Wednesday, January 11, 2017

"နတ်ဆိုးရဲ့ ကြိုး ..။"

ငါဟာ ..
ငါကိုယ်တိုင်အတွက် နတ်ဆိုး .. ။
ဗြတ်စောင်းအိုဆီက ..
သံစဉ်ချိုတွေသာ ..
ငါ့နှလုံးသားကို ပွေ့သိမ်း ..
နားချနိုင်ရဲ့ .. ။
ဒါပေမယ့် ..
ကြိုးညှိ မိုးလင်းတွေနဲ့တော့ ..
ခပ်ဝေးဝေး နေမယ်ကွယ် .. ။

-- 99 --
၁၂ ဇန်န၀ါရီ ၂၀၁၆။

"ပွင့်ချိန် ..။"

ဒီမျက်တောင်မည်းလေး အပင့် ..
ငါ့ စကြာဝဠာထဲ ..
ပန်းတွေ .. ပန်းတွေ ..
အပြိုင်းအရိုင်း .. ပွင့် ..။

-- 99 --
၁၀ ဇန်န၀ါရီ ၂၀၁၇။

Thursday, January 5, 2017

လွတ်လပ်တဲ့ .. စိတ် ..။

လူတိုင်းပဲ စိတ်လွတ် လက်လွတ်နေရတာကို နှစ်သက်ကြတယ် ..။ ကိုယ့်ဘ၀ကို ကိုယ်ထင်သလို ကိုယ်ပျော်သလို နေချင်တတ်ကြတယ် ..။ ဖြစ်နိုင်ရင် ကိုယ့်လွတ်လပ်မှုထဲကို .. တခြားသူ ၀င်ရောက် စွက်ဖက်တာတို့ .. အကြံပြုတာတို့ .. အမိန့်ပေးတာတို့ .. ဘာတခုမှ မလိုချင်ကြဘူး ..။ ဘ၀ရဲ့ အစစ်အဆေးနဲ့ အထုအထောင်းတွေ .. လူ့အသိုင်းအ၀ိုင်းရဲ့ စည်းနှောင် ဘောင်ခတ်မှုတွေ .. ဟာလည်း စိတ်လွတ်လပ်မှုကို ကန့်သတ် .. ချုပ်နှောင်နေတဲ့ အကြောင်းတရားတွေလို့ .. (အနည်းနဲ့ အများ) လက်ခံထားကြတယ် ..။

လူရယ်လို့ ဖြစ်လာတဲ့အခါ .. မျှော်လင့်ချက် ၀န်ထုတ်တွေ .. ပေးဆပ်စရာ ၀န်ထုပ်တွေ .. တပုံကြီး ထမ်းလို့ .. မြင်နိုင် မမြင်နိုင်တဲ့ ကြိုးပေါင်း မြောက်များစွာ .. တုတ်နှောင်ခြင်း ခံထားရတာ သဘာဝပါ ..။ မိသားစုအတွက် .. လူ့အသိုင်းအ၀ိုင်းအတွက် .. လိုက်နာ စောင့်စည်းရမယ့် ကျင့်ဝတ်တွေ .. ဖြည့်ဆည်းရမယ့် တာဝန်တွေ ..။ အဲ့ဒီအတွက် လေးလံ ဖိစီးရတဲ့ စိတ် ..။ ကိုယ့်ဘ၀ ရပ်တည်မှု .. ယုံကြည်မှုနဲ့ ရှင်သန်မှုတွေ တထပ်တည်း မကျတဲ့အခါ .. ကြေကွဲဆို့နစ်လို့ ..အသက်ရှုကြပ်ရတဲ့ စိတ် ..။ ကိုယ်ယုံကြည်ရာတွေနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုတွေ ဆန့်ကျင်ဘက် ဖြစ်နေတဲ့အခါ .. အားတင်း တောင့်ခံရင်း .. ဒွိဟစိတ်တွေကို တွန်းလှန်ရင်း .. မောပန်းနွမ်းနယ်ရတဲ့ စိတ် ..။ ဘယ်လိုပဲ ဖြစ်ဖြစ် .. လွတ်လပ်ခွင့် မရတဲ့ .. စိတ်ပေါင်း အသင်္ချေ .. အသက်ရှင်သန် နေသရွေ့ .. ကြုံတွေ ဖြတ်သန်းနေရအုံးမှာပါ ..။

ဒီတော့ .. လွတ်လပ်တဲ့ စိတ်ဆိုတာ .. ဘယ်လိုမျိုးလဲ .. ဘယ်အခါမှ လွတ်လပ်မှာလဲ .. ဘယ်လို ကြိုးစားမှ လွတ်လပ်မှာတဲ့လဲ ..။

တကယ်တော့ .. လွတ်လပ်တဲ့ စိတ်ဆိုတာ .. စိတ်လွတ်ကိုယ်လွတ် မတွေးမဆ နေချင်သလို နေတာမျိုးကို .. ပြောတာလည်း မဟုတ်ဘူး ..။ မိသားစု၊ လူ့အသိုင်းအ၀ိုင်းရဲ့ စည်းဘောင်တွေကနေ .. တရားဝင် လွတ်လပ်ခွင့် ရတာမျိုးလည်း မဟုတ်ဘူး ..။ ဆင်းရဲကြပ်တည်းမှု .. မတရား ဖိနှိပ်မှု .. ငြင်းပန်းနှိပ်စက်မှု နဲ့ အချုပ်အနှောင် တွေကြောင့် .. မလွတ်မလပ် ဖြစ်နေတာမျိုးလည်း မဟုတ်ဘူး ..။ အာဏာရှိမှု .. နာမည်ကျော်ကြားမှု .. လုပ်သမျှ အောင်မြင်မှု .. စည်းစိမ် ဥစ္စာ ပြည့်စုံမှု .. သက်တောင့် သက်သာနဲ့ ဘ၀ကို ငြိမ့်ငြိမ့်ညောင်းညောင်း ဖြတ်သန်း မှုတွေကြောင့်လည်း .. ငါ့ စိတ်အလိုရှိရာ လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုပြီး .. လွတ်လပ်နေတာမျိုးလည်း မဟုတ်ဘူး ..။ 

စိတ်ဟာ ဂုဏ်တက် .. မာန်တက် .. မောက်မာနေပြန်ရင်လည်း လွတ်လပ်တဲ့ စိတ် မဖြစ်ပြန်ဘူး ..။ 
"ငါလို သီလ လုံတဲ့လူ မရှိ .. ငါ့လို အများ ကောင်းကျိုး လုပ်နေတဲ့လူ မရှိ .." စသဖြင့် ကိုယ့်ကိုကိုယ် အမွှန်းတင်နေရင်လည်း စိတ်ဟာ တင်းမာ ကျွတ်ဆတ်နေပြန်တယ် ..။ အဖိနှိပ်ခံရမှာ ကြောက်လို့ (ဒါမှမဟုတ်) ဖိနှိပ်ခွင့် မရတော့မှာ စိုးလို့  .. ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်ရင်လည်း .. စိတ်ဟာ အဂတိ တရားတွေနဲ့ ငြိစွန်းနေလို့ မလွတ်လပ်တော့ ပြန်ဘူး ..။

လွတ်လပ်တဲ့စိတ် ဖြစ်လာတဲ့အခါ .. စိတ်ဟာ သန့်စင်စွာ .. အရောင်ကင်းစွာ .. အဂတိကင်းစွာ .. ကိုင်းညွတ်မှုကင်းစွာနဲ့ တည်ကြည် ငြိမ်သက်လာတယ် ..။ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေ .. ပြောင်းလဲမှုတွေ .. တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတွေဟာ "ငြိမ်သက်နေတဲ့ စိတ်" အပေါ် သက်ရောက်မှု မရှိနိုင်တော့ဘူး ..။ ပတ်ဝန်းကျင်ရဲ့ ဖိအားနဲ့ သာယာမှုတွေကနေ .. ရွေးချယ်မှု ကင်းစွာနဲ့ .. တစတစ လွတ်လပ်လာတယ် ..။ အားကောင်း နက်ရှိုင်းစွာ စီးဆင်းနေတဲ့ .. မြစ်တစင်းလိုပဲ .. သန်သန်မာမာ .. ပျော်ရွှင်စွာနဲ့ .. ဘာအရာကိုမှ ဖမ်းချုပ် ဆုပ်ကိုင်ထားစရာ .. သိုဝှက် သိမ်းဆည်းစရာ မလိုတော့အောင် .. လွတ်လွတ်လပ်လပ် စီးဆင်းလေတော့တယ် ..။

သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ သူ့ဘ၀တလျှောက်လုံးမှာ .. ဘယ်အရာကိုမှ သိမ်းဆည်း ကွယ်ဝှက်မထားပဲ .. အမှန်ကိုသာ ပြော .. အမှန်ကိုသာ ကျင့်သုံး .. ရှိသမျှကို ဝေမျှခဲ့လို့ .. တံခါးဖွင့် ၀ါဒကို ကျင့်သုံးသူလို့ နာမည်ပေးခံခဲ့ရတယ် ..။ တကယ်တော့ .. သူ ကျင့်သုံးတဲ့ တံခါးဖွင့် ၀ါဒဆိုတာ .. နှလုံးသားနဲ့ စိတ်ကို ဖွင့်ပြီး ကျင့်သုံးတာလို့ ပြောရမယ် ..။ သူ့စိတ်က လွတ်လပ်တဲ့ လေစီးကြောင်းလို .. ရေစီးကြောင်းလို .. သူနဲ့ ထိတွေ့ခွင့်ရသမျှ စိတ်နှလုံးသားတွေ အပေါ် .. လွတ်လပ်မှု အပြည့်နဲ့ စီးဆင်းပေးခဲ့တယ် ..။ ဘယ်သူ့အပေါ်မှာမှ မလွတ်လပ်တဲ့ စိတ်နဲ့ .. မကိုင်းညွတ်ခဲ့ဘူး ..။ အားလုံးကို သာတူ ညီမျှစွာ .. ငြိမ်သက်တဲ့ စိတ်ကို ဗဟိုပြုလို့ .. သူ့စိတ်ရဲ့ လွတ်လပ်ခြင်း တရားမျှတခြင်းကို ခံစား ထိတွေ့စေခဲ့တယ် ..။  သူ့လုပ်ရပ်တိုင်းဟာ .. နာမည်ရဖို့ .. ဥစ္စာရဖို့ .. နောက်လိုက်ခြွေရံ များဖို့ .. သြဇာကြီးဖို့ .. စတဲ့ မျှော်လင့်ချက် စိုးစဉ်းမှ မပါဝင်ခဲ့ဘူး ..။ ဘယ်အရာကိုမှ ပိုင်ဆိုင်ဖို့ မဟုတ် .. ဘယ်ဂုဏ်အတွက်မှ လုပ်ကိုင်ခဲ့တာ မဟုတ်လို့ သူ့စိတ်ရဲ့ လွတ်လပ်မှုဟာ .. အင်အားကြီးမားတယ် ..။

ကမ္ဘာကျော်အဆိုတော် ဘော့ဘ်မာလီက ..
"စိတ်ရဲ့ကျေးကျွန် အဖြစ်ကနေ .. လွတ်မြောက်အောင်လုပ်ပါ ..
ကိုယ့်စိတ်ကနေ လွတ်မြောက်ဖို့ ..
ကိုယ်ကိုယ်တိုင်ကလွဲလို့ .. ဘယ်သူမှ မကူညီနိုင်ပါဘူး" တဲ့ ..။

မိမိကိုယ်တိုင်ရဲ့ .. ဖိနှိပ်ခြင်းနဲ့ မျှော်လင့်ချက်တွေကို .. တွန်းလှန်လာနိုင်တဲ့အခါ .. .. ..
စိတ်ဟာ ..
ဒေါသကနေ လွတ်လပ်လာတယ် ..
တွေဝေမှုတွေကို ဖြိုခွဲ တွန်းထုတ်ပြစ်လာနိုင်တယ် ..
အနှစ်သာရ ပါးလျတဲ့ သာယာမှုတွေ မရှာဖွေတော့ဘူး ..
ချီးမွန်း ထောပနာသံနဲ့ ဂုဏ်ဒြပ်တွေကို ချန်ထားရစ် လာနိုင်တယ် .. 
အထင်သေး နှိမ့်ချခံရခြင်းတွေဟာ .. နေရာပေး အရေးတယူ ပြုနေဖို့ မလိုအပ်တော့ဘူး ဆိုတာ လက်ခံလာနိုင်တယ် .. ။

စိတ်ဟာ ..
ဘယ်အရာကိုမှ ဆွဲကိုင် သိမ်းဆည်း မထားတော့တဲ့အခါ ..
အနှောင်အဖွဲ့တွေကနေ ပြေလျော့လာတယ် .. လွတ်လပ် ပျော့ပြောင်းလာတယ် .. ။
နာကြင်မှုဟာ အမှတ်သဲခြေ ကြီးကြီးနဲ့ .. သိမ်းဆည်းထားစရာ မဟုတ်တော့သလို .. ပျော်ရွှင်မှုဟာလည်း အထူးတလည် ပြန်ထုတ်ကြည့်ရမယ့် အရာ မဟုတ်တော့ဘူး ..။ မျှော်လင့်ထားတာတွေ ဖြစ်မလာလို့လည်း .. စိတ်ပျက်လက်ပျက် ဖြစ်မနေတော့ဘူး .. မျှော်လင့်တာတွေ ဖြစ်လာလို့လည်း .. မထိန်းနိုင် မသိမ်းနိုင် စိတ်လှုပ်ရှား မနေတော့ဘူး ..။

လွတ်လပ်လာတာနဲ့အမျှ .. စိတ်ဟာ ကျယ်ပြန့် သိမ်မွေ့လာတယ် ..။
စိတ်ရဲ့ ကျယ်ပြန့်မှုကြောင့် .. ရိုးရာ "အစွဲ" ပေါင်းများစွာကနေ လွတ်မြောက်ပြီး .. လက်မခံနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို .. လက်ခံနားလည်ပေးနိုင်လာတယ် ..။ သိမ်မွေ့လာတဲ့ စိတ်ဟာ .. နက်ရှိုင်းတဲ့ မေတ္တာတရားရဲ့ ကိုယ်စားလှယ် ဖြစ်လာတော့တယ် ..။

လွတ်လပ်တဲ့ စိတ်မှာ ..
အမှတ်အတေး မရှိ .. အပြစ်တင် စွတ်စွဲလိုခြင်း မရှိ ..
ရန်လိုခြင်း မရှိ .. ဆုံးရှုံးစေလိုခြင်း မရှိ ..

လွတ်လပ်တဲ့ စိတ်မှာ ..
သိမ်မွေ့ခြင်း .. ချစ်ခြင်းမေတ္တာ ..
ခွန်အားပေး မျှဝေလိုခြင်း .. အပြုံးတရားများနဲ့သာ ပြည့်ဝနေပါတယ် ..။ 

-- 99 --
၁၄ အောက်တိုဘာ ၂၀၁၆။