Monday, January 28, 2008

ရိုးပြတ်တွေရေ ..။

အဝေးပဲ ကြည့်ကြည့် ..
အနီးပဲ ကြည့်ကြည့် ..
အရာရာဟာ မှုန် .. ၀ါး .. နေ .. တုန်း ..။
အရာရာဟာ ရင့် .. ရိုင်း .. နေ .. တုန်း ..။
အရာရာဟာ ပြို .. လဲ .. နေ .. တုန်း ..။
.
..
...

ဒီမျက်ဝန်းတွေ .. တောက်ပခဲ့ဖူးတယ် ..။
ခုများ .. မှုန်ရီရီမှိုင်းတဲ့ အမြင်ထိုင်းတွေသာ ယဉ်ပါး ..
အစဉ် .. အရိုင်းတွေနဲ့ မှိုင်းဝေနေလေရဲ့ ..
ရွှေရောင် အမြင်တွေ ပြန်ပေးပါ ..။

ဒီနားတွေ .. ချိုမြခဲ့ဖူးတယ် ..။
ခုများ .. ခပ်ရိုင်းရိုင်းအာရုံတွေသာ စီးဆင်း ..
အချိန်တိုင်း .. ရင့်သီးခြင်းတွေနဲ့ ခါးသက်နေလေရဲ့ ..
သံစဉ်ချိုတွေ ပြန်ပေးပါ ..။

ဒီခြေထောက်တွေ .. လန်းဆန်း တက်ကြွခဲ့ဖူးတယ် ..။
ဟိုတုန်းကနဲ့ ကွဲပြား .. ရှေ့သို့ဆိုတဲ့ ခရီးအတွက် ..
နွမ်းချိ မာန်လျော့နေလေရဲ့..
ဒါ အပျော်ပျင်းလား .. အပြင်းအထန် ပျော်ကျကုန်တာများလား ..
ဘာပဲဖြစ်ဖြစ် .. .. ..
ယုံကြည်ခြင်း ခြေလှမ်းတွေ ပြန်ပေးပါ ..။

ဒီနှလုံးသား တစုံ .. အမှန်တရားအတွက် လှပခဲ့ဖူးတယ် ..။
သံသယတွေ အတွန်းအတိုက်မှာ .. ယိမ်းယိုင်ခြင်းတွေနဲ့ လျော့ရဲ ..
မသိလိုက် မသိဘာသာ .. ပြိုလဲခြင်း အစကို ဦးတည်နေလေရဲ့ ..
မဖြစ်ဘူး .. မဖြစ်ဘူး .. .. ..
နှလုံးသား အမှန်တရားအတွက် ..
သံထည်လို ခိုင်မာခြင်း တံတိုင်းတွေနဲ့ .. ပြန်ကာကွယ်ခွင့်ပေးပါ။

မှုန်ရီဝေမှိုင်းနဲ့ .. အမြင်တွေ ထိုင်းနေသမျှ ..
ရင်ခုန်သံအမှားနဲ့ .. သံစဉ်တွေ ရိုင်းနေသမျှ ..
ချိနဲ့ ခြေလှမ်းတွေနဲ့ .. ရပ်တည်ချက်တွေ ကိုင်းနေသမျှ ..
နောက်ပြီး ..
နှလုံးသား အမှန်တရား .. ပျော့ပြဲ .. လျော့ရဲနေသမျှ ..
တောင်းသမျှတွေ ပြန်ရနိုင်ဖို့ ..
သေချာခြင်းအလျဉ်း မရှိလေတော့ ..
သူငယ်ချင်းရေ ..
လာကွာ ..
ငါတို့ ရိုးပြတ် အရိုင်းတွေ ..
အမြင့်ဆုံးခရီးကို အပြင်းဆုံး “စိုင်း” ကြရအောင် ..။

Sunday, January 20, 2008

ချအမ်းသွား အမှတ်တရ။

ညီမလေးရေ ..
ပြီးခဲ့တဲ့ စနေ တနင်္ဂနွေတုန်းက ငါတို့ “ချအမ်း”လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေကို ၂ ရက်ခရီးသွားဖြစ်တယ်ဟ။
ဒါကြောင့် နင်တို့ဆီ ဖုန်းမဆက်ဖြစ်တာ။
အပျော်ခရီးတော့ မဟုတ်ပါဘူးကွာ။
ပညာသင်ဆုရလို့ ထိုင်းနိုင်ငံတို့ ဖိလစ်ပိုင်တို့မှာ တက္ကသိုလ်တက်ခွင့်ရတဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲပေါ့။
နှစ်တိုင်း ဒီလိုအချိန်မျိုးမှာ လုပ်လေ့ရှိတယ်တဲ့။
ငါကတော့ .. ငါ့ကျောင်းသားသက်တမ်း ၂ နှစ်အတွင်းမှာ ဒါ .. ပထမဆုံးအကြိမ် တက်ဖူးတာပဲ။
ပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ ရာဂဏန်းလောက် ရှိတယ်လို့တော့ပြောတယ် .. ဒါပေမယ့် အခုတခေါက်ကျတော့ ကျောင်းပြီးသွားလို့ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေရယ် .. ကျောင်းပြီးခါနီးဆဲဆဲတွေရယ်ကိုပဲ ဖိတ်တယ်။
ငါသိသလောက်တော့ ဒီ
နှီးနှောဖလှယ်ပွဲ ခရီးမှာ ..
“ဆွေးနွေးတဲ့အကြောင်းအရာတွေကို ပိုပြီးလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် ..
ကျောင်းပြီးခါနီးကျောင်းသားတွေ သူတို့အရှေ့က စီနီယာတွေဆီက အတွေ့အကြုံ အကြံဥာဏ်တွေရအောင် ..
ပညာသင်ဆုပေးနေတဲ့ အဖွဲ့အစည်းနဲ့ ကျောင်းသားအသိုင်းအ၀ိုင်းကြားမှာ အပြန်အလှန်ကူညီပေးနိုင်အောင်..
နောင်လာနောက်သားတွေအတွက် ပိုကောင်းတဲ့ လမ်းသစ်တွေ ဖန်တီးကူညီနိုင်အောင် ..” ဆိုတဲ့ ရည်ရွယ်ချက်တွေပါတယ်ကွ။
ကဲ ထားပါတော့ ..။
ဒီလိုနဲ့ .. ငါတို့တွေ သောကြာနေ့ညဘက် ၇း၀၀ နာရီလောက်မှာ ငါတို့ဆုံရပ် အေဗက်တက္ကသိုလ်နားကနေ တောင်းအေ့စ်ကား ၃ စီးနဲ့ ချအမ်းကို ထွက်ခဲ့ကြတယ်။
တကယ့် တကယ်ထွက်ရမယ့်အချိန်က ညနေ ၆း၀၀ နာရီ ..
ဒါပေမယ့်
ကားသမားတွေက ငါတို့စောင့်နေတဲ့ နေရာရှာမတွေ့လို့ ထွက်တဲ့အချိန် တော်တော် နောက်ကျ သွားတယ်။ ဘယ်ခရီးမဆို အနည်းနဲ့အများ နောက်ကျတတ်တာပဲလေဟာ။
ငါစီးတဲ့ကားကတော့ တော်တော်ချောင်ပါတယ် .. အားလုံးပေါင်းမှ ၇ ယောက်လောက်ပဲ ပါတာကိုး ..။
ဒါပေမယ့် ငါနဲ့ရင်းနှီးတဲ့သူဆိုလို့ ငါနဲ့ တက္ကသိုလ်အတူတူတက်နေတဲ့ .. သူနာပြုဌာနက ကောင်မလေး တယောက်ပဲပါတယ်။
သူကတော့ တလမ်းလုံး စကားတွေ ဖောင်ဖွဲ့လာလိုက်တာ .. တကယ့်ကို တက်တက်ကြွကြွပဲ ..။
ငါကတော့ .. လာသာ လာရတာ .. စိတ်က မပြီးပြတ်သေးတဲ့ အလုပ်တွေဆီမှာ..။
နင်သိတဲ့အတိုင်းပဲ ငါက ခရီးထွက်ရတာမှ မကြိုက်တာ.. နောက်ပြီး ကားလမ်းတွေ တအားကျပ်တဲ့ အချိန်ကြီးမှာ အလုပ်ကနေ ဒီကို ပြေးလွှားလာရတာဆိုတော့ .. သိပ်ပြီး မရွှင်မလန်းနဲ့ပေါ့ဟာ။
၃ နာရီကျော်ကျော်လောက် စီးလာခဲ့ပြီးမှ ငါတို့နေမယ့် ဟော်တယ်ကို ရောက်တော့တယ် ..။
ဟော်တယ်နာမည်က “ရွှေရောင်ကမ်းခြေ” တဲ့ ..။
(ရွှေရောင်ကမ်းခြေသာဆိုတယ် .. သောင်ပြင်က ဖြူဖျော့ဖျော့ရယ် ..
ပင်လယ်ရေတွေကို ကြည့်လိုက်တော့လည်း .. အပြာရောင်က မပြယ့်တပြယ်နဲ့ ပင်လယ်က သိပ်မလှသလိုပဲ ..။) ဟော်တယ်ရောက်တာ ည ၁၀ နာရီထိုးနေပြီဆိုတော့ ဟော်တယ်ဝန်ထမ်းတွေကလည်း ထမင်းစားဖို့ ပြင်ထားတာတွေကို မြန်မြန်သိမ်းချင်နေကြတာပေါ့။
ဒါနဲ့ပဲ အခန်းသော့ယူပြီးပြီးချင်း အထုတ်ကိုယ်စီဘေးချပြီး ညစာကို အမြန်လွေးလိုက်ရတယ်။
တော်ကြာ ဗိုက်ဟောင်းလောင်းနဲ့ဆိုရင် ငါအိမ်ပျော်မှာ မဟုတ်ဘူး ..။
ခဏနေတော့ ငါနေမယ့်အခန်းကိုရောက် .. ခြေလက်ဆေး၊ မျက်နှာသစ်ပြီး
အိပ်ချင်းအမှုကို မြန်မြန်ပြုလိုက်ရတယ်။ လူက တော်တော် ဒေါင်းနေပြီလေကွာ ..။ တနေကုန် အလုပ်မှာပင်ပန်း .. ကားစောင့်ရတာပင်ပန်း၊ ကားစီးရတာ ပင်ပန်းနဲ့ ..။
ငါ့မှာ အခန်းမီးတွေ ဘာတွေ စုံအောင်ဖွင့်ပြီး .. ကိုယ့်အခန်းဝရံတာရဲ့ ပတ်ဝန်းကျင်ရှုခင်းလေးတောင် မခံစားလိုက်နိုင်ဘူး။
ကြည့်အုံးလေ .. နောက်နေ့မနက်မှာ စမယ့် ဆွေးနွေးပွဲအစီအစဉ်က မနက် ၈ နာရီခွဲတဲ့ .. သေပြီဆရာ။
ချအမ်းရောက်တဲ့ ညကတော့ အဲဒီလိုကြီး မြန်မြန်ကုန်သွားတယ်ဟေ့။

... ... ... ... ...
မနက် ၇း၀၀ နာရီတိတိမှာ နှိုးစက်အော်လို့ အလန့်တကြားထ .. ရေအမြန်ချိုး .. ပြီးတော့ မနက်စာသွားစားတယ်ဟာ။
စားစရာတွေက တော်တော်စုံတယ်ဟ ..။
ထမင်းနဲ့ ဟင်းမျိုးစုံ ရှိတယ် .. အသီးရွက်သုတ်တွေ ရှိတယ် .. ပေါင်မုန့်မျိုးစုံ ရှိတယ် .. ဆန်ပြုတ် ရှိတယ် .. အီကြာကွေး ပိစိလေးတွေ ရှိတယ်.. ကော်ဖီ လက်ဖက်ရည်နဲ့ တခြား အချိုရည်မျိုးစုံရှိတယ်။
ငါက ဆန်ပြုတ်နဲ့ အီကြာကွေးစားတယ် .. ပြီးတော့ ကော်ဖီသောက်တယ် .. ကော်ဖီက တကယ့်ကော်ဖီဟေ့ .. ရေရေလည်လည် ခါးတယ် ..။ ဒါပေမယ့် ဗိုက်တော့ ပြည့်သွားတာပါပဲ။
ပြီးတော့ .. အချင်းချင်း မိတ်ဆက်ပြီး .. ပွားချိန်တောင် မရှိလိုက်ဘူး .. ၈ နာရီခွဲတော့မှာမို့လို့ အခန်းထဲဝင်ဖို့ တယောက်က လိုက်သတိပေးတယ် ..။
ဒါနဲ့ပဲ အခန်းထဲရောက်ပြီး စားပွဲဝိုင်းကြီးတ၀ိုင်းမှာ ကြောင်တောင်တောင် ၀င်ထိုင်နေလိုက်တယ် ..။
တကယ့်ကိုပဲ ငါနဲ့သိတဲ့လူ တော်တော်ရှားနေတာကိုးဟ ..။
ထိုင်ပြီးလို့ ခဏလေးနေတော့ အခန်းမှာ ဖွင့်ထားတဲ့ လေအေးပေးစက်က အစွမ်းပြလာတော့ ငါ့မှာ ပြဿနာတက်ပါလေရော ..။
တကိုယ်လုံးကို တောင့်ခဲသွားမတတ်ပဲဟာ ..။
ငါကလည်း ၂ ရက်ထဲဆိုပြီး .. အနွေးထည်လည်း ထည့်မလာမိတော့ ပိုဆိုးတာပေါ့ .. အကျီင်္ ၂ စုံတောင် ကျောပိုးအိတ်က နဲနဲကြီးလို့ ပါလာတာ။
ဒါပေမယ့် .. ခဏနေတော့ တခြားကျောင်းသားတွေလည်း အအေးဒဏ် မခံနိုင်တော့လို့ အအေးစက်ပိတ်လိုက် မှပဲ ပြောနေတဲ့လူကို အာရုံစိုက်လို့ရတော့တယ် ..။
ရှေ့မှာ ဆလိုက်တွေပြပြီး ရှင်းပြနေတာက ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းရဲ့ လက်ထောက်ဒါရိုက်တာ မစ္စအော်ဒရိုန်။ သူက ဒီပညာသင်ဆုပေးတာတွေ ဖြစ်ပေါ်လာတဲ့အကြောင်းနဲ့ ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ သူတို့အဖွဲ့အစည်းရဲ့ အောင်မြင်မှုတွေကိုလည်း ပြောပြတယ်။ ပြောတာတွေတော့ အများကြီးပဲဟ .. ငါလည်း အခုကျတော့ အကုန်မမှတ်မိတော့ဘူး ..။
သူပြောပြီးတော့ နောက်အမျိုးသမီးတယောက် .. သူကတော့ အန်တီစု မတည်ပေးတဲ့ပိုက်ဆံနဲ့ မြန်မာပြည်က ကျောင်းသားတွေကို ပညာသင်ဆု ထောက်ပံ့ပေးနေတဲ့အဖွဲ့က။ သူ့နာမည်က ဘက်သ်။
သူလည်းပြောသွားတာ အစုံပဲ။ အိန္ဒိယမှာရှိတဲ့ ချင်းဒုက္ခသည်တွေအတွက် ဟိန္ဒီစာနဲ့ အင်္ဂလိပ်စာ အခမဲ့ သင်ပေးနေတဲ့ ကျောင်းလေးတွေ စပြီး တည်ထောင်ထားတယ်ဆိုတာလည်း ပြောပြတယ်။
အဲဒီ ကျောင်းသားတွေထဲက ကျောင်းသားတယောက်ရေးထားတဲ့ “ကျနော်တို့ တိုင်းပြည်” ဆိုတာလေးကိုလည်း ဖတ်ပြတယ်။
အင်္ဂလိပ်လိုရေးထားတဲ့ အဲဒီကလေးရဲ့ အက်ဆေးထဲမှာ ငါတို့ငယ်ငယ်က ပုံရိပ်တွေကို ပြန်မြင်ရတယ်။
သယံဇာတ ကြွယ်ဝတဲ့ မြန်မာပြည်ရဲ့ တောတောင် ရေမြေ သဘာဝတွေ ..
လူလူချင်း စာနာ ထောက်ထားတတ်တဲ့ မြန်မာလူမျိုးရဲ့ ဓလေ့စရိုက်တွေကို ဖော်ညွှန်းထားပြီး ..
မိသားစုအတွက် .. တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးစားချင်နေတဲ့ ..
ရည်ရွယ်ချက်တွေထားနေတဲ့ .. အရေးအသားကို နားထောင်ရတဲ့ရတဲ့ခဏမှာ ..
ငါကိုယ်တိုင် ငယ်ငယ်က စာသင်ခန်းတွေထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ် ..။
တကယ်တော့ ငါတို့အားလုံး တူညီတဲ့ စိတ်ကူးအိပ်မက်တွေ ထားခဲ့ကြတာပဲနော် ..။
အခုထိလည်း ထားနေတုန်းပါပဲ .. အနှေးနဲ့ အမြန်ဆိုသလိုတော့ အကောင်အထည်ပေါ်လာမှာပေါ့လေ..။
ဘက်သ် စကားပြောပြီးတော့ .. မြန်မာနိုင်ငံယျေဘူယ အခြေအနေ သုံးသပ်တာကို ဦးဝင်းမင်းက ပြောပြတယ်။ အဲဒီအချိန်ကတော့ တော်တော်ကြာတယ်ဟ .. လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး နိုင်ငံရေး .. အဲဒါတွေ အားလုံးကို ပွားနေတာဆိုတော့လေ ..။
ပြီးတော့ ထမင်းစားကြတယ်။
နောက်တော့ ထမင်းစားချိန်မို့လို့ စားလည်းစား .. ပွားလည်းပွားရင်းနဲ့ .. သူငယ်ချင်း အသစ်တွေ များလာတယ်ဟ။ မြန်မာပြည်ထဲက လာတဲ့လူတွေရော .. ထိုင်းနိုင်ငံမှာ လက်ရှိကျောင်းတက် အလုပ်လုပ်နေတဲ့ လူတွေရောဆိုတော့ .. အတွေ့အကြုံတွေ ဖလှယ်နေကြတာ အချိန်တွေတောင် ကုန်မှန်းမသိအောင်ပဲ။
ထမင်းစားပြီးချိန်ကြတော့ ..
ငါတို့တွေ လူစုခွဲပြီး အုပ်စုလိုက် ဆွေးနွေးပွဲလုပ်ကြတယ်။
ငါက ပညာရေးအုပ်စုမှာ .. နောက်ထပ် အုပ်စုနှစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ နဲ့ ဆေးပညာအဖွဲ့။
သူတို့ ၂ အုပ်စုက တော်တော်လူတောင့်တယ်ဟ .. ငါတို့က ဆရာတယောက်ပါ ပါမှ ၉ ယောက်တည်း..။ ဒါလည်းတမျိုးတော့ ကောင်းတယ်ကွ .. မြန်မြန်ဆွေးနွေး မြန်မြန်သဘောတူကြတော့ မြန်မြန် အဖြေရတာပေါ့။
ငါတို့အုပ်စုထဲမှာ
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်က ကျောင်းသားတွေပါတယ်။ လူမျိုးနဲနဲစုံတော့ .. အတွေ့အကြုံတွေလည်း အများကြီးပိုရတာပေါ့ကွာ။ ငါတို့အုပ်စုကို ကူညီဆွေးနွေးပေးတဲ့ လူက အင်္ဂလိပ်လူမျိုး။ နာမည်က ကွင်တင်တဲ့။ သူက မြန်မာပြည်ကျောင်းသားတွေအတွက် သင်ရိုးညွှန်းတမ်း အသစ်တွေ စပြီး ဖန်တီးနေတဲ့ အဖွဲ့တခုကပေါ့။ သူလုပ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေလည်း ငါတို့ကို စီဒီချပ်နဲ့ပေးလိုက်တယ်။ ငါနောက်မှာ လူကြုံနဲ့ ပို့ပေးတော့မယ်။
ပထမတော့ ငါတို့အဖွဲ့ဝင်တွေ အချင်းချင်း နာမည်ပြော ဘယ်ကလာတယ် ဘာလုပ်တယ် ပြောရင်း မိတ်ဆက်ကြတယ်။ အချင်းချင်း ပိုရင်းနှီးသွားစေအောင် ရယ်စရာ ကစားနည်းတမျိုးလည်း ကစားသေးတယ်။ နောက်တော့ အုပ်စုနှစ်ခု ပြန်ခွဲပြီး မြန်မာပြည်ပညာရေးစနစ်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို ဆွေးနွေးကြတယ်။
ငါတို့အုပ်စုက ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ မိဘတွေ ကြုံနေရတဲ့ ပညာရေးဆိုင်ရာ အခက်အခဲတွေကို အရင်ဆုံးဆွေးနွေးကြတယ်။
တက်ညီလက်ညီနဲ့ ဆွေးနွေးလိုက်တာ အချက်အလက်တွေ တော်တော်များများ ရလိုက်တယ်။ ကိုယ့်ဟာကိုယ် စဉ်းစားရင်တောင် ဒီလောက်ရချင်မှ ရမှာ။ ဒါကြောင့် ဆွေးနွေးတိုင်ပင်တယ်ဆိုတာ ပိုပြီး ကောင်းမွန် ပြည့်စုံတဲ့ အချက်အလက်နဲ့ ဖြေရှင်းနည်းတွေကို ရရှိတယ်လို့ ပြောကြတာပေါ့။
အဲဒီလိုဆွေးနွေးပြီးတော့ တခြားပညာရေးအဖွဲ့ငယ်လေးနဲ့ ပြန်ပေါင်းပြီး ငါတို့အမြင်တွေကို ပြန်စုစည်းကြ တယ်။ တော်တော် ပြည့်စုံပြီး မြင်ကွင်းကျယ်ကျယ် အချက်အလက်တွေအဖြစ် ဖွဲ့စည်းမိတာပေါ့ဟာ။
အဲဒီနေ့ ညနေပိုင်းမှာ ငါတို့အဖွဲ့ဝင်တွေက သူတို့လက်ရှိ လုပ်နေတဲ့အလုပ်တွေ အကြောင်းပြောပြကြဖို့ သဘောတူကြပြီး အဖွဲ့ထဲက သူငယ်ချင်းတယောက်ရဲ့ အခန်းထဲမှာ လွတ်လွတ်လပ်လပ် သွားပြီး ဆွေးနွေးကြတယ်။ ဘာလို့လဲဆိုတော့ အစည်းဝေးခန်းကြီးထဲမှာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွေက ဆက်သွယ်ရေးနည်းလမ်းဆိုလား ဆွေးနွေးကြမယ်ဆိုတော့ လူနည်းတဲ့ငါတို့က အပြင်ထွက်ပေးလိုက်ရတာ ပေါ့။ ပညာရေးအဖွဲ့က လူတွေဆိုတော့ ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ဘာတွေ ပြန်ပြီး သင်ကြားဖြန့်ဝေ ပေးနေလဲဆိုတာကို အဓိက ဖလှယ်ဖြစ်ကြတယ်။
လူငယ်တွေကို လမ်းမှားမရောက်ရအောင်ရယ် .. တချိန်မှာ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ လူစွမ်းအားတွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး ကိုယ်နိုင်သလောက် လုပ်နေကြတာကို ငါ အခုမှ သိလိုက်ရတယ်။
အရမ်းလည်း အားကျဖို့ကောင်းတယ်။ အားလုံးရဲ့ အတွေ့အကြုံတွေကို အသေးစိတ်သိရတော့ သင်ယူစရာတွေ ထပ်ရပြန်တယ်။ တယောက်နဲ့ တယောက် ရေမြေဒေသ ဘ၀အခြေအနေတွေ ကွဲပြားကြတယ် ဆိုတော့ ရင်ဆိုင်ဖြေရှင်းပေးနေရတဲ့ အခက်အခဲတွေ .. ရင့်ကျက်မှုတွေကလည်း ဘယ်တူနိုင်ကြမလဲ။ ဒါပေမယ့် အဲဒီလို မတူတာတွေကပဲ နားထောင်နေသူတွေကို စိတ်ဝင်တစားနဲ့ လေ့လာချင်စရာတွေ ဖြစ်စေတာ။ ရင်ဖွင့်နားထောင် တတ်ရင်ပေါ့ဟာ။ ဝေမျှကြတဲ့အထဲမှာ ..
ရှည်လျားတဲ့ အတွေ့အကြုံ ဖြတ်သန်းမှု အကြောင်း .. အခက်အခဲတွေနဲ့ ရှေ့ဆက်ကြမယ့်
မျှော်လင့်ချက်တွေ အကြောင်းဆိုတော့ .. နှစ်ယောက်ပြောပြီးတော့ .. ပထမနေ့ရဲ့ ညနေပိုင်းလေး အောင်အောင်မြင်မြင်နဲ့ ကုန်ဆုံးသွားခဲ့တယ်။
... ... ...
နေမ၀င်ခင် ညနေပိုင်းလေး တခဏကို ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ သွားထိုင်ရင်း နည်းမျိုးစုံနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီး အပမ်းဖြေနေတဲ့လူတွေကို ငေးကြည့်ရင်းနဲ့ပဲ ကုန်ဆုံးလိုက်တယ်။ ရေကူးရအောင်လည်း ငါက ရေမကူးတတ်တော့ .. ခပ်အေးအေးပဲ သူများငှားထားတဲ့ ကုလားထိုင်မှာ ၀င်ထိုင်နေလိုက်တယ်။ (ကုလားထိုင်တလုံး ဘတ် ၂၀ ပေးရတယ် .. အလကားထိုင်လို့ မရဘူးဟ)
သူငယ်ချင်းတွေကတော့ တချို့က ပင်လယ်ထဲဆင်း ရေကူးနေကြတယ် ..
တချို့လည်း ရေစပ်စပ် သောင်ပြင်တလျှောက် လမ်းလျှောက်နေကြတယ် ..
တချို့ကတော့ ဓာတ်ပုံတွေ ရိုက်နေကြတယ်ဟ .. သူတို့ကို အဝေးက လှမ်းကြည့်နေပေမယ့် အပျော်တွေက ငါ့ရင်ကို အလိုလို လာကူးစက်တယ် သိလား .. ငါတို့အားလုံး တမြေထဲကလာတယ်ဆိုတဲ့ အသိကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ ခဏနေတော့ ညစာစားချိန် နီးလာတာမို့
အားလုံးအခန်းကို ပြန်ခဲ့ကြတယ် ..။
ညစာစားပြီး သူများတွေကတော့ ကမ်းစပ်ကို တခါပြန်သွားကြတယ် .. လရောင်အောက်က သဲသောင်ဖွေးဖွေးမှာ လမ်းလျှောက်ချင်လို့တဲ့ ..။ ငါကတော့ ထမင်းဝိုင်းကနေ ည ၉ နာရီခွဲလောက်မှ ထပြန်ခဲ့ရတယ် .. တ၀ိုင်းတည်း စားဖော်စားဖက်တွေနဲ့ စကားတွေ ပြောနေရလို့ဟ။ အသိတွေလည်း ထပ်တိုးလာတယ် ..။ နယ်စပ်ဒုက္ခသည် စခန်းတွေထဲမှာ ဆေးမှူးတွေအဖြစ် တာဝန်ထမ်းနေတဲ့လူတွေ ပါတယ်။ သူနာပြုဆရာမတွေ ဖြစ်နေကြတဲ့ လူတွေလည်း ပါတယ်။ နိုင်ငံရေးဘာသာရပ်နဲ့ ကျောင်းပြီးလို့ အလုပ်ရှာဖို့ စိုင်းပြင်းနေသူတွေ လည်း ပါတယ်။ အားလုံး သူတို့သိခဲ့တဲ့ အကြောင်းတွေကို ရယ်စရာအနေနဲ့ ပြန်ပြီးဖောက်သည်ချနေကြ တယ်ဟာ။ လူထုကျန်းမာရေးဘာသာနဲ့ အောင်ထားတဲ့ အကိုကလည်း သူ့အတွေ့အကြုံတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြောပြတယ်။ ငါတို့ စားပွဲဝိုင်းတခုလုံး ရယ်သံတွေ အတောကို မသတ်နိုင်ဘူး။ သူများတွေ မပြန်သေးပေမယ့်
နောက်နေ့မနက် စောစောထရအုံးမှာဆိုတော့ .. စားပွဲကနေ မထချင် ထချင်နဲ့ပဲ အခန်းကိုပြန်လာခဲ့တယ်။
အိပ်ယာမြင်လိုက်တာနဲ့ တနေ့လုံး ပင်ပန်းမှန်းမသိ ပင်ပန်းခဲ့တာတွေက တောင်းဆိုလာလို့ မျက်လုံးတွေက အလိုလို စင်းလာတယ်။ နောက်ဆုံးသိလိုက်တာက ဘေးခန်းက သူငယ်ချင်းတွေ စကားတပြောပြောနဲ့ အခန်းရှေ့က ဖြတ်သွားတယ်ဆိုတာပဲ။
... ... ...
နောက်နေ့မနက်ကျတော့ လူက တော်တော်လန်းလန်းဆန်းဆန်းပဲ။
စစချင်းတုန်းကလို ငါနဲ့ မသိတဲ့လူတွေချည်းပဲလို့ မတွေးတော့လို့လား မသိဘူး။
မြန်မြန်ရေချိုးပြီး မနက်စာဆင်းစား .. စားရင်းလည်း ပွားပေါ့ဟာ ..။
စားပြီးတော့ ငါတို့ပညာရေးအဖွဲ့ မနေ့က မပြီးသေးတဲ့ အတွေ့အကြုံ ဖလှယ်တာကို ဆက်ဆွေးနွေးကြတယ်။
တခြားအဖွဲ့တွေလည်း သူတို့လုပ်စရာရှိတာတွေ .. ဆွေးနွေးစရာကျန်တာတွေကို ဆက်ကြတယ်ပေါ့။
လုပ်စရာတွေ များနေတာနဲ့ အချိန်တောင် ကုန်မှန်းမသိ ကုန်သွားတယ်။
နေ့လည်ပိုင်းရောက်တော့ ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့တွေ အကုန်ပြန်ပေါင်းပြီး အချင်းချင်း ဘယ်လို ဆက်သွယ်ကြမလဲ .. ဘယ်လို အထောက်အကူပေးနိုင်လဲ ဆိုတာတွေ အားလုံးအရှေ့မှာ တဖွဲ့ချင်းက ကိုယ်စားလှယ်တွေ ထွက်ပြောကြတယ်။ ငါတို့အဖွဲ့ကတော့ ပညာရေးစာစောင်ထုတ်မယ် လို့ ပြောလိုက်တယ်။ အဲဒီနည်းနဲ့ အချင်းချင်း အဆက်အသွယ်မပြတ်စေရဘူးလို့ ရှင်းပြတယ်။ စာစောင်က တနှစ်မှာ ၃ ခါထုတ်မယ်။ ငါတို့အဖွဲ့ဝင်တွေရဲ့ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အတွေ့အကြုံတွေကို ရေးကြမယ်ပေါ့..။ နောက်ပြီး ငါတို့စာသင်ခန်းထဲက .. ဒါမှမဟုတ် ငါတို့ပတ်ဝန်းကျင်က လူငယ်ကျောင်းသားတွေနဲ့ အမေးအဖြေ လုပ်ထားတာတွေလည်း ထည့်မယ် .. ဒါမှ လူငယ်သွေးသစ်တွေရဲ့ အိပ်မက်တွေကို ခံစားနိုင်မှာပေါ့။ နောက်ပိုင်း ဒီစာစောင်လေး အခြေခိုင်သွားရင် တခြားအဖွဲ့တွေက အကို .. အမတွေ .. ညီ.. ညီမတွေရဲ့ အတွေ့အကြုံတွေလည်း ထည့်သွားနိုင်အောင် ငါတို့လုပ်ကြမယ်။ ဒီနည်းက တယောက်နဲ့တယောက် မတူညီတဲ့ အချက်အလက်တွေကို အကောင်းဆုံး ပုံဖော်ပေးသွားနိုင်တယ်လေ။ ရောက်ရာအရပ်က သူငယ်ချင်းတွေရဲ့ အခြေအနေ တိုးတက်မှုတွေကိုလည်း သိနိုင်တာပေါ့။ ငါတို့အဖွဲ့ရဲ့ ဆွေးနွေးချက်က ဖြစ်နိုင်ခြေမဟုတ်ဘူး .. ဖြစ်အောင်ကို လုပ်မှာ ဆိုတော့ .. ငါအပါအ၀င် တဖွဲ့လုံး တက်ကြွနေတယ်လို့ ထင်တာပဲဟ ..။
ဒီလိုနဲ့ မပြန်ခင်ညနေပိုင်းလေးမှာ ပညာသင်ဆုထောက်ပံ့ပေးတဲ့အဖွဲ့ရဲ့ မနှစ်က ဦးတည်ချက်တွေကို ငါတို့ ပြန်ဆွေးနွေးပြီး ပိုကောင်းအောင် .. ပိုပြီး ဖြစ်နိုင်ခြေရှိအောင် အကြံပေးကြတယ်။ ဒီတခါ ဆွေးနွေးတာကြတော့ ပညာရေးတဖွဲ့တည်းမဟုတ်တော့ဘူး .. အဖွဲ့အားလုံး ရောပြီးတိုင်ပင်ကြတယ်။ အဲဒီမှာတခါ သူငယ်ချင်း အသစ်တွေ ထပ်ရတယ်။ အခုမှ ပြန်စဉ်းစားတော့ အားလုံးက အလုပ်လုပ်နေကြတဲ့ စီနီယာတွေချည်းပဲဟ။ အဲဒီ အချိန်လေးလဲ ပျော်ပျော်ရွှင်ရွှင် .. အမြင်အသစ်တွေနဲ့ ပြီးဆုံးသွားတယ်။
အဲဒီအချိန်ပြီးတော့ .. အားလုံးပြန်ဖို့ပြင်ကြတော့တာပဲ။ မနက်ကတည်းက အခန်း ပြန်အပ်ပြီးလို့ တော်တော့ တယ်။ အဲလိုမှမဟုတ်ရင် တက်ဆင်း ပြေးလွှားရင်း ရှုပ်နေရအုံးမယ်။

နောက်ဆုံးတော့ ကမန်းကတန်း ကမ်းခြေကို ခဏသွားလိုက်ကြတယ်။ မတ်တပ်ရပ်ပြီး ပင်လယ်ကို ငေးရုံပါပဲ။ ကမ်းစပ်ကိုတောင် မသွားတော့ဘူး။ လူတွေရှုပ်မနေသေးတဲ့ ပင်လယ်ကြီးကို သောင်ပြင်ပေါ်ကပဲ လှမ်းကြည့်လိုက်တယ်။ အခုမှ သိကျွမ်းစပြုနေသူတွေ အားလုံးလည်း အုပ်စုလိုက် ဓာတ်ပုံတွေရိုက်ကြပေါ့ဟာ။ ခဏလေးနေတော့ ငါတို့ပြန်ဖို့ ကားတွေလည်းရောက်နေပြီ .. ထမင်းလည်း အဆင်သင့်ဖြစ်ပြီ .. ဆိုတော့ အားလုံးပဲ ထမင်း မြန်မြန် သွားစားရတယ် .. ပြီးတော့ ကားပေါ်တက်ကြပေါ့ ..။
ကားတွေက ချင်းမိုင်ကို ပြန်မှာရယ် .. ဘန်ကောက်က အေအိုင်တီ တက္ကသိုလ်ကို ပြန်မှာရယ် .. ငါတို့ အေဗက်တက္ကသိုလ်ကို ပြန်မှာရယ်။ အပြန်ခရီးကျတော့ အလာတုန်းကနဲ့ လုံးဝကို မတူတော့ဘူး ..။ စကားပြောစရာ နှုတ်ဆက်စရာ သူငယ်ချင်းတွေနဲ့ ကားရပ်တိုင်း ပြောရတာ အမော။ ကားသွားနေတဲ့ တောက်လျှောက်လည်း ကားထဲမှာ စကားတွေ ဖောင်ဖွဲ့လို့ .. အိပ်ငိုက်ဖို့တောင် အချိန်မရလိုက်ဘူး။ ထူးခြားတာက အလာတုန်းက ဘာရည်ရွယ်ချက်မှ သိပ်မရှိခဲ့ပေမယ့် .. အပြန်ခရီးကျတော့ ကိုယ်ရှေ့လျှောက်လုပ်မယ့် အကြောင်းအရာတွေအတွက် ပိုပြီးလမ်းပွင့်လာတို့ ခံစားရတယ် .. နောက်ပြီး .. အမြင်တူတဲ့ သူငယ်ချင်းတွေ အများကြီး ရလာတယ် ဆိုတာလည်း သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် တနေ့လုံး ပင်ပန်းထားတာခြင်း အတူတူ .. အလာတုန်းကထက် ပိုပြီး တက်ကြွ ရွှင်လန်း နေတာတော့ သေချာတယ် ညီမလေးရေ ..။ နှစ်ရက်စာ အတွေ့အကြုံတွေဆိုတော့ နင် ဖတ်ရတာ တော်တော် ရှည်နေမှာပဲ။ ဒါပေမယ့် ငါ့အတွေ့အကြုံတွေ နင့်ကိုလည်း ခံစားစေချင်လို့ပါ။ နောက်ထပ်ခရီးတွေ သွားဖြစ်ခဲ့ရင်လည်း .. နင် စာရှည်ရှည်တွေ ထပ်ဖတ်ရအုံးမှာပေါ့ ..။ အခုတော့ .. ဒီလောက်ပဲဟာ။

ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေ ..။

Friday, January 18, 2008

လွမ်းတယ် ... ။

လွမ်းတယ် ..။
သစ်ပင် ခပ်အုပ်အုပ်တွေအောက်က

အမိုးစုတ်စုတ်နဲ့ အိမ်အိုလေးကို လွမ်းတယ် ..။


လွမ်းတယ် ..။

ပင်ပျိုပင်အိုတွေ တဘက်တချက်နဲ့
လေတိုက်တိုင်းယိမ်း မြက်စိမ်းစိမ်းတွေတိမ်းနွဲ့နေတတ်တဲ့ ..

မြေနီရောင်ခြယ် ဖုန်ထူထူ လမ်းလေးကို လွမ်းတယ် ..။


လွမ်းတယ် ..။

တစုံတယောက် စောင့်မျှော်နေတတ်လို့

နွေးထွေးခြင်းအဓိပ္ပါယ်ဆောင်ဖူးခဲ့တဲ့ မနက်ခင်းတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

ခပ်မွမွဖုန်လမ်းလေးပေါ်က ခပ်ကြွကြွဖြတ်သန်းခဲ့ဖူးတဲ့

ခြေရာစုံတွဲလေးတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

လေပြေအနော့မှာ ခပ်သော့သော့ပြန့်ဝဲခဲ့ဖူးတဲ့

သောကမဲ့ ရယ်သံတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

မရေမရာ အိပ်မက်တွေနဲ့ မသေချာတဲ့ အနာဂတ်တွေအတွက်

အငြင်းပွားခဲ့ချိန်တွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

မျှော်လင့်ခြင်း မနက်ဖြန်တွေ ရှေ့ဆက်နိုင်ဖို့

လမ်းခွဲခဲ့ကြတဲ့ ယုံကြည်ခြင်း ညနေခင်းတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

တစုံတရာကို လွမ်းခြင်းညည်းခဲ့တဲ့

ကာလမဲ့ညတွေကို လွမ်းတယ် ..။


လွမ်းတယ် ..။

“ယုံကြည်ထားပါ” ဆိုတာကိုလွမ်းတယ် ..။

“ပြန်ဆုံကြမယ်”လို့ ပြောတာကို လွမ်းတယ် ..။

“သိပ်မကြာခင် ..” တဲ့ .. လွမ်းတယ် ..။


ပြန်ပိုင်ဆိုင်ကြမယ့် အချိန်တွေကို ..

ဘာမဆိုင်ညာမဆိုင် ကြိုလွမ်းတယ် ..။


သစ်ပင်အုပ်အုပ် အမိုးစုတ်စုတ်နဲ့

အိမ်အိုလေးမှာ ပြန်လွမ်းမယ် ..။
.. လွမ်းတယ် ..။