ပူလောင်မှုတွေ .. လွှတ်ချခဲ့ကွယ် ..။
ဘ၀မှာ မေ့လျော့နေခဲ့တာတွေဆီ ..
အချိန်တွေ မလွန်ခင် ..
လွင့်ပါးကြည့်ကြရအောင် ..။
နှောင်ကြိုးကင်းတဲ့ ..
လွတ်လပ် ပေါ့ပါးခြင်းတွေသာ ..
ရင်နဲ့အတူ သယ်ဆောင်လာခဲ့ပါ ..။
ဟောဟို .. အရှေ့ဘက်ကောင်းကင်ကနေ ..
ရွှေရည်တွေ ပက်ဖြန်းပေးနေကျ .. နေလုံးနီနီကို
ငါတို့အတူတူ .. နှုတ်မဆက်မိခဲ့သေးဘူး ..။
မနက်ခင်းတိုင်းမှာ ငှက်မျိုးပေါင်းစုံ ..
သံရွှင်ကြည်မြ ချိုတေးဖွဖွ .. သီကြွေးနေကြရဲ့ ..
ငါတို့အတူတူ .. နားမဆင်မိခဲ့သေးဘူး ..။
နွေလည် နေခင်းတွေရဲ့ .. လေပြေရူးမှာ
အရောင်စုံစုံ သစ်ရွက်ခြောက်လေးတွေ ..
ခုန်ပေါက် ရယ်မောနေကြတယ် ..
သူတို့နဲ့အတူတူ .. ငါတို့ မရယ်မိခဲ့သေးဘူး ..။
ဆောင်းမနက်ခင်းမှာ ..
တွဲခိုနေတတ်တဲ့ ငွေရောင် နှင်းစက်တွေ
ဘယ်လောက်လန်းဆန်း ကြည်နူးစေလဲဆိုတာ ..
ငါတို့အတူတူ .. သတိမထားမိခဲ့သေးဘူး ..။
ခပ်ဖွဖွ .. ခပ်ဖွဲဖွဲနဲ့ .. တစိမ့်စိမ့် ..
သဏ္ဍာန်စုံအောင် ရွာတတ်တဲ့ ..မိုးရေစက်တွေမှာ ..
အေးမြခြင်းရဲ့ ဂီတသံစဉ်တွေ ပျော်ဝင်နေပါလား ဆိုတာ ..
အတူတူတုန်းက .. ငါတို့ အာရုံတွေ မညှိမိခဲ့သေးဘူး ..။
ရာသီကြည်လင်တဲ့ .. ညနေခင်းတွေမှာ ..
တိမ်ကောက်ကြောင်းတွေ ဆွဲဖို့ ..
ငါတို့အတူတူ ..
ကောင်းကင်ကြီးကို မော့မကြည့်မိခဲ့သေးဘူး ..။
မိုးရေစိုစိုနဲ့ .. စိမ်းလန်းနေတတ်တဲ့ ..
ကောင်းကင်ပြာအောက်က .. မြက်ခင်းပြင်ရိုင်းရိုင်းတွေ ..
လေပြေအနှော့မှာ .. လှုပ်ရှား ကခုန်နေကြတာကို ..
ငါတို့အတူတူ .. သွားမကြည့်မိခဲ့သေးဘူး ..။
ပန်းအကြွေဆိုပေမယ့် ..
ညီမလေးကို လန်းရွှင်စေတဲ့ ..
မွှေးမြမြ .. ခရေပန်းလေးတွေ ..
ကောက်ယူ .. သီကုံးပေးဖို့ ..
ဟိုးအရင် .. ငါတို့အတူတူတုန်းက ..
ပျက်ကွက်မိခဲ့ဘူးတယ် ..။
ဟိုမှာ .. ကျယ်ကျယ်လွင့်လွင့် ဝေဟင်ပြင်ထဲ ..
ထင်ရာစိုင်း ပျံသန်းနေတဲ့ .. ပျံလွှားငှက်တွေ ..
သူတို့ဦးတည်ရာ ဘယ်ကိုဆိုတာ ..
ငါတို့အတူတူ .. မဆွေးနွေးမိခဲ့သေးဘူး ..။
လေပြည်လေညင်းတွေ တိုက်ခတ်နေတဲ့
သာသာယာယာ နေ့မျိုးတွေဆို .. ကောင်းကင်မြင့်မြင့်ဆီကို
စက္ကူစွန် အရောင်စုံတွေ .. လွှတ်တင်ဝဲပျံလို့ ..
ငါတို့အတူတူ .. လိုက်ပါ ကြည်နူးခဲ့ဖို့ သတိမထားမိခဲ့ဘူး ..။
ခပ်ဝေးဝေးမှာ .. မှိုင်းညို့ညို့တောင်တန်းကြီးတွေ ..
မိုးထိအောင် ထိုးခွဲလို့ ..
တိမ်ဖြူအုပ်တွေ ကြားမှာ ခန့်ထည်နေပုံများ ..
ဒီတောင်တန်းတွေပေါ်ကနေ ..
ငါတို့အတူတူ တိမ်တွေကို ဖမ်းဆုပ်မကြည့်မိခဲ့သေးဘူး .. ။
ဝါရွှေရောင် .. သဲသောင်စပ်မှာ ထိုင်လို့ ..
ကြည်ပြာပြာ ပင်လယ်ရေတန်းအဆုံး ..
ခပ်လှမ်းလှမ်းက မိုးကုပ်စက်ဝိုင်းဆီ ..
ငုပ်လျှိုးတိမ်မြုပ်သွားတတ်တဲ့ ..
ပုစွန်ဆီရောင် .. နေလုံးကြီးကို ..
လက်ပြ နှုတ်ဆက်ကြည့်ဖို့ ..
ငါတို့အတူတူ .. မေ့လျော့နေခဲ့သေးတယ် ..။
မြက်ခင်းပြင်ပြန့်ပြန့်ပေါ် .. လှဲလျောင်းလို့ ..
ဟိုးးးးးအဝေးကြီးက .. နဂါးငွေ့တန်းဆီမှာ ..
ကြယ်ရောင်စုံတွေ လင်းလက်နေတာကို ..
ငါတို့အတူတူ .. မရေတွက်မိခဲ့သေးဘူး ..။
မိုးမရွာတတ်တဲ့ .. လပြည့်ညမျိုး ..
ကောင်းကင်မှာ .. ချိတ်ဆွဲထားတဲ့ ..
မီးအိမ်ဖြူဖြူ ၀ိုင်းဝိုင်းကြီးကို .. မော့ကြည့်မိဖို့ ..
ငါတို့အတူတူ .. ရှိနေတုန်းက ..
ယောင်လို့တောင် မစဉ်းစားမိခဲ့ဘူးနော် ..။
ပြောနေရင်းတောင် .. သဘာဝတရားတွေ ..
ငါတို့နားကနေ .. ဖြတ်ပြေး ပျောက်ကွယ်နေကုန်ပြီ ..
မြန်မြန်လာ .. ညီမလေးရေ ..
သဘာဝတရားရဲ့ နှစ်သိမ့်မှုတွေကို ခံယူလို့ ..
သဘာဝတရားရဲ့ ရင့်ကျက်မှုတွေကို သင်ယူဖို့ ..
သဘာဝတရားက ပေးအပ်သမျှတွေအတွက် ..
ဒီတခါတော့ နောက်မကျရအောင် ..
ငါတို့ရဲ့ အာရုံတွေကို ဖွင့် ..
ခံစားချက်တွေကို ရွက်လွှင့်လို့ ..
အပြစ်ကင်းတဲ့ သဘာဝကြီးဆီ..
ငါတို့အတူတူ .. တခါလောက်တော့
ငြိမ်းငြိမ်းချမ်းချမ်း နစ်မြုပ်ကြည့်လိုက်စမ်းရအောင်ကွာ ..။
... 99 ..
၁ စက်တင်ဘာ ၂၀၀၈။
အစ်မရေ
ReplyDeleteဟိုးအဝေးကြီးမှာစံပယ်တွေပွင့်နေသတဲ့..တကယ်တော့ လက်တကမ်းသာသာက စံပယ်ဖူးတွေကိုပဲ မေ့နေလိုက်တာ တကယ့်ကို အသက်ရူဖို့ တောင် မေ့နေခဲ့ချိန်တွေ များလွန်းနေပြီ..
သွားကြစို့  လွတ်လပ်ပေါ့ပါးတဲ့ကောင်းကင်ကြီးတွေ တို့ တွေရဲ့တောင်ပံတွေကိုဖြန့်လို့ ပေါ့..
ကဗျာ အရေးအသားတွေကောင်းတယ်ဗျာ ။အားပေးနေပါတယ်။
ReplyDelete