစ်လိမ့်မယ် ..
နောက်ပြီး ..
ကျနော်တို့ ကျောင်းဥယျာဉ်အတွက် အမြော်အမြင်ရှိတဲ့ .. စိတ်သဘောကြီးကျယ် မြင့်မြတ်တဲ့ .. အရိပ် တကြည့်ကြည့် ပြုပြင်မွမ်းမံနေတတ်တဲ့ .. ဥယျာဉ်မှူးတွေနဲ့ ပြန်ပြီး အင်အားဖြည့်နိုင်မှာ ဖြစ်လိမ့်မယ် ..။
အရေးအကြီးဆုံးကတော့ .. အသစ် ရှင်သန်ခွင့်ရမယ့် သက်ရှိလေးတွေ ..
စစ်စစ်မှန်မှန်နဲ့ အတောင်အလက်တွေ စုံလင်ခွင့် ..
တကယ့်လောကထဲကို တွန့်ဆုတ်တွေဝေမှု မလျဉ်းမရှိပဲ .. ယုံယုံကြည်ကြည်နဲ့ ဖြန့်ကျက်ပျံသန်းခွင့်တွေ .. ရနိုင်ဖို့ပါ ..။ လောလောဆယ်တော့ .. ကျနော်တို့တော်တော်များများ ..
အဝေးရောက် သားသမီးတွေပေါ့ဗျာ ..
ဒါပေမယ့် .. ကျနော်တို့ အချိန်ဆိုတာ ရောက်လာမှာ ကျိန်းသေပါတယ် ..
အလကားထိုင်နေရင်းတော့ မျှော်လင့်နေလို့ မရဘူးပေါ့ဗျာ ..
အလုပ်တကယ် လုပ်နေကြရင်တော့ မျှော်လင့်ချက်ဆိုတာ တနေ့အသက်ဝင်လာမှာပဲလေ ..
ဒီတော့ ကျနော်တို့ ကြိုးစားကြမယ် .. ဆက်ပြီး မျှော်လင့်ကြမယ် ..။
ကျနော်ကိုယ်တိုင် .. သန်မာ လွတ်လပ်ပြီး ..
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ အတောင်အစုံတွေ ပိုင်ဆိုင်လာတဲ့တနေ့ ..
ကျနော့်စိတ်ကူးတွေ အကောင်အထည်ပေါ်နိုင်အောင် ပြန်လာခဲ့မှာပါဗျာ ..
ဒီတခါ ကျနော့်ရဲ့အပြန်ခရီးမှာ ..
အကြောင်းပေါင်းများစွာကို .. မသိလိုက် မသိဖာသာ ဖြတ်သန်းတာမျိုး မဖြစ်စေရဘူး ..
အကြောင်းပေါင်းများစွာထဲက .. အကျိုးရလာဒ်တွေကို ဆွဲထုတ်ရယူနိုင်ဖို့ ..
ပြောင်းလဲခြင်းတွေ ဖန်တီးနိုင်သူ ဖြစ်စေရမယ်လို့ ..
ကျနော့်အတောင်ပံတွေကို ပြန်မွေးမြူ အားဖြည့်နေရင်းက .. ဆန္ဒပြုလိုက်တယ်ဗျာ ..။
နိုင်းနိုင်း။
၂၅ ဧပရယ် ၂၀၀၈။
Sunday, April 20, 2008
“ကျနော့် ပျိုးခင်း ..”
၁၄ မတ် ၂၀၀၈။
သောကြာ။
Wednesday, April 16, 2008
အသစ် ..။
..
.
စက္ကန့် အသစ် ..
မိနစ် အသစ် ..
နာရီ အသစ် ..
နေ့ရက် အသစ် .. တွေ .. (မြင်လား ဟိုမှာ ..)
အတွေး အသစ် ..
အမြင် အသစ် ..
စိတ်ကူး အသစ် ..
ခံစားချက် အသစ် ..
ရင်ခုန်သံ အသစ် .. တွေနဲ့ .. (တိုးဝင် ကြည့်ကြရအောင် ..)
ရည်ရွယ်ချက် အသစ် ..
မျှော်လင့်ချက် အသစ် ..
စိန်ခေါ်မှု အသစ် ..
နည်းလမ်း အသစ် ..
ရင်ဆိုင်မှု အသစ် .. တွေအတွက် .. (အဆင်သင့်ပြီလား ..)
.
..
အောင်မြင်မှု အသစ်တွေ ..
(ငါတို့လို ..)
လူသစ် ..စိတ်သစ် .. တွေကို
စောင့်ကြိုနေတယ် ..။
ခြေလှမ်း အသစ်တွေ .. (စ လိုက်ရအောင် ..)
အရောင် အသစ်တွေ .. တလက်လက်နဲ့ ..
လက်တကမ်းက ..
ရွှေရောင် .. အနာဂတ် အသစ်ဆီကို ..။
... 99 ...
၁၇ ဧပရယ် ၂၀၀၈။
(နှစ်ဆန်း ၁ ရက်နေ့)
Friday, April 11, 2008
သင်္ကြန်လေနဲ့ အတူ ..။
မင်းကတော့ ရောက်မလာခဲ့ပါဘူး ..
ကြည်လင်သာယာတဲ့ နေ့ခင်းလေးပါ ..
အရာရာ ငြိမ်သက်လှပလို့ ..
မင်းမလာခဲ့တာက လွဲရင်ပေါ့ ..
ချုပ်ညရီတရောကို ရောက်လာပြန်ပြီ ..
မြင်မြင်သမျှ .. လွမ်းဆွတ်ခြင်း ရနံ့တွေ ဖြန်းပက်ထားလို့ ..
တမ်းတမ်းတတနဲ့ မင်းကို မျှော်ဆွေးမိပြန်ပေါ့ ..
ကြယ်တာရာတွေ အစုံအလင်နဲ့ ..
ဒီလို ညခင်းမျိုးဆိုရင်လည်း ..
မှိတ်တုတ် မှိတ်တုတ် အလင်းလှုပ်လှုပ်တွေအောက်မှာ ..
ဆို့ဆို့နင့်နင့် မျှော်လင့်ချက်ကြီးကို အသက်သွင်းမိပြန်ရော ..
ဗြုန်းကနဲဆို .. မင်း .. ပြန်များရောက်လာမလားလို့လေ ..
ဘာလိုလိုနဲ့ သင်္ကြန်ဆိုတာတောင်
တကျော့ ပြန်ရောက်လာပေါ့ ..
ပြန်မကျော့နိုင်သူက ..
ငါ့ရင်တွင်း အမတေလေး .. မင်း ..
အိမ်အပြင်မှာ ..
သင်္ကြန်မိုးတွေလည်း .. ရွာနေပြန်ပြီ ..
ငါ့ရင်ထဲလည်း စိုစိုရွှဲလို့ပေါ့ ..
မင်းအတွက် သွန်းဖြိုးလိုက်တဲ့ ..
အလွမ်းမိုးတွေကြောင့်လေ ..
နှစ်မကူးသေးဘူး ..
ဒီအချိန် တန်ခူးလေးမှာ ..
အလှထူးနေတဲ့ .. ပိတောက်ဦးတွေ ..
ငါ့ရင်ရဲ့ အငုံအဖူး .. မင်းအတွက်
ရည်စူးထားလို့ပါ ..
ဟော ..
ရေလောင်းသူတွေလည်း လောင်းနေကြပြီ ..
မုန့်ဝေသူတွေလည်း ဝေကုန်ကြပြီ ..
အားလုံးမျက်နှာပေါ်မှာ ..
ပိတောက်နဲ့ အပြိုင် ..
ဧပရယ်နေမင်းကို အန်တုမယ့် ..
အရယ်တွေ .. အပြုံးတွေ ..
ပွင့်လို့ .. လန်းလို့ ..
လူတကာတွေ .. ပျော်ရွှင်နေရောပေါ့ ..
ငါလည်း .. ပျော်ရွှင်ပါရစေ .. မင်းရယ် ..
ဒီတခါ .. သင်္ကြန်လေ အနွဲ့မှာ ..
ငါ့ဆီ .. ပြန်လှည့်လာခဲ့ပါကွယ် ..။
... 99 ...
၁၂ ဧပရယ် ၂၀၀၈။
Monday, April 7, 2008
ခက်တဲ့ မင်း ..။
မင်း ..
ငါ့ကို အနှောင့်အယှက် ပေးလွန်းနေပြီ ..။
မင်းကြောင့် ..
ငါ .. အိပ်ရေးတွေ ပျက် ..
မင်းကြောင့် ..
ငါ .. အစားအသောက်တွေ ပျက် ..
မင်းကြောင့် ..
ငါ .. တနေ့တာ လှုပ်ရှားမှုတွေ ပျက် ..
မင်းကြောင့် ..
ငါ .. လူမှုရေးတွေ ပျက် ..
မင်းကြောင့် ..
ငါ .. ပတ်ဝန်းကျင် အလှအပတွေ မငဲ့ကွက် ..
မင်းကြောင့် ..
ငါ .. အပေါင်းအသင်း အသိုင်းအ၀ိုင်းထဲက ထွက် ..
မင်းကြောင့် ..
ငါ .. စာမေးပွဲမှာ ခက် ..
မင်းကြောင့် ..
ငါ့ နေ့တွေ .. ညတွေလည်း ပျက် ..
မင်းကြောင့် ..
ငါ့ နှလုံးသားတွေ .. အေးစက် ..
မင်းကြောင့် ..
ငါ့ အသက်ရှုသံတွေ .. မသွက်လက် ..
မင်းကြောင့် ..
ငါ့ ဦးနှောက်တွေ .. ပေါက်ထွက် ..
မင်းကြောင့် ..
မင်းကြောင့် ..
..
.
“မင်း” ဆိုတဲ့ .. အင်တာနက်ကြီးရေ ..
ငါ့ ခေါင်းထဲက ထုတ်ပစ်ရလိမ့်မယ် ..
ခဏတဖြုတ် ဖြစ်ဖြစ်ပေါ့ကွာ ..
..
.
မင်း ..
ငါ့ကို အနှောင့်အယှက် ပေးလွန်းနေလို့ပါ ..။
... 99 ...
၇ ဧပရယ် ၂၀၀၈။
[စာမေးပွဲအတွက် စာကျက်နေတုန်းလေး ကြိုးစားထားတာ ..။]
Wednesday, April 2, 2008
အရင်လို မြို့လေး ..။
ရုပ်ကြွင်းတွေ တပုံတပင်နဲ့ ..
အေးခဲရပ်တန့်နေခဲ့ပေါ့ ..
တခါသော .. ရာဇ၀င်ထဲမှာလေ ..။
ကျနော့်မြို့လေးမှာ ..
ပကတိ ရိုးသားမှုတွေ ကျန်ရစ်တယ် ..
ဖြူစင်စွာ ကျွမ်းဝင်တတ်ခြင်းတွေ နေရစ်တယ် ..
သန့်စင်တဲ့ ပေးဆပ်ခြင်းတွေ ကြွေရစ်တယ် ..
ယုံကြည်ခြင်းတွေ ခန်းခြောက်နှင့်တယ် ..
ခိုင်မြဲတဲ့ကတိသစ္စာတွေ ကျိုးပဲ့ချန်ရစ်တယ် ..
အမြဲလန်းဆန်းနေတတ်တဲ့ .. မေတ္တာတရားတွေတောင်
ကျောက် ဖြစ်ကုန်ကြတယ် ..
တခါက .. ရာဇ၀င်တပုဒ်လိုလေ ..။
အခု .. ကျနော့်မြို့လေးက ..
ဟန်ဆောင်ခြင်း ၀တ်ရုံနက်ကြီးနဲ့ ..
အသစ်အဆန်းတွေနောက် ကောက်ကောက်ပါရင်း ..
ညစ်ထပ်ထပ် အပြုံးတုတွေ ဖလှယ်နေကြတယ် ..
သားကောင် ဖြစ်နေမှန်းမသိတဲ့ မုဆိုးတွေနဲ့ ..
မုဆိုး ဖြစ်နေမှန်းမသိတဲ့ တရားဟောဆရာတွေက ..
အချင်းချင်း ပျက်လိုပျက်စီးခြင်းကို ဦးတည်လို့ ..
ဆူလောင် မှောင်ပွက်နေအောင် တန်ဆာဆင်ကြတယ် ..။
လတ်တလော .. ကျနော့် .. မြို့လေးထဲမတော့ ..
ကျီးကန်းတွေ အချိန်တိုင်း တောင်းမှောက်နေပြီး ..
နှိပ်ကွပ်ခြင်းတွေဟာ ပုံမှန်လိုပဲ လည်ပတ်လို့ ..
စွန့်လွှတ်သူတွေရဲ့သတ္တိကို ဟာသလုပ်နေကြပေါ့ ..
တနပ်ပဲစားရ စားရ .. နပ်တ၀က်ပဲ စားရ စားရ ..
ဘ၀တပုဒ်ကို ဖတ်ရတာ ..
အစားတလုပ်လောက် အရသာမတွေ့လေတော့ ..
မြို့လေးဟာ .. စားခွက်လုကွင်းသာသာ ..
ငါ့အတွက် .. ငါသာဆိုတဲ့ ..
ရယူလိုခြင်းတွေနဲ့ ဟုန်းဟုန်းထလို့ပေါ့ ..။
တယောက်အပူကို တယောက်က အမြတ်ယူလို့ ..
တဦးမျက်ရည်က နောက်တဦးအတွက် အပန်းဖြေစရာဖြစ်လို့ ..
တကယ်အလုပ်လုပ်သူတွေ ချောက်ထဲ တွန်းချခံနေရလို့ ..
ရေလိုက်ငါးလိုက်တွေတော့ တမွန်းတည့်နေကြလို့ ..
ကျနော့် .. မြို့လေးမှာဗျာ ..
လောင်မြိုက်နေလိုက်ပုံများ ..။
အေးချမ်း ဆိတ်ငြိမ်လွန်းလို့ ..
လူသူ မရောက်မပေါက်တာ ကြာပြီဖြစ်တဲ့ ..
“ဗြဟ္မစိုရ်” ဆိုတဲ့ လမ်းလေးကတော့ ..
ခြုံနွယ်ပိတ်ပေါင်းတွေ ကြားကနေ ..
ခပ်ငေးငေး မျှော်ကြည့်နေရှာရဲ့ ..
အေးခဲနေခဲ့တဲ့ .. ကျနော့်မြို့လေး ..
ဟိုး .. အရင်လို ..
ပြန်လည် အသက်ဝင်လာမယ့်နေ့ကိုလေ ..။
... 99 ...
၂ ဧပရယ် ၂၀၀၈။

