Thursday, October 25, 2007

အလင်းကွဲချိန်။

ဒီမနက် .. အိပ်ယာက နိုးနိုးချင်းပဲ ..
အခန်းအပြင်ကို ကမန်းကတန်း ထွက်ကြည့်လိုက်မိတယ် ..။
ဘာမှ အကြီးအကျယ် ထူးဆန်းနေလို့ မဟုတ်ပါဘူး ..။
ဒါပေမယ့် .. အရင့် အရင်နေ့တွေနဲ့ မတူပဲ ..
နဲနဲလေးပဲ ကွာခြားနေတယ် ..။
အဲဒါက .. ရာသီဥတု ..။
တလျှောက်လုံး ပူလာခဲ့တဲ့ .. ရာသီဥတုက ..
ဒီမနက်တော့ .. နဲနဲ မျက်နှာသာပေးပုံ ရတယ် ..။
မပူမအေးနဲ့ .. နေရတာ အတော်လေး
သက်တောင့်သက်သာ ဖြစ်နေတယ် ..။
ဒါနဲ့ပဲ .. အပြင်ထွက်လိုက်တော့ ..
မြူလွှာပါးပါးလေးတွေ ပတ်ဝန်းကျင်တခုလုံးကို ရစ်သိုင်းလို့ ..
မှုန်မှုန်မှိုင်းမှိုင်းနဲ့ .. မြင်မြင်သမျှ .. မီးခိုးရောင်ဖျော့ဖျော့ ရေဆေးပန်းချီကားတခုလိုပဲ ..။
အမြဲတမ်းလိုလို .. ပူပူလောင်လောင် .. နှုတ်ခွန်းဆက်တတ်တဲ့ နေမင်းကြီးတောင် ..
ခဲရောင်အလွှာပါးပါးတွေ အောက်မှာ ထူးထူးဆန်းဆန်းကို .. အေးချမ်းးးး..လို့ ..။
သဘာဝ ပန်းချီကားမှာ ငေးမောနေတုန်း .. ခံစားလိုက်ရတာက ..
ခပ်အေးအေး .. ခပ်မြမြ တိုက်ခတ်လာတဲ့ .. လေနုအေး ..
ဒီလေမျိုးက .. အရှေ့မြောက်အရပ်က လာတာမျိုး ..
ဒီလိုအေးပုံမျိုးက ..
ရေခဲတောင်တွေကို ဖြတ်သန်းလာတဲ့ လေကြောင်းမျိုး ..
အခုဖြစ်နေတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ ..
ဒီလို လေမျိုး .. တိုက်ခတ် ဖြစ်ပေါ်စေတာ .. ဆောင်းရာသီမှာမှလေ ..။
ဒါဆို ..
ရုတ်ခနဲ သတိဝင်လိုက်တာက ..
အခု .. ဆောင်းဝင်ပြီပေါ့ ..။
ဖွင့်ထားတဲ့ ရေဒီယိုကလည်း .. ဒီနေ့ ..
သီတင်းကျွတ်လပြည့်နေ့လို့ ကြေညာနေတယ် ..။
ပျော်စရာကြီး ..
မိုးကုန်ပြီ .. ဆောင်းရောက်ပြီ ..။
သီတင်းလည်း ကျွတ်ပြီ ..။
... ... ...
ပျော်နေတာလေးက ခဏပါပဲ ..။
သီတင်းကျွတ်တော့ရော ဘာလုပ်နိုင်မှာမို့လို့လဲ ..။
ရန်ကုန်နဲ့အဝေးမှာ .. မြန်မာပြည်နဲ့အဝေးမှာ ..
သီတင်းကျွတ်ဆိုတာလည်း ..
ကိုယ့်အတွက်တော့ အဓိပ္ပါယ် ရှာမတွေ့နိုင် ..။
အရင်ကဆို .. မြန်မာပြည်ထဲမှာ ..
ကိုယ်နေထိုင်တဲ့ .. ရန်ကုန်မြို့ထဲမှာ ..
ကိုယ်တို့ မိသားစုတွေ တစုတစည်းတည်း ရှိတဲ့ ..
ပျဉ်ထောင်အိမ် ကျဉ်းကျဉ်းစုပ်စုပ်ကလေးထဲမှာ ..
စုရုံး စုရုံးနဲ့ .. ကျွက်ကျွက်ကို ညံလို့ ..
သီတင်းကျွတ်ကို ဘယ်လို ဆင်နွှဲကြမလဲဆိုပြီး ကြိုတင် ပြင်ဆင်နေကြရလို့လေ ..။
ကလေးတွေက .. လက်တွန်းမီးပုံးလှည်းလေးတွေ လုပ်ဖို့ ..
ရောင်စုံစက္ကူတွေ .. လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ကြ ..
လူကြီးတွေကို သူတို့အတွက် ကူလုပ်ခိုင်းကြ .. ။
နောက်ဆုံး .. မအောင်မြင်တော့လည်း .. ရောင်းတန်းလေးတွေပဲ ၀ယ်လိုက်ကြရ ..။
လူလတ်ပိုင်းတွေကလည်း ..
အိမ်မှာ ဆီမီးထွန်းဖို့ ..
ရပ်ကွက်က ဆီမီးထွန်းပွဲတွေမှာ ကူညီဖို့ ..
လူကြီးမိဘတွေကို ကန်တော့ဖို့ ..
ဆရာသမားတွေကို ကန်တော့ဖို့ ..
ကိုးကွယ် ဆည်းကပ်ရာ ဘုန်းကြီးတွေကို ကန်တော့ဖို့ ..
ရပ်ကွက်တွေ .. မြို့နယ်တွေက ကျင်းပကြတဲ့ ပွဲလမ်းတွေမှာ ဆင်နွှဲကြဖို့ ..
ယောက်ယက်ခတ် .. ပျော်ပျော်ရွှင်ရွှင်ကြီး အလုပ်တွေရှုပ်ကြလို့ ..။
(အရေးကြီးတာ ကျန်သေးတယ် ..)
လူပျို .. အပျိုတွေကလည်း မအားမလပ်နိုင်ကြရှာဘူး..
ဒီအချိန်က .. မင်္ဂလာအမှုပြုသူတွေများတဲ့ အချိန်မဟုတ်လား ..။
နေရာတိုင်းမှာ .. လင်းလက် ထိန်တောက်လို့ ..
လူတိုင်း မျက်နှာမှာလည်း .. အပြုံးတွေ ဝေဆာလို့ ..
ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲခြင်းတွေနဲ့ .. ကြည်နူးအေးချမ်းလို့ ..။
အုံ့အုံ့မှိုင်းမှိုင်း .. စိုစိုစွတ်စွတ် .. မိုးတွင်းကနေ
လွတ်မြောက်လာလို့လည်း ..
ရာသီဥတုရော .. လူတွေရဲ့ စိတ်ဥတုရော ..
ငွေရောင်အနားသတ်တွေလို ကြည်လင် ရွှင်ပျလို့ ..။
... ... ...
တကယ်တော့ .. သီတင်းကျွတ်ရဲ့ ပျော်ရွှင်မှုတွေထဲက ..
အဓိက .. အနှစ်သာရကတော့ ..
တာဝတိံသာနတ်ပြည်မှာ .. မွေးကျေးဇူးဆပ်တဲ့အနေနဲ့ ..
မယ်တော်မိနတ်သားကို တရားရေအေးတိုက်ကျွေးပြီး ..
လူ့ပြည် ပြန်ကြွလာတဲ့ ..
ဗုဒ္ဓမြတ်စွာဘုရားကို ကြိုဆိုကန်တော့တာပါပဲ ..။
လူသားတွေဖြစ်တဲ့ ကျနော်တို့တွေလည်း ..
မိမိတို့ ရှင်သန်ကြီးပြင်းခွင့်တွေကို .. ကျေးဇူးဆပ်တဲ့ အနေနဲ့တမျိုး ..
စိတ်အလိုမကျတိုင်း .. ဖြစ်ချင်တာတွေ မဖြစ်ခဲ့တိုင်း ..
ပြဿနာရှာခဲ့မိတာတွေ .. ပြစ်မှားခဲ့မိတာတွေ ၀န်ချတောင်းပန်တဲ့ အနေနဲ့တဖုံ ..
ဟောဒီ .. သီတင်းကျွတ်ကာလမှာ ...
မိမိတို့ရဲ့ မွေးမိခင် .. ကျွေးဖခင်တွေကို ..
အတည့်အလင်း ၀န်ချ တောင်းပန် ကန်တော့ကြပါတယ် ..။
ခဏပဲ မကျေမနပ် ဖြစ်ဖြစ် ..
အချိန်အကြာကြီးပဲ ခွင့်မလွှတ်နိုင်ကြဖြစ်ဖြစ် ..
ဒီအခါသမယလေးမှာ .. အရာအားလုံး ပြန်လည် သင့်မြတ်ပျော်ဝင်သွားနိုင်ကြပါတယ် ..။
ဒါလေးကိုက ..

ချစ်စရာ .. တန်ဖိုးထားစရာ .. အားကျ အတုယူစရာ .. ဖြစ်နေလေတော့

လူမျိုးခြားတွေအနေနဲ့ ..
ကျနော်တို့လို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေရဲ့ သီတင်းကျွတ်မီးထွန်းပွဲနဲ့ ..
ဝပ်တွား မာန်လျော့ ကန်တော့ကြတဲ့ပွဲကို ..
အံ့အားသင့်စရာလို့ ထင်မြင်ယူဆကြတာ ကြုံခဲ့ရဘူးပါတယ် ..။
ဘာပဲပြောပြော ..
အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေရှိတာ ..
ငွေကြေးဓနတွေ ပြည့်စုံပေါများတဲ့ .. ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မတွေ့နိုင်တဲ့ ရိုးရာဓလေ့တွေ ပိုင်ဆိုင်ထားတာ ..
ခွဲခြမ်းစိတ်ဖြာပြီး .. ဖြန့်ကျက်တွေးခေါ်နိုင်တဲ့ .. အလယ်အလတ်လမ်းစဉ်ကို လေ့လာခွင့် .. ကိုးကွယ်ယုံကြည်ခွင့်ရတာ ..
ကျနော်တို့ရဲ့ မြန်မာနိုင်ငံပေါ့ ..။
ဒီနိုင်ငံမှာ လူဖြစ်ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ ..။
သို့သော်လည်းတဲ့ .. ပေါ့လေ ...။
... ... ...
“ဒီသီတင်းကျွတ်မှာ ဘာပွဲတော်မှ ပြုလုပ်ခွင့်မရှိဘူး” .. လို့
စစ်အစိုးရ သတင်းထုတ်ထားကြောင်း ..
“ပိုက်ဆံမရှိတော့ .. ကန်တော့တာတွေ ဘာတွေလည်း ..
အရင်လို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး” .. လို့
ရန်ကုန်မြို့မှာ နေထိုင်သူတယောက်က ပြောဆိုသွားကြောင်း ..
သတင်းကြေညာသွားသူရဲ့ အသံကို ..
ဖွင့်ထားတဲ့ ရေဒီယိုအိုလေးက ဆက်လက်လွှင့်ထုတ်နေဆဲ ..။
သီတင်းကျွတ်ဆိုတာ ..
မြန်မာပြည်ပြင်ပမှာ ရောက်နေတဲ့ .. ကျနော်တယောက်တည်းအတွက် အဓိပ္ပါယ်မရှိတာမဟုတ်တော့ ..
အကျဉ်းကျနေရှာတဲ့ .. မြန်မာတပြည်လုံးနဲ့လည်း အတိအလင်း မသက်ဆိုင်တော့ပါလား ..။
... ...
မျက်စေ့ရှေ့က .. မှုန်ပျပျ မြင်ကွင်းရေ ..
ခဏတာ မြင်ကွင်းအဖြစ်သာ .. ကောင်းမယ်ထင်ပါရဲ့ ..။
ကျနော်တို့တိုင်းပြည်ကိုတော့ ..
ဒီလို မသဲမကွဲ .. မှုန်မှုန်မှိုင်းမှိုင်းဘ၀ထဲမှာ .. ဆက်ပြီး မမြုပ်နှံ ထားပါရစေနဲ့တော့ ..။
ဓလေ့ ရိုးရာတွေ ဆက်လက်ရှင်သန်ခွင့်ရဖို့အတွက် ..
အလင်းကွဲချိန်ကို အမြန်ရောက်ရှိနိုင်ပါစေ ..။
ဒီဆုတောင်းက ..
ဒီလပြည့်ညမှာများ .. ရှင်တော်မြတ်ဘုရား ဆင်းသက်လာခဲ့လျှင်ဟု” ရည်စူးပါသည် ..။

Thursday, October 11, 2007

ကြယ်တွေ ခြွေတဲ့ အရာ ...။

“တစုံတရာဟာ …

ကြယ်တွေကြွေအောင် …

ပြုလုပ်ပေးနေတယ် …”

ကိုငှက်ကြီးရဲ့ သီချင်းစာသား တပိုင်းတစလေးပါ ..။

ဒီစာသားကို အခုမှ တိုက်တိုက်ဆိုင်ဆိုင်ဘာလို့ လာရွတ်မိနေပါလိမ့် ..။

ရင်ထဲမှာ ပိုပြီးလွမ်းလွမ်းဆွေးဆွေး ခံစားမိလိုက်တယ် ..။

ကြွေသွားတဲ့ ကြယ်တွေအတွက်ပါ ..။

ကျနော့်ကြယ်တွေနဲ့.. ကိုငှက်ကြယ်တွေ..

တူချင်လည်း တူမယ် ..

မတူချင်လည်း မတူဘူး ..

သေချာတာကတော့ ကြယ်တွေတိုင်းမှာ ..

တောက်ပလင်းလက်တဲ့ အလင်းတန်းတွေ ပိုင်ဆိုင်ကြတယ် ..။

ပြီးတော့ ဒီအလင်းတွေကိုလည်း ..

နည်းမျိုးစုံနဲ့ အစွမ်းကုန် ဖြာလင်းတတ်ကြတယ် ..။

တည်ရှိနေတုန်းမှာလည်း လင်းလက်ပေးကြသလို ..

ကြွေလွင့် ပျက်စီးသွားတဲ့အခါလည်း ..

ကျန်ရှိသမျှ အလင်းအားနဲ့ ..

ကျန်ရစ်သူတွေကို နှုတ်ဆက်သွားတတ်စမြဲပဲ မဟုတ်လား..။

ဒါကြောင့် .. ကြယ်တွေကြွေသွားတာကို မြင်သိနိုင်တာပေါ့..။

အခုလည်း ..

အရောင်စုံတဲ့ ကြယ်တွေကို ကျနော် မြင်နေရတယ် ..။

အ၀ါရောင် ..

အဖြူရောင် ..

အစိမ်းရောင် ..

အပြာရောင် ..

.

.

.

အဆုံးသတ်မှာ .. အနီရောင် ..

နီနီရဲရဲ .. အရွယ်စုံတဲ့ .. ကြယ်တွေ ..

လက်တကမ်းလေးမှာတင်ပဲ ..

လင်းကနဲ .. လက်ခနဲ ..

အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီကို ..

အနောက်ဘက် ခပ်အုပ်အုပ်တောတန်းတွေအဆုံးကို ..

အရပ်မျက်နှာအနှံက တိမ်တိုက်မဲမဲတွေအောက်ကို ..

အဆုံးအစမဲ့တဲ့ .. ဟင်းလင်းပြင် အမှောင်တွင်းတွေထဲကို ..

ကြွေလွင့် သက်ဆင်းသွားကြတယ်..။

ကျနော်အပါအ၀င် ရပ်ကြည့်နေသူတွေဆီကို ..

အနီရင့်ရင့် အလင်းတန်းတွေ ..

ပက်ဖြန်းပေးသွားခဲ့တယ် ..။

“ခဏလောက် စောင့်ပေးကြပါအုံး ..”

“မသွားကြပါနဲ့ ..”

… … …

… … …

နှလုံးသားမှာ ဗြောင်းဆန်လို့ ..

ဦးနှောက်မှာလည်း ဆောက်တည်ရာ မရနိုင်တော့ ..။

ကျနော်ဆိုတာ ..

မကြွေခင်ကလည်း စောင့်ကြည့် ကြည်နူးနေရုံ ..

ကြွေလွင့်သွားကြတော့လည်း ..

မျှော်ကြည့် ကြေကွဲနေရုံ ..

ကာကွယ်ထိန်းသိမ်းခွင့်တွေ မတတ်သာခဲ့ .. မတတ်နိုင်ခဲ့ ..။

စာနာ နားလည်ခြင်းတွေနဲ့သာ ..

အံတင်းတင်းကြိတ်လို့ ..။

… … …

… … …

အနက်ရင့်ရင့်ပဲတွေ ကြီးစိုးတဲ့ …

အရိုင်းအစိုင်း အရပ်ဒေသတခုမှာ …

အလင်းတွေ .. အလင်းတွေ ..

ပြန်လည် လင်းရှင်း အသက်ဝင်လာဖို့တဲ့ …

ကျနော့် ကြယ်တွေ … အဲဒီမှာ

တောင်ပုံယာပုံ ပုံလို့ …။


ဒီလိုပဲတော့ ပျောက်ကွယ် မသွားနိုင်ကောင်းပါဘူး ..။

ကျနော့် ကြယ်လေးတွေ ဦးခိုက်သွားတဲ့ ..

ကျနော့် ကြယ်လေးတွေ ယုံကြည်သွားတဲ့ ..

ကျနော့် ကြယ်လေးတွေ တံတားခင်းပေးသွားတဲ့ ..

ကျနော့် ကြယ်လေးတွေကို မကြွေ ကြွေအောင် .. ခြွေနေတဲ့ ..

အဲဒီ … တစုံတရာ ဆိုတာ … … …

“အမှန်တရား” .. တခု။

ဒီအမှန်တရားကို ..

“လွတ်လပ်ခြင်း ..

တရားမျှတခြင်းတွေနဲ့ ..

ထုံမွှန်းထားသတဲ့ဗျာ .. ။

… … …

ကြယ်တွေ ...

အရှိန်ပြင်းပြင်းနဲ့ ..

ကြွေနေကြတုန်း …

ဟိုးးးးးးးးးး … … …

အနက်ရင့်ရင့်တွေပဲ ကြီးစိုးတဲ့ …

အရိုင်းအစိုင်း အရပ်ဒေသတခုမှာလေ …။

Monday, October 8, 2007

တရားမျှတ လွတ်လပ်ပါစေ .. အမိပြည်။

ဓာတ်လှေကားထဲကအထွက် တိုက်နံရံပေါ်က နာရီကြီးကို လှမ်းကြည့်လိုက်တော့ .. မနက် ရ နာရီတောင်ထိုးနေပြီ .. ။
“နောက်ကျတော့မှာပဲ .. မြန်မြန်သွားမှ” ဆိုတဲ့အတွေးက လူကိုတွန်းပို့နေတယ် ..။
ဒီနေ့ စနေနေ့ ..။
ရုံးပိတ်ရက်ဆိုတော့ .. ပတ်ဝန်းကျင်တခုလုံးက ငြိမ်သက်လို့ ..။
အရင်နေ့တွေဆို ဒီအချိန်မှာ ရုံးသွားကျောင်းသွားသူတွေနဲ့ သက်ဝင်လှုပ်ရှားနေပြီ ..။
ကျနော်နေတာက ကားမှတ်တိုင်နဲ့ အတော်ဝေးတဲ့ လမ်းကျိုလမ်းကြားထဲမှာ ..။
ဟိုနားတစု ဒီနားတစုဖြစ်နေတတ်တဲ့ ..
ဆိုင်ကယ်စီးဖို့ စောင့်နေသူတွေလည်းမရှိ ..

ဆိုင်ကယ်မောင်းပို့သူတွေကိုလည်း မတွေ့ရ ..။
ကျနော့်မျက်စေ့တဆုံးမှာ လူသူအသွားအလာ ကင်းရှင်းနေတဲ့ လမ်းသွယ်လေးက .. ငြိမ်သက် အေးချမ်းလို့ ..။
လမ်းဆက်လျှောက်ဖို့ ကွန်ကရစ်ခင်းထားတဲ့ လမ်းလေးပေါ်ကို ခြေချမိတယ်ဆိုရင်ပဲ ..
ခပ်သော့သော့ ပြေးဝင်လာတဲ့လေရူးတချက် ..
ကျနော့် ဆံပင်တိုတိုတွေ ရှုပ်ပွကုန်တဲ့အထိ နှုတ်ခွန်းဆက်သွားခဲ့တယ်။
ကျနော့် ခြေလှမ်းတွေရဲ့ ဦးတည်ရာက ..
ဒီနေ့ပြုလုပ်မယ့် .. အောက်မေ့ သတိရခြင်း ဂုဏ်ပြုပွဲ အထိမ်းအမှတ်တခု ရှိရာကို ..။
အခု ကျနော်နေထိုင်နေတဲ့ .. ထိုင်းနိုင်ငံမှာလည်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ရဲ့ ဒီနေ့မျိုးမှာပဲ ..

ဒီမိုကရေစီတိုက်ပွဲတခု ဖြစ်ပွားခဲ့ဖူးတယ်တဲ့ ..။
လက်နက်မဲ့ ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားပေါင်း မြောက်များစွာက ..
အာဏာရှင်စစ်အစိုးရဆီကနေ အမှန်တရားကို ..
အသက်ပေးတောင်းဆို သွားခဲ့တာတဲ့ ..။
credit - ထုံချိုင်း ၀ိနိချကူလ်
အောက်တိုဘာ ၆၊ ၁၉၇၆။

ထမာဆတ် တက္ကသိုလ်ဝင်းအတွင်း၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
အဆက်မပြတ် ပစ်ခတ်လိုက်တဲ့ သေနတ်သံတွေ နားထဲပြန်ကြားမိတယ် ..။
CNN ကပြသွားတဲ့ ရန်ကုန်မြို့လယ်ကောင်မှာ အခုတလောလေးကမှ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေ ..။
အချိန်တိုတိုအတွင်းမှာ .. စစ်မြေပြင်လို ပြောင်းလဲသွားခဲ့ရတဲ့ .. မြို့တော်ရန်ကုန် ..။
အကာအကွယ်အတွက် ဦးတည်ရာမဲ့ အသက်လု ပြေးနေတဲ့ လူအုပ်ကြီး ..။
အင်တာနက်စာမျက်နှာတွေမှာ မြင်ခဲ့ရတဲ့ ဘုန်းကြီးအလောင်းတွေ ..။
ကျည်ဆန်ထိမှန် သေဆုံးသွားတဲ့ ..
ပထမဆုံးသော နိုင်ငံခြားသား ဂျပန်သတင်းထောက်ရဲ့ ဆို့နင့်ဖွယ်ရာ နောက်ဆုံးအချိန်..။
ဖျက်စီး လုယက်ခံလိုက်ရတဲ့ ဘုန်းကြီးကျောင်းတွေ ..။
ပေါ်ပေါ်ထင်ထင်တမျိုး .. တိတ်တဆိတ်တမျိုးနဲ့ ..
အဖမ်းဆီးခံရပြီး .. သေမှန်း ရှင်မှန်း သတင်းမရနိုင်တဲ့ ပြည်လူတွေ .. ဘုန်းကြီးတွေ ..။
မြင်သမျှ .. ကြားသမျှ ..
ကြေကွဲစရာ .. စက်ဆုပ်စရာ ..
ဒေါသဖြစ်စရာ .. ယူကြုံးမရနိုင်စရာ ..
မခံမရပ်နိုင်စရာ .. မယုံနိုင်စရာ .. ။
ရက်စက်ကြပါတယ်ဆိုတဲ့ ကမ္ဘာပေါ်က စစ်အာဏာရှင် အစိုးရအဆက်ဆက်တွေတောင် လိုက်မမှီနိုင်တဲ့ .. ရက်စက်မှုနည်းလမ်းမျိုးစုံ .. ကောက်ကျစ်မှုပုံစံ အဖုံဖုံကို ဖွင့်ချပြသခဲ့တဲ့ ..
မြန်မာပြည်က ကမ်းကုန်အောင် မိုက်တွင်းနက်နေတဲ့ ..
အာဏာရှင်တစုနဲ့ အာဏာရှင်နောက်လိုက်တသိုက် ..
အခုထိလည်း .. အစိုးရအမည်ခံနဲ့
ပြည်သူတွေကို ပေါ်ပေါ်ထင်ထင်ပဲ ဓားပြတိုက်နေလေရဲ့ ..။


ကုလသမဂ္ဂကြီးမှူးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကရော ..
မြန်မာပြည်နဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ..
ဘာတွေများ အရေးတကြီး ထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့သလဲ ..။
အခုထက်ထိတော့ “အသေအချာ .. အနီးကပ် စောင့်ကြည့်နေတယ်” ဆိုတဲ့ စကားကိုပဲ ..တွင်တွင်ပြောနေကြတုန်း ..။
မြန်မာပြည်သူပြည်သားတွေမှာတော့ စက္ကန့်တိုင်း မိနစ်တိုင်းမှာ သူတို့အသက်တွေနဲ့ရင်းပြီး ..
အမှန်တရားနဲ့ လူပီသစွာ လွတ်လပ်နေထိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြတုန်း ..။
၈၈ တုန်းက သတင်းအထောက်အထားတွေ မလုံလောက်လို့ ..
နိုင်ငံတကာက သတင်းတွေမရလို့ ..
အရေးမယူနိုင်ခဲ့ဘူးလို့ ပြောကြတယ် ..။

ဒါဆို အခုကျတော့ရော ..
နည်းပညာနဲ့ တာဝန်သိ နိုင်ငံသား သတင်းထောက်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်
သတင်းဓာတ်ပုံ အထောက်အထားတွေ အများကြီး ..
မြင်တွေ့ .. သက်သေပြနိုင်ခဲ့ပြီပဲ ..။
လူပြောသူပြောတွေကို ပြန်ရေးထားတဲ့သတင်းတွေ ဆိုရင်တောင် ..
သတင်းစစ်မှန်မှုရာနှုန်းမပြည့်လို့ ဆိုပြီး ယုံဖို့ ခက်နေကြအုံးမယ် ..။
အခုတော့ ဖြစ်ပျက်နေတုန်း အမိအရ ယူထားလိုက်နိုင်တဲ့ သတင်းဓာတ်ပုံတွေ ..
လှုပ်ရှားမှု ပုံရိပ်တွေကြောင့် .. အဖြစ်အပျက်ရဲ့ စစ်မှန်မှုရာနှုန်းဟာ ..
ပြည့်ဝတယ်ဆိုတာထက်တောင် ကျော်လွန်နေခဲ့ပါပြီ ..။
ဒါတောင်မှ .. ဘာတွေ စောင့်နေကြသေးတာလဲ ..။
နောက်ထပ် အထောက်အထားတွေ .. ပေးဆပ်မှုတွေ ..
ဘယ်လောက်များအောင် စောင့်ကြည့်နေကြဦးမှာလဲ ..။

ပြောင်ပြောင်တင်းတင်း ပစ်ခတ်လို့ ကျဆုံးသွားသူတွေ ..
ရိုက်သတ်လို့ အသက်ပေးသွားရသူတွေ ..
လူသူမသိ ဖမ်းဆီး နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့သူတွေ ..
အကျဉ်းထောင်တွေထဲမှာ ဆက်လက် နှိပ်စက်ခံနေရသူတွေ ..
သေဆုံးသွားသူတွေနဲ့ အကျဉ်းကျခံသူတွေရဲ့ မိဘအသိုင်းအ၀ိုင်းတွေ တောင်လောင်နေရတဲ့ အပူမီးတွေ ..။
လူလူချင်းတွေရဲ့ အသက်တွေ .. ဘ၀တွေ .. သောကဗျာပါဒတွေ ..
လူလူချင်းတွေကြောင့်.. ဒီထက်ပိုပြီး မပေးဆပ်တန်ရာပါဘူးလေ ..။
... ... ...
အိမ်နီးချင်းတွေတော့ ရှိပါရဲ့ .. အိမ်နီးချင်းကောင်းတွေ မဟုတ် ..။
ပေါ်ပေါ်ထင်ထင် လူသတ်နေတာကို မြင်ကြားနေရက်နဲ့ ..
“ငါနဲ့မဆိုင်” ဆိုပြီး နေ နေသူတွေလည်း ရှိနေလေရဲ့ ..။
ငြိမ်းချမ်းရေးကို မထိခိုက်လို့ ၀င်ပြီး ဟန့်တားစရာမလိုဘူးလို့ ..
ဇွတ်တင်းခံနေသူတွေကိုလည်း အခုမှ ထင်ထင်ရှားရှား မြင်လိုက်ရရဲ့ ..။
မဖြစ်လွန်းလို့သာ ပြောလိုက်ရတယ် ..
အကျိုးစီးပွားတွေကို အထိခိုက်မခံနိုင်တဲ့ အတ္တသမားတွေရဲ့ ရုပ်လုံးတွေလည်း အပီအပြင် ပေါ်လွင်လာလေရဲ့ ..။
“ငြိမ်းချမ်းရေး” လိုလားပါတယ် ..
“လူ့အခွင့်အရေး” ကို အလေးထားပါတယ်လို့ ..
အမောဆို့အောင် ပြောနေသူတွေ ..
ချက်ချင်းလက်ငင်း သက်သေပြရမယ့် အချိန်မှာမှ တွေဝေနေကြတာ ..
အံ့အားသင့်စရာ ..။
ဓမ္မ နဲ့ အဓမ္မ တိုက်ပွဲမှာ ..
အမှန်တရားဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ ၀န်လေးနေကြသူတွေက ..
ဘယ်လို ငြိမ်းချမ်းရေးမျိုးကို အဓွန့်ရှည်စေမှာလဲ ..
ဘယ်လို လူ့အခွင့်အရေးမျိုးကို ကာကွယ်တည်တံ့စေမှာလဲ ..
သူတို့ပြောပြောနေတဲ့ ..
ငြိမ်းချမ်းရေးဆိုတာ ..
လူ့အခွင့်အရေးဆိုတာ ..
စာရွက်တွေပေါ်မှာပဲ ခြေချုပ်မိနေကြရှာတာကိုး ..။
... ... ...
ကုလသမဂ္ဂ .. လူ့အခွင့်အရေးကော်မရှင်ရုံး ..
လုံခြုံရေးကောင်စီ .. ဥရောပနိုင်ငံများ အစည်းအရုံး ..
အာစီယမ် .. အမေရိကန် ..
တရုတ် .. ရုရှ .. အိန္ဒိယ .. ဆိုတဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ..
“ကူညီမယ်” .. “မကူညီဘူး” ..
“၀င်ရောက် စွက်ဖက်ရေး” .. “မစွက်ဖက်ရေး” ..
“စီးပွားရေး ပိတ်ဆို့မယ်” .. “ပိတ်ဆို့ဖို့ သဘောမတူဘူး” ..
“နိုင်ငံတကာ ငြိမ်းချမ်းရေးကို မထိပါးဘူး” .. “လူ့အခွင့်အရေးလေးပဲ ချိုးဖောက်တာ” ..
ကော်ဖီသောက်ရင်း .. ငြင်းခုံနေကြတုန်း ..
သဘောထားတွေ ကွဲလွဲလို့ကောင်းနေတုန်း ..။

မြန်မာပြည်ထဲမှာတော့ ..

ငတ်ပြတ်နေသူတွေ တိုးပွားလာတယ် ..။
အဖမ်းဆီးခံနေရတဲ့ ကိန်းဂဏန်းတွေ .. ပိုများလာတယ် ..။
ဘယ်သူမှ မသိလိုက်ပဲ .. ပြီးဆုံးသွားတဲ့ ဘ၀တွေ .. မရေတွက်နိုင်အောင် ဖြစ်လာတယ် ..။
အလင်းရောင်ထဲမှာတောင် လုံခြုံမှု လုံးလုံးကင်းမဲ့လာတယ် ..။
ဟူးးးးးးးးးးးးးးးးးး ... ... ...
ဘယ်သူ့ကိုများ တိုင်တည်ရပါ့ ..။
... ... ...
အားမလို အားမရစိတ်တွေပဲ ကြီးစိုးနေတယ် ..။
ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်ကိုလည်း ဒေါသတွေထွက် ..။
မြင်သမျှ ကြားသမျှတွေမှာလည်း .. ကောင်းကွက်တွေ ရှာမတွေ့နိုင် ..။
အားအင်တွေပဲချည့်နဲ့လာသလိုလို ..
ယုံကြည်မှုတွေပဲ အားနည်းလာသလိုလို ..။
ကဲ .. ဘာပဲဖြစ်ဖြစ် ...
အမှန်တရားဆိုတာ တနေ့အောင်မြင်မှာ ကျိန်းသေပဲ ..။
ဒါကိုပဲ ခိုင်ခိုင်မာမာ ယုံကြည်ထားလိုက် ..
အမှန်တရားကို အသက်စွန့်တောင်းဆိုပေးသွားခဲ့တဲ့ ..
ကျောင်းသူကျောင်းသား.. ရဟန်းရှင်လူ ပြည်သူတွေရဲ့ ၀ိညာဉ်တွေ ..
ကျနော်တို့နဲ့အတူ ရှိနေသေးတယ် ..။
ဆက်လက် တိုက်ပွဲဝင်နေသူတွေလည်း .. ၀င်နေကြတုန်း ..။ ဒီတော့ ..
မနီးသေးသော ... (ဒါမှမဟုတ်)
မဝေးတော့သော ... တနေ့ ..။
ဒီအမှန်တရားရဲ့ လင်းလက်မှုတွေ ..
အသေအချာ ဖြန့်ကျဲချလိုက်မှာပါ ..။
တာဝန်ကျေတဲ့ .. တာဝန်သိတဲ့ ..
မြင့်မြတ်တဲ့ .. နောင်လာနောက်သားတွေအပေါ် အမြော်အမြင်ကြီးတဲ့ ..
ကျနော်တို့နိုင်ငံနဲ့ .. ကျနော်တို့ နိုင်ငံသားတိုင်းပေါ်ကိုလေ ..။
... ... ...
အင်း .. အောက်မေ့ဂုဏ်ပြုပွဲကျရင်တော့ ..
“မတရားခြင်းတွေ ဆုံးခန်းတိုင်ပြီး ..
တရားမျှတခြင်းတွေ လွှမ်းမိုးလို့ ..
အမြန်ဆုံး လွတ်လပ်ပါစေ .. အမိပြည်” လို့ နှစ်နှစ်ကာကာ ဆုတောင်းလိုက်အုံးမယ် ..။
[ဓာတ်ပုံများကို ကိုထိုက်ဘလော့မှ ကူးယူဖော်ပြထားပါသည်။]