Thursday, December 20, 2007

ဗိုလ်အောင်ကျော်နေ့ အမှတ်တရ။

၁၉၃၈ ခုနှစ် ဒီဇင်ဘာ (၂၀) ရက်နေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံးကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးသွားခဲ့ပါတယ် ..။
ဒီကနေ့ဆိုရင် (၆၉) နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။

ဗိုလ်အောင်ကျော်အကြောင်း အသေအချာရေးဖွဲ့နိုင်ဖို့ အရည်အချင်းမရှိသေးတာကြောင့် ...
၁၉၇၀ ခုနှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ ကဗျာဆရာ မောင်လေးအောင်ရေးဖွဲ့ထားတဲ့ ကဗျာလေးတပုဒ်နဲ့ ...
ဗိုလ်အောင်ကျော်အပါအ၀င် ... မြန်မာနိုင်ငံ စစ်စစ်မှန်မှန် လွတ်မြောက်ရေးလမ်းတလျှောက်မှာ အသက်ပေးတိုက်ပွဲဝင်သွားခဲ့တဲ့ ..
ရဲဘော် အာဇာနည်ပေါင်းများစွာကို .. ဂုဏ်ပြုလိုက်ပါတယ်..။
... ... ...
ဒီဇင်ဘာ (၂၀) တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ။
ကိုလေးအောင် (ကွယ်လွန်)

တင်းတင်းကိုက်ထားတဲ့ ..
ငါ့ရဲ့နှုတ်ခမ်းဟာ .. ဗြန်းကနဲ ကွဲထွက် ..
သွေးအစက်စက် စီးလိမ့်လာတယ် ..။

ငါအံကြိတ်ပြီး ..
လက်သီးကို တင်းတင်းဆုပ်မိတယ် ..။

ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ် ..။

ကတ္တရာလမ်းကို ခွာ
ရာဇ၀င်ရုပ်ရေး အရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့ ..
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ် ..။

ဘယ်သူတွေ ငြင်းနိုင်သလဲ
စီးဆင်းခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း ..။

သင်းတို့ တတွေက
ရဲဘော်ရဲ့ ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ် ..။

ဘယ်သူတွေ ရှိအုံးမလဲ
ရဲဘော် မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့ အမုန်းကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့
ပြုံးမှာပဲ .. ယုံတယ် ..။

စပါတာကပ်(စ်)ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင် ဗန်ထရွိုင်း
အတိုင်းမသိသော
ချေဂွေဗားရား စသော
အာဇာနည်ထောင်သောင်းတို့နဲ့အတူ
ရဲဘော်ဟာ နီ.ရဲ.၀င်း.လက် ခဲ့တယ် ..။
တရားတဲ့ ပြည်သူတွေရဲ့တိုက်ပွဲမှာ
ရဲဘော်ရဲ့ သွေးဟာ ..
နီရဲခဲ့တယ် ..။

ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို
နုပျိုစိမ်းလန်းနေမှာပဲ
မုချ ယုံတယ် ..။

ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ ဒို့ဟာ
စာရွက်တွေ .. အတူတူ ဝေခဲ့ဖူးတယ် ..။

ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ် ..။

ရဲဘော်ရဲ့ အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့တိုက်ပွဲတွေအကြောင်း
ဒီနေရာကို လာပြီး
ရဲဘော်ရဲ့ စီးဆင်းခဲ့တဲ့
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ရဲ့ ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ရဲဘော်ရဲ့ ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဖူး ..။

ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ ကဗျာတပုဒ်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ် ..။

လက်ခံပါ ရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ် ..။

ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး ..။

ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးတွေလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့သွေး
မခမ်းခြောက်သေးတဲ့ သွေးတွေ ..။

အို .. ရဲဘော်ရဲ့ သွေးအစက်စက်နဲ့
ရဲရဲလက်လက် ..
သီယှက်ထားတဲ့ ..
ရဲဘော်ရဲ့ ကဗျာပါလား ..။ ။

Tuesday, December 11, 2007

“လူသားဂုဏ်သိက္ခာနှင့် တရားဥပဒေ“ ...။

ဒီနေ့ လူ့အခွင့်အရေးနေ့။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒေသဆိုင်ရာ ကုလသမဂ္ဂရုံးကြီးမှာတော့ လူတွေ ၀င်လိုက်ထွက်လိုက် ..
စစ်လိုက်ဆေးလိုက်နဲ့ .. အလုပ်တွေရှုပ်နေကြတယ်။
ကုလသမဂ္ဂအတွင်းရေးမှုး မစ္စတာဘန်ကီမွန်းကိုယ်တိုင် လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဖွင့်လှစ်ပေးမှာမို့လို့တဲ့။
ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက မစ္စတာဘန်ကီမွန်း ဘန်ကောက်မြို့မှာ ရောက်နေခဲ့ပါတယ်။
နေ့လည်တနာရီလောက်ကစပြီး ရုံးကြီးအရှေ့ဘက်နားမှာရှိတဲ့ မြက်ခင်းပြင်သေးသေးလေးပေါ်မှာ မြန်မာအရေးလှုပ်ရှားသူတွေက မစ္စတာဘန်ကီမွန်းကို ကြွေးကြော်သံတွေနဲ့ နှုတ်ဆက်လိုက်ကြပါတယ်။
ပူပြင်းလောင်မြိုက်နေတဲ့ ဆောင်းဥတုနေမင်းနဲ့ အန်တုအော်ဟစ်နေသူတွေကို ကြည့်ပြီး ...
ဝင်ရိုးစွန်းလိုအေးစက်နေအောင် လေအေးပေးစက်တွေ ဖွင့်ထားတဲ့
ကုလသမဂ္ဂရုံးကြီးပေါ်ကလူတွေက ..
အမျိုးမျိုးသော ထင်မြင်ချက်တွေပေး ... တွတ်ထိုး ပြောဆိုနေကြလေရဲ့ ..။
.... .... ....
လူ့အခွင့်အရေးလှုပ်ရှားသူ သူငယ်ချင်းတယောက် အကူအညီနဲ့ ..
ဒီနေ့အခမ်းအနားကို
ကျနော်လည်း လိုက်ပါခွင့်ရခဲ့တယ် ..။
ဆန္ဒပြသူတွေနဲ့ ခပ်လှမ်းလှမ်းမှာ .. လုံခြုံရေးရဲတွေ ထူထူထပ်ထပ် စောင့်နေတဲ့ ၀င်ပေါက်တခု ရှိပါတယ်။
အဲဒီမှာ မျက်နှာခပ်ထန်ထန်နဲ့ စမတ်ကျကျဝတ်ထားတဲ့ လုံခြုံရေးတွေကို ကျနော်တို့မှာ ပါသမျှ အမျိုးမျိုးသော ကဒ်ပြားတွေကို ထုတ်ပြပြီးမှ .. ပထမ အဆင့်အနေနဲ့ ဂိတ်တံခါးကို အောင်မြင်စွာ ဖြတ်ကျော်ခွင့် ရခဲ့ပါတယ်။
ဂိတ်တံခါးကနေ အထဲကို ရောက်ရောက်ချင်း .. ပါလာတဲ့ အိပ်တွေ၊ စာအုပ်တွေ၊ ဖုန်းတွေ အကုန်လုံးကို ပစ္စည်းစစ်ဆေးတဲ့ scanner စက်ထဲကို ထည့်ရပါတယ် ..။
လူကိုလည်း စစ်ဆေးလိုက်ပါသေးတယ်။
ဒီစစ်ဆေးတဲ့သူတွေက ၀င်လာသမျှလူတွေကို အကြမ်းဖက် ဖောက်ခွဲရေးသမားတွေများလားဆိုတဲ့ မသင်္ကာသလို အကြည့်မျိုးနဲ့..။
ခဏနေတော့ .. လူလည်း စစ်ဆေးခံပြီးပြီ ..
စက်ထဲက ပစ္စည်းတွေလည်း ပြန်ယူပြီးပြီ ဆိုတော့မှ ကျနော်တို့ကို ညာဘက်မှာရှိတဲ့ တံခါးပေါက်ထဲကို ၀င်သွားဖို့ ပြောပါတယ်။ ပြောတဲ့အတိုင်း ၀င်လိုက်တော့ .. စားပွဲတခုနဲ့ နာမည်တွေ စစ်နေတဲ့ အမျိုးသမီးနောက်တယောက်ကို တွေ့ရပြန်ပါတယ်။
ကြိုတင်ပေးထားတဲ့ လူစာရင်းတွေထဲမှာ
ကျနော်တို့နာမည်တွေပါ မပါ ထပ်ပြီးတိုက်စစ်ပါတယ် ..။ နာမည်ပေါင်းများစွာ .. အဖွဲ့အစည်းပေါင်းများစွာထဲက ရှာရတာဆိုတော့ ..
ကျနော်တို့မှာ .. ပစ္စည်းတွေ တပွေ့တပိုက်နဲ့ အကြာကြီးစောင့်ရပြန်ပါရော ..။
ခဏနေတဲ့အထိ ကျနော်တို့နာမည်တွေ ရှာမတွေ့တော့ .. သူက ကျနော်တို့ ဘာလာလုပ်တာလဲလို့ မေးတယ်။ ရှာမတွေ့တာက သူ့ပြဿနာ ..
ဒါကိုပဲ ကျနော်တို့ကို မယုံသလိုလိုလုပ်ပြီး ..
မကျေမလည် လေသံနဲ့ လျှောက်မေးနေတယ်။
တော်ပါသေးရဲ့ .. ရေရေလည်လည် ပြန်ပြောနိုင်တဲ့ ထိုင်းသူငယ်ချင်းပါပေလို့ ..။
နောက်ဆုံးတော့ ...နာမည်တွေ ရှာတွေ့သွားပြီး ကျနော်တို့ကို ပင်မအဆောက်အအုံကြီးထဲ ၀င်ခွင့်ပြုလိုက်ပါတယ် ..။
ပင်မအဆောက်အအုံကြီးထဲဆိုတာ .. အဆောက်အအုံထဲမဟုတ်သေးဘူး ..လူသွားလမ်းလေးပေါ်ပဲ ရှိသေးတယ်။
အဲဒီကနေ နဲနဲလေး လမ်းလျှောက်လိုက်တော့မှ .. ပင်မအဆောင်ကြီးရဲ့ အလိုလျောက်ပွင့်တဲ့ မှန်တံခါးတွေက ကျနော်တို့ကို စောင့်ကြိုနေတာ တွေ့ရတော့တယ်။
မှန်တံခါးကြီးပွင့်သွားပါပြီ ... အထဲမှာ အသင့်စောင့်နေတာက ..
လုံခြုံရေးအတွက် .. နောက်ဆုံးဘိတ် စစ်ဆေးရေးဌာန ..။
အဲဒီမှာ တခါ လူတွေရော .. ပစ္စည်းတွေရော အစကနေ ပြန်အစစ်ဆေးခံကြ ..။
ဟူးးးးးးးးးးး ....... မောပါ့ဗျာ ..။
ဝတ်စုံပြည့် ၀တ်လာရမယ်ဆိုလို့ .. နက်ခ်တိုင်နဲ့ ကုတ်အကျီ င်္ဝတ်လာသူတွေခမြာ ..
ချွေးပေါက်ပေါက်ကျနေပါရောလား ..။
နောက်ဆုံးအဆင့်ကို ဖြတ်ပြီးမှပဲ .. ပြီးပြီလား အောက်မေ့တယ် .. မပြီးသေးဘူး ဆရာ ..။
အထဲမှာ သွားလာ လှုပ်ရှားနိုင်ဖို့ .. နာမည်သွင်း စာရင်းပေးပြီး .. ရင်ဘတ်ချိတ်တဲ့ကဒ်ပြား သွားလုပ်ရတယ်။
လူတွေများတော့ စောင့်ရပြန်ပါရော .. ပြုန်းတီးလိုက်တဲ့ အချိန်တွေလေ..။
ကျနော့် သူငယ်ချင်းကတော့ ဒေါသတွေထွက်နေလို့ မျက်နှာကြီးတောင် အနီရောင်ပြောင်းနေရှာပြီ..။
ကျနော်တို့ထက် ပိုဒုက္ခရောက်တာက ... တီဗွီရိုက်ဖို့လာရတဲ့ သတင်းသမားတွေ ..။
သူတို့ခမြာ ကင်မရာ အကြီးကြီးတွေ .. သုံးချောင်းထောက်တုတ်တိုင်တွေ .. မီးလုံးတွေနဲ့ တခြား ပစ္စည်းပစ္စယတွေကို ထမ်းပိုးပြေးလွှား ...
ဟိုနား တခါ ပြန်ချ .. တခုချင်း ဖြုတ်ပြ .. ထုတ်ပြ ..
ဒီနား တခါ ပြန်ပြ .. ပြန်သိမ်းနဲ့ .. မလွယ်တဲ့အဖြစ်ပဲ ..။
၅ မိနစ်လောက်ပဲ ပေါ်လာမယ့် .. မစ္စတာဘန်ကီမွန်းရဲ့ သတင်းကို ရိုက်ခွင့်ရဖို့ .. လူတွေတော်တော်များများမှာတော့ နာရီပေါင်းများစွာ အချိန်တွေပြုန်းခံနေရပါလား ..။
အော် .. လူ့အခွင့်အရေးလေးစားလိုက်နာဖို့ နည်းပေးလမ်းပြနေတဲ့ ပင်မဌာနကြီးရဲ့ အ၀င်ဝကနေစပြီး ..
အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ခံနေကြရတာလေ ..။
“ကွာ .. မဟုတ်တာတွေ မတွေးနဲ့ ..
ဒါ .. လိုအပ်လို့ .. လုံခြုံရေးအတွက် .. ပွဲတက်လာသူတွေ အားလုံးအတွက် ...
ကောင်းတဲ့စေတနာနဲ့ လုပ်တာ ..
နားလည်စမ်းဘာ ...”
ကိုယ့်ကိုကိုယ် ပြန်ဖြောင့်ဖြ .. နေ့လည်စာကို ၁၀ မိနစ်နဲ့ အပြေးအလွှားစား ..
အဲဒီနောက် .. သွားရမယ့် ရုံးခန်းကို ကျနော်တို့ တချိုးတည်း ပြေးရပါတော့တယ် ..။
ဆရာတွေက အချိန်လေးစားတိကျတယ်လို့လည်း .. နာမည်ကြီးတယ် မဟုတ်လား။
... ... ...
ကျနော်က ဘန်ကောက် ကုလသမဂ္ဂရုံးမှာ ပြုလုပ်တဲ့ ဒီလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲမှာ ...
မိမိထင်မြင်ချက်ကို ဖော်ပြမယ့် ကျောင်းသားတယောက်အနေနဲ့ လာခွင့်ရခဲ့တာပါ။
ကျနော့်လိုပဲ ကိုယ်ပိုင် ထင်မြင် ယူဆချက်တွေကို ပါဝင်ဆွေးနွေးကြမယ့် သူတွေကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တခြားတက္ကသိုလ်တွေက ကျောင်းသူကျောင်းသား ၅ ယောက်ပဲ ဖြစ်ပါတယ်။
အစီအစဉ်က “လူငယ်ကျောင်းသားတွေရဲ့ စကားသံ” ..။
ကျနော်တို့ ပြောဆိုဆွေးနွေးရမယ့် ခေါင်းစဉ်က ...
“လူသားဂုဏ်သိက္ခာနှင့် တရားဥပဒေ” ..။
... ... ...
အခမ်းအနားမတိုင်ခင်
ကျနော်တို့အားလုံး ကုလသမဂ္ဂကော်မရှင်ရုံးခန်းတခုထဲမှာ အဲဒီက အစီအစဉ်ပြုလုပ်သူတွေနဲ့ တိုင်ပင်ကြရပါတယ် ..။
ကျနော်တို့ ရေးထားတဲ့ ပြောဆို ဆွေးနွေးချက်တွေကို သူတို့က ပြန်ဖတ်ပြီး .. ပြုပြင်သင့်တာတွေ ပြုပြင်ပေးပါတယ်။
ပြဿနာက အဲဒီမှာ စပါတယ် ..။
... ... ...
ကျနော် ရေးထားတာတွေထဲမှာ ...
မြန်မာနိုင်ငံမှာရဲ့ စစ်အာဏာရှင်စနစ် အမြစ်တွယ်လာခဲ့တဲ့ ယေဘူယျ နောက်ခံသမိုင်း ..
ဒီစစ်အာဏာရှင်တွေကြောင့် သေကြေပျက်စီးခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသူကျောင်းသားတွေအတွက်
ဒီကနေ့အထိ “လူသားဂုဏ်သိက္ခာနဲ့ တရားဥပဒေ” ဆိုတာကို ပြန်လည်ရယူ မပေးနိုင်သေးတဲ့အကြောင်း ..
ပြီးတဲ့ခဲ့စက်တင်ဘာမှာ မိမိတို့ သဘောထားဆန္ဒကို ငြိမ်းချမ်းစွာဖော်ထုတ်ခဲ့တဲ့အတွက် ..
သွေးလွှမ်းခဲ့တဲ့အကြောင်း ..
ဘုန်းတော်ကြီးတွေကိုယ်တိုင် ဒီဆန္ဒဖော်ထုတ်မှုမှာ ပါဝင်လာရတာဟာ .. စစ်အစိုးရကာလရှည်ကြာစွာ မျက်ကွယ်ပြုထားတဲ့ ..
အခြေခံ လူသားအခွင့်အရေး ..
လူသားဂုဏ်သိက္ခာကို လေးစားလိုက်နာရေး ..
တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးရေး .. ဆိုတာတွေကို တောင်းဆိုဖို့ဖြစ်ကြောင်း ..
ဒါပေမယ့် .. ဘုန်းကြီးတွေအပါအ၀င် .. လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်သူတွေ ထပ်ပြီး ..
ပြေးလွှား .. ပုန်းအောင်း .. ဖမ်းဆီး .. နှိပ်စက်ခံနေရသေးကြောင်း ..
ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်ခွင့် မရလိုက်နိုင်ခင်မှာပဲ .. လူ့လောက ကနေ ထွက်ခွာသွားကြရကြောင်း ..
ဒီလူတွေအတွက် တရားမျှတမှု .. လူသားဂုဏ်သိက္ခာကို ကာကွယ်ဖော်ထုတ်ပေးဖို့ ..
အိမ်နီးချင်းတိုင်းပြည်တွေ .. နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့က အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ပေးဖို့ တာဝန်ရှိကြောင်း ..
မြန်မာနိုင်ငံအပါအ၀င် .. တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီးကို လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ပေးမှု တာဝန်တွေ မရောက်ရှိနိုင်သရွေ့ ..
“လူသားဂုဏ်သိက္ခာနဲ့ တရားဥပဒေ” ရရှိရေးဆိုတဲ့ ဦးတည်ရာကို ရောက်ရှိနိုင်မှာ မဟုတ်ကြောင်း ..
မြန်မာနိုင်ငံ အခုလတ်တလော ကြုံတွေ့ရတဲ့ ကိစ္စမှာဆိုရင် အာဆီယမ်လို အိမ်နီးချင်းနိုင်ငံတွေက ..
အနှိပ်စက်ခံ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး .. တရားဥပဒေနဲ့ လူသားအခွင့်အရေးကို ကာကွယ်ပေးသင့်ကြောင်း ..
အခုတော့ .. အာဏာရှင်စစ်အစိုးရဘက်က လိုက်ပြီး .. တရားဥပဒေကို ပြောင်ပြောင်တင်းတင်းပဲ မျက်ကွယ်ပြုလိုက်ကြကြောင်း ..
ဒီလိုသာဆိုရင် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေ .. လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်မှု လမ်းစဉ်တွေဟာ .. တာဝန်ရှိနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှု မရှိတာကြောင့် .. အကောင်အထည်ပေါ်ဖို့ .. အများကြီးနှောင့်နှေးသွားနိုင်ကြောင်း ..
တကယ်တော့ .. မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အမြစ်တွယ်ကြီးထွားစေတဲ့အထဲမှာ ..
ကုလသမဂ္ဂအနေနဲ့ အဓိကတာဝန်ရှိကြောင်း ..
ကုလသမဂ္ဂဟာ .. မီးဖွားလေးကို တောမီးကြီးဖြစ်အောင် ကြီးထွားစေခဲ့ကြောင်း ..
ဒါကြောင့် .. နောက်ဆက်တွဲအနေနဲ့ .. ကျနော်တို့လို မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ နှိမ့်ချခွဲခြား ဆက်ဆံခံနေရလို့ .. သိမ်ငယ်နေကြရကြောင်း ..
ကျနော်ကိုယ်တိုင် .. ညဘက်အချိန်မတော်ဆိုရင်ပဲဖြစ်ဖြစ် .. နဲနဲရှုပ်ရှုပ်ထွေးထွေးနေရာမျိုးတွေ ရောက်ရင်ပဲဖြစ်ဖြစ် .. ကိုယ့်ကိုကိုယ် “မြန်မာလူမျိုး” ပါလို့ ထုတ်မပြောရဲတဲ့အကြောင်း ..
ဘာလို့လည်းဆိုတော့ .. ကျနော်တို့ အိမ်နီးချင်းတွေက .. ကျနော်တို့ ဘယ်ကလာတယ်ဆိုတဲ့ နောက်ခံကိုပဲကြည့်ပြီး .. ကျနော်တို့ဟာ လူသားတွေပါလား ဆိုတာကို မေ့နေကြလို့ပါ ..ဆိုတဲ့အကြောင်း ..
ကျနော်ရဲ့ ခံစားချက်ကတော့ .. ဘယ်နေရာမှာပဲဖြစ်ဖြစ် “သာတူညီမျှ” တဲ့ ဆက်ဆံရေးမျိုးကိုပဲ လိုချင်ကြောင်း ..
“သာတူညီမျှ” ဆိုတာ .. ခင်ဗျားကိုယ်တိုင် သူများက တလေးတစား ဆက်ဆံတာကို ခံချင်တာမျိုး ဖြစ်ကြောင်း ..
“သူများကို ကိုယ် ဆက်ဆံတဲ့ ပုံစံ” နဲ့ “သူများက ကိုယ့်ကိုဆက်ဆံတာကို ခံချင်တဲ့ ပုံစံ” ဟာ တသမတ်တည်း ဖြစ်သင့်ကြောင်း ..
ဒါမှလည်း ခင်ဗျားဟာ လူ့အခွင့်အရေးကို တန်ဖိုးထားသူအဖြစ် .. တရားမျှတမှုကို မြတ်နိုးသူအဖြစ် ရပ်တည်နိုင်မှာဖြစ်ကြောင်း ..
ကျနော်ယုံကြည်တဲ့ လူ့အခွင့်အရေးဆိုတာ ..
“မိမိတဦးတည်းရဲ့ ရပိုင်ခွင့်တွေကိုပဲ .. တောင်းဆို ကာကွယ်တာမျိုး မဟုတ်ပါကြောင်း ..
မိမိရဲ့ အခွင့်အရေးကို အသုံးချပြီး .. လူ့အဖွဲ့အစည်းရဲ့မျှခြေကို ညီညွတ်တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်တာမျိုး ဖြစ်ကြောင်း ..”
ဒါကြောင့် .. ဒီလိုလူ့အခွင့်အရေးမျိုးကို တန်ဖိုးထားတဲ့ ..
လူ့အခွင့်အရေး ကာကွယ် .. တောင်းဆိုပေးသူမျိုးတွေ ..
လူတန်းစားမျိုးစုံမှာ လိုအပ်နေပါကြောင်း ..
ဒီလိုလူစားတွေများမှလည်း ကမ္ဘာကြီး အေးအေးချမ်းချမ်း ဆက်လက် တည်ရှိနေဖို့ ..
ကူညီ ထိန်းမပေးနိုင်မှာ ဖြစ်ကြောင်း ..
... ... စတဲ့ စတဲ့ .. အကြောင်းပေါင်း မြောက်မြားစွာ ပါဝင်ပါတယ်။
... ... ...
တကယ့်ကို စိတ်မကောင်းစွာနဲ့ပဲ .. လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ရာနှုန်းပြည့် ထောက်ခံနေတဲ့ ကုလသမဂ္ဂရုံးကြီးထဲမှာ ကျနော့်စာတမ်းလေးခမြာ ဆင်ဆာမိသွားခဲ့ပါတယ် ..။
မြန်မာနိုင်ငံအကြောင်းကိုပဲ အဓိက ဖော်ပြနေသလို မဖြစ်စေချင်လို့ ..
နိုင်ငံတကာ သံအမတ်တွေ အများကြီးလာမှာဆိုတော့ .. sensitive ဖြစ်တာတွေ မပါစေချင်လို့ ..
အိမ်နီးချင်းနိုင်ငံတွေကို .. အပြစ်မြင်တာတွေ မပြောစေချင်လို့ ..
မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို .. အဆင်မပြေဖြစ်သွားမှာ စိုးရိမ်လို့ ..
ဆိုတဲ့ ... စိုးရိမ်ကြောင့်ကြမှုပေါင်း များစွာနဲ့ ..
ကျနော့်စာတမ်းလေးအစား.. သူတို့ အချောသတ်ထားတဲ့ စာတမ်းကို ဖတ်ခိုင်းခဲ့ပါတယ် ..။
ကျနော်လည်း တတ်နိုင်သရွေ့ အကောင်းမြင်ဘက်က ရေးထားတာမို့လို့ .. ကျနော့်စာတမ်းကိုပဲ ဖတ်ပါရစေလို့ ပြောပါတယ်။
နောက်ဆုံး .. ဈေးဆစ်ရင်းနဲ့ ကျနော့်စာတမ်းထဲက နောက်ဆုံးပိုင်းက ကျနော့်ကိုယ်ပိုင် အမြင်လေးတွေကို ကံကောင်းထောက်မစွာ ပြောခွင့်ရခဲ့ပါတယ် ..။
ဒါကလည်း .. အထက်အရာရှိက အပြင်ထွက်သွားတုန်း .. ကျန်ခဲ့တဲ့ လက်ထောက်တာဝန်ရှိသူကို ကျနော်ပြောလိုက်လို့ပါ ..။ သူ့ခမြာလည်း တခြားစာတမ်းတွေကို စစ်ဆေးနေရတော့ .. ကျနော့်ကို ခပ်မြန်မြန်ပြီး အေးရော ဆိုပြီးများ ခွင့်ပြုလိုက်သလားမသိ ..။
ဘာပဲဖြစ်ဖြစ် .. ကျနော် ကံကောင်းပါတယ် ..။
ကျနော်ပြောချင်တာတွေကို .. ပြောခွင့်ရလိုက်ပါတယ် ..
သူတို့ပြောခိုင်းတဲ့ .. သကြားဖုံး အကောင်းစားစာကြောင်းတွေကို မပြောပဲ .. ကိုယ်လွှတ်ချင်တာတွေပဲ လွှတ်ခွင့်ရလိုက်လို့ပါ..။
ဒါလိုနဲ့ပဲ ...
မြန်မာနိုင်ငံအကြောင်း အကျဉ်းချုံးပြော ..
စစ်အာဏာရှင်အကြောင်းနဲ့ တရားမျှတမှုဆိုတာ လုံးဝဥသုံ ဆိတ်သုဉ်းနေတဲ့အကြောင်းပြော ..
လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ .. အခြေခံလည်းဖြစ် အရေးလည်းကြီးတဲ့ အခွင့်အရေးလေးတောင် မရှိတဲ့အကြောင်းပြော ..
ကျနော်ယုံကြည်တဲ့ လူ့အခွင့်အရေးအကြောင်းကိုပြော ...
ပြောနေရင်းနဲ့ ဟောလ်ခန်းမကြီးရဲ့ နေရာအနှံ့ကို .. ကျနော့်မျက်လုံးတွေ ဝေ့၀ိုက်ကြည့်လိုက်မိတယ် ..။
ခေါင်းတညိတ်ညိတ်နဲ့ စိတ်ဝင်တစား နားထောင်နေတဲ့ ..
ကျောင်းသူ ကျောင်းသားတွေ .. အစိုးရအဖွဲ့ဝင်တွေ..
သံအမတ်တွေ .. လူ့အခွင့်အရေး လှုပ်ရှားသူတွေ ..
နောက်ဆုံး .. ကျနော့်ကို မခံချိမခံသာနဲ့ ပြုံးပြနေရရှာတဲ့ .. အနှီ ကုလသမဂ္ဂအရာရှိဆီအရောက်မှာ ..
ကျနော့်အကြည့်ကိုလည်း ရပ် ..
ကျနော့် စာတမ်းလည်း ဖြတ် ..
ရင်ထဲမှာလည်း ကျေကျေနပ်နပ်နဲ့ ..
အပြည့်အ၀မဟုတ်တောင် ကျနော်ပြောချင်တာလေးတွေ တစိတ်တပိုင်းပြောခွင့်ရလိုက်လို့ ..
လူ့အခွင့်အရေးနေ့ဆိုတာ .. နဲနဲ ပီပြင်သွားတယ်လို့ ခံစားရင်း..။
... ... ...
ကုလသမဂ္ဂအဆောက်အအုံအထဲမှာလည်း ..
ကောင်းစေချင်တဲ့ စေတနာဆိုသည်များနဲ့ ..
လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးဟာ ..
မပီပြင် ၀ိုးတ၀ါးဖြစ်နေပြီး ..
လက်တလုံးခြား .. ပညာရှိနည်းတွေနဲ့ .. ချိုးဖောက်ခံနေရပါလားဆိုတာ ..
လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် .. အတွေ့အကြုံသစ်တခုအဖြစ် .. ရရှိလိုက်ပါတယ် ..။
99
၁၀ ဒီဇင်ဘာ ၂၀၀၇။
တင်္နလာနေ့။