Wednesday, December 9, 2009

ရသ ..။

ညီလေးရေ ...!

ဟောဒီမှာ ...
ငါ သယ်ဆောင်လာခဲ့တဲ့ ..
အဖြူရောင် တိမ်တအုပ် ..
ဟောဟိုက .. အဆုံးအစမဲ့နေတဲ့
မှိုင်းညိုညို တောင်တန်းကြီးတွေပေါ်ကပေါ့ ..
မင်း .. ပွေ့ပိုက်ကြည့်စမ်းပါကွယ် ..
သိမ်မွေ့ခြင်းရသကို ..
ရင်ထဲနက်နက်အထိ ခံစားမိစေချင်လို့ပါ ... ။

မင်း .. ကြားမိလိုက်ရဲ့လား ..!
တောင်တန်းကြီးတွေဆီ .. လည်ပတ်ရင်း ..
ဖြေးဖြေးညင်းညင်း .. နှုတ်ဆက် ဖြတ်ပြေးသွားတဲ့
လေနုအေးအေး ..
သူနဲ့အတူ .. ငါ့ရင်ရဲ့ အမှာစကားတွေ ပါးလိုက်သေးတယ် ... ။

တောင်ခြေရင်းနားက ..
စမ်းရေကြည်နွေးနွေးကိုလည်း .. ငါ မမေ့ပါဘူး ..
အာရုံနဲ့ .. အသေအချာ ထုပ်သိမ်းလာခဲ့တယ် ..
နွေးထွေး နူးညံ့ခြင်းဆိုတာကို ..
မင်း .. ထိတွေ့ ပျော်ဝင်ကြည့်နိုင်စေဖို့ပါ ... ။

အော် .. ဒါနဲ့ ..
စိမ်းလန်းခြင်း ပန်းချီတောအုပ်တွေ ..
ငါ .. ကျောပိုးလာသေးတယ် ..
တောင်တန်းတွေပေါ်က .. အဲ့ဒီ အမြဲစိမ်းတောတွေလို ..
မင်း .. နှလုံးသားတွေကိုလည်း ..
အကြင်နာတွေနဲ့ .. စိမ်းမြ လတ်ဆတ်နေစေချင်တယ် ... ။

ရင်ထဲရောက်တဲ့ .. ပန်းချီလေးတချပ်
ခုထိ .. ငါ့ရင်ထဲ စွဲကျန်နေတုန်း ..
“အရိပ်ပေးရလို့ .. ကြည်နူးနေတဲ့ သစ်ပင်နဲ့ ..
အရိပ်ခိုခွင့်ရလို့ .. ပီတိတွေနဲ့ မြူးလွင်နေတဲ့ ငှက်ကလေး ..
ဘေးမှာလည်း .. တောနွယ်ပန်းလေးတွေ ခြံရံလို့ ..”
ဒီလို .. ငြိမ်းချမ်းခြင်းအစစ်မျိုး ..
မင်း .. ခံစားကြည့်ဖူးစေချင်တယ် ... ။

အင်းး .. ငါ ယူဆောင်မလာနိုင်သေးတဲ့ ..
ခိုပြာရောင် တောင်တန်းကြီးတွေဆီကိုတော့ ..
တနေ့နေ့ .. .. ..
တနေ့နေ့ပေါ့ .. .. ..

သွားဖြစ်အောင် သွားကြည့်လိုက်ပါ ..
တည်ကြည် ခန့်ထည်ခြင်းရဲ့ .. လျှို့ဝှက်ချက်တွေကို
မင်း .. ကိုယ်တိုင်ကိုယ်ကျ ..
နှလုံးသားနဲ့ .. ဖတ်ရှုစေချင်လို့ပါ ... ။

... 99 ...
၉ ဒီဇင်ဘာ ၂၀၀၉။


Wednesday, December 2, 2009

ကောင်းကင် ပြခန်း ..။

လပျောက်တဲ့ ညတုန်းဆီက ..
လမင်းကို ..
လွမ်းသ .. မှန်းဆနေတဲ့ ..
ကိုယ့် ကောင်းကင်ပြခန်းလေး ..
ခဲပြာရောင် ရင့်ရင့် ..
ကြေကွဲခြင်း .. မိုးတိမ်အုပ်တွေ ..
အုံဆိုင်း .. ပျံလွင့်နေခဲ့တယ် .. ။

အိုးး .. ကိုယ့်ကောင်းကင်ရဲ့ အစွန်း ..
ဟိုအဝေးမှာ ..
မှုန်ပြပြ .. ကြယ်လေးတပွင့် ..
(ကိုယ့်ပြခန်းအတွက်တော့ ..)
တောက်ပလွန်းနေသလိုပဲ ..
(အင်းး .. ကောင်းကင်က ..)
နာကြင်ရင်း လက်စမို့ .. ထင်ပါရဲ့ .. ။

ဒီလိုနဲ့ပဲ ..
ကောင်းကင်ရဲ့တိမ်တွေအတွက်တဲ့ ..
ဆန်းသစ်ခြင်း ရောင်စဉ်တွေနဲ့ ..
ကြယ်လေးက .. ခြယ်သ သတဲ့ ..
တခါတခါ .. အ၀ါရောင် ရယ်သံလွင်လွင်တွေနဲ့ .. ပစ်ပေါက် ဆော့ကစားတတ်တယ် ..
တခါတခါ .. မြစိမ်းရောင် လန်းဆန်းခြင်းတွေ .. ဆွတ်ဖြန်း ပျိုးထောင်လို့ ..
တခါတခါ .. ညိုရွှေရောင် လေပြေတွေနဲ့ .. နူးညံ့ နွေးထွေးစေတယ် ..
တခါတခါ .. သံစဉ်အို ခပ်မှိုင်းမှိုင်းတွေသုံးလို့ .. ချော့မြူရင်း ပြုံးစေတယ် ..
တခါတခါ .. အဖြူရောင် မိုးရေစက်တွေနဲ့ ကိုယ့်ကောင်းကင်ကို .. အေးမြစေတယ် ..
တခါတခါ .. အနီရောင်တွေနဲ့ .. သက်တန့်ပေါင်းများစွာ ဖန်တီးပြတယ် ..
အင်းး ..
တခါတလေလဲ .. အစိမ်းရင့်ရင့်တွေ ပြလို့ လှောင်ပြောင် သရော်တတ်သေးတယ် ..
တခါတလေလဲ .. အနက်နုနုဖုံးလို့ .. မျက်ကွယ်ပြုချင် ယောင်ဆောင်တယ် ..
တခါတလေလဲ .. ပန်းဖျော့ဖျော့တွေ သုံးပြီး .. ကောင်းကင်ကို လှုပ်ရှားနိုးကြားစေတယ် ..
တခါတလေလဲ .. ငွေမှင်ရောင် တလက်လက်တွေသုံး .. ထစ်ချုန်း ပြတတ်သေးတယ် ..

ဘာဖြစ်ဖြစ်ပါလေ ...
အခု .. ဒီကောင်းကင်က ..
ရယ်သံတွေနဲ့ အကျွမ်းဝင်လို့ ..
လေပြေတွေကို မှန်းမျှော်ကြည့်လို့ ..
သံစဉ်အိုတွေကို .. အလွမ်းသင့်လို့ ..
ကြည်နူးခြင်း မိုးတိမ်တွေ နေရာယူတတ်လာပြီ ..

ဒါပေမယ့် ..
ကောင်းကင်ရဲ့ ပိုင်ဆိုင်သမျှ ..
ခပ်မှိုင်းမှိုင်း အတ္တတွေသာ များလို့ ..
ရိုးသားတဲ့ .. ကြယ်ငယ်ငယ်ရေ ..
မထိ နွမ်းစေချင်ဘူးကွယ် ..
အရိုးသားဆုံး ဂရုတစိုက် ရှိခြင်းတွေကို .. ကျေနပ်ရင်း ဆက်လက်ရှင်သန်စေမယ် ..
နွေးထွေး နူးညံ့တတ်ခြင်းတွေကိုတော့ ..
အခုထက် ပိုပြီး မပျော်ဝင်အောင် .. ထိန်းသိမ်းရလိမ့်မယ် ထင်တယ် ..
အမြဲတမ်း ..
ကြည်လင်စွာနဲ့ ထွန်းတောက်တတ်တဲ့ .. ကြယ်ပွင့်ငယ်လေး ..
တနေ့နေ့ ..
ကိုယ့်ကောင်းကင် ပြခန်းထက် ..
အလင်းမဲ့ ဆိတ်ငြိမ်နေမှာ ..
ကိုယ် ..
မလိုချင်ဆုံး ဆန္ဒမို့ပါကွယ် .. ။

... 99 ...
၁၆ မေ ၂၀၀၉။