Wednesday, February 27, 2008

အရောင်များရဲ့ အသံ ..။

ထိုင်ပေမြို့မှာ မွေးဖွားခဲ့တဲ့ စာရေးသူ “ဂျင်မီလျောင်ဝ်” ဟာ ကင်ဆာရောဂါကနေ လွတ်မြောက်ခဲ့သူပါ။ သူ့ဘ၀ တလျှောက်လုံး ကလေး စာပေနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး .. သူ့စာအုပ်တွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ကမ္ဘာအနှံ့မှာ ထုတ်ဝေခဲ့ပါ တယ် ..။ အခုဖော်ပြထားတဲ့ အရောင်များရဲ့ အသံ” စာအုပ်ကိုတော့ “ဆာရာအယ်လ်သော်မ်ဆမ်” က အင်္ဂလိပ်ဘာသာကို ပြန်ဆိုပေး ထားပါတယ် ..။ ဒီစာအုပ်ကို စင်တင်ပြဇာတ်တွေနဲ့ ကာတွန်းရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပြီးပါပြီ ..။

အရောင်များရဲ့ အသံ” စာအုပ်ထဲက မျက်စိအလင်းအာရုံ ကွယ်ပျောက်သွားခဲ့တဲ့ မိန်းခလေးဟာ ..
ဘ၀အတွက် သူ့မျှော်လင့်ချက် ...
သူမြတ်နိုး နှစ်သက်တဲ့အရာတချို့ ...
ပျောက်ဆုံးသွားခဲ့တဲ့ အလင်းရောင် .. တွေကို ရှာဖွေနိုင်ဖို့ ..
အိမ်ထဲမှာ စိတ်ဓာတ်ကျမနေပဲ ..

စိတ်ကူးအတိုင်း ခရီးထွက်ခဲ့တာကို ပုံဖော်ရေးချယ်ထားတာပါ ..။
သူနဲ့အတူ .. ကျနော်လည်း အတူခရီးထွက်ခဲ့မိပါတယ် .. ကျနော်တို့ဘ၀မှာ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွားတာတွေကို ရှာဖွေ ကြည့်ချင်လို့ပါ ..။

အရောင်များရဲ့ အသံ ..

[စိတ်ကူးနဲ့ နှင်တဲ့ခရီး]

လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး .. ကျမရဲ့အမြင်အာရုံတွေ တဖြည်းဖြည်း ပျောက်ကွယ်လာ တာကို သတိထားခဲ့မိတယ် ..အိမ်မှာ တယောက်တည်း ထိုင်နေရင်းနဲ့ အမှောင်ကမ္ဘာကြီး ကျမဘေးမှာ လွှမ်းခြုံနေရာယူလာတာ ကို ခံစားနေခဲ့တယ် ..
ဒါပေမယ့်
.. ဒီနေ့တော့ မီးခိုးရောင် ခပ်ပျော့ပျော့ မိုးရေတွေထဲကို လမ်းလျှောက်ထွက်လာ ခဲ့တယ် ..
ကျမရဲ့ ဦးတည်ရာက
.. မြေအောက်ရထားဘူတာရုံဘက်ကို ..
ကျမမှာ ရှေ့ဆက်ရမယ့် ခရီးတွေရှိနေသေးတယ်
..
ကျမ ရှာဖွေချင်နေတဲ့ ကိစ္စတချို့ ရှိသေးတယ်
..

မြေအောက်ရထားဘူတာရုံရဲ့ လမ်းဘေး ပလက်ဖောင်းရှိရာ အောက်ဖက်ကို ကျမ ဆင်းသွားတယ် .... အဲဒီမှာက လေတိုက်တာတွေ .. မိုးရွာတာတွေ ဘယ်တော့မှ မရှိ ဘူးလေ ..
ရထားစောင့်နေရင်းနဲ့ ကျမ စပြီး စဉ်းစားမိလိုက်တာက
..
တကယ်လို့များ
.. တကမ္ဘာလုံးက မြေအောက်ရထားလမ်းတွေသာ တလမ်းတည်း ဖြစ်သွားခဲ့ရင် … ကျမ ဘယ်ကို သွားရတော့မလဲ ..
ကျမ စိတ်ကူးလွင့်ဝဲကျတဲ့ .. ဘယ်နေရာမဆိုဖြစ်နိုင်တာပဲနော်
..

နောက်တော့ .. လူတွေပြည့်နှက်နေတဲ့ ရထားထဲ .. ကျမကိုယ်ကျမ အတင်းတိုးဝင်လိုက်ရတယ် ..
ခရီးအဆုံးမှာ
ဒီလူတွေအားလုံးကို .. စောင့်နေမယ့် သက်ဆိုင်ရာ တစုံတယောက် တွေများ ရှိနေမလားလို့ တွေးရင်းနဲ့လေ..

ရထားကြီးက ဘူတာရုံထဲကို တကျွီကျွီ အော်မြည်ပြီး ဆိုက်ကပ်လာတယ် ..
အဲဒီနောက် ရထားကြီးရဲ့တံခါးတွေ လျောကနဲ
ပွင့်လာတယ် ..
အခုတော့ .. ဒီဘူတာရုံလေး ဘာနဲ့တူမှန်းတောင် ကျမ မမှတ်မိတော့ဘူး
..
ကျမအပြင်ကို ထွက်လိုက်ရင်
.. ကျမပတ်ဝန်းကျင်မှာ ဘာတွေများ ရှိနေမှာလဲ ..

ကျမ ဘူတာရုံထွက်ပေါက်ရှိရာ လှေခါးတွေပေါ်ကို တက်သွားတယ် .. ခြေချော်ပြီး လဲမကျဖို့ ဂရုတစိုက်နဲ့ ပေါ့ ..
ဆင်ကြီးတကောင်သွားနေသလို ခပ်အိအိ ခပ်နှေးနှေးပေါ့
..
ဖြေးဖြေးလေးလေး ခပ်အေးအေး စိတ်ရှည်ရှည်နဲ့
.. တလှမ်းချင်းလှမ်းရင်းပေါ့ ..

နောက်ဆုံး .. ကျမလိုဏ်ခေါင်းရှည်ကြီးအပြင်ဘက်ကို လှမ်းထွက်ခဲ့ပေမယ့် .. အလင်းရောင်ကို မမြင်ခဲ့ပါဘူး။ ဒါပေမယ့် .. ကျမအနားမှာ သစ်ရွက်တွေ ကြွေကျနေတာကို ခံစားမိတယ် ..။ နေရောင်ခြည်တွေ ဖြာကျနေလို မျိုးပေါ့ ..
ဒီအနီးအနား တနေရာမှာ ရွှေရောင်သစ်ရွက်လေးတရွက် မြုပ်နှံထားတယ်ဆိုတဲ့ ပုံပြင်တပုဒ်အကြောင်း ကျမ ကြားခဲ့ဖူးတယ်
..

ကျမ ပန်းသီးတွေ ခူးချင်တယ် .. အရည်ရွှမ်းရွှမ်းအသီးကြီးဟာ ကျမလက်ထဲ .. လေးလံနေမှာပဲနော် ..
နီမြန်းပြီး ချိုအီတဲ့အနံ့တွေလည်း သင်းနေမှာ
..
နောက်ပြီး .. လုံးဝန်းပြည့်ဖြိုးနေမှာပဲ ..

ကျမမြေအောက်ရထားဆီကို ပြန်ဆင်းလာခဲ့တယ် ..
ရထားက ကျမကို တခါပြန်သယ်ဆောင်သွားခဲ့တယ်
.. အမှတ်ရစရာတွေလည်း တပါတည်း ယူဆောင်လာရင်းပေါ့ ..

ဘူတာအသစ်မှာ ..
လှေခါးတွေပေါ် နောက်တခါ တက်ရပြန်တယ် ..
ကျမသာ သမုဒ္ဒရာထဲကို ခုန်ထွက်သွားရင် ဘယ်လိုနေမလဲနော်
..
လင်းပိုင်လေးတွေရဲ့ ဘာသာစကားကို ကျမနားလည်တယ်လို့ အိပ်မက်မက်တယ်
..
သူတို့စကားက .. ကျမကို ပင်လယ်ရဲ့လျှို့ဝှက်ချက်တွေ .. သိစေ .. ကြားစေတယ်
..
အင်း .. ကောင်းကင်ကြီး ဘယ်လို အပြာရောင်သမ်းတယ်ဆိုတာတောင် .. ကျမမေ့သွားပြီ ..
ဒါပေမယ့်
.. စိတ်ထဲမှာတော့ တိမ်တွေ ပုံသဏ္ဍန်ပြောင်းနေတာကိုတော့ .. ကြည့်နေ မြင်နေတုန်းပါပဲ ..

လိုဏ်ခေါင်းထဲမှာ ရထားသွားနေတဲ့အသံဟာ .. ဟိုးးး ..ခပ်ဝေးဝေးကမ်းစပ်က လှိုင်းပုတ်သံတွေနဲ့ တူပါလားဆိုတာ ကျမ ဘယ်တုန်းကမှ သတိမထားခဲ့မိဘူး ..

နောက်ဆုံးလှေခါးထစ်ကနေ လှမ်းထွက်လိုက်တဲ့အခါ .. ကျမခြေထောက် အောက်ဖက်မှာ ဘာမှ ရှိမနေဘူးဆိုရင် .. ဘာဖြစ်သွားနိုင်လဲလို့ ကျမတွေးကြည့်မိတယ် ..
လေထုကြီးက ကျမကို ပျံသန်းတတ်အောင် သင်ပေးရင် သင်ပေးမှာပေါ့
..
ငှက်ကလေးတွေကို သင်ပေးသလိုမျိုးလေ
..
ပြီးရင်
.. ကျမကို ရထားတွေရှိတဲ့ဆီ ပြန်သယ်ဆောင်သွားပြီး .. ညင်ညင်သာသာလေး ချပေးလိမ့်မှာပေါ့ ..

တခါတလေ .. လမ်းမတွေက သူတို့ကိုယ်သူတို့ ၀င်္ကဘာတခုလိုပဲ ဟန်ဆောင် တတ်ကြတယ် ..
ဒါပေမယ့်
.. သေသေချာချာ ဂရုတစိုက်ကြိုးစားကြည့်ရင် .. “ထွက်ပေါက်တခုဆိုတာ အမြဲလို ရှိစမြဲပါ..

ဒီဘူတာရုံလေးရဲ့အခြေအနေဟာ မနေ့ကနဲ့ ဒီနေ့ .. အတူတူပဲလားဆိုတာ ကျမဘယ်တော့မှာ သိမှာမဟုတ်ပါဘူး ..
ညတွင်းချင်းပဲ ပြောင်းလဲသွားခဲ့သလား
..
အသစ်တခုအဖြစ်များ ဖွံ့ဖြိုးသွားခဲ့ပြီလား
..
အဲ .. ကမ္ဘာ့ပေါ်ကနောက်ဆုံး ဘူတာရုံကို ကျမ
.. ရောက်နေတာလည်း ဖြစ်နိုင်တာပဲ ..
ဒီလိုဆိုရင်တောင်
.. ကျမခရီးက မဆုံးနိုင်သေးပါဘူး ..
ကျမ လိုချင်တာကို ရှာမတွေ့မချင်းပေါ့ ..

ရထားတွေက ကျမနားမှာ ယိမ်းထိုးလှုပ်ခါ အော်မြည်ရင်း.. အလျင်စလိုပဲ ဖြတ်သန်းသွားလာနေကြတယ် ..
ဘယ်ရထားက ကျမသွားချင်တဲ့နေရာမှန်ကို ရောက်အောင် ပို့ဆောင်ပေးမှာလဲ
..
မြေအောက်ထဲမှာ လမ်းပျောက်ဖို့ဆိုတာ
.. တကယ့်ကို လွယ်လွယ်လေးပဲ ..
ကျမဘယ်နားမှာ ရောက်နေတာလဲ
.. ဘယ်ကို ဆက်သွားမှာလဲ ..
ပြီးတော့
.. ကျမ ရှာဖွေနေတာနဲ့ရော တဖြည်းဖြည်း နီးလာပြီလား ..

ကလေးလေးတယောက်က ကျမကို မေးတယ် …။
အိမ်အပြန်လမ်းရောက်အောင် ဘယ်လိုသွားရမလဲတဲ့ ..
ငါလည်း မင်းလို .. ရှာနေတာပါကွယ်” .. လို့ ပြန်ပြောမိတယ် ..
အိမ်ဆိုတာ ..
ကျမ ပျောက်ဆုံးခဲ့သမျှတွေ ရှိနေတဲ့
.. လုံခြုံနွေးထွေးရာ နေရာတခုပေါ့ ..
အပြန်လမ်းရှာတွေ့ပြီး .. ကျမ အိမ်ပြန်အလာကို စိတ်ရှည်ရှည်နဲ့ စောင့်နေလေမှာ
..

ကျမ နောက်ဆုံး ပျောက်ဆုံးသွားတဲ့အရာက .. “အလင်းရောင်ပေါ့ ..
တယောက်ယောက်က ကျမကို စနောက်ပြီး
.. မီးခလုပ်ကို ပိတ်လိုက်သလိုပါပဲ ..
ကျမလေ
.. ကြိုးစားလိုက်ရတာ .. အကြိမ်ကြိမ်ပါပဲ ..
ဒါပေမယ့်လည်း
..နောက်တကြိမ် ပြန်ရှာလို့ မရနိုင်ခဲ့ပါဘူး ..
ဒီတော့
..
ကျမရှေ့မှာစောင့်ကြိုနေတဲ့ အမှောင်ထုထဲကိုပဲ တလှမ်းခြင်း ဆက်သွားနေခဲ့မိတယ်
..

အခုတော့လည်း ..
ကျမ မမြင်နိုင်တဲ့အရောင်တွေရဲ့ အသံတွေကို
.. နားထောင်တတ်လာတယ် ..
ပုံသဏ္ဍန်တွေကို ကျမ ကြိုးစား
အနံ့ခံကြည့်တယ် ..။
အလင်းနဲ့ အမှောင်ကိုလည်း
.. ကျမ အရသာခံကြည့်လို့ရလာတယ် ..
အင်း
.. ပြီးတော့ ..
ပြတင်းတံခါးဝမှာ "ကျ" နေရောင်တွေ တရိပ်ရိပ်ပြည့်လာနေချိန်
.. .. ..
အဲဒီအချိန်လေးမှာပဲ ..
အနားမှာထိုင်ပြီး ကျမကို ကဗျာတွေဖတ်ပြပေးမယ့် သူငယ်ချင်းတယောက်လောက်လည်း မျှော်လင့်မိတယ်
..


ကျမနံဘေးမှာထိုင်မယ့် တစုံတယောက်တော့ ရှိကို ရှိဦးမှာပါ
..
ကျမကို လက်ဖက်ရည်ငဲ့တိုက်မယ်
..
သူ့အနာဂတ်တွေအကြောင်း ပြောပြမယ်
..
ပြီးတော့
.. ကျမ ပြောပြ ရင်ဖွင့်သမျှကိုလည်း နားထောင်မယ့်လူပေါ့ ..

ရထားပေါ်မှာ ယိမ်းထိုးလှုပ်ခါတာရော .. လှေခါးထစ် အဆင်းအတက်များသွားရော ပေါင်းပြီး .. ကျမ တော်တော်လေး ပင်ပန်းနေပြီ ..။ ဒါနဲ့တောင် .. ကျမရင်ထဲက အတွေးတခုက ကျမခြေလှမ်းတွေကို ရှေ့ဆက်စေခဲ့တယ် ..
ခရီးရဲ့အခြားတဖက်မှာ ကျမကို တစုံတယောက်များ စောင့်နေကောင်းရဲ့လို့လေ
..

သူက .. ကျမလက်ကို တွဲလို့ .. ကျမအပေါ်မှာ ထီးမိုးပေးမှာပေါ့ ..
နောက်ပြီး .. ကျမကို ကြယ်တွေအကြောင်း ပြောပြလိမ့်မယ် ..
ပြောပြရင်းနဲ့ .. တညလုံး ကျမနဲ့အတူတူ လမ်းလျှောက် ကူလိမ့်မပေါ့ ..

ဟော .. ကြားလား …!!
ဟိုးး
.. ခပ်ဝေးဝေး ရှေ့နားက လိုဏ်ဂူအဆုံးမှာ .. မင်း ကြားလိုက်သလားဟင် ..!!
လိပ်ပြာလေးတကောင်
.. သူ့အတောင်ပံတွေကို ရိုက်ခတ်နေတယ် ..
အဲဒီ့ အတောင်ပံတွေဆီကနေ တိုက်ခတ်လာတဲ့
လေပါးပါးလေး ..
ကျမမျက်နှာပြင်ပေါ် ပွတ်တိုက်သွားတာ ခံစားလို့ရနေတယ်
..
ကျမ သူ့ခေါ်ဆောင်ရာနောက်ကို
လိုက်လာခဲ့ပါတယ်
..။
လူတကာတွေ ဆန်တက်နေချိန်မှာ ..
ကျမက စုန်ဆင်းလို့
.. ..။
ကဲ
.. လူတကာတွေ စုန်ဆင်းသွားတော့ .. ကျမက အထက်ကို ဆန်တက်လို့ .. .. ..
ဆူညံပွက်လောထပြီး
.. ယောက်ယက်ခတ်နေတဲ့ မြို့ကြီးထဲမှာ .. နူးညံ့သိမ်မွေ့တဲ့ သူ့တောင်ပံခတ်သံလေး ကြားရဖို့ .. ကျမ အစွမ်းကုန် နားစွင့်ခဲ့ရတယ် ..
ဘာလို့လည်းဆိုတော့
.. ကျမရှာဖွေနေတဲ့ … အရည်ရွှမ်းရွှမ်း ပန်းသီးလေးတလုံးရှိတဲ့နေရာ
ဒါမှမဟုတ်လည်း
.. ရွှေရောင်သစ်ရွက်လေး တရွက်ဆီကို ရောက်နိုင်ဖို့ ..
သူ ကျမကို ကူညီမှာလို့ ယုံကြည်ထားလို့လေ
..
သူက ကျမလိုချင်တဲ့ သူငယ်ချင်းရှိရာကို ခေါ်သွားနိုင်မှာ
..
နောက်ပြီး .. ကျမကို
ရောင်စဉ်တွေအားလုံး တည်ရှိရာကိုလည်း လမ်းပြလိမ့်မယ် ..
ပြီးရင်တော့..
ကျမပျောက်ဆုံးသွားတဲ့
အလင်း ရှိရာကိုလည်း ပြန်ခေါ်ဆောင်ပေးလိမ့်မယ်လေ ..

ဒီ အလင်းဟာ ..
ကျမနှလုံးသားထဲမှာ .. လင်းလက်မြဲ .. လင်းလက်နေဆဲ ..
ထွန်းတောက်မြဲ
.. ထွန်းတောက်နေဆဲပါ ..

Tuesday, February 26, 2008

ဘ၀အတွက် ပြည့်စုံမှုတခုမျှသာ ..။

သူငယ်ချင်းနဲ့ အချစ်အကြောင်း ဆွေးနွေးတယ် ..။

အချစ်ဆိုတာ …

လုံးသလား .. ပြားသလား

ချိုသလား .. ချဉ်သလား

ခပ်ခါးခါးများလား ..

သူငယ်ချင်းက “သူ”မသိဘူးတဲ့ ..။

ဒီတော့ .. နောက်တယောက်က .. ..

အချစ်ဆိုတာ ..

လေးဒေါင့်ကြီးတဲ့ ..

တချို့လည်း ဒိုင်းမွန်းပုံ ..

တချို့လည်း ခပ်ဝိုင်းဝိုင်းတွေပေါ့တဲ့ ..။

ဒီတော့ .. အရင်တယောက်က ..

အဌဂံပုံလို့ ထင်သတဲ့ ..

ဘာကြောင့် ထင်ရသလဲ ဆိုတော့ … … …

“သူများနဲ့မတူအောင်လို့တဲ့” …

ကဲ .. ရှင်းရော ..။

တကယ်တော့ .. အချစ်ဆိုတာ ..

ပိတ်လှောင်နှောင်ဖွဲ့ထားတဲ့ .. ခပ်လုံးလုံးကြီးလည်း ဖြစ်နိုင်တာပဲ ..။

ပြန့်ပြူး ပွင့်လင်းတဲ့ .. ခပ်ပြားပြားကြီးဆိုလည်း ဟုတ်တာပဲလေ ..။

ကြည်နူးကျေနပ်မှုတွေကို ဖြစ်စေနိုင်တဲ့ .. ခပ်ချိုချိုလေးလည်း မှားမှ မှားတာ ..။

အမြဲတမ်း ဂျစ်ကျနေတတ်လို့ .. ချဉ်တင်တင်ဆိုလည်း လက်ခံရမှာပဲ ..။

ကြေကွဲဆို့နင့်ရတာတွေ မလွဲမသွေဖြစ်တတ်လို့ .. ခါးတယ်ပြောချင်လား ..

ဟုတ်နေတာပဲကို .. မငြင်းပါဘူး ..။

ဘောင်ခတ်ထားတတ်တဲ့ .. လေးဒေါင့်ကျကျဆိုလည်း မှန်တာပဲလေ ..။

ဒိုင်းမွန်းပုံဆိုတဲ့ .. အချွန်အတက် အတ္တ မာန်မာနတွေနဲ့လည်း ..

ဖွဲ့တည်ထားနိုင်တာပဲ ..။

ပြိုင်ပွဲတခုလို စည်းမျဉ်း ခပ်ဝိုင်းဝိုင်းထဲမှာ ..

ခြေချုပ်မိနေတာမျိုးလည်း .. ကြုံနေကြရမှာပဲ ..။

သူငယ်ချင်း တွေးသလို .. အချစ်ကနေ ပုန်းကွယ်လို့ရအောင် ..

ဒေါင့်ချိုးတွေများတဲ့ .. အဌဂံလိုမျိုးလည်း လိုအပ်တာပဲ ..။

ဘယ်လိုပုံစံပဲဖြစ်ဖြစ် …

သေချာတာက .. ရင်ဆိုင်ဖူးခဲ့တဲ့ အချစ်တိုင်းမှာ ..

ပေးအပ်သူနဲ့ လက်ခံသူရဲ့ ..

မြတ်နိုးမှုတွေ ..ကျေနပ်မှုတွေ ..

ဖြည့်ဆည်းပေးလိုမှုတွေ .. စောင့်ကြည့်ကြည်နူးမှုတွေက ..

အဲဒီ “အချစ်” ဆိုတာကို လွှမ်းခြုံလေ့ရှိတယ် ..။

ဒီတော့ ..

အငြင်းမပွားတာ ကောင်းတယ် သယ်ရင်းရေ ..။

အချစ်ဆိုတာ ငါတို့ဘ၀ကို ပြည့်စုံစေမယ့် ခံစားမှုတခုအဖြစ်သာ မှတ်ယူရအောင် ..။

ကြည်နူး .. ကြေကွဲ ဆိုတာတွေကတော့ ..

ငါတို့ ထိုက်သလောက်ပဲပေါ့ .. .. ..။

99

Monday, February 25, 2008

“ငါ” ပြန်ဖြစ်ချင်တယ် ..။

နှိုးစက်သံနဲ့ မနက်ခင်းတွေ ..
ရပ်တန်းက ရပ်ချင်ပြီ ..
လွင့်ဝဲနေကျ ရွာထိပ်က ကြက်တွန်သံနဲ့ ..
တဖန်ပြန်လင်းပါရစေ .. ငါ့မနက်တွေရယ် ..။

အမည်ခံ ကော်ဖီတခွက်နဲ့ မျှောချခဲ့တဲ့ ..
sandwich
တခု .. ဒါငါ့ မနက်စာတဲ့ ..
မြင်နေကျ ပုံစံခွက်နဲ့ ဒီလို ရယ်ဒီမိတ်တွေ ..
ဘယ်လောက်တောင် နှစ်ပါးသွားရအုံးမလဲ ..။
ဆီမပါ လှော်ရုံသာ မွမ်းမံထားတဲ့ .. ထမင်းကြော်ပူပူလေး ..
ခပ်ကြမ်းကြမ်းဆိုအုံးတော့ .. မေတ္တာထုံမွှန်းထားလေတယ် ..
အင်း .. ရွာတုန်းက ငါ့ မနက်ခင်းတွေ ခွန်အားအပြည့်နဲ့ပေါ့ ..။

ဟိုနားက .. ဒီနား ..
ဒီနားက .. ဒီ့နား ..
အနှေးဆုံးနှုန်းနဲ့ ဥဒဟို ရွေ့လျားနေတဲ့ ..
ခြေမြန်တော် ယာဉ်ပေါင်း သောင်းခြောက်ထောင် ..
အခါခါ ပိတ်ဆို့ခြင်းမှာ ယဉ်ပါးလို့ ..
မြန်ဆန်မှုဆိုတာ .. ဘာပါလိမ့်” ..
ငါ့ရဲ့ နိစ္စဓူဝ ခရီးတွေဟာ ..
သံသယ အမောတွေနဲ့ ..
ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ ..။
ဒီတော့ .. ငါ့အလွမ်းက ..
ခေတ်နောက်ကျန် မြေလမ်းလေးပေါ်မှာ ...
လိုရာခရီးကို .. ခနော်ခနဲ့ သယ်ပိုးမောင်းနှင် အရောက်ပို့ပြီး ..
ကမ္ဘာမြေကို ဒုက္ခနည်းနည်းမှ မပေးတဲ့ ..
ငါ့ .. ခြေမြန်တော် စက်ဘီးလေးဆီကို ရောက်တယ် ..
မင်းကို သယ်မလာမိတာ .. မှားတယ် အမောင်ရာ ..။

*
ပရိုတွေခေတ်စားနေတဲ့ ဒီဝန်းကျင်ထဲ ..
အရာရာ နောက်မကျပဲ .. တိကျ သပ်ရပ်စွာ ..
ပရိုလောင်းလျာတယောက် ဖြစ်ဖို့အရေး ..
တိုက်စားသွားပေါ့ ... ... ...
ငါ့ကို .. .. ..
ငါ့အတွေးတွေကို .. .. ..
ငါ့မျှော်လင့်ချက်တွေကို .. .. ..
ငါ ယုံကြည်တာတွေကို .. နောက်ဆုံး ..
ငါ့ .. .. အချိန်တွေကို ..။
ခုတော့ .. .. ..
ကိုယ်ပိုင်ဆိုတာတောင် မရှိသလောက်ရှား ..။
အိပ်ယာထလည်း .. ပရိုစိတ် ..
စားလည်း .. ပရိုစိတ် ..
သွားလည်း .. ပရိုစိတ် ..
အိပ်လည်း .. ပရိုစိတ် ..
သေရင်တောင် .. ပရိုစိတ်နဲ့ပဲ ဖြစ်နေလိမ့်မယ် ..။

ဟေ့ရောင်ရေ .. .. ..
အချိန်မလွန်သေးဘူးကွာ ..။
ငါ့တို့မြေ .. ငါ့တို့ရွာမှာတုန်းကလို ..
လူ့စိတ်နှလုံးနဲ့ .. လူအဖြစ် ပြန်ရှင်သန်ရပ်တည်နိုင်ဖို့ ..
ငါကတော့ ပရို ဆိုတာကို .. ခွါချရလိမ့်မယ် ..
ပရို လမ်းစဉ်တွေကို .. ခ၀ါချရလိမ့်မယ် ..
ပရို အလေ့အကျင့်တွေကို .. ရပ်တန်းက ရပ်မှဖြစ်မယ် ..။
တကယ်တော့ ..
ပရိုတိုက်စားသွားတဲ့ .. လူသားဆန်မှုတွေကို
(
ညံ့ဖျင်းတယ်ပဲ ပြောပြော)
ငါ ...
ကယ်တင်ချင်နေသေးတယ် .. .. ..။

99

*ပရို = professional

Saturday, February 23, 2008

သူရဲကောင်းတို့အမည် သေသည်မရှိ ..။

ဖဒိုမန်းရှာကို ဂုဏ်ပြုဦးညွတ်သော ... ...
အာဟာရစာစောင်”တွင် ဖော်ပြမည့် ဆရာဦးဇင်လင်း ကဗျာ ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

မောက်မာသူနဲ့ နှိမ့်ချသူ ..

သူရဲကောင်းတွေဟာ နှိမ့်ချကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

ဖြောင့်မတ်သူနဲ့ ကောက်ကျစ်သူ ..

သူရဲကောင်းတွေဟာ ဖြောင့်မတ်ကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

အနစ်နာခံသူနဲ့ တကိုယ်ကောင်းဆန်သူ ..

သူရဲကောင်းတွေဟာ အနစ်နာခံကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

စိတ်ဓာတ်ကြံ့ခိုင်သူနဲ့ စိတ်ဓာတ်ပျော့ညံ့သူ ..

သူရဲကောင်းတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

အတွေးအမြင်ရှင်းသူနဲ့ အတွေးအမြင်ကျဉ်းသူ ..

သူရဲကောင်းတွေဟာ အတွေးအမြင်ရှင်းကြတယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

ကိုယ်ကျင့်သီလကောင်းသူနဲ့ ကိုယ်ကျင့်သီလပျက်သူ ..

သူရဲကောင်းတွေဟာ ကိုယ်ကျင့်သီလပျက်သူကို စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

တရားမျှတသူနဲ့ ဗိုလ်ကျသူ ..

သူရဲကောင်းတွေဟာ ဗိုလ်ကျသူကို

စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

သစ္စာရှိသူနဲ့ သစ္စာမဲ့သူ ..

သူရဲကောင်းတွေဟာ သစ္စာမဲ့သူကို

စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

ညီညွတ်ရေးတည်ဆောက်သူနဲ့ သွေးခွဲသပ်ရိုက်သူ ..

သူရဲကောင်းတွေဟာ သွေးခွဲသပ်ရိုက်သူကို စက်ဆုတ်တယ် ..။

လူနှစ်မျိုး နှစ်စား ရှိတယ်။

အာဏာမက်သူနဲ့ အာဏာ မမက်သူ ..

သူရဲကောင်းတွေဟာ အာဏာပြသူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

ကိုယ်ကျင့်သီလပျက်သူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

သစ္စာမဲ့သူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

သွေးခွဲသပ်ရိုက်သူကို စက်ဆုတ်တယ် ..။

သူရဲကောင်းတွေဟာ ..

အာဏာရှင်ကို စက်ဆုတ်တယ် ..။

သူရဲကောင်းကို သတ်ရင် ..

သတ်သူသာ သေတယ် ..

သူရဲကောင်းဟာ မသေ ..။

သူရဲကောင်းကို သတ်ရင် ..

သတ်သူသာ သမိုင်းသေတယ် ..

သူရဲကောင်းရဲ့ သမိုင်းဟာ ..

ကမ္ဘာတည်သရွေ့ တည်တယ် ..။

ဗိုလ်ချုပ်အောင်ဆန်းအစ ..

ဖဒိုမန်းရှာ အဆုံး ..

ကမ္ဘာတည်သရွေ့ .. တည်လိမ့်မယ် ..။

ဇင်လင်း။

(ဖဒိုမန်းရှာ ကျဆုံးခြင်းသို့ ဦးညွတ်ဂုဏ်ပြုကဗျာ)

Tuesday, February 19, 2008

ဒိုင်အိုဂျီးနီးစ် မီးအိမ်။

ဒိုင်အိုဂျီးနီးစ် မီးအိမ်

မေတ္တာတရားဟာ .. ကြောင်တောင်ကန်းပဲ
မြို့ခေါင်ခေါင်မှာ ရွာကျနေတာက .. အက်ဆစ်မိုး
ဘယ်သူ့ကို အဆိုးဆိုမလဲ ..
အကောင်းစားတွေကို လှည့်မငေးတာ ..
အကောင်းမကြိုက်လို့ မဟုတ်ဘူး ..
ဒီလိုပဲ ရူးချင်ယောင်ဆောင်ရမယ် ..။

ငါးမရရင် ..
ရေမချိုးဘူး ..
ရွှံ့မတူးဘူး ..။
အမေရေ ..
နွေခေါင်ခေါင်မှာ ..
နေရောင်ဟာ .. ဒိုင်အိုဂျီးနီးစ် ဆိုပါတော့
ကျနော်ကတော့ ..
အစွမ်းကုန် လောင်ကျွမ်းနေတဲ့ ..
မီးအိမ်တလုံး ...။
(ယဉ်သစ်)

Monday, February 18, 2008

အမေတမ်းချင်း။

အမေတွေကို အမြဲသတိတရနဲ့ ..
လွမ်းဆွတ်နေတတ်တဲ့ သားဆိုးတွေ အများကြီးပါ ..။
အမေ့ရင်ရိပ်မှာတုန်းက ဆိုးခဲ့ .. ပေခဲ့ပေမယ့် ..
အမေ့မေတ္တာက ဘာအကြောင်းပြချက်နဲ့မှ လျော့ပါး ခမ်းခြောက်သွားတာမျိုး မရှိခဲ့ပါဘူး ..။
တသွင်သွင်စီးနေတဲ့ အဲဒီ စမ်းရေအေးကို ..
အဝေးရောက်နေတဲ့ သားဆိုးတယောက်က အခုလို ရေးပြီး အလွမ်းဖြေထားပါတယ် ..။
အလည်လာခဲ့ရင် ခံစားလွမ်းဆွတ်သွားစေချင်တယ်ဗျာ ..။

ကျိန်စာ ..
အဖေ့ဓာတ်ပုံကို မှီနွဲ့ထားလေသူ အမေ့မျက်ရည် ..
မြေနီလမ်းပေါ်က ... ဆိုးနေကျ ခြေသံလေးကို
ငေးမျှော်နေရှာရော့မယ် ..။
လ မသာတဲ့ မြို့ပြမှာတော့ ကျနော် ..
အမေမှာတဲ့ မေတ္တာဓာတ်တွေနဲ့ ပစ်ချကြည့်မိ ..
အကြည့်တွေမှာ ..
ရေတပေါက်မှ မရခဲ့ ..။
မိုင်လေးရာမှာ အမေ ဂုဏ်တော်ကွန်ချာရွတ်ပါ ..
မိုင်လေးရာမှာ ကျနော် အရက်သောက်နေပါတယ် ..
အမေနဲ့ ကျနော် ..
မိုင်ရှစ်ရာ အကွာ ..။
အမေရေ ...
သေမိန့်ကျ လူတယောက်မှာ
ဒဏ်ရာ အနာတရ ဖြစ်ခဲ့ရင် ..
သတ်ပစ်လို့ မရဘူးတဲ့ ..။
အမေနဲ့ ကျနော် ..
ရှင်မိန့်ကျခံ နေ့စွဲတွေမှာ ..
ဘယ်ကံကြမ္မာက ထပ်ဝေးစေခဲ့တာလဲ ..။
အမေရေ ...
ကျနော် ချက်မြုပ်ခဲ့တဲ့နေရာမှာ ..
ဘာအပင် ပေါက်နေပြီလဲ ..။
ကျနော်ကတော့ ..
ခုထိ .. ရွက်ကျပင်ပေါက် ..။
ထုံးတမ်းစဉ်လာအတိုင်း ..
ကျနော် ခလုပ်တိုက်ရင် .. အမေ့ကို မြင်ယောင်လို့ ..
ကျနော်က လိုအပ်သမျှ ထပ်လိုချင်နေပြီး ..
အမေကတော့ ရှိသမျှ နုတ်ပေးချင်နေခဲ့ပေါ့ ..။
ခမ်းခြောက်ခြောက် မေတ္တာတရားကို ရလေတိုင်း ..
ကျနော့်ခြေလှမ်းတွေ .. ဦးပြန်လည်ခဲ့ ..
ခွင့်လွှတ်နေကျ .. လမ်းဆိုးလေးဆီကို ..။

ယဉ်သစ်။

Tuesday, February 5, 2008

နေဘုန်းလတ်သို့ ….

သူငယ်ချင်း ..

ဘေးကင်းစွာနဲ့ ငါတို့ရှေ့ကို မင်း .. အမြန်ဆုံး ပြန်ရောက်လာနိုင်ပါစေ ..။

(ဤပုံကို နေဘုန်းလတ်၏ဘလော့မှ ယူပါသည်။)
ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူမြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထား မိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျ ခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေး ပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူတစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူ ချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင် ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင် တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့် ကြတယ်။

ဒီနေ့ သူရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ် တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ ဘယ်မှာလဲ။ သူရေး မယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ် ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့် နေကြတယ်ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ ဒါတွေ အတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူအတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာ တောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ် တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။