Friday, April 25, 2008

ခွန်အားပြည့်တဲ့ အတောင်တစုံနဲ့အတူ ..။

ကျနော် မြန်မာနိုင်ငံသား ..
မြန်မာပြည်မှာ မွေးဖွားပြီး .. မြန်မာပြည်မှာ ကြီးထွားခဲ့တဲ့သူ ..
မြန်မာပြည်ရဲ့ရင်ငွေ့အောက်မှာပဲ အတောင်အလက်တွေ စုံလင်ခွင့်ရခဲ့သူ ..။
အင်းးး .. အတောင်အလက်တွေ စုံလင်ခွင့်
စုံလင်ခွင့်” .. လို့သာ ပြောနေရတာ .. ကိုယ်ပျံသန်းချင်ရာကို .. လွတ်လွတ် လပ်လပ် .. ရဲရဲရင့်ရင့် .. ယုံယုံကြည်ကြည် .. ခွန်အားအပြည့်နဲ့ စွန့်စားရဲ လောက်တဲ့ .. စုံလင်ခွင့်မျိုးတော့ မဟုတ်ခဲ့တာ အမှန်ပါပဲ ..။
အချိန်တွေ ပြည့်ပြည့်၀၀ ပေးခဲ့ပါလျက်နဲ့ .. ဒီလို မလွတ်မလပ် မယုံမကြည် ခွန်အားမပြည့်တဲ့ အတောင် အလက်တွေ ဖြစ်လာအောင် .. ဘာတွေကများ ဖန်တီးပြောင်းလဲလိုက်ပါလိမ့် ..။
တကယ်က .. အကြောင်းပေါင်းများစွာ ပေါင်းဆုံမှ အကျိုးရလာဒ်တခု ဖြစ်ပေါ်စေတာ မဟုတ်လား ..။
အရင်က မသိခဲ့ မမြင်ခဲ့ပဲ .. ဒီအကြောင်းပေါင်းများစွာကို ဖြတ်သန်းဖြစ် ခဲ့တယ် ..။
တကယ့်ကို မသိလိုက် မသိဖာသာပါပဲ ..။ သေသေချာချာ သိတာ တခုတော့ ရှိတယ် ..။
ကျနော် ဆောက်တည်ထားဖူးတဲ့ မျှော်လင့်ချက်တွေဟာ .. အကျိုးရလာဒ် သေးသေးလေးတခု အနေနဲ့တောင် ကျနော့်ဆီ ပြန်မလာခဲ့တာကိုပါပဲ ..။
ကျနော် ဘယ်လို အကျိုးရလာဒ်မျိုးတွေ မျှော်လင့်ထားခဲ့ဖူးလဲ ဆိုတာတော့ .. ခပ်ဝါးဝါးတောင် ဖြစ်နေပေါ့ ..။
မှတ်မိတာလေး တခုကတော့ .. ကျနော် စိတ်ဝင်စားတဲ့ ပညာရပ်တခုကို အတားအဆီး အနှောင်အဖွဲ့ ကင်းကင်းနဲ့ သင်ယူလေ့လာခွင့် ရချင်ခဲ့တယ် ..။ လေ့လာခွင့်ရထားတဲ့ ပညာကိုလည်း ကျနော် တကယ် အသုံးချ နိုင်ပါတယ်လို့ ဂုဏ်ယူရဲချင်တယ် ..။ အဲဒီလို ထိုက်သင့်တဲ့ ကျွမ်းကျင် တတ်မြောက်ခွင့် ရပြီးတဲ့အခါ ကျရင်တော့ .. ကျနော် မွေးဖွား လူလား မြောက်ခဲ့တဲ့ နေရာမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်တွေ ဆက် လုပ်ချင်တယ် ..။
ဒါတွေက ဖြစ်ချင်ခဲ့တဲ့ တချိန်က ဆန္ဒတခုပါဗျာ ..။
တကယ်လက်တွေ့ ဖြစ်နေခဲ့ .. ဖြစ်နေဆဲတွေကတော့ .. ကျနော့်အထင်နဲ့ ရော .. အမြင်နဲ့ပါ ကွဲလွဲနေခဲ့ပါ တယ် ..။ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့လေ .. အခုကျနော်က .. ကျနော့်ဆန္ဒတွေရဲ့ အဝေးမှာ ရပ်တည်နေ ရတဲ့ လူတယောက် ..။
ဒါပေမယ့် .. ကံကြမ္မာက မျက်နှာသာတော့ တချက်ပေးလိုက်သားဗျ .. ကျနော့်ကို အခွင့်အရေးတခု ပေးတယ်။
ကျနော် တောင့်တခဲ့ဖူးတဲ့ .. ကျောင်းတက်ခွင့်ပေါ့ဗျာ ..။ အဲဒါလေးတခုနဲ့တင် မဖြစ်ခဲ့သမျှတွေအတွက် ကျေနပ်နေရတယ် ..။ ခဏတဖြုတ်ဖြစ်ပေါ့ ..။

… … …

ကျောင်းသားအဖြစ်နဲ့ ကျနော့်စိတ်တွေ ပေါ့ပါးလို့ .. စိတ်ကူးတွေလည်း ပြန်ရုန်းထလို့ ..
ကျနော့်စိတ်အားငယ်မှုတွေ တဖြည်းဖြည်း လွင့်ပျောက်လာသလိုပဲ ..။ ကျနော့်ရှေ့မှာ ရောင်စဉ်တွေ ခင်းထားတဲ့လမ်း .. ကျနော်လှမ်းလာမှာကို စောင့်နေပုံရတယ် .. ကျနော် ပျော်ပါတယ် ..။
ဟူးး .. ဒါပေမယ့်ဗျာ ..
မင်းတို့တိုင်းပြည်မှာ တက္ကသိုလ်မရှိလို့ ဒီမှာလာတက်တာလား” .. လို့ အမေးခံလိုက်ရတိုင်း .. မွန်းမွန်းကြပ် ကြပ်ကြီး ဖြစ်ပြီး .. ကျနော့်အပျော်တွေ လွင့်ပျောက်ကုန်ပါလေရော ..။
အိနြေ္ဒိမပျက် ရှိတာပေါ့ကွ .. တက္ကသိုလ်တွေမှ အများကြီး ..လို့ အမြဲ တုံ့ပြန်ခဲ့ပေမယ့် .. ကျနော့် အပြုံးတွေ ကတော့ ပါးလျနေခဲ့ပါတယ် ..။ တဆက်တည်းပဲ ကျနော့်အာရုံတွေက .. ဝေးတမြေက ကျောင်းတော်ကြီးတွေဆီ ပြန်ရောက်ရှိလို့ ..။

… … …

အမှန်တကယ်လည်း ရှိနေတာပဲလေ .. တက္ကသိုလ်တွေမှ အများကြီးရယ် ..
ဒါပေမယ့် .. တက္ကသိုလ်းတွေ ..
တက္ကသိုလ်ထဲမှာ အရာရာဟာ ဆွေးမြေ့ဟောင်းနွမ်းလို့ ..။
အဓိကျတဲ့ .. စိတ်ဓာတ်တွေ .. မျှော်လင့်ချက်တွေ .. ယုံကြည်ချက်တွေ ဆိုတာလည်း .. ပုပ်သိုးလို့ဗျာ ..။
သင်ကြားသူတွေလည်း နွမ်းလျ .. သင်ကြားနည်းစနစ်တွေလည်း အပ်ကြောင်းထပ် ..
သင်ကြားရေး အထောက်အကူ ပစ္စည်းတွေလည်း မှန်ဗီဒိုထဲမှာ အတိုး အလျော့မရှိ ..
အနာဂတ်ကို မျှော်ကြည့်နိုင်မယ့် အရာမှန်သမျှ .. ရှိမနေအောင် ဖန်တီး ..
ပြင်းထန်တတ်တဲ့ .. စိတ်ဓာတ်တွေကို ရိုက်ချိုး .. ထွက်ပေါက်မရှိအောင် ကြံဆ ..
နာခံတတ်အောင်ပဲ ကျင့်ပေး .. လမ်းကြောင်းအတိုင်း တသဝေမတိမ်း သွားတတ်အောင် ဆွဲဆောင် ..
ဖြူဖြူစင်စင် တိုးတက်ချင်စိတ်တွေကို .. အမြစ်ကနေ မြေလှန်ပစ် ..
မြင့်မြတ်တဲ့ စိတ်ထားတွေကို .. ယုတ်ညံ့ပေါ့သွမ်းအောင် ပုံသွင်းနေတဲ့ .. ကျောင်းမျိုးတွေတော့ ..
ကျနော်တို့ တိုင်းပြည်မှာ အဆိပ်မှိုပွင့်တွေလိုပဲ .. နေရာအနှံ့ စနစ်တကျ စိုက်ပျိုးထားတယ် ..
အခုဆို ကျနော်တို့တိုင်းပြည်ရဲ့ မျိုးဆက်တွေ အဲဒီမှိုပွင့်တွေကို မသိလိုက် မသိဖာသာပဲ စားသုံးမိပြန်လို့ (အုံလိုက်ကျင်းလိုက်) .. အဆိပ် သင့်နေကြပေါ့ ..
ဖြေဆေး ဖော်ပေးနိုင်မယ့် သုတေသနအဖွဲ့တွေ .. တက္ကသိုလ်တွေ ဆိုတာတော့ ဝေလာဝေးပါဗျာ ..။
ဖြေဆေးဖော်မိကာမှ ဖြေဆေးအတွက် လတ်တလော သေပေးနေရမယ့် အဖြစ်မျိုးတွေနဲ့ဆိုတော့ ..
အဆိပ်သင့်တာကမှ တော်နေသေးတယ်လို့ တွက်ကောင်းတွက်နေ ကြမှာပေါ့လေ ..။

… … …

ကျနော်ကိုယ်တိုင် တက်ရောက် ပညာသင်ကြားခဲ့ဖူးတဲ့ “…” ကျောင်းတော်ကြီးမှာတော့ ..
ကျနော်တို့ ဘ၀အတွက် စီစဉ်ထားတာ ဘာဆိုဘာမှ ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ အတွေးအမြင်တွေအတွက် ကောင်းချီးပေးမယ့်လူတွေ စောင့် မနေခဲ့ပါဘူး ..
ကျနော်တို့ သိလိုစိတ်တွေအတွက် ဖြည့်ဆည်းပေးနိုင်သူတွေ ကြိုဆို မနေခဲ့ပါဘူး ..
ကျနော်တို့ တက်ကြွမှုတွေအတွက် မှန်မှန်ကန်ကန် ပံ့ပိုး လမ်းပြ ပေးချင်သူတွေ ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ ဥာဏ်စွမ်းဥာဏ်စတွေအတွက် လက်စောင်းထက်စေချင်သူတွေ အသင့်ရှိမနေခဲ့ပါဘူး ..
ကျနော်တို့ တီထွင်စမ်းသပ်ချင်စိတ်တွေအတွက် မြေတောင်မြောက် ပေးမယ့် ဥယျာဉ်မှူးတွေလည်း အလုပ် မလုပ်နိုင်ကြ တော့ပါဘူး ..
ကျနော်တို့ ဝေဖန်ဆန်းစစ်မှုတွေအတွက် ကျေကျေနပ်နပ် နားထောင်ပေး နိုင်မယ့်သူတွေ ဆက်လက် ရပ်တည် မနေကြတော့ပါဘူး ..
တိုင်းပြည်အနာဂတ်အတွက် အဓိကလိုအပ်တဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ် ခွန်အားတွေအတွက် .. ဓာတ်ကြီး လေးပါး မကတဲ့အရာတွေ ..
ကျနော်တို့တိုင်းပြည်ထဲက ကျောင်းတော်ကြီးတွေထဲမှာ .. တနည်းတဖုံ နဲ့တောင် ရှိမနေခဲ့ပါဘူးဗျာ ..။
ကျနော်တို့ကျောင်းတော်တွေထဲမှာ တကယ်ရှိနေခဲ့တာတွေက .. ခြတွေဗျ .. ခြတွေ ..။
ကျောင်းတော်ရဲ့ နေရာတိုင်းမှာ .. ဘယ်နားကြည့်ကြည့် .. ခြတွေက အုံနဲ့ကျင်းနဲ့ဗျာ .. ရုပ်ဆိုးလိုက်ပုံများ..။
ဘယ်သူမှလည်း အရေးတယူလုပ်ပြီး .. ဖယ်ရှားပစ်ဖို့ မကြိုးစားကြပါဘူး ..
ကျနော်တို့လူမျိုးက သူတပါးပျက်စီးရာ ပျက်စီးကြောင်းကိုမှ မလိုလား ကြတာဗျာ ..
ဒီလိုနဲ့ .. နောက်ဆုံးတော့ .. ခြတွေက အိမ်ရှင်ဖြစ် .. အိမ်ရှင်တွေက အိမ်ပြင်ထွက်ပြေး ..
ပြေးရင်း ပြေးရင်း .. ဝေး၍ဝေးရာကို ရောက်မှန်းမသိ ရောက်လာ ..
အခု .. ကိုယ့်ကိုကိုယ် သတိထားမိတဲ့အချိန်ကျတော့ ..
ကျနော်က ..
ကျောင်းတော်ရဲ့ အပြင် ..
အသိုက်အမြုံရဲ့ အပြင် ..
တိုင်းနိုင်ငံရဲ့ အပြင် .. တကယ့်အပြင်မှာ ရပ်တည်ရောက်ရှိနေခဲ့ပေါ့ ..။

… … …

ကျနော် အခု လေ့လာနေရတဲ့ သင်ခန်းစာတွေမှာတော့ .. ခြနှိမ်နင်းနည်းတွေ မပါဝင်သေးပါဘူး ..
ဒါပေမယ့် .. ကျနော်တို့ကျောင်းတော်တွေကို ပြန်ပြီး ရှင်သန် လန်းဆန်းလာစေဖို့ဆိုရင်တော့ ..
ဒီခြတွေရဲ့ ကျူးကျော်မှုကို တခန်းရပ်အောင် စွမ်းဆောင်နိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းတော်တွေရဲ့ မြေပရ၀ဏ်တွေကို ပြန်သိမ်းပိုက်နိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းမြေတွေကို မြေဆီသြဇာနဲ့ ပြည့်ဝအောင် ပြန်ဖြည့်တင်းနိုင်မှ ဖြစ်လိမ့်မယ် ..
ကျနော်တို့ ကျောင်းတော်တွေရဲ့အ၀န်းအ၀ိုင်းထဲမှာ ခြစားနိုင်တဲ့ အဟောင်းအနွမ်းတွေကို သစ်လွင် လတ်ဆတ်ခြင်းတွေနဲ့ အစားထိုးနိုင်မှ ဖြစ်လိမ့်မယ် ..
နောက်ပြီး ..
ကျနော်တို့ ကျောင်းဥယျာဉ်အတွက် အမြော်အမြင်ရှိတဲ့ .. စိတ်သဘောကြီးကျယ် မြင့်မြတ်တဲ့ .. အရိပ် တကြည့်ကြည့် ပြုပြင်မွမ်းမံနေတတ်တဲ့ .. ဥယျာဉ်မှူးတွေနဲ့ ပြန်ပြီး အင်အားဖြည့်နိုင်မှာ ဖြစ်လိမ့်မယ် ..။
အရေးအကြီးဆုံးကတော့ .. အသစ် ရှင်သန်ခွင့်ရမယ့် သက်ရှိလေးတွေ ..
စစ်စစ်မှန်မှန်နဲ့ အတောင်အလက်တွေ စုံလင်ခွင့် ..
တကယ့်လောကထဲကို တွန့်ဆုတ်တွေဝေမှု မလျဉ်းမရှိပဲ .. ယုံယုံကြည်ကြည်နဲ့ ဖြန့်ကျက်ပျံသန်းခွင့်တွေ .. ရနိုင်ဖို့ပါ ..။ လောလောဆယ်တော့ .. ကျနော်တို့တော်တော်များများ ..
အဝေးရောက် သားသမီးတွေပေါ့ဗျာ ..
ဒါပေမယ့် .. ကျနော်တို့ အချိန်ဆိုတာ ရောက်လာမှာ ကျိန်းသေပါတယ် ..
အလကားထိုင်နေရင်းတော့ မျှော်လင့်နေလို့ မရဘူးပေါ့ဗျာ ..
အလုပ်တကယ် လုပ်နေကြရင်တော့ မျှော်လင့်ချက်ဆိုတာ တနေ့အသက်ဝင်လာမှာပဲလေ ..
ဒီတော့ ကျနော်တို့ ကြိုးစားကြမယ် .. ဆက်ပြီး မျှော်လင့်ကြမယ် ..။
ကျနော်ကိုယ်တိုင် .. သန်မာ လွတ်လပ်ပြီး ..
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ အတောင်အစုံတွေ ပိုင်ဆိုင်လာတဲ့တနေ့ ..
ကျနော့်စိတ်ကူးတွေ အကောင်အထည်ပေါ်နိုင်အောင် ပြန်လာခဲ့မှာပါဗျာ ..
ဒီတခါ ကျနော့်ရဲ့အပြန်ခရီးမှာ ..
အကြောင်းပေါင်းများစွာကို .. မသိလိုက် မသိဖာသာ ဖြတ်သန်းတာမျိုး မဖြစ်စေရဘူး ..
အကြောင်းပေါင်းများစွာထဲက .. အကျိုးရလာဒ်တွေကို ဆွဲထုတ်ရယူနိုင်ဖို့ ..
ပြောင်းလဲခြင်းတွေ ဖန်တီးနိုင်သူ ဖြစ်စေရမယ်လို့ ..
ကျနော့်အတောင်ပံတွေကို ပြန်မွေးမြူ အားဖြည့်နေရင်းက .. ဆန္ဒပြုလိုက်တယ်ဗျာ ..။

နိုင်းနိုင်း။
၂၅ ဧပရယ် ၂၀၀၈။

Sunday, April 20, 2008

“ကျနော့် ပျိုးခင်း ..”

ကျနော် အခုရောက်နေတာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တနေရာရဲ့ စာသင်ခန်းတခုထဲမှာ။ ဘာလာလုပ်တာလဲဆိုတော့ စာလာသင်တာ ပေါ့ဗျာ။ ဘယ်သူတွေကိုလည်းဆိုရင်တော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဘန်ကောက်မြို့ပြင်တ၀ိုက်မှာ တရားမ၀င်နည်းနဲ့ လာရောက် နေထိုင်ပြီး လုပ်ကိုင် စားသောက်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကိုပါ။ ဒီအလုပ်သမားတွေထဲမှာ ဆယ်ကျော်သက် အရွယ်လေးတွေက နေ အသက်လေးဆယ် ၀န်းကျင်ပိုင်းတွေအထိ ပါတယ်ဗျ။ ငယ်ငယ်က ကျနော် အလွတ်ကျက်ခဲ့ဖူးတဲ့ တိုင်းရင်းသားတွေထက်ကို ပိုစုံ တယ် .. ကရင် .. ကရင်နီ .. ကယမ်း .. ရခိုင် .. ပအိုဝ့် .. ပလောင် .. လူမျိုးတွေအပါအ၀င် တခြား တိုင်းရင်းသားတွေလည်း ရှိနေတာ မြင်ရတော့ တကယ့်ကို စုံစုံလင်လင်နဲ့ ပျော်စရာကြီးပဲဗျာ။
ဒါပေမယ့် .. ကျနော်တို့ စာသင်ခန်းလေးကို ထိုင်း မူလတန်းကျောင်း တကျောင်းမှာ ခဏငှား ဖွင့်ထားရတာဆိုတော့ တပတ်မှာ တနင်္ဂနွေ တရက်ထဲဖွင့်နိုင်တယ်ပေါ့ဗျာ။ ထိုင်း ကျောင်းပိတ်ရက်က စနေ .. တနင်္ဂနွေ နှစ်ရက်ဆိုပေမယ့် .. ကျနော်တို့ရဲ့ ကျောင်းသား အလုပ်သမားတွေခမြာ ဒီတရက်လေးခွင့်ရပြီး ကျောင်းလာတက်ခွင့်ရအောင် အလုပ်ရှင်တွေဆီက မနည်းခွင့်တောင်းရတယ်ဆိုတာ နောက်ပိုင်းမှ ကျနော်သိလာခဲ့ရတယ်။ ကျောင်းစီစဉ်သူတွေခမြာလည်း အလုပ်သမားတွေ အန္တရာယ်ကင်းကင်း ကျောင်းတက်ခွင့် ရအောင် နယ်မြေအာဏာပိုင်တွေဆီက သေသေချာချာ ခွင့်တောင်းပြီး ဖြစ်မြောက်အောင် တော်တော်လေး ကြိုးစားထားခဲ့ရတာပါ။ ကြိုးစားရကျိုးနပ်တယ်လို့ ပြောရမှာပဲ ..။ ဘာလို့လဲဆိုတော့ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေက အယောက် ၆၀၀ လောက် ရှိနေတာကိုး ..။
မြန်မာပြည်အနှံ့ကို မရောက်ဘူးတဲ့ ကျနော် .. ဒီကျောင်းမှာ စာသင်မှပဲ တိုင်းရင်းသားပေါင်းစုံနဲ့ ရင်းနှီး ကျွမ်းဝင်ခွင့် ရတော့တယ် ..။ ပြောရရင် ကျနော်က စေတနာ့ဝန်ထမ်း ဆရာလေးပေါ့ဗျာ ..။ ကျနော် ကိုယ်တိုင်ကတော့ ဘန်ကောက်မြို့ရဲ့ တက္ကသိုလ်တခုမှာ ကျောင်းတက်နေဆဲပါ ..။ ကိုယ်တတ်နိုင်သလောက်လေး ကိုယ့်နိုင်ငံသားတွေကြားထဲ ပြန်ကူညီပေးချင်စိတ်နဲ့ ဒီကျောင်းကို ရောက်လာ တာဗျ ..။ ရည်ရှည်ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားရင်းနဲ့ .. ကျနော့်စိတ်တွေ တက်ကြွနေခဲ့တာတော့ အမှန်ပဲ ..။ ကျနော့်လိုပဲ စေတနာဆရာ၊ ဆရာမလေးတွေလည်း တော်တော်များတယ်ဗျ .. မြန်မာနိုင်ငံသားတွေတင် မဟုတ်ဘူး .. နိုင်ငံခြားသားတွေလည်း စေတနာ့ဝန်ထမ်းအဖြစ် စာလာသင်ပေးကြတယ် ..။ မြင်ရကြားရတာ မုဒိတာပွား .. ပီတိ ဖြစ်စရာတွေချည်းပါပဲ ..။ ဒီလို အခက်အခဲ အကျပ်အတည်းတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ကြီးမှာ ကျနော်တို့ရဲ့ အနာဂတ်သားကောင်းတွေကို အသိဥာဏ် နား၊ မျက်စေ့ ဖွင့်ပေးခွင့် ရလို့ပေါ့ဗျာ ..။
၂၀၀၆ ခုနှစ် ဇွန်လပထမပတ်ရဲ့ တနင်္ဂနွေတခုမှာ ကျနော်ရဲ့စာသင်ရက်တွေ စတင်ခဲ့တယ်။ ဒီကျောင်းလေးထဲက စာသင်ခန်းလေးမှာ ဖြူစင်နွမ်းလျနေတဲ့ လူငယ်တွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ် ..။ အလုပ်နု .. အလုပ် ကြမ်း ပုံစံမျိုးစုံတွေထဲ ကျင်လည်နေရပေမယ့် .. စိတ်ဓာတ် တွေက တကယ့်ကို အဖြူရောင်မှ အဖြူရောင် ..။ လိုချင်တပ်မက်မှု စိုးစဉ်းမရှိရုံမကဘူး .. လိုသင့်လိုထိုက်တာတွေတောင် လိုချင်ရ ကောင်းမှန်း မသိတဲ့ ဒီအဖြူ ရောင် စာရွက်နွမ်းနွမ်းလေးတွေရဲ့ ပထမဆုံး စာမျက်နှာကို ကျနော် ဖွင့်လှစ်ခဲ့တယ် ..။
ပထမဆုံးတွေးမိတာက .. သူတို့လေးတွေနဲ့ ရင်နှီးမှုရအောင် အရင်ဆုံးဖန်တီးဖို့ပါပဲ ..။ ဒါမှလည်း သူတို့နဲ့ ကျနော့်ကြားက တံတိုင်းတခု ပြိုကျသွားမှာလေ .. ဒါဆိုရင် ကျနော်တို့ အပြန်အလှန် ဖြည့်ဆည်း ပေးနိုင်တာတွေကို ရှင်းရှင်းလင်းလင်း မြင်လာမှာပေါ့ ..။ ဒါနဲ့ပဲ ကျနော် သူတို့ကို တယောက်ချင်း မတ်တပ်ရပ်ပြီး ကိုယ့်နာမည် ကိုယ်ပြောလို့ .. နှုတ်ဆက်စေပါတယ် ..။ အဲဒီကျမှပဲ .. တသက်လုံး ပြားပြားဝပ် ရိုးကျိုးမှုတွေ ကြားမှာ ခေါက်ရိုးကျိုးနေခဲ့ရှာ .. ခေါက်ရိုးကျိုးနေမြဲဖြစ်တဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထားကို ကျနော် တစွန်းတစကို သတိပြုလိုက်မိတယ် ..။ ပုံမှန်အခြေအနေမျိုးမှာ သတိထား မကြည့်တတ်ခဲ့တဲ့ လက်လေးပိုက်ပြီး နှုတ်ဆက်တဲ့ဟန် ဟာ .. အခုလို တိုင်းခြားပြည်ခြား ရောက်နေချိန် မှာတော့ ကျနော့်ရင်ကို ထူးထူးခြားခြား လာ ထိခိုက်နေမှန်း သိလိုက်ရတယ် ..။ တကယ်ဆို .. ကျနော်က စိတ်ထိခိုက်ရုံပါ .. သူတို့ခမြာတော့ စိတ်ရောကိုယ်ပါ ထောင်းထောင်း ကြေကောင်း ကြေနေလိမ့်မယ် ..။ ကျနော် ဘာလုပ်ပေးနိုင်မလဲဗျာ .. ..။
ကျောင်းသား ကျောင်းသူ သုံးလေးယောက်လောက် (တပုံစံတည်း) လက်ပိုက် ခါးလေးညွတ်ပြီး မ၀ံ့မရဲ့ ဟန်လေးနဲ့ နှုတ်ဆက်ပြီးတဲ့နောက် .. ကျနော်ကိုယ့်ကိုကိုယ် နှုတ်ဆက်ပါတယ် ..။ ကျနော့်နာမည် .. ကျနော် ဘယ်ကလာတယ် .. အခု ထိုင်းနိုင်ငံမှာ ကျနော် ဘာလုပ်နေတယ်ပေါ့ ..။ ကျနော်ကအတန်းရှေ့မှာပဲ ရပ်ပြီး နှုတ်ဆက်တာမျိုး မလုပ်ပဲနဲ့ .. ကျောင်းသူ ကျောင်းသားတွေရဲ့ ထိုင်ခုံသေးသေးလေးတွေ ကြားထဲကို အတင်းဝင် လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါးပဲ ပြောပြပါတယ်..။ တလက်စတည်း သူတို့ဒီကျောင်း လာတက်တာ အကျိုးရှိတယ်ဆိုတဲ့ အကြောင်းနဲ့ ဒီကျောင်းဟာ မြန်မာနိုင်ငံထဲမှာကျန်ခဲ့တဲ့ ကျနော်တို့ အားလုံး တွေ့ကြုံခံစား ခဲ့ဖူးတဲ့ ကျောင်းတွေနဲ့ ရည်ရွယ်ချက်ခြင်းရော ... သင်ကြားတဲ့နည်းစနစ်ရော ကွာခြားတယ်ဆိုတာကို ပြောပြဖြစ် တယ် ..။ ပြောလက်စနဲ့ ကျနော့်ကို ဆရာအဖြစ် အသိအမှတ်ပြုပေမယ့် လက်ပိုက်ပြီး နှုတ်မဆက်ဖို့ .. အသိပေး ရတယ် ..။ အမှန်တကယ်က လက်လေးပိုက်ပြီး ရိုကျိုးနှိမ့်ချတတ်တဲ့ဟန်နဲ့ မျက်လုံးချင်းဆိုင်ဖို့ တွန့်ဆုတ်နေတဲ့ စိတ်ကလေးဟာ ကျနော်တို့နိုင်ငံထဲမှာ ကျက်သရေရှိကောင်း ရှိနိုင်ပေမယ့် .. ဒီနိုင်ငံမှာ ကျင်လည်နေရသူတွေ အနေနဲ့ .. ကျနော်ကတော့ သူတို့တွေရဲ့ .. ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်တွေ .. သတ္တိခွန်အားနဲ့ ရင်ဆိုင်ရဲတဲ့ စိတ်တွေကို .. ချုပ်နှောင်နှိမ့်ချ ပစ်လိုက်ခြင်း နိဒါန်းပဲလို့ ထင်မြင်လာမိတယ် ..။ ကျနော့်အတွေးကိုလည်း သူတို့ကို ဝေမျှခဲ့တယ် ..။ စိတ်ဝင်တစား နားထောင်နေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ရင်း ကျနော်ကိုယ်တိုင် မူလတန်း ပြန်ရောက် သွားသလို ခံစားလိုက်ရတယ် ..။ ဘ၀နောက်ခံ မလှပခဲ့လို့ ရင်ခွင်နွေးနွေးတွေနဲ့ ဝေးရာမှာ ရောက်နေပေမယ့် သူတို့နှလုံးသားတွေ .. အသိဥာဏ်တွေက ရိုးစင်းလှပနေတုန်းကိုး ..။
တကယ်ဆို သူတို့အရွယ်လေးတွေက မိဘရင်ငွေ့မှာပဲ ခိုလှုံနေရမယ့်အရွယ် .. စိုးရိမ်ကြောက်ရွံ့မှုတွေ ကင်းဝေးပြီး ကိုယ်ပိုင်အနာဂတ် အတွက် လမ်းကြောင်းတွေ ရှာဖွေနေရမယ့်အရွယ် .. ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခွင့်မရလွန်းလို့ ကျိတ်မှိတ်မြိုချရင်း .. မတော် မတည့် ဖိနှိပ်မှုတွေကို ခံစားနေရမှာမဟုတ်တဲ့အရွယ် .. ။ ခုတော့ .. မြင်သမျှကို ကြောက်ရွံ့ .. ကြားသမျှကို ထိတ်လန့် .. လှုပ်ရှားမှု တိုင်းမှာ အင်အားချိနဲ့စွာ နေ နေရတဲ့အဖြစ် .. ။ ရင်ထဲ မွန်းကျပ်လိုက်တာဗျာ ..။
ကျနော့်အကြောင်းတွေ ပြောရင်းနဲ့ အင်္ဂလိပ်စာကို ကြောက်စရာဘာသာကြီးလို မမြင်မိဖို့ ပြောရပါ တယ်။ (ကျနော်က သူတို့ကို အခြေခံ အင်္ဂလိပ်စာ သင်ရမှာကိုး ..) အင်္ဂလိပ်လို မတတ်တာလေးနဲ့ပဲ ကိုယ့်ကို ကိုယ် သိမ်ငယ်စိတ်ပျက် မနေဖို့လည်း တိုက်တွန်းရပါတယ် ..။ အင်္ဂလိပ်လို မတတ်ပေမယ့် .. မြန်မာလို တတ်တယ် .. ထိုင်းစကားပြောနိုင်တယ် .. နောက်ပြီး သူတို့မိခင်ဘာသာဖြစ်တဲ့ တိုင်းရင်းသား စကား တမျိုးမျိုးလည်း တတ်နေကြသေးတယ် ..။ ဒါ့အပြင် အင်္ဂလိပ်လိုလည်း အနည်းအကျဉ်း နားလည်လိုက်သေးတယ် ..။ ဒါဟာ သူများတွေမှာ မရှိနိုင်တဲ့ သူတို့ရဲ့ အားသာချက်ပဲဆိုတာ .. ကျနော် ရှင်းပြတယ် ..။ ဘ၀ရှင်သန် ရပ်တည်ရေးအတွက် ချက်ချင်း အသုံးချနိုင်တဲ့ ဘ၀ပညာတွေ ပိုင်ဆိုင်ထားသူတွေ ဖြစ်တယ်လို့လည်း သူတို့ လက်ရှိအလုပ်တွေအပေါ် ဂုဏ်မငယ်စေရအောင် ကျနော် အားပေးခဲ့တယ် ..။
ရှင်းပြနေရင်းက အခန်းထဲ ဝေ့၀ဲကြည့်လိုက်တော့ အားလုံး စိတ်ဝင်တစား အာရုံစိုက်နေကြတာ မြင်တော့ ကျနော်ပီတိဖြစ်မိတယ်..။ ကျနော် ကြုံဖူးတဲ့ အပျော်တွေ အားလုံးထက်သာတဲ့ ခံစားချက်တမျိုးပဲဗျာ ..။
အဲ့ဒီနောက်တော့ .. တယောက်ချင်းကို သူတို့အကြောင်းတွေ ပြန်ပြော မိတ်ဆက်စေပါတယ် ..။ ဒီတခါမှာ လက်မပိုက်ဖို့နဲ့ ကိုယ့် အကြောင်းကို သတ္တိရှိရှိ ပြောရဲဖို့လည်း အားပေးရပါတယ် ..။ ကြားခံအဖြစ် ကျနော် တခါတလေ ဟာသလေးတွေနဲ့ ဖော့ပစ်ရတာတွေ လည်း ရှိတာပေါ့ ..။ နောက်ပြီး “ဆရာဆိုတာ .. ကျောင်းသားထက် အကုန်သိတယ် .. အကုန်တတ်တယ်” လို့ .. ထင်နေတာ မှားတယ် လို့ ကျနော် ရှင်းပြပါတယ် ..။ ကျနော်တို့ဟာ ဖြတ်သန်းလာတဲ့ ဘ၀လမ်းကြောင်းတွေ မတူညီလို့သာ အခွင့်အရေး ရရှိနိုင်တာတွေ ကွာခြားကြတာပါ ..။ ဒါပေမယ့် .. လူတိုင်းဘ၀ကို နည်းအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာမို့လို့ အတွေ့အကြုံ ပမာဏချင်းကတော့ အတူ တူပါပဲ .. ခေါင်းစဉ်တွေသာ ကွဲပြားမယ်လို့ .. ပြောပြခဲ့ပါတယ်။ တချို့ကျောင်းသားတွေဆိုရင် ကျနော့်ထက် မြင့်မားတဲ့ဘ၀ ဖြတ်သန်းမှု တွေတောင် ပိုင်ဆိုင်ကြတယ်လို့ သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ကျနော် ခိုင်းနှိုင်း ရှင်းပြပေးပါတယ် ..။ အဓိက ကျနော် ပြောပြခဲ့ တာက .. ကိုယ့်အတွေ့အကြုံ အရည်အချင်းတွေကို အထင်သေးပြီး .. စိတ်အားငယ်မနေဖို့ပါ ..။ ပညာဆိုတာ အတန်းပညာတွေ ခပ်များများ တတ်မြောက်အောင်မြင်ဖို့ ဆိုတာထက် .. ကိုယ်မသိသေးတာ ကိုယ်မတတ်သေးတာကို သိမြင် တတ်မြောက်လိုက်ပြီး .. လက်တွေ့ဘ၀မှာ ပြန်အသုံးချနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း ကျနော် ခံစားမိသလောက် ပြောပြဖြစ်ခဲ့တယ်။
တကယ်တော့ .. ဘ၀တခုလုံးကိုက သင်ယူလို့ မပြီးဆုံးနိုင်တဲ့ .. ဖတ်စာအုပ်ကြီးအဖြစ် ချမှတ် ပြဌာန်း ပြီးသားပါလေ ..။ ကျနော်တို့ သတိ မမူမိကြလို့ပါ ..။
တဖြည်းဖြည်းနဲ့တော့ ကျောင်းသူ ကျောင်းသားတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောဆို ရင်ဖွင့်လာကြတယ် ..။ ထားဝယ်မြို့ဟာ ရခိုင်ပြည်နယ်မှာလို့ ထင်နေတဲ့ကလေးတွေ .. ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူးတဲ့ ကလေးတွေ .. ကရင်နီလူမျိုးဆိုတာ မကြားဘူး တဲ့ ကလေးတွေ .. ဒုက္ခသည်တွေ ပြည်တွင်းက တောအုပ် တွေထဲမှာ ပြေးလွှားပုန်းခိုနေရတယ် ဆိုတာကို မယုံနိုင်တဲ့ ကလေးတွေ .. ၁၉၈၈ လူထုလှုပ်ရှားမှု အကြောင်း နဲနဲ လေးမှ မကြားခဲ့ဘူးတဲ့ ကလေးတွေ .. အေအိုင်ဒီအက်စ်ရောဂါဟာ နိုင်ငံခြား တိုင်းပြည်တွေမှာပဲ ရှိနေတယ်လို့ ထင်နေတဲ့ ကလေးတွေ … မူလတန်းနဲ့ ကျောင်းထွက်လိုက်သူတွေ ... အလယ်တန်းမှာ ကျောင်းပျောက်ဆုံး သွားသူတွေ … အထက်တန်းနဲ့ ကျောင်းပြီးလိုက်ကြသူတွေ .. တက္ကသိုလ်ဆိုတာ နန်ဘုံနတ်နန်းလို ကြီးကျယ် မြင့်မြတ်လို့ အလှမ်းမမှီနိုင်ဘူးလို့ ထင်နေသူတွေ … … … ။
အတန်းထဲက ကျောင်းသားတွေအားလုံးရဲ့ နောက်ခံဘ၀တွေကို ကျနော်တတ်နိုင်သလောက် သာသာလေး ဖွင့်ကြည့်ရင်းက သိလာခဲ့တဲ့ အကြောင်းတွေပါ ..။ ထူးခြားတဲ့ တူညီချက်ကတော့ .. သူတို့အားလုံးမှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိကြတယ် ..။
ဘ၀အတွက် အာမခံနိုင်တဲ့ စစ်မှန်တဲ့ ပညာရေးမျိုးကို လိုလားကြတယ် ..။
နောက်ပြီး .. .. .. အားလုံးက .. .. ..
“မြန်မာပြည်ကို ပြန်ချင်တယ်” .. တဲ့ .. ။
ဒီတော့ .. ကျနော့်လက်တကမ်းက ကျောင်းသူ ကျောင်းသားတွေကိုတော့ ပျော်ရွှင်စေချင်တယ်ဗျာ .. စိတ်ဓာတ်တွေ ရင့်ကျက်စေချင် တယ် .. မျှော်လင့်ချက်တွေ မှန်ကန်စေချင်တယ် .. ဘွဲ့လက်မှတ်တွေ မပိုင်ဆိုင်ပေမယ့် တောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်တယ် ဆိုတာကို နားလည်စေချင်တယ် .. အဓိကကတော့ သူတို့ ကိုယ်သူတို့ ယုံကြည်စေချင်တယ် .. သူတို့လျှောက်လှမ်းနေတဲ့ ဘ၀တွေကို ယုံကြည်ချက်ရှိရှိ ဆက်လှမ်းစေချင်တယ် ..။ ကျနော့် စာသင်ချိန်တွေကနေ သူတို့ဘ၀အတွက် အသုံးကျမယ့် အသိပညာတခုခု ရလိမ့် မယ် ဆိုပြီး .. စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်စေချင်တယ် ..။ ကျနော့်စာသင်ခန်းဟာ .. အင်္ဂလိပ်စာ နှုတ်တိုက် ရွတ်ခိုင်းတဲ့ သာမန် စာသင်ခန်းလေး အဖြစ်ကနေ လုံးဝသွေဖည်နေပြီဆိုတာကို ခံစားမိလိုက်တာနဲ့ တပြိုက်နက် .. ဒီလူငယ်တွေအပေါ်ထားတဲ့ ကျနော့် မျှော်လင့်ချက်တွေလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာတယ်ဆိုတာ ပထမဆုံးနေ့မှာတင်ပဲ ကိုယ့်ကိုယ်ကို သေချာသွားခဲ့တယ်။ မြန်မာပြည်မှာသာ ကျနော် စာသင် ဖြစ်နေသေးရင်တော့ တပည့်တွေကို အခုလို ခံစားချက်မျိုးတွေ ပေးနိုင်ပါ့မလား ဆိုတာ.. ကျနော့်ကို ကျနော် မသေချာပါဘူး ..။ ကျနော် ကိုယ်တိုင်တောင် မသေချာခြင်းတွေ ကြားထဲမှာ အသက်လု ရုန်းကန်နေရတာကိုး ..။
ဘာပဲဖြစ်ဖြစ် .. လတ်တလောမှာတော့ ဆရာတယောက်အနေနဲ့ရော .. သူတို့အတွက် အခင်ဆုံး သူငယ်ချင်းတယောက်အနေနဲ့ပါ .. သူတို့ရင်ဖွင့်တိုင်ပင်ရာ .. အကြံဥာဏ် တောင်းခံနိုင်ရာ နေရာတခုအဖြစ် ကျနော် ရပ်တည်ချင်ပါတယ် ..။ အချိန် ဘယ်လောက်ပဲ ရရပေါ့ ဗျာ ..။ မြန်မာပြည်အရပ်ရပ်ကနေ စားဝတ်နေရေး အခက်အခဲမျိုးစုံကြောင့် .. ဒါမှမဟုတ် ဘ၀တက်လမ်းကြောင့် .. မျှော်လင့်ချက်တွေ အမျိုးမျိုးနဲ့ မိခင်ရင်ငွေ့ကိုခွာ .. လုံခြုံဘေးကင်းရာနဲ့ ဝေးရာမှာ .. စာသင်ခန်းတွေကို ကျောခိုင်းထားတဲ့ .. အနာဂတ် တိုင်းပြည်ရဲ့ အုတ်တချပ် .. သဲတပွင့်တွေကို .. ကျနော်နိုင်သရွေ့ .. တတ်စွမ်းသရွေ့ .. ပြုစု ပျိုးထောင်ခွင့် ရချင်ပါတယ် ..။ လှပသန့်စင်ပြီး တောက်ပ လန်းစွင့်နေမယ့် ပျိုးခင်းလေးတခုကို ဘ၀မှာ.. တခါလောက်တော့ ဖန်တီးချင် နေမိပါတယ် ..။
နိုင်းနိုင်း။
၁၄ မတ် ၂၀၀၈။
သောကြာ။

Wednesday, April 16, 2008

အသစ် ..။

“နှစ်” အသစ်ဟေ့ ..။
..
.
စက္ကန့် အသစ် ..
မိနစ် အသစ် ..
နာရီ အသစ် ..
နေ့ရက် အသစ် .. တွေ .. (မြင်လား ဟိုမှာ ..)
အတွေး အသစ် ..
အမြင် အသစ် ..
စိတ်ကူး အသစ် ..
ခံစားချက် အသစ် ..
ရင်ခုန်သံ အသစ် .. တွေနဲ့ .. (တိုးဝင် ကြည့်ကြရအောင် ..)
ရည်ရွယ်ချက် အသစ် ..
မျှော်လင့်ချက် အသစ် ..
စိန်ခေါ်မှု အသစ် ..
နည်းလမ်း အသစ် ..
ရင်ဆိုင်မှု အသစ် .. တွေအတွက် .. (အဆင်သင့်ပြီလား ..)
.
..
အောင်မြင်မှု အသစ်တွေ ..
(ငါတို့လို ..)
လူသစ် ..စိတ်သစ် .. တွေကို
စောင့်ကြိုနေတယ် ..။

ခြေလှမ်း အသစ်တွေ .. (စ လိုက်ရအောင် ..)
အရောင် အသစ်တွေ .. တလက်လက်နဲ့ ..
လက်တကမ်းက ..
ရွှေရောင် .. အနာဂတ် အသစ်ဆီကို ..။

... 99 ...
၁၇ ဧပရယ် ၂၀၀၈။
(နှစ်ဆန်း ၁ ရက်နေ့)

Friday, April 11, 2008

သင်္ကြန်လေနဲ့ အတူ ..။

မနက်ခင်း နေခြည်လေး ဖြာခင်းနေပေါ့ ..
မင်းကတော့ ရောက်မလာခဲ့ပါဘူး ..

ကြည်လင်သာယာတဲ့ နေ့ခင်းလေးပါ ..
အရာရာ
ငြိမ်သက်လှပလို့ ..
မင်းမလာခဲ့တာက လွဲရင်ပေါ့ ..

ချုပ်ညရီတရောကို ရောက်လာပြန်ပြီ ..
မြင်မြင်သမျှ .. လွမ်းဆွတ်ခြင်း ရနံ့တွေ ဖြန်းပက်ထားလို့ ..
တမ်းတမ်းတတနဲ့ မင်းကို မျှော်ဆွေးမိပြန်ပေါ့ ..

ကြယ်တာရာတွေ အစုံအလင်နဲ့ ..
ဒီလို ညခင်းမျိုးဆိုရင်လည်း ..
မှိတ်တုတ် မှိတ်တုတ် အလင်းလှုပ်လှုပ်တွေအောက်မှာ ..
ဆို့ဆို့နင့်နင့် မျှော်လင့်ချက်ကြီးကို အသက်သွင်းမိပြန်ရော ..
ဗြုန်းကနဲဆို .. မင်း .. ပြန်များရောက်လာမလားလို့လေ ..

ဘာလိုလိုနဲ့ သင်္ကြန်ဆိုတာတောင်
တကျော့ ပြန်ရောက်လာပေါ့ ..
ပြန်မကျော့နိုင်သူက ..
ငါ့ရင်တွင်း အမတေလေး .. မင်း ..

အိမ်အပြင်မှာ ..
သင်္ကြန်မိုးတွေလည်း .. ရွာနေပြန်ပြီ ..
ငါ့ရင်ထဲလည်း စိုစိုရွှဲလို့ပေါ့ ..
မင်းအတွက် သွန်းဖြိုးလိုက်တဲ့ ..
အလွမ်းမိုးတွေကြောင့်လေ ..

နှစ်မကူးသေးဘူး ..
ဒီအချိန် တန်ခူးလေးမှာ ..
အလှထူးနေတဲ့ .. ပိတောက်ဦးတွေ ..
ငါ့ရင်ရဲ့ အငုံအဖူး .. မင်းအတွက်
ရည်စူးထားလို့ပါ ..

ဟော ..
ရေလောင်းသူတွေလည်း လောင်းနေကြပြီ ..
မုန့်ဝေသူတွေလည်း ဝေကုန်ကြပြီ ..
အားလုံးမျက်နှာပေါ်မှာ ..
ပိတောက်နဲ့ အပြိုင် ..
ဧပရယ်နေမင်းကို အန်တုမယ့် ..
အရယ်တွေ .. အပြုံးတွေ ..
ပွင့်လို့ .. လန်းလို့ ..

လူတကာတွေ .. ပျော်ရွှင်နေရောပေါ့ ..
ငါလည်း .. ပျော်ရွှင်ပါရစေ .. မင်းရယ် ..
ဒီတခါ .. သင်္ကြန်လေ အနွဲ့မှာ ..
ငါ့ဆီ .. ပြန်လှည့်လာခဲ့ပါကွယ် ..။

... 99 ...
၁၂ ဧပရယ် ၂၀၀၈။

Monday, April 7, 2008

ခက်တဲ့ မင်း ..။

မင်း ..
ငါ့ကို အနှောင့်အယှက် ပေးလွန်းနေပြီ ..

မင်းကြောင့် ..
ငါ .. အိပ်ရေးတွေ ပျက် ..
မင်းကြောင့် ..
ငါ .. အစားအသောက်တွေ ပျက် ..
မင်းကြောင့် ..
ငါ .. တနေ့တာ လှုပ်ရှားမှုတွေ ပျက် ..
မင်းကြောင့် ..
ငါ .. လူမှုရေးတွေ ပျက် ..
မင်းကြောင့် ..
ငါ .. ပတ်ဝန်းကျင် အလှအပတွေ မငဲ့ကွက် ..
မင်းကြောင့် ..
ငါ .. အပေါင်းအသင်း အသိုင်းအ၀ိုင်းထဲက ထွက် ..
မင်းကြောင့် ..
ငါ .. စာမေးပွဲမှာ ခက် ..

မင်းကြောင့် ..
ငါ့ နေ့တွေ .. ညတွေလည်း ပျက် ..
မင်းကြောင့် ..
ငါ့ နှလုံးသားတွေ .. အေးစက် ..
မင်းကြောင့် ..
ငါ့ အသက်ရှုသံတွေ .. မသွက်လက် ..
မင်းကြောင့် ..
ငါ့ ဦးနှောက်တွေ .. ပေါက်ထွက် ..

မင်းကြောင့် ..

မင်းကြောင့် ..

မင်းကြောင့် ..
..
.
မင်းဆိုတဲ့ .. အင်တာနက်ကြီးရေ ..
ငါ့ ခေါင်းထဲက ထုတ်ပစ်ရလိမ့်မယ် ..
ခဏတဖြုတ် ဖြစ်ဖြစ်ပေါ့ကွာ ..
..

.

မင်း ..
ငါ့ကို အနှောင့်အယှက် ပေးလွန်းနေလို့ပါ ..

... 99 ...
၇ ဧပရယ် ၂၀၀၈။
[
စာမေးပွဲအတွက် စာကျက်နေတုန်းလေး ကြိုးစားထားတာ ..]

Wednesday, April 2, 2008

အရင်လို မြို့လေး ..။

ကျနော့်မြို့လေး ..
ရုပ်ကြွင်းတွေ တပုံတပင်နဲ့ ..
အေးခဲရပ်တန့်နေခဲ့ပေါ့ ..
တခါသော .. ရာဇ၀င်ထဲမှာလေ ..။

ကျနော့်မြို့လေးမှာ ..
ပကတိ ရိုးသားမှုတွေ ကျန်ရစ်တယ် ..
ဖြူစင်စွာ ကျွမ်းဝင်တတ်ခြင်းတွေ နေရစ်တယ် ..
သန့်စင်တဲ့ ပေးဆပ်ခြင်းတွေ ကြွေရစ်တယ် ..
ယုံကြည်ခြင်းတွေ ခန်းခြောက်နှင့်တယ် ..
ခိုင်မြဲတဲ့ကတိသစ္စာတွေ ကျိုးပဲ့ချန်ရစ်တယ် ..
အမြဲလန်းဆန်းနေတတ်တဲ့ .. မေတ္တာတရားတွေတောင်
ကျောက် ဖြစ်ကုန်ကြတယ် ..
တခါက .. ရာဇ၀င်တပုဒ်လိုလေ ..။

အခု .. ကျနော့်မြို့လေးက ..
ဟန်ဆောင်ခြင်း ၀တ်ရုံနက်ကြီးနဲ့ ..
အသစ်အဆန်းတွေနောက် ကောက်ကောက်ပါရင်း ..
ညစ်ထပ်ထပ် အပြုံးတုတွေ ဖလှယ်နေကြတယ် ..
သားကောင် ဖြစ်နေမှန်းမသိတဲ့ မုဆိုးတွေနဲ့ ..
မုဆိုး ဖြစ်နေမှန်းမသိတဲ့ တရားဟောဆရာတွေက ..
အချင်းချင်း ပျက်လိုပျက်စီးခြင်းကို ဦးတည်လို့ ..
ဆူလောင် မှောင်ပွက်နေအောင် တန်ဆာဆင်ကြတယ် ..။

လတ်တလော .. ကျနော့် .. မြို့လေးထဲမတော့ ..
ကျီးကန်းတွေ အချိန်တိုင်း တောင်းမှောက်နေပြီး ..
နှိပ်ကွပ်ခြင်းတွေဟာ ပုံမှန်လိုပဲ လည်ပတ်လို့ ..
စွန့်လွှတ်သူတွေရဲ့သတ္တိကို ဟာသလုပ်နေကြပေါ့ ..
တနပ်ပဲစားရ စားရ .. နပ်တ၀က်ပဲ စားရ စားရ ..
ဘ၀တပုဒ်ကို ဖတ်ရတာ ..
အစားတလုပ်လောက် အရသာမတွေ့လေတော့ ..
မြို့လေးဟာ .. စားခွက်လုကွင်းသာသာ ..
ငါ့အတွက် .. ငါသာဆိုတဲ့ ..
ရယူလိုခြင်းတွေနဲ့ ဟုန်းဟုန်းထလို့ပေါ့ ..။

တယောက်အပူကို တယောက်က အမြတ်ယူလို့ ..
တဦးမျက်ရည်က နောက်တဦးအတွက် အပန်းဖြေစရာဖြစ်လို့ ..
တကယ်အလုပ်လုပ်သူတွေ ချောက်ထဲ တွန်းချခံနေရလို့ ..
ရေလိုက်ငါးလိုက်တွေတော့ တမွန်းတည့်နေကြလို့ ..
ကျနော့် .. မြို့လေးမှာဗျာ ..
လောင်မြိုက်နေလိုက်ပုံများ ..။

အေးချမ်း ဆိတ်ငြိမ်လွန်းလို့ ..
လူသူ မရောက်မပေါက်တာ ကြာပြီဖြစ်တဲ့ ..
“ဗြဟ္မစိုရ်” ဆိုတဲ့ လမ်းလေးကတော့ ..
ခြုံနွယ်ပိတ်ပေါင်းတွေ ကြားကနေ ..
ခပ်ငေးငေး မျှော်ကြည့်နေရှာရဲ့ ..
အေးခဲနေခဲ့တဲ့ .. ကျနော့်မြို့လေး ..
ဟိုး .. အရင်လို ..
ပြန်လည် အသက်ဝင်လာမယ့်နေ့ကိုလေ ..။

... 99 ...
၂ ဧပရယ် ၂၀၀၈။