Wednesday, July 30, 2008

စပ်စုပါ ..။

အဖေ : မင်း စပ်စပ်စုစုတွေ သိပ်မလုပ်နဲ့နော် ..
အမေ : သား .. ကိုယ်နဲ့ မဆိုင် တာတွေ မစပ်စုနဲ့ .. ခပ်ဝေး ဝေးနေ ..
ဆရာမ : ဒီကလေး .. တော်တော် အမေး အမြန်း ထူပါလား .. သင်ခန်း စာနဲ့ မဆိုင်တာ မပြော နဲ့အုံး ..
..
.
မှတ်မိ သလောက် .. ကျနော် ငယ်ငယ်က သိပ်ကို စပ်စပ် စုစု နိုင်ခဲ့ဖူး ပါတယ် ..။ ကလေး ဆိုတော့ လည်း သိကြတဲ့ အတိုင်း ပဲ ပေါ့ဗျာ ..။ အသစ် အဆန်းလေး မမြင် လိုက်နဲ့ .. ဒါက ဘာလဲ .. ဒါကို ဘယ်လို လုပ် တာလဲ .. ဟိုလို လုပ်လို့ မရ ဘူးလား .. ဒီလို လုပ်ကြည့် လိုက်ရ မလား ..ပါးစပ်က တတွတ်တွတ် ပြော ရုံ မကဘူး .. စမ်းသတ်ဖို့ လက်ကပါ အလိုလို ရောက် ပြီး သား ..။ ဒီတော့ .. အုပ်ထိန်း သူတွေ ခမြာ .. ကျနော် စပ်စု သမျှကို စိတ်ညစ် ကြတာ ပေါ့ဗျာ ..။ စိတ်ညစ် တယ် ဆိုတာက ကျနော့် ဦးနှောက် သေးသေး လေးနဲ့ ပေါက်တီး ပေါက်ရှာ စဉ်းစား မိတာ တွေကို မေးလို့ ..။ ဒီတော့ သူတို့လည်း အားလုံးတော့ ဘယ် ပြောပြ နိုင်ပါ့မလဲ .. သူတို့ သိသ လောက်ပေါ့ ..။ နောက်ပြီး .. လူကြီး တွေ ဆိုတာက လူမှုရေး .. စီးပွား ရေး .. ကျန်းမာ ရေး .. နိုင်ငံရေးတွေ ကြောင့် .. သူတို့ စိတ်တွေမှာ အမြဲ အုံ့မှိုင်း နေတတ် တာကိုး ..။
ကျနော် မေးမိတာ ရာသီ မကောင်း ချိန် ဆိုရင် တော့ .. ကျနော် လိုချင်တဲ့ အဖြေ ရဖို့ နေနေ .. အဆူ မခံ ရရင် တောင် ကံကောင်းပေါ့ ..။ တခါတလေ လည်း .. သူတို့ မသိ တာတွေ ကို ဆက် မမေး နိုင်အောင် .. လူကြီး အာဏာနဲ့ ခပ်တည် တည် အော် ငေါက် တတ်ပါ သေးတယ် ..။ အင်း .. လူကြီး တွေ ဆိုတော့ လည်း ဗျာ ..။
ကလေးတွေ စပ်စု ကြပါတယ် ..။ ဘာလို့ လည်း ဆိုတော့ .. ဦးနှောက် တွေ စတင် ဖွံ့ဖြိုး လာတာ ကြောင့် ပါ ..။ ဖွံ့ဖြိုး လာတဲ့ ဦးနှောက် လေးတွေ ဟာ သိချင် .. တတ်ချင် .. စူးစမ်း ချင် စိတ်လေး တွေနဲ့ ပြည့်နှက် နေတတ် ပါတယ် ..။ အဲဒီ စူးစမ်းတဲ့ စိတ်လေး တွေရဲ့ တွန်းပို့ မှုကြောင့် ထူးဆန်း မှုတွေ ပြည့်နှက် နေတဲ့ .. သူစိမ်း ဆန်ဆန် လောက ကြီးကို မေးခွန်း တွေ ထုတ်ချင် လာတယ် ..။ ဒီ့ထက် ပိုပြီးတော့ .. ကိုယ် ပိုင် ဖန်တီး မှုတွေ ကမ္ဘာ လောကကြီး ထဲ ပစ်ချ ထည့်သွင်း ချင်လာ တယ် ..။ ဒါမှလည်း .. ဒီကမ္ဘာကြီးက ကိုယ်နဲ့ နီးစပ် ပတ်သတ် လာတယ်လို့ ခံစားမိတာကိုး ..။ လူသားရဲ့ စရိုက် လက္ခဏာတွေ ပြသ ချင်လာ တာ မျိုး ပေါ့ဗျာ ..။
စူးစမ်းတယ် ..
ဆန်းစစ်တယ် ..
ဆင်ခြင်တယ် ..
ဝေဖန်တယ် ..
သုံးသပ်တယ် ..
အသစ်နဲ့ အဟောင်း ရောစပ်တယ် ..
လေ့လာတယ် ..
အဆန်းထွင်တယ် ..
ဒါတွေ အားလုံးကလည်း .. အသက် ကြီးမှ .. ၀ုန်းကနဲ ဒိုင်းကနဲ တတ်သွား သိသွား တာမျိုး မဟုတ် ဖူးလေ ..။ ကလေး ဘ၀ ကတည်းက စပြီး သိစိတ်နဲ့ မသိစိတ်မှာ .. နေရာယူ သိုလှောင် လို့ ရလာတဲ့ ဖွံ့ဖြိုး မှုတွေ .. အလေ့ အကျင့် မျိုးတွေ ပါ..။ အသက် ငယ်လို့ မစူးစမ်း ရဘူး .. မလေ့လာ ရဘူး .. မဆန်းသစ် ရဘူးလို့ .. မဟုတ် ပါဘူး .. အသက် ကြီးလို့ လည်း အကုန် သိနေပြီ .. ဆန်းစစ် စရာ မလို တော့ဘူး .. စူးစမ်း တာတွေ ရပ်ပစ် လိုက်တော့ .. လေ့လာ စရာ ကုန်နေပြီ ..ဆိုရင်လည်း မှားသွား မှာပေါ့ ..။ ဒီ စိတ် အခြေ အနေ တွေဟာ .. အသက် အရွယ် တိုင်းမှာ ဖြစ်ပေါ် နေလေ့ .. ဖြစ်ပေါ် နေတတ်တာ .. သဘာဝပါ ..။
ပညာရေး ဆိုင်ရာ စိတ် ပညာရှင် တွေက တော့ .. တိုးတက်ခြင်း ဆိုတာကိုက .. မွေးကင်းစ ကနေ သေဆုံး တဲ့ အထိ .. အချိန် နာရီ စက္ကန့်တိုင်း ဖြစ်ပေါ် ပြောင်းလဲ နေတဲ့ ဖွံ့ဖြိုး ရှင်သန်မှုပါ ..တဲ့ ..။ ဒီ ဖွံ့ဖြိုး မှုဟာ အသက် အရွယ် အပိုင်း အခြားတခုမှာ ရပ်တန့် သွားတတ် တာမျိုး မဟုတ်ပါဘူး ..တဲ့ ..။ ကမ္ဘာပေါ်က တပိုင်း တစ လွတ်လပ် တဲ့ နိုင်ငံ တွေမှာ တော့ .. ဒီကိစ္စကို စနစ် တကျ လေ့လာ ပြီး .. ကလေး တွေရဲ့ စူးစမ်း ချင်စိတ် တွေ .. တီထွင် ချင်စိတ် တွေကို ပျိုး ထောင် ပေးကြတယ် .. လမ်းမှန် ရောက်အောင် နေရာ ချပေး ကြတယ် ..။ တကယ်ပဲ လူ့ လောက ကြီး ကောင်းကျိုး အတွက် ဆိုရင် ဒီလို အခြေခံကောင်း တွေ မဖြစ် မနေ လိုအပ် ပါတယ် ..။
စူးစမ်း ချင်စိတ် အပြည့်နဲ့ ကလေး တွေ ကမှ .. အနာဂတ် တိုင်းပြည်ရဲ့ .. တောက်ပတဲ့ ကြယ်ပွင့်တွေပါ ..
အဲ .. ဒါပေမယ့် .. ကျနော်တို့ ရွာက လူတွေ ကတော့ .. ခပ်တည် တည်ပဲ .. ဒီလို စိတ်အရောင် တွေ ပေါ်လာ ရင် .. စပ်စပ် စုစု ..လို့ နာမည်ဆိုး တခုကို ခပ် မြန်မြန် ပဲ ပေးလိုက် ကြပါတယ် ..။ ဆက်ပြီး မစပ်စု အောင်လည်း အစွမ်းကုန် တားမြစ် ပိတ်ဆို့ ကြပါ တော့တယ် ..။ မိသား စုဝင် တွေက စပြီး .. ပတ်ဝန်း ကျင် အသိုင်း အ၀ိုင်း တခုလုံးနဲ့ ကျနော် တို့ကို အသိ ပညာ ဥာဏ်တွေ ဖွင့်ပေး နေတဲ့ .. ကျောင်းဆရာ ဆရာမတွေ အဆုံးပေါ့ဗျာ ..။ ဒီတော့လည်း .. မစပ်စုရဆိုတဲ့ ခေါင်းစဉ် အောက်မှာ .. စဉ်းစား ဆင်ခြင် စိတ်တွေရော .. သစ်လွင် ဖန်တီးချင် စိတ်တွေရော .. စုန်းစုန် နစ်မြုပ် ကုန်တာပေါ့ ..။ ဒီလိုနဲ့ .. အခွင့် အခြေ အနေ မပေးတဲ့ .. ကျနော်တို့ ပတ်ဝန်းကျင် တကျော က အနာဂတ် ကြယ်ပွင့်တွေ ခမြာ တော့ .. ဖြောက်ဆိပ် ကြယ်တွေအလား .. ကိုယ်ယောင် ကိုယ်ဝါတွေ ပျောက်ဆုံးကုန် ကြပါ တော့ တယ် ..။
ကျနော်တို့ လေးတန်း ကျောင်းသား ဘ၀တုန်းက .. ဆရာမ ဖတ်ပြ နေတဲ့ .. ကဗျာ ကိုစိတ် မ၀င် စားတော့ .. ကျနော်တို့ .. ပန်းချီ ဆွဲပါတယ် (ကလေး ပန်းချီ ပေါ့ဗျာ) ..။ ကဗျာ စာသား တွေကို ပန်းချီ အဖြစ် ရေးခြစ် ပြောင်းလဲ ကြည့်ကြ ပါတယ် ..။ နောက်တော့ .. ထမင်းဗူးထဲက ဟင်းလက်ကျန် ဆီတွေနဲ့ သုတ် ပါ တယ် ..။ ပြီးမှ အရောင် ခြယ်ပါတယ် ..။ နောက်ဆုံးမှာ .. ရလာတဲ့ ပန်းချီလေး က ကျနော်တို့ တဖွဲ့လုံးကို စာဖတ် ဖို့ တွန်းအား ပေးတယ်..။ ကိုယ်ကိုယ်တိုင် ဖန်တီး ထားတော့ ကဗျာ့စာသား တွေနဲ့ စိမ်းမနေ တော့ ဘူး ..။ ကျနော်တို့ ကိုယ်တိုင်ပဲ အဲဒီ ကဗျာ ရေးသူ နေရာမှာ ရောက် နေသ လိုလို ဆိုတော့ .. စာဖတ် ချင် စိတ် လေးကို နှိုးဆွ ပေးနိုင် တာပေါ့ ..။ ဒါပေမယ့် .. ကျနော်တို့ ပန်းချီကား စာရွက်လေးကို တယောက် လက် တယောက် ပြောင်းပြီး ကျေနပ် နေကြ တုန်းမှာပဲ .. ဆရာမ မြင်သွား ပြီး .. ကျနော်တို့ တအုပ်လုံးကို စည်းကမ်း မသိတဲ့ ကလေးတွေ ဆိုပြီး .. အတန်း အပြင်မှာ ဒိုက်ထိုး ခိုင်းပါ တယ် ..။ ဒဏ်ပေး ခံရတာ ကျနော်တို့ အတွက် အဆန်း မဟုတ်တော့ ပါဘူး ..။ ဒါပေမယ့် ဆရာမ ကိုယ်တိုင်က တပည့်တွေရဲ့ ဆန်းသစ်တဲ့ အတွေးလေးတွေကို နားလည် မပေးနိုင်တာ ကတော့ ၀မ်းနည်း စရာ ကောင်းတဲ့ ထူးဆန်း မှုပါ ..။
နောက်တခု ကြုံဖူး တာက .. ကျနော်တို့ ခြောက်တန်းနှစ်မှာ ကျောင်းသား တွေ တန်းစီ ဆန္ဒ ပြကြ ပါတယ် .. ကျနော်တို့ စာသင်ခန်းနဲ့ နီးတဲ့ လမ်းမကြီး ပေါ်ကနေ ဖြတ်လျှောက် သွားကြတော့ .. ထုံးစံ အတိုင်း စပ်စု ချင်ကြတဲ့ ကလေးတွေ ခမြာ .. စာသင် တဲ့ထဲ စိတ်မနှစ် နိုင်ကြ တော့ပါဘူး ..။ ဆရာမ ကလည်း အမြန် အဆန်ပဲ အခန်း တံခါးကို ပိတ်ပါတယ် ..။ ကျနော်တို့မှာ မေးစရာ ကြီးကြီး မားမား ဆိုလို့ ဆရာမ တယောက် ပဲရှိတော့ .. အားလုံး တက်ညီ လက်ညီ ၀ိုင်းမေး ကြတာပေါ့ ..။ တတန်းလုံး .. ပွက်လော ထနေ တော့တာ ပေါ့ဗျာ ..။ ဆရာမက ကျနော် တို့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြ လိမ့်မယ်လို့ ထင်မိ တာကိုး ..။ တကယ် ကျတော့ .. ဆရာမက .. တတန်းလုံးကို အသံ မထွက်ဖို့နဲ့ .. ကိုယ်နဲ့ မဆိုင်တာတွေ မမေးဖို့ .. သတိ ပေးပြီး .. ကျနော် တို့ကို ခေါင်းချပြီး အိပ်နေ ခိုင်းပါတယ် ..။ စာသင်လို့ မရမယ့် အတူတူ တော့ မေးခွန်း တွေ မမေးကြပဲ .. အိပ်နေတာ ပိုကောင်း မယ်လို့ .. ဆရာမက သာမရိုးကျပဲ တွေးပုံပါ ..။ ကျနော် တို့ထဲက မနေနိုင် လွန်းလို့ ခေါင်းထောင် မိရင်တော့ .. ဆရာမ ပစ်ပေါက် လိုက်တဲ့ ဘောဖျက် ကြီးနဲ့ မိတ်ဆက် ကြရတာ ပါပဲ ..။
နင်တို့တွေ အသက် အန္တရာယ် ဖြစ်မှာ .. ငါက စိုးရိမ်လို့ .. လို့လည်း ရေရွတ် နေပါ သေးတယ် ..။
ကျနော်တို့ ကလည်း ရင်ထဲ ကနေ ပြန်ပြော နေမိ ပါတယ် ..။
ဘာဖြစ် တယ် ဆိုတာ ရှင်းပြ ရုံလေးနဲ့ .. ကျနော်တို့တွေ ဘယ်လို အန္တရာယ် ဖြစ်နိုင် မှာလဲ ..။ ကျနော်တို့ ဘာမှ မသိရ ရင်သာ .. အန္တရာယ် ဖြစ်နိုင်တာ .. လို့လေ ..။ အထွန့်တက် တယ် လို့ ပြောရင် လည်း ပြောလို့ ရပါတယ် .. ကလေး တွေပဲကိုးး ..။
ဒီလိုနဲ့ပဲ .. ကျနော်တို့ရဲ့ သိချင် စိတ်တွေကို မျိုချ .. စပ်စုချင်တဲ့ စိတ်တွေကို ထုပ်သိမ်း .. အဖြစ်အပျက် တွေကို မမြင်ချင် ယောင်ဆောင် လို့ .. လူကြီးတွေ ပေးတတ်တဲ့ သဘာဝလွန် ဆင်ခြေ တွေကို မစူး မစမ်း ယုံစားရင်း .. အရာ ရာကို အလွယ်တကူ ကြောက်လန့် ဖယ်ရှောင် တတ်တဲ့ အကျင့်လေး တွေနဲ့ပဲ.. ယဉ်ပါး လာပါ တော့တယ် ..။
တကယ့်ကိုပဲ .. ကျနော်တို့ မျိုးဆက်သစ် တွေရဲ့ အညွှန့် တက်စ .. တီထွင်ချင် .. စူးစမ်း ချင် .. ဆန်းစစ် ချင် စိတ်လေး တွေကို .. ဘာမှန်း မသိတာ တွေကို .. သိအောင် လုပ်စရာ လည်း မလို .. လုပ်လည်း မလုပ် စေချင် တဲ့ .. ပညာရေး စနစ်နဲ့ လူ့ အသိုင်း အ၀ိုင်း တခုလုံး ..က .. တက်ညီ လက်ညီ ၀ိုင်းဝန်း ချေမှုန်း ပစ်လိုက် ကြပါတယ် ..။ အခု အထိလည်း .. ချေမှုန်း နေဆဲပါ .. ။ (အားလုံး လို့ မဆိုလိုပါ .. ချွင်းခြက် ပေါင်း များစွာ ရှိပါသည် ..။)
တကယ်ဆို တိရစ္ဆာန် တွေလည်း အသိတရား ရှိတဲ့ ဦးနှောက် တခုတော့ ပိုင်ဆိုင် ထားကြ တာပါပဲ ..။ သူတို့ ၀မ်းပြည့်အောင် .. သူတို့ နားခို စရာ ရှိအောင် .. သူတို့ အသက် မသေအောင် .. ဒီဦးနှောက်လေး ကို သုံးပြီး .. ရှာကြံ ရှင်သန် နေကြ တာပဲလေ ..။ ဒါပေမယ့် .. ကျနော်တို့က သူတို့ထက် အသိဥာဏ် အဆင့် .. ပိုမြင့် တယ်ဆို ..။ ကျနော် တို့မှာ အသိဥာဏ်တွေ သိုလှောင် ထားတဲ့ .. ဦးနှောက် ကြီးတခု ရှိတယ် ဆို.. ။ ဒါဆို ကျနော်တို့ ဦးနှောက် တွေကို သူတို့ထက် ပိုပြီး မြင့်မြင့် မားမား .. မှန်မှန် ကန်ကန် အသုံးမချ သင့်ဖူး လား ..။ ဒီ ဦးနှောက်တွေနဲ့ ..
ဝေဖန် ဆန်းစစ်ဖို့ လိုတယ် ..
ဖန်တီး ကြံဆဖို့ လိုတယ် ..
အမှား အမှန် တွေကို ဆက်စပ် ဆင်ခြင်ဖို့ လိုတယ် ..
စူးစမ်း ချင် စိတ်တွေ ပျိုးထောင် ဖို့ လိုတယ် ..
ပြင်ဆင် သင့်တာတွေ အတွက် လမ်းကြောင်း သစ်တွေ ဖော်ဆောင်ဖို့ လိုတယ် ..
သိပြီးရင်း .. သိချင် .. ဆိုတဲ့ စိတ်ဓာတ်တွေ .. ဖွံ့ဖြိုး ခိုင်းရမယ် ..
ကိုယ့်ကိုကိုယ် တိုက်တွန်းပြီး .. လေ့လာ သုံးသပ်တတ်တဲ့ စိတ်မျိုးတွေ တည်ဆောက်ကြရမယ် ..
နောက်ပြီး .. ဒီစူးစမ်း ဆင်ခြင်မှုတွေ နောက်မှာ အလိုလို လိုက်ပါ လာမယ့် .. လူ့အသိုင်း အ၀ိုင်း အတွက် လိုအပ်တဲ့ တာဝန်တွေ အတွက် .. အဆင် သင့် ဖြစ်နေ ရမယ် ..။
ပုံစံ ခွက်လေး ထဲမှာပဲ နစ်မြုပ် ကုန်ဆုံး သွားမယ့် .. ဦးနှောက် အသုံးပြုစရာ မလိုတဲ့ ဘ၀မျိုးတွေ .. အဖြစ် မခံဖို့ .. ကျနော်တို့ ကိုယ့်ကို ကိုယ် အရင်ဆုံး ပြန်ဆန်း စစ်ကြဖို့ လိုကို လိုအပ် နေပါတယ် ..။
ဒီတော့ ကျနော် မေးချင်တာက ..

..
.
သူငယ်ချင်း .. မင်းရော ဘ၀မှာ တခုခုကို သေသေချာချာ .. အချိန်ပေးပြီး .. စူးစမ်း စပ်စုဖူးခဲ့လား ..!!
... 99 ...
၃၀ ဇူလိုင် ၂၀၀၈။

Thursday, July 24, 2008

ဆန်းသစ်သော ..။

မင်းနဲ့ရွယ်တူ .. ငါ့ သူငယ်ချင်း သားလေးတောင် အလုပ်နဲ့အကိုင်နဲ့ .. လခကောင်းကောင်း ရနေပြီ။ မင်းက ခုထိ ဘာလုပ်နေတာလဲ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ .. .. .. ..
လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း .. ကျနော့်ဘေးနားဝိုင်းက ဦးလေးတယောက်ပြောလိုက်တဲ့ အသံ ပါ..။ သူ့မျက်နှာချင်းဆိုင်က သားဖြစ်ဟန်တူသူ လူငယ်ကတော့ .. သူ့အဖေစကားသံတွေကို .. စိတ်ညစ် နေတာပဲလား .. စိတ်ပျက်နေတာပဲလား .. ဒါမှမဟုတ် .. စိတ်ကုန်နေတာပဲလား .. သူ့အကြည့်တွေကို .. မြေပြင်ပေါ် စူးစူးစိုက်စိုက် နှစ်မြုပ်ထားရင်း .. ခေါင်းငိုက်စိုက် ကျနေလေရဲ့ ..။
ဒီစကားမျိုး ကြားမိတဲ့ အခိုက်အတန့်မှာ .. ကျနော့်သောက်လက်စ လက်ဖက်ရည်လေးတောင် အရသာမဲ့ သွားသလို ခံစားလိုက်ရတယ် ..။ ကျနော့်အဖေအရွယ် ဦးလေးရဲ့ မကျေမနပ်စိတ်တွေနဲ့ ပူလောင်မှုတွေ ကိုလည်း နားလည်မိတယ် ..။ တဖက်ကလည်း အဖေဖြစ်သူရဲ့ လိုအင်တွေကို ဖြည့်ဆည်းမပေးနိုင်လို့ .. (ဖြည့်ဆည်းပေးချင်ပေမယ့် .. ဖြည့်ဆည်းမပေးနိုင်သေးတာ ဖြစ်ကောင်းဖြစ်နိုင်တဲ့) စိတ်အားငယ်နေမယ့် လူငယ်ကိုလည်း ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်မိတယ် ..။ လူငယ်ချင်းဆိုတော့ .. ပိုပြီး နားလည်ပေး မိတာလည်း ဖြစ်နိုင်ပါတယ် ..။ တကယ်တော့ ကျနော်တို့လူငယ်တွေရဲ့ ဖြတ်သန်းမှု .. စိတ်ဆန္ဒ .. လိုအပ် ချက်တွေကို လူကြီးတွေ နားလည်ပေးနိုင်တယ်ဆိုတာ တော်တော်လေး ရှားနေတဲ့အဖြစ်ပဲလေ ..။ ဒီကိစ္စက ကျနော်တို့ ခေတ်ကျမှ ဖြစ်လာတဲ့ အထူးအဆန်းတခု မဟုတ်ပါဘူး ..။ ခေတ် .. စနစ်ပေါင်း များစွာမှာ .. အမြဲတမ်းလိုလို သစ်လွင်အသက်ဝင် နေခဲ့တဲ့အရာပါ ..။ လူကြီးတွေရဲ့ဆန္ဒနဲ့ တောင်းဆိုမှုတွေ အောက်မှာ .. ကိုယ့်အိပ်မက်ဆိုတာကိုတောင် နားလည် ရှာဖွေခွင့် မလိုက်ရပဲ .. လူငယ်ဘ၀ကို ကျော်လွန်သွားခဲ့ရတဲ့ လူငယ်တွေ .. .. ..။ အင်းးး .. ဒီအထဲမှာ ခေတ်စနစ်ရဲ့ အခြေအနေ အခွင့်မသာမှုတွေကလည်း အဓိကကျ တာပေါ့ဗျာ ..။
တကယ်တော့ .. မိဘဆိုတာ သားသမီးတွေကို အကောင်းတကာ့ အကောင်းဆုံး တွေ ပိုင်ဆိုင်စေချင် ကြတာပဲလေ ..။ ပြဿနာက အဲဒီမှာ စတာပါ ..။ အကောင်းဆုံးတွေ ဖြစ်စေချင်တဲ့ ဇောနဲ့ .. သားသမီးရဲ့ လက်ခံနိုင်မှု အတိုင်းအတာကို မတွက်ဆနိုင်တော့ပဲ .. သူတို့ပေးချင်တာတွေကိုသာ ဇွတ် ဖန်တီးပေး နေတော့တယ် ..။ ဖန်တီးပေးသလို သားသမီးတွေက အံမ၀င်တဲ့အခါ .. သူတို့ရဲ့ အားမလို အားမရစိတ်တွေကို အပြစ်တင်တာနဲ့ပဲဖြစ်ဖြစ် .. စိတ်ပျက်ငြီးငြူဟန်နဲ့ပဲဖြစ်ဖြစ် .. လူငယ်တွေပေါ်ကို ပေါက်ကွဲတတ်ကြပါတယ် ..။ အဲဒီထဲမှာမှ တဲ့တိုး အပြစ်တင်တာလည်း မဟုတ် .. ဆုံးမရာလည်း မကျ .. အားပေးရာလည်း မရောက်တဲ့ .. သွယ်ဝိုက် မကျေမနပ်ဟန် တခုကတော့ .. တခြားတခြားသော လူတွေရဲ့ကလေးတွေနဲ့ နှိုင်းယှဉ်တတ်တာပဲ ဖြစ်ပါတယ် ..။ အခု ကျနော် လက်ဖက်ရည်သောက်ရင်းနဲ့ ကြားလိုက်ရတဲ့ မချင့်မရဲနဲ့အားမရသလိုလို စကားမျိုးတွေပေါ့ ..။ ကျနော်တို့တွေ အားလုံးနီးပါး ဒီလို စကားမျိုးတွေကို မိဘတွေဆီက အနည်းနဲ့အများတော့ ကြားခဲ့ဖူးမှာပါ ..။ မူလတန်းက စလို့ .. လုပ်ငန်းခွင် ရောက်တဲ့အထိ .. အမျိုးမျိုး နှိုင်းယှဉ် ဝေဖန်ခံခဲ့ရဖူးမှာပါ ..။
ငယ်တုန်းကလည်း ..
“ဘယ်သူ့ သား/သမီး ကတော့ .. တကျောင်းလုံးမှာ ပထမ .. မင်းအဆင့်က ဘယ်နားမှာတုန်း” ..
“ငါ့သူငယ်ချင်း သားလေးဆို .. ဂုဏ်ထူးတွေနဲ့ .. မင်းကတော့ အောင်တာတောင် ကံကောင်း ..”
“ကြည့်စမ်း .. မင်းနဲ့အတန်းတူ ကလေးတွေ .. ခုဆို ဆရာဝန်တွေ .. အင်ဂျင်နီယာတွေ .. မင်းက .. .. ..”
စသဖြင့်ပေါ့လေ ..
ဟော .. အလုပ်မရသေးတော့လည်း ...
“သူများတကာ သားသမီးတွေ အလုပ်အတွက် စိတ်မပူရပါဘူး .. မင်းအတွက်ကျမှ မိဘတွေ ခေါင်းပူ တယ် .. ”
“မိဘက တင်မကျွေးထားနိုင်လို့ မဟုတ်ဘူး .. တခြား ရွယ်တူတွေလို မင်း အဖြစ်မရှိတာကို အားမရတာ ..”
အလုပ် ရပြန်တော့ရော ..
“မင်း လခကကွာ .. ဟိုဘက်အိမ်က ကလေး တ၀က်တောင် မရှိဘူး .. ဘယ်လို အလုပ်ကို ရှာလုပ်မှန်း မသိဘူး .. ”
“ရပ်ကွက်ထဲမှာ မင်းနဲ့ ရွယ်တူတွေ .. မင်းထက် ပိုအသုံးကျတာချည့်ပဲ ..”
ဆိုတာမျိုး …။
ဒီလိုပြောလိုက်တဲ့ စကားတွေဟာ .. လူငယ်တွေရဲ့စိတ်ကို ထိခိုက်စေပါတယ် .. အဆိုးဘက်ကိုပဲ တွန်းအားပေးသလို ဖြစ်သွားတတ်တာ များပါတယ် ..။ လူကြီးကတော့ ကြိုးစားပါစေတော့ဆိုတဲ့ စိတ်နဲ့ ပြောလိုက်တာမျိုး ဖြစ်နိုင်ပေမယ့် .. တကယ်တမ်း လူငယ်တွေဟာ ..
၁) ပိုပြီး အရွဲ့တိုက်ချင်စိတ်တွေ များလာတယ် ..
၂) အချိန်တိုင်း စိတ်ဓာတ် ကျနေတတ်တယ် ..
၃) ငါလုပ်လည်း အလကားပါပဲ ဆိုပြီး .. အရာရာကို စိတ်ကုန်လက်ကုန် ဖြစ်တတ်လာတယ် .. ။
တကယ်တော့ .. မိဘတွေက မချစ်လို့ ပြောတာတော့ လုံးဝ မဟုတ်ဘူးဆိုတာ လူတိုင်းပဲ နားလည်ကြပါ တယ် ..။ အချစ်မတတ်သလို ဖြစ်သွားကြတာပါ ..။ အချစ်မတတ်ဆိုလို့ .. ကျနော်တို့ရဲ့ မိဘတွေ .. အခု ခေတ်ရဲ့ လူကြီးတွေဟာလည်း .. တချိန်တုန်းက ကျနော်တို့လိုပဲ လူငယ်ဘ၀ကို ဖြတ်သန်းဖူးကြ သူတွေပဲ လေ ..။ ဒါပေမယ့် .. သူတို့ကိုယ်တိုင် လူငယ်ဘ၀ရဲ့ အိပ်မက်တွေ .. ရှာဖွေခွင့်တွေ မရခဲ့ဖူးတာ သေချာ တယ် ..။ လူငယ်ဘ၀ရဲ့ စိတ်ကူးတွေ .. အနှစ်သာရတွေကို .. အသေအချာ ခံစားခွင့် မကြုံခဲ့ဖူးတာ ဖြစ်နိုင် တယ် ..။ သူတို့ရဲ့ လူငယ်ဘ၀တွေက .. အသားကျနေပြီဖြစ်တဲ့ လူမှုအဖွဲ့အစည်း ပုံစံခွက်တွေထဲမှာ .. ပုံသွင်း ခံလိုက်ရတာ ဖြစ်နိုင်တယ် ..။ သမားရိုးကျ စံချိန်စံညွှန်းတွေအောက်မှာ လူငယ်ပီပီ ဆန်းစစ်ချင်စိတ် တွေ ပျောက်ဆုံးကုန်တာ ဖြစ်နိုင်တယ် ..။ ဒီတော့ .. အရာရာဟာ စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး ပေါ့ ..။ ဒီလို ဘ၀တွေမှာ ဖြတ်သန်းလာခဲ့တဲ့ တချိန်ကလူငယ်တွေ .. အခု လူကြီးတွေ ဖြစ်နေပြီ .. ကျနော်တို့ကို ဦးဆောင်နေကြပြီ .. ။
ဒီတော့လည်း .. သူတို့ ပုံသွင်းခံထားရဖူးတဲ့ .. သူတို့ကိုင်ဆောင်လာတဲ့ ရိုးရာ ပေတံကြီးတွေနဲ့ .. နောက် မျိုးဆက်တွေကို ဆက်ပြီး ပုံသွင်းကြဖို့ .. ကြံစည်တော့တာပေါ့ ..။ အပြစ်တော့ မတင်ပါဘူး .. ဒါပေမယ့် သူတို့ရဲ့ လူငယ်ဘ၀တွေကို နှမြောမိတယ် ..။ တဆက်တည်းပဲ .. ကျနော်တို့ရဲ့ လူငယ်ဘ၀တွေအတွက် ရင်မောတယ် ..။ နောက်ဆုံးတော့လည်း .. အရာရာကို ကိုယ်ပိုင်ပေတံကြီးတွေ တကားကားနဲ့ လွယ်လွယ် ကူကူပဲ ယှဉ်ထိုး နှိုင်းယှဉ်တတ် .. ဆုံးဖြတ် သတ်မှတ်တတ်တဲ့ .. ဥာဉ်ဆိုးရှိသူတွေအတွက်တော့ .. ခေါင်းယမ်းမိတာ အမှန်ပါပဲ ..။
ကျနော်တို့တွေ တဦးချင်းစီမှာ .. တောက်ပတဲ့ ကိုယ်ပိုင် အရည်အသွေးတွေရှိတယ် ..။ အဲဒီပိုင်ဆိုင်မှုနဲ့ ကိုယ်ပိုင် အနာဂတ်တွေ တည်ဆောက်နိုင်တယ် ..။ အားလုံးတော့ ပုံစံဘယ်တူနိုင်ပါ့မလဲဗျာ ..။ ကျနော်တို့ အားလုံးရဲ့ အတွေးတွေ .. အကြိုက်တွေ .. ဖန်တီးမှုတွေသာ ပုံစံတူတွေ ဖြစ်နေခဲ့ရင် .. ကမ္ဘာကြီးဟာ အခုလောက် စိတ်လှုပ်ရှားစရာ ကောင်းမယ်မထင်ဘူး ..။ စဉ်းစားကြည့်ပါအုံး ..
မြင်ကွင်းတွေ ပုံသေ .. ခံစားချက်တွေ ပုံသေ ..
ဟိုကိစ္စလည်း ပုံသေ .. ဒီကိစ္စလည်း ပုံသေ ..
ဟိုအကြောင်းအရာလည်း ပုံသေ .. ဒီအကြောင်းအရာလည်း ပုံသေ ..
အရာရာဟာ ပုံသေ .. ပုံသေ .. ပုံသေ .. .. ..
ပျင်းစရာကြီး ဖြစ်နေမှာပေါ့ဗျာ ..။ ဒီလိုသာဆိုရင် ဖန်တီးမှုဆိုတာတွေလည်း မရှိတော့ ..
ဖန်တီးမှု မရှိတော့ရင် .. ခံစားချက်တွေလည်း .. သစ်လွင်လန်းဆန်းတော့မှာ မဟုတ် ..
ဒါဆို .. အပြောင်းအလဲ အနိမ့်အမြင့် မရှိတဲ့ မျဉ်းတန်းတခုမှာ .. ခံစားချက်တွေ ရပ်နေပြီပေါ့ ..
ဒီလိုအခြေအနေမှာ .. လူတွေဟာ လူတွေ ဟုတ်နိုင်ပါအုံးမလား .. လူပီသ နိုင်ပါအုံးမလား ..။
“ဒါပြီးရင် .. ဒါဆက်လုပ်” ဆိုတဲ့ ပရိုဂရမ်သွင်းခံထားရတဲ့ .. စက်ရုပ်သာသာပဲ ဖြစ်နေတော့မပေါ့ ..။
ဒါကြောင့် .. ကျနော်တို့တွေ တဦးချင်းစီရဲ့ ဖန်တီးမှုတွေ .. ခံစားမှုတွေဟာ ဘယ်လောက် တန်ဖိုးကြီးလိုက် လိုက်သလဲဗျာ .. ဒီအရေးကြီးတဲ့ အချက်လေးကို ကျနော်တို့တွေ သတိလက်လွတ် မဖြစ်ဖို့တော့ လိုတာပေါ့ ..။ ဒါမှ ဟောဒီကမ္ဘာကြီးပေါ်က လူသားတွေအားလုံး မရိုးဟောင်းတဲ့ နေ့သစ်တွေ ပိုင်ဆိုင်နိုင် မှာပေါ့ ..။
ဒီတော့ .. ကျနော့် စံနှုန်းလေးအတိုင်းပဲ ကျနော် ရွေ့လျားရပ်တည်ပါရစေ .. ကျေးဇူးပြုပြီး .. ကျနော့်ကို တခြားလူတွေရဲ့ စံနှုန်းနဲ့ မချိန်ထိုးလိုက်ပါနဲ့ ..။ တခြားလူတွေလည်း သူတို့ရဲ့ ကိုယ်ပိုင်ပြခန်းလေးတွေနဲ့ လင်းလက်ကြပါစေ .. သူတို့စံနှုန်းမျိုး ကျနော် မပိုင်ပေမယ့် .. သူတို့အလှတရားကို ကျနော် ခံစားတတ်ပါ တယ် ..။ ကျနော်တို့တွေရဲ့ ကွဲပြားတဲ့ဆန်းသစ်မှုတွေကို ကမ္ဘာကြီးက အမြဲစိတ်လှုပ်ရှားစွာနဲ့ စောင့်ကြို နေပါတယ် ..။ ကမ္ဘာကြီးရဲ့ကွက်လပ်တွေကို ကျနော်တို့တွေ မတူညီတဲ့ တဒေါင့်တနေရာကနေ ၀ိုင်းပြီး ဖြည့် ကြရမယ်လေ ..။ ဒါဆိုရင် .. ဒီကမ္ဘာကြီးမှာ လူကြီးတွေနဲ့ လူငယ်တွေကြား ..
အတ္တချင်းမတိုက်ဆိုင်တဲ့ .. ပဋိပက္ခတွေ ရပ်စဲသွားမယ် ..
ကွဲပြားတဲ့ အရည်အချင်းတွေကို လက်ခံ လေးစားတတ်လာမယ် ..
တဖက်စောင်းနင်း ဖိအားပေးတတ်တာတွေ လျော့ပါးလာမယ် ..
အားမလို အားမရစိတ်တွေအစား .. ပီတိတွေ အလေ့အကျင့်ရလာမယ် ..
နောက်တော့ ဆန်းသစ်တဲ့ ကွက်လပ်ဖြည့်သူလေးတွေကို .. နားလည်တတ်လာမယ် ..
နောက်ဆုံးတော့ဗျာ .. တကယ့် ငြိမ်းချမ်းမှုတွေ နေရာယူလာတော့မှာပေါ့ ..။
အင်းး .. ခုလောလောဆယ်တော့ .. ကျနော့်စိတ်ကူးတွေ ရှေ့မဆက်သေးဘူး ..။ အဖေ လုပ်ခိုင်းထားတာ တွေ အချိန်မလင့်ခင် အပြေးအလွှား လုပ်ရအုံးမှာမို့လို့ ..။ တော်ကြာ .. “မင်းက .. မင်းက .. ..” ဆိုတာနဲ့ နောက်ထပ် ချိုတေးသံသာတွေ မခံစားချင်လို့ပါ ..။ တနေ့နေ့တော့ .. ကျနော်တို့အားလုံးဟာ .. ဆန်းသစ်သော အနာဂတ်တွေ .. ဆိုတာကို အဖေသိအောင် ပြောပြဖြစ်မှာပါ ..။
… 99 …
၂၄ ဇူလိုင် ၂၀၀၈။

Sunday, July 20, 2008

အလှမ်းတဝေး ..။

ပျိုးထောင်ချင်သူ .. ဥယျာဉ်မှူး ..
အပျိုးထောင်ခံချင်သူ .. သစ်ပင်လေးနဲ့ ..
မှတ်မှတ်ထင်ထင် .. ဆုံတွေ့ခဲ့ကြတယ် ..
ဘ၀ရဲ့ .. လမ်းကွေ့ တနေရာမှာပေါ့ ..။

ဥယျာဉ်မှူးရဲ့ ..
ယုယ ကြင်နာခြင်းတွေ ..
ပြုစု စောင့်ရှောက်ခြင်းတွေ ..
အလိုက်သိ ဖြည့်ဆည်းခြင်းတွေ ..
အရိပ်ကြည့် နားလည်ခြင်းတွေ ..
ကာကွယ် ပံ့ပိုးခြင်းတွေ ..
အဲဒါတွေ .. အားလုံး ..
မြတ်နိုးရတဲ့ .. ပျိုးပင်လေးအတွက်ပါတဲ့ ..
တချိန်ချိန်မှာ ..
ပျိုးပင်လေး .. မှန်ကန် လွတ်လပ်စွာ ..
ရင့်သန့်လာဖို့ ရည်ရွယ်ရင်းလေ .. ။

[ဥယျာဉ်မှူးနဲ့ သစ်ပင်ကြား ..
မမြင်နိုင်တဲ့ ကတိစကားတွေထား ..
ခိုင်ကြည်မယ် ယုံမှတ်နေတုန်း .. ..။]

ကံကြမ္မာ လေတချက်အဝှေ့ပေါ့ ..
သစ်ပင်လေးနားက ..
တိတ်တဆိတ် လွင့်ပါးခဲ့ရတဲ့ ဥယျာဉ်မှူး ..
အဝေးကနေ ..
ဆုတောင်းခြင်းတခုသာ တတ်နိုင်ခဲ့လို့ ..

ပင်ပျိုလေးရဲ့ ခွင့်လွှတ်စကား ..
ဥယျာဉ်မှူး မကြားရဲပါဘူးကွယ် .. ။

ဒီလိုနဲ့ ..
အမှတ်မထင် ပြန်တွေ့တဲ့ တနေ့ ..
တခါက ဥယျာဉ်မှူးရဲ့ ပင်ပျိုလေး ..
ရှင်သန် ကြီးထွားနေတဲ့ သစ်ပင်ငယ်လေးအဖြစ် ..
ကမ္ဘာမြေပေါ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ် အခြေချလို့ ..
ရင့်ကျက်ခြင်း လက်တံတွေလည်း ဖြန့်ကျက်လို့ ..
အေးမြခြင်း အရိပ်တွေတောင် ဖန်တီးပေးနေလို့ ..
အင်းး .. ဥယျာဉ်မှူးရဲ့ ပီတိ ..
သစ်ပင်လေး .. မင်း .. သိချင်မှာ သိမှာပါလေ ..။

တကယ်ဆို ..
ခုထိလည်း .. လက်ကမ်းမမှီနိုင်သေးတဲ့ ..
အလှမ်းတဝေးမှာ ရှိနေတုန်းပဲ .. သစ်ပင်လေးရယ် ..။
ကံတရားရဲ့ လေညင်းတွေက ..
မင်းနားကို ပြန်သယ်ဆောင်ပေးဖို့ ..
ဥယျာဉ်မှူး တောင်းဆိုနေတုန်းပါပဲ ..
တရက်မှ မပျက်ကွက်ခဲ့ပါဘူး ..
မင်းအနားက ဝေးလွင့်ပြီးကတည်းကပေါ့ ..။

မြင်ကွင်းမှာ နစ်မြောနေတုန်း .. .. ..
ဟော ...
တီတီတာတာ သံစုံနှောနေတဲ့ .. ငှက်လေးတကောင် ..
သူ့ချိုမြခြင်းတွေမှာ .. ကြည်နူးနေတဲ့
သစ်ပင်လေး ..
သိပ်ပြီးအေးချမ်းတဲ့ .. ရှုခင်းလေးပါလား ..။

ငှက်ကလေးကို အရိပ်မိုးပေးနေတဲ့ .. သစ်ပင်လေးနဲ့ ..
သစ်ပင်လေးကို တေးဆိုနှစ်သိမ့်နေတဲ့ .. ငှက်ကလေး ..
အ .. ပြန် .. အ .. လှန် .. .. ..။
...
..
.
ဥယျာဉ်မှူးဆိုတာ ..
အရိပ်ရစေ .. ပန်းခူးရစေ ဆိုတာမျိုး ..
မျှော်လင့်တောင့်တ .. ရောင်ခြယ်အတ္တတွေ မရှိခဲ့ရိုးပေမယ့် ..
ဒီတခါမှာတော့ ..
ထူးထူးခြားခြား ..
ဘယ်ဘက်ရင်အုံ အတွင်းနက်နက်က ..
တမြေ့မြေ့နဲ့ .. ဆိုးဆိုးရွားရွား ..
စူးရှ နာကျင်နေပါလား ..။

... 99 ...

၂၂ ဇူလိုင် ၂၀၀၈။