Tuesday, August 14, 2007

ဆရာကြီး မင်းသုဝဏ် အမှတ်တရ။

ကျနော်တို့တွေ သူရေးသားခဲ့တဲ့ ကဗျာတွေနဲ့
လူလားမြောက်လာခဲ့တာပါ။
အရွယ်ငယ်သေးလို့ အဓိပ္ပါယ်ကို နက်နက်နဲနဲ
သဘောမပေါက်ခင်ကတည်းက
“ဘကြီးအောင် ညာတယ်” ဆိုတဲ့
ဝတ္တုတိုလေးကိုလည်း
အသည်းစွဲ ဖြစ်ခဲ့ဖူးပါတယ်။
ကျနော်တို့ လက်တကမ်းမှာ ရှိနေတဲ့
အတွေ့အကြုံ အဖြစ်အပျက်တွေနဲ့ပဲ ..
လေ့လာမှန်းမသိ လေ့လာမိသွားအောင် သင်ကြားပေးခဲ့သူတဦးပါ။

ဆရာကြီးကွယ်လွန်ခြင်း အမှတ်တရနေ့မှာ
ကျနော် ဖတ်မိလိုက်တဲ့ ကဗျာလေးတပုဒ်နဲ့ ဂါရ၀ါ ပြုလိုက်ပါရစေ။
မြန်မာပြည် လွတ်လပ်ရေးမှာ ကျောင်းသားတွေရဲ့
ဦးဆောင်ထမ်းရွက်မှုကို
ဆရာကြီးက အသိမှတ်ပြု ဖွဲ့ဆိုထားခဲ့တာပါ။

ဆရာကြီး မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄)

သာဓုသံ ...

ဒေါင်းပျို ထိုးဆွပ်၊ ဘယ်ညာခွပ်၍

လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား .. ။
အိုးဝေ ကျေးဇူး၊ မထိမ်မြူးပဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓု ခေါ်ကြပါကုန်လော့ .. ။
သာဓုသံတွင် သောတဆင်၍
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ် စောင့်ရှောက်နိုင်စေသောဝ် .. ။

မင်းသုဝဏ်။

(ဤကဗျာမှာ ဗကသများ အဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ထုတ်ဝေတဲ့
“မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှု သမိုင်း” စာအုပ်ထဲက ဖြစ်ပါတယ်။)

Monday, August 13, 2007

ကိုငှက် အမှတ်တရ ..။

အိမ်ပြန်ချင်တဲ့ စိတ်ကလေး

တားမရတော့ လို့ ..

“ညီလေးရေ ..

လမ်းမမှားအောင် ရွေးကွာ” ဆိုပြီး ..

တဖွဖွ အမှာစကားတွေအဆုံး ..

ကောင်းကင်ထဲက မြစ်တစင်းဆီ

အားလုံးကို သူစိမ်းဆန်ဆန်ပဲ ..

နောက်ပြန် လှည့်မကြည့်တမ်း

ပျံသန်းသွားခဲ့တဲ့ ..

ကိုငှက်ကြီး ...။

ထားခဲ့ဖူးတဲ့ မျှော်လင့်ချက်တွေ ..

တမလွန်မှာ ငြိမ်းအေးပြည့်ဝနိုင်ပါစေဗျာ ..။

(ကိုထူးအိမ်သင်ဝက်ဘ်ဆိုက်မှ ဓာတ်ပုံများ ပို့ပေးခဲ့တဲ့ မင်းသားကြီးကို ကျေးဇူးတင်ပါသည်။)

Sunday, August 12, 2007

လူမှုဗေဒ။

ဒီရက်ပိုင်းထဲ .. အလုပ်အတွက် ပြေးလိုက်လွှားလိုက် ..
ဟိုစာဝင် ဒီစာထွက်ဖို့ .. အရှုပ်တွေ လုပ်လိုက် ..
ဟိုဖုန်း .. ဒီဖုန်း အကြောင်းပြန်လိုက်နဲ့ပဲ ..
တပတ်တော့ ကုန်သွားပြန်ပေါ့ ..။
ကိုယ့်ဘလော့အတွက်တောင် ဘာမှ အစီအစဉ်မရှိဖြစ်နေတာ
ရက် အတော်ကြာနေပြီ။
(အပျင်းကြီးနေတာကို .. ပင်ပန်းတယ်ဆိုပြီး ဆင်ခြေပေးရင်းပေါ့ဗျာ)
ဒါနဲ့ပဲ .. အပန်းပြေအောင်လို့
ကိုယ့်ဘလော့လေး ပြန်ဖွင့်ဖတ်တော့ ..
အသစ် လာလည်သူတွေနဲ့ .. လာနေကျ သူငယ်ချင်းတွေဆီက
ကွန်မင့်လေးတွေ တွေ့ရပါတယ်။
“ဒီအပုဒ်လေးက ဖတ်လို့ ကောင်းတယ် ..
ဒီပိုစ့်လေးကတော့ အဓိပ္ပါယ်ရှိတယ် ..
ဒါလေးကတော့ တွေးစရာလေးနဲ့ ..
ဒီလိုရေးထားတော့ ဘာလေးကို ပြန်သတိရစေတယ်..”
စသဖြင့်ပေါ့လေ ..။
လာလည်ရင်းထားသွားတဲ့ အားပေးစကားလေးတွေ ..။
သူတို့ရဲ့ စကားလက်ဆောင်တွေကို ဖတ်ရင်းနဲ့
ဘာရယ်မဟုတ်ပါဘူး ..
ရင်ထဲက အပျင်းစိတ်တွေနဲ့ ပင်ပန်းတကြီး ဖြစ်နေတာတွေကို
ရေအေးအေးနဲ့ ဆေးချလိုက်သလိုပဲ ခံစားလိုက်ရတယ်။
ငါဘာများရေးလို့ ရနိုင်မလဲဆိုပြီးလည်း
လန်းလန်းဆန်းဆန်းနဲ့ ပြန်တွေးမိလာတော့တယ်။
တွေးရင်းကနေလည်း ခွန်အားပေးတဲ့စကားဆိုတာ
တော်တော် အသုံးဝင် အရေးကြီးပါလားဆိုတာ ..
ကိုယ်တိုင် ခံစား တွေ့မြင်ပြီး .. သဘောပေါက်သွားတယ်။
ကိုယ်တိုင် ခံစားတယ်ဆိုတာကတော့ ..
ကိုယ့်ဘလော့ကို အလည်လာရင်း ထားသွားကြတဲ့
သူငယ်ချင်းတွေရဲ့ တခွန်းစ နှစ်ခွန်းစ စကားတိုလေးတွေဟာ ..
ဘလော့ဖန်တီးသူမိမိကို ကြီးမားတဲ့ တွန်းအားတွေပေးနေသလို
ခံစားလိုက်ရလို့ပါပဲ။
တွေ့မြင်တယ်ဆိုတာကတော့ .. ပြောရရင် နဲနဲလေးရှည်မယ်။
ကျနော် မြင်ခဲ့ ကြားခဲ့တာလေးတခုကို ပြန်ပြောပြမလို့ပါ။
လောကမှာ ..
ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို
ခွန်အားဖြစ်စေနိုင်တဲ့အပြင် ..
အဲဒီ စိတ်အင်အားတွေ ..
ယုတ်လျော့ ကျဆင်းသွားအောင် လုပ်နိုင်တာလည်း
“စကား” တခွန်းနဲ့တင် လုံလောက်တယ်ဆိုတာကို ..
အမှတ်မထင် ကြုံတွေ့လိုက်ရလို့ပါ။

တနေ့က ..
ကျနော် ရုံးတခုကို အလည်ရောက်သွားတယ်။
အားလုံး မြန်မာပြည်သားတွေပါ ..။
အသေအချာ ပြောရရင်တော့
ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေပေါ့ ..။
ကျနော် ရောက်ပြီး ခဏနေတော့ ..
နောက်ထပ် ဧည့်သည်တွေရောက်လာတယ်။
ဒါနဲ့ပဲ ရုံးမှာ အကြီးအကဲဆိုသူက ..
လာလည်သူတွေကို ရွှန်းရွှန်းဝေအောင်
ဧည့်ခံ ကျွေးမွေးပြီး .. စကားလက်ဆုံတွေ ကျနေပါရော။
ဒီတော့ ကျန်တဲ့သူတွေ (လက်အောက်ငယ်သားလို့ သတ်မှတ်ထားသူတွေ)
စိတ်ထဲထင်နေတာက .. လိုအပ်ရင် အကူအညီပေးရမယ်ပေါ့ ..။
အတော်လေးကြာတော့ .. ဧည့်သည်တွေက တနေရာသွားချင်ကြောင်း ..
အခုမှ ဒီနိုင်ငံကိုရောက်လာတာဆိုတော့
လိုက်ပို့ဖို့ပြောရင်း အကူအညီတောင်းပါတယ်။
ဖြစ်ချင်တော့ .. ရွှန်းရွှန်းဝေနေတဲ့ အကြီးအကဲ
ဘာမှ မပြောရသေးခင်ပဲ .. ရှားရှားပါးပါး စိတ်ကောင်းလေးနဲ့
အကူအညီပေးချင်နေတဲ့ ရုံးအကူ ဦးလေးက ..
သူလိုက်ပို့ပေးနိုင်ကြောင်း ပြာပြာသလဲ ၀င်ပြောပါတော့တယ်။
သူတို့ထင်ထားတာက ဒီလိုကူညီလိုက်ရင် ..
အကြီးအကဲကတော့ ကျေနပ်မှာပဲ ထင်လို့ပါ။
ကံဆိုးချင်တော့ .. ထင်သလိုမဟုတ်ပဲ
“မျက်နှာမရ ခြေထောက်ရ” တဲ့အဖြစ် ဆိုက်ပါလေရောလား ..။
ဧည့်သည်တွေသွားပို့ပြီး ၃ နာရီလောက်ကြာတော့ ..
သွားပို့ပေးတဲ့ ဦးလေးပြန်လာပါတယ်။
ဒီမှာတင် ပြဿနာက စပါတော့တယ်။
အကြီးအကဲက ..သူလိုက်မပို့စေချင်တာကို
ရုံးချိန်အတွင်း လိုက်ပို့ရမလားဆိုပြီး
ဆူပူ အော်ဟစ်ပါတော့တယ်။
ဟိုဦးလေးခမြာ ..
အကြီးအကဲလိုက်ပို့စေချင်တယ် ထင်လို့ လိုက်ပို့တာပါလို့
ခခယယပြောဖို့ ကြိုးစားပါတယ်။
ဒါပေမယ့် .. ၀ါကျဆုံးအောင် ပြောခွင့်မသာလိုက်ပါဘူး။
(တကယ်တော့ အကြီးအကဲဆိုသူနဲ့ သူ့တပည့်ဆိုတာ
အရွယ်တူသူတွေပါ)
ကျနော်လည်း မကောင်းတတ်တာနဲ့ ..
ခပ်မြန်မြန်ပဲ နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။
ကျနော် ထွက်လာတဲ့အထိ .. အကြီးအကဲဆိုသူ တယောက် ..
နောက်ကြောင်းပြန်ပြန်ရစ်ပြီး နင်မင်းကဆစကားတွေကို
မပြီးနိုင်မစီးနိုင် .. ရေပက်မ၀င် ပြောဆိုကျန်ရစ်ခဲ့ပါတော့တယ်။
ဒီဆူဆူပူပူ အဖြစ်အပျက်ကို သူတို့ ရုံးခန်းထဲမှာပဲ
ချန်ထားနိုင်ခဲ့ပေမယ့် ..
ကျနော်နဲ့အတူ ကပ်ပါလာတာက
စကားပြောပုံ ဆိုပုံတွေနဲ့ဆိုင်တဲ့
မဆုံးနိုင်တဲ့ ခပ်ရှည်ရှည်အတွေးတခုပါ .. ။

ကောင်းကောင်းမွန်မွန် ရှင်းပြပြောဆိုလည်း ဒီစကားပဲ ..
အော်ဟစ် ဆူပူပြီး ပြောလည်း ဒီစကားပဲ ..။
ဒါကိုပဲ .. လူတွေ ဘာလို့ ကိုယ့်စိတ်နဲ့မတည့်တိုင်း
အလွယ်တလွယ်ကူ စိတ်ထွက်ပေါက်ပေးရာရောက်တဲ့
ဒီလို နှုတ်ကြမ်းလျှာကြမ်းနဲ့ ပြောတာမျိုးကို ရွေးကြပါလိမ့်။
အခြေအနေတခုကို နားမလည်လို့ပဲဖြစ်ဖြစ် ..
ရုံးတခုရဲ့ စည်းမျဉ်းတွေကို အကျွမ်းတ၀င် မဖြစ်သေးလို့ပဲဖြစ်ဖြစ် ..
အမှားတခု ကျူးလွန်မိခဲ့ရင်တောင် ..
အခုလို အော်ဟစ်ကြိမ်းမောင်းနေတာမျိုးဟာ
မှန်ကန်တဲ့ လမ်းကို သွားချင်စိတ်ရှိအောင်
တည့်မတ်ပေးရာ ရောက်ပါ့မလား။
သေချာတာကတော့ .. ဒီလို ပုံစံမမှန်တဲ့ အော်ဟစ်ခြင်းမျိုးဟာ ..
လမ်းမှန်ကို မတွေ့စေပဲ .. နားထောင်သူကို
နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေပဲ ဖန်တီးပေးရာ ရောက်မှာပါ။
ပြောသူမှာလည်း .. မလိုလားအပ်တဲ့
အာဏာရှင်ဆန်ဆန် အလေ့အကျင့်တွေ
စွဲကပ်စေပါတယ် .. (ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ပါ)
တဖက်သားကို နိုင်လိုမင်းထက် ပြောဆိုနေတာတွေ ..
တဖက်စကားကို အချိန်ပေး နားထောင့်လေ့ မရှိတာတွေ ..
တဖက်သားက အမှား .. ငါကမှ အမြဲမှန်တယ်လို့ တွေးတတ်တာတွေ ..
တဖက်သားကို ဖြေရှင်းခွင့် မပေးတတ်တာတွေ ..
အခြေအနေတခုကို ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ပဲ ..
ကိုယ်လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး အပြစ်ရှာ ထောက်ပြတတ်တာတွေ ..
ဒီလို ပြောဆို ဆက်ဆံပုံမျိုးတွေ ..
တကယ်တော့ .. သာမာန်အခြေအနေတွေမှာတောင်
မကျင့်သုံးသင့်ဘူးလို့ .. (ကျနော်) ထင်တာပဲ။
တဖက်သားကို လေးစားမှုမရှိတာ .. သိသာ ထင်ရှားနေလို့ပါ ..။
ဒါ့အပြင် .. တဖက်သားကို
စိတ်ဓာတ်ကျစေနိုင်တဲ့ စကားတွေပဲ ဖြစ်မှာမို့လို့ပါ ..။
ဒါဆို ..
“လူ့အခွင့်အရေးကို လေးစားပါတယ်” လို့
တပြောတည်း ပြောနေတဲ့နေရာမျိုးမှာ ..
“ဒီမိုကရေစီ အရေးအတွက်ပါ” လို့ ..
တသသ ကြွေးကြော်နေတဲ့ နေရာမျိုးမှာမှ ..
လူသားအဖြစ် လေးစားခံပိုင်ခွင့် ဆိုတဲ့ .. လူတယောက်ရဲ့အခွင့်အရေးကို ..
အပြောအဆိုတခုကနေ နှိမ့်ချပစ်လိုက်တဲ့အဖြစ် ..
ပြောသူရော .. အပြောခံရသူရော .. သတိမှ ပြုမိပါ့လား ..။
အပြန်အလှန်ပြောလိုက်တဲ့ စကားတွေကို ..
ပြန်ရော သုံးသပ်မိပါ့မလား။
ပြောသူက .. “ငါကောင်းကောင်း ဆူလိုက်နိုင်တယ်” ဆိုပြီး
အာဏာအသေးစားလေးမှာ ရစ်မူးကောင်း ရစ်မူးနေလိမ့်မယ် ..။
အပြောခံရသူမှာတော့ ..
“ငါ .. ဘာမှမဟုတ်ပါလား ..။
သူများ အလေးစားမခံရတဲ့ ငါ .. ပါလား ..။” လို့
တွေးပြီး .. ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့ပဲ
ဆောက်တည်ရာမရ စိတ်ဓာတ်တွေ ပျောက်ဆုံးသွားနိုင်တဲ့အထိ ..
စိတ်အနာ ရသွားနိုင်ပါတယ် ..။
နောက်ပြီး .. ဒီဘာမှမဟုတ်တဲ့ စိတ်အခြေအနေလေးတွေကနေ ..
နောင်တချိန်မှာ ကြောက်စရာကောင်းတဲ့ စိတ်ဒဏ်ရာ ပြပွဲကြီးတွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ..။
ဒီတော့ ..
ကိုယ်ပြောလိုက်တဲ့ စကားတခွန်းတိုင်းဟာ ..
တဖက်သားအတွက် လှံသွားသဖွယ် ထိုးနှက်ထိရှခြင်း မရှိစေအောင် ..
အမှန်အမှားကို အေးအေးချမ်းချမ်းနဲ့ ခွဲခြားနားလည်စေအောင် ..
ရင်ထဲကနေ စစ်စစ်မှန်မှန်နဲ့ လုပ်ကိုင်ချင်စိတ်တွေ ပေါ်ထွန်းလာအောင် ..
ကျနော်တို့ အချင်းချင်းကြား .. သတိရှိရှိနဲ့
စေတနာအခြေခံပြီး .. ပြောဆိုဆက်ဆံကြဖို့ အရေးကြီးလှပါတယ်။
တကယ်ဆိုရင် .. ကျနော်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးဟာ
စိတ်ဓာတ်ရေးရာ တော်လှန်ရေးတရပ် ..
ဆင်နွှဲဖို့ လိုအပ်နေတယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ ..။
ကျနော်တို့ရဲ့ အပြောအဆိုတွေ ..
ဆက်ဆံပုံ ဆက်ဆံနည်းတွေ ..
ဆွေးနွေးနည်း ဆွေးနွေးဟန်တွေဟာ ..
လူတန်းစားအလွှာ ဆိုတဲ့ ပညတ်ချက်တွေအောက်မှာ
ကန့်သတ်ခြင်း မခံရဖို့ ..
ဖြတ်သန်းခဲ့ဖူးတဲ့ ခေတ်ကာလဆိုးတခုက အလေ့အကျင့်တွေကို
ဆက်လက် မသယ်ဆောင်လာမိဖို့ ..
သတိကြီးကြီး ထားရှိသင့်ကြပါတယ် ..။

ဒီမိုကရေစီဆိုတာ ..
ကိုယ့်အတ္တတွေ ထင်ရာစိုင်းပိုင်ခွင့်လား ..။
ခေါင်းဆောင်ဆိုတာရော ..
အရပ်လေးမျက်နှာကို ထင်သလို စိတ်ထွက်ပေါက် ပေးပိုင်ခွင့်လိုင်စင် ရထားတဲ့သူလား ..။
ရယူချင်တာတခုခုရှိလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြလိုက်တာကမှ ..
တဖက်သားကို လေးစား နားလည်ခြင်းလို့ ဆိုလိုတာလား ..။
(တကယ်ဆို ..) ကိုယ့်ကိုကိုယ် ကယ်တင်ဖို့အတွက် ..
“လူအများကြီးကို ကယ်တင်နေရတာပါ” လို့ .. ဟောင်ဖွာဖွာ ပြောနိုင်တာကမှ
နိုင်ငံရေးတဲ့လား ..။
လူတွေပြောပြောနေတဲ့ .. “တန်းတူညီရေး” ဆိုတာ ..
စာမျက်နှာတွေပေါ်ကနေ လူ့လောကထဲ ရောက်လာဖို့ ..
တော်တော်များ ခက်ခဲနေသလား ..။
ဒါတွေ …
စဉ်းစားကြဖို့ ..
အပြန်ပြန် အလှန်လှန် သုံးသပ်ကြဖို့ ..
ပြီးရင်တော့ ..
တန်းတူရေးဆိုတဲ့ အခြေအနေတခု အစပျိုးပေါ်ပေါက်လာဖို့ ..
မနှောင့်မနှေး အကောင်အထည်ဖော်ကြဖို့ ..
ကျနော်တို့ အားလုံးမှာ .. တာဝန်ရှိနေပါတယ်။

နိုင်ငံရေးဆိုတာရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ..
လူမှုဗေဒ ညက်ညောအောင် ..
အချင်းချင်း နားလည်မှုတွေ .. လက်ခံနိုင်မှုတွေ မြန်မြန်ရအောင် ..
ဆရာတော် ရှင်မဟာရဌသာရရဲ့ ကဗျာလေးလို ကျင့်သုံးကြရအောင်ဗျာ။
“တယောက်စကား ..

တယောက်နားမှာ မခါးရအောင် ..
သတိဆောင်၍ .. မောင်တို့ ဆိုလေ ..
ပျားသကာသို့ ချိုလှစေ ..”
(ကဗျာ အမှားပါလျင် ပြင်ပေးပါ .. ဒီလောက်ပဲ မှတ်မိလို့ပါ)

Friday, August 10, 2007

ရုန်းကန်ဆဲ။


ညက .. ၀ရံတာနားမှာ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေတဲ့
ခိုဖြူဖြူလေးတွေကို ကြည့်နေရင်းနဲ့ ..
ဒီစာလေး တကြောင်း နှစ်ကြောင်းကို ..
အမှတ်မထင် ရေရွတ်မိတယ်။
... ... ....
ကျနော်တို့ (၇) တန်းကျောင်းသား ဘ၀တုန်းကပါ။
... ... ...
အနီရဲရဲ သွေးတွေစွန်းနေတဲ့ ဂျိုးငှက်လေးတကောင် ..
သံဆူးကြိုးတွေနဲ့ တည်ဆောက်ထားတဲ့ လှောင်အိမ်လေးထဲကနေ ..
အလွတ်ရုန်းနေတာကို ..
လက်ကိုင်ပ၀ါ ဖြူဖြူတွေပေါ်မှာ.. ရိုက်နှိပ်ပြီး ..
ကျောင်းနံရံတွေပေါ် လိုက်ကပ် ..
ကျောင်းသားတွေကြားထဲ ဝေငှခဲ့ကြတာကို သတိရမိတယ်။
ဂျိုးငှက်လေးနားဘေး.. ရေးထားတဲ့ ကဗျာလေးက ..

“ချုပ်နှောင်ဖွဲ့တင်း အာဏာတွင်းမှ ..
နီမောင်း သွေးစက် ၀င်းလက်လက်နဲ့ ..

လွတ်မြောက်ခြင်းတွက် ..

ရုန်းကန်လျက် ...”


(သြဂုတ်လ အမှတ်တရ)

Tuesday, August 7, 2007

ကိုတာရာမင်းဝေရဲ့ ကျောင်းဖွင့်ချိန်။

ဒီကဗျာလေးကို အမေရိကားမှာ ရောက်နေတဲ့ ကျနော့်အသိ ဦးလေးတယောက်က ပို့ပေးလိုက်တာပါ။
ကျေးဇူး အထူးတင်ပါတယ် ဦးလေးခင်ဗျာ။

ကိုတာရာမင်းဝေအတွက်ရော ..

၈၈ လွမ်းဆွတ်မှုအတွက်ရော အမှတ်တရအဖြစ် ဖော်ပြလိုက်ပါတယ် ..။




ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့

မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ

ဟစ်တလာရုပ်ထုကို

လူတစုထုဆစ်နေကြတယ်။

သူတို့ဟာ ...

ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်

ပျားရည်စက်တွေကို မီးရှို့ပူဇော်

ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ

ဟစ်တလာပါးစပ်ထဲက

ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။

သူတို့ဟာ ...

ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး

သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ

ဖိတ်ခေါ်ကြပါပြီ။


(၂)

ငါတို့ကျောင်းတော်ကြီးရဲ့

ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ

တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊

အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ

နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ

အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့

ဝိညာဉ်တွေပဲ ...

ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး

ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်

အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။

ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ

“ကမ္ဘာမကြေဘူး ... ... ...

ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”

သီချင်းလေး နားဆင်ရင်း

ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို

မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)

ငါတို့ကျောင်းတော်ကြီးရဲ့

ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ

တက္ကသိုလ်စာကြည့်တိုက်ထဲမှာ

ဖြူဝါးဝါးအရိပ်တချို့

စာထိုင်ဖတ်နေကြတယ်။

တချို့ဖတ်တာ .. ကဗျာစာအုပ်

တချို့ဖတ်တာ .. သမိုင်းစာအုပ်

တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်

ရုတ်တရက်

အဖြူရိပ်တခုဟာ ထိုင်ရာကထ

“ဗမာပြည်ကို ကယ်တင်ရတော့မယ်”

နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်

“ဗမာပြည်ကို ကယ်တင်ရတော့မယ်

ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”

သူတို့ဟာ တိတ်ဆိတ်စွာ

အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။

စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ

လွယ်အိပ်လွယ်သံများ

ဖိနပ်စီးသံများ အဆုံးမှာ

နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...

... ... နောက်ထပ် ... ...

... ... နောက်ထပ် ... ...


(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ

အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။

အရိုးစုတခုက ...
ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး

အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”

စသည်ဖြင့် ပြောကြား

အားလုံးငြိမ်သက်နားထောင်နေကြတယ်။

အခန်းထဲမှာ

အကျဉ်းထောင်က ပြေးထွက်လာတဲ့

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ

သတ္တိဗုံးကို နှောင်ထုံးခတ်

ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ

အဲဒီမှာ ...
အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော

“တောက အဖေနဲ့အမေတော့

ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”

ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက

မျက်ရည်ဖြူတစက်

စီးသက်ကျလာတယ်။


(၅)

ငါတို့ကျောင်းတော်ကြီးရဲ့

ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ

အချုပ်ကားပြာပြာကြီးတွေ

ဒရကြမ်းနှင်နေကြတယ်။

အဲဒီကားကြီးတွေထဲမှာ

“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ

ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ”
ဆိုတဲ့
တေးသံသာယာ

ညီညာစွာ ပဲ့တင်ပေါ်ထွက်

ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ

အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ

သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ

ဦးခေါင်းခွံမှာ
အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ

ထွက်ခွာသွားတဲ့ အချုပ်ကားနောက်

ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ

ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား

“သားရေ
အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ

ရာဇ၀င်တုန်ခါအောင်
မြည်ဟည်းလာခဲ့ပြီ။

(၆)

ငါတို့ကျောင်းတော်ကြီးရဲ့

နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ

ဒေါင်းအလံတလူလူလွှင့်ထူလို့

ကျောင်းသားတွေ ချီလာပါပြီ

ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက

ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့

ကျောင်းသားတွေက

နောက်က ချီတက်လိုက်ပါလာတယ်။

“ဒီမိုကရေစီရရှိရေး ... တို့အရေး”

“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။

ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း

တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး

ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...

သေနတ်သံတချက်ဖောက်ရင်

ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...

နောက်ဆုံးနေ့အထိ ...


(၇)

ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ

ရုတ်တရက် ရဲရဲနီစွေးသွားတယ်။

ချက်ခြင်းပဲ ရေငွေ့ပျံတက်

ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို

ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ

လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...

ဒိန်းဒုံး ဆူညံသွားတယ် ...

အဲဒီအခါ ... ကျောင်းတော်မှာ ...

ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ

ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ

သစ်ရွက်တွေ တလက်လက်တောက်ပကြ

ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ

မြေကြီးတွေ တုန်ခါတော်လဲကြ

တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး

ကြွေးကြော်သံတွေနဲ့

ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်

နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ

ငါတို့ကျောင်းတော်ကြီးဟာ ... ...

တလဲ့လဲ့ တ၀င်းဝင်း

သွေးနီရောင် တောက်ပခါ ...

အာဇာနည် သူရဲကောင်းတို့ရဲ့

ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။


(၈)

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား

ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...

“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ

သွေးပင်လယ်ကြီးကို ကျော်နင်း

ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။

တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...

အဲဒီထဲက တချို့ဟာ ...

“အကြောင်းကြောင်းကြောင့်ပါ” လို့

စိတ်မကောင်းစွာပြောရင်း ...

ထုံးတံတားကို လျှောက်နင်း ...

ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်

ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...

တချို့ကတော့ ...

“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း

ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...

ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။

အဲဒီလို ... လူစားတွေကိုတော့ ...

ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်

ရာဇ၀င်က ခွင့်မလွှတ်သရွေ့

သူတို့ဟာ ... သမိုင်းမှာ ...

“သစ္စာဖောက်” များသာဖြစ်တယ်။


(၉)

ကျောင်းသားနဲ့ကျောင်း

တနေ့တော့ ပေါင်းရမှာပဲ

ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး

ကျောင်းကြီးဆီ အရောက်သွားကြမယ်။

သွေးပင်လယ်ကြီးဟာ

တငွေ့ငွေ့ပူခြစ် ဆူပွက်

ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး

သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်

ငါတို့တွေ

ငါတို့တွေ လှည့်မပြန်ဘူး၊

ငါတို့ထဲက တချို့ဟာ ...

ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု

ငါတို့အထဲက တချို့ဟာ ...

ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်

ငါတို့အထဲက တချို့ဟာ ...

ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်

လှေရွက်အဖြစ် စပ်ချုပ်

မုန်တိုင်းကို ခွဲဝင်

သွေးပင်လယ်ကို ဖြတ်ပြီး

ကျောင်းတော်ကြီးဆီသွားဖို့

လုပ်နေတယ်...။


(၁၀)

နောက်ဆုံးမှာ ...

ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း

အမှန်တရားတခုထံ

ငါတို့ သစ္စာအဓိဌာန်ပြု

အို ... သူရဲကောင်းတို့

အို ... ကျဆုံးခဲ့လေသော

ဒီမိုကရေစီ တိုက်ပွဲဝင်

သူငယ်ချင်းဟောင်း ...

သူရဲကောင်းတို့

ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်

မြင့်မြတ်စွာ ကျဆုံးခဲ့သော ...

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ရှေ့နောက်ဝဲယာ ...

ထက်အောက်ဝန်းကျင်၌

ပျံ့နှံ့တည်ရှိကြကုန်တော့၏။

ထိုသော ...

သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်

ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့

ထိုးဖောက်ယိုစိမ့်စီးဝင်ကာ

ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။

အို ... သူရဲကောင်းတို့

အို ... ကျဆုံးလေသော

ဒီမိုကရေစီတိုက်ပွဲဝင်

သူငယ်ချင်းဟောင်း သူရဲကောင်းတို့

ဗမာပြည်ကို ရှိခိုးကာ

ဤသွေးပင်လယ်အား

ငါတို့ ဖြတ်ကူအံ့

မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ

ငါတို့၏
အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

Sunday, August 5, 2007

ကြက်ဆူပင် စိုက်ပျိုးနည်း။

တလောကမှ မြန်မာပြည်ကနေ ဘန်ကောက်ကို အလည်လာတဲ့
သူငယ်ချင်းတယောက်နဲ့တွေ့လို့
စကားစပ်မိရာက
ကြက်ဆူပင်တွေအကြောင်း ပြောဖြစ်ကြတယ် ..။

ရပ်ကွက်တွေထဲမှာ နေရာအနှံ့ဆိုသလို
အထက်အမိန့်နဲ့ ကြက်ဆူပင်တွေ စိုက်နေရလို့

လူတကာတွေ စိတ်ညစ်နေရကြောင်း ပြောပြပါတယ်..။
ဒီလူတကာတွေထဲမှာ ဘုန်းကြီးတွေလည်း ပါ ပါတယ်တဲ့ ..။
ဒါနဲ့ ကျနော်က သူ့စကားကို ကြားဖြတ်ပြီး ..
ကြက်ဆူပင်ရဲ့ ဆိုးကျိုးတွေကို သိသလောက် ဖောက်သည်ချဖို့ ကြိုးစားပါတော့တယ်။

နောက်ဆုံး ဖတ်မိထားတဲ့ မွန်းသက်ပန်ဘလောက်ထဲက ..
ကြက်ဆူသီးကြောင့် ကလေးတွေ အဆိပ်မိတဲ့အကြောင်း ..
မှတ်မိသလောက် အကျယ်တ၀င့် ပြောပြမိပါတယ်။


ဒါနဲ့ပဲ သူက ..
“ငါတို့ဘက်မှာတော့ အဲဒီအခြေအနေထိရောက်မှာ မစိုးရိမ်ရဘူး” လို့ ပြောတော့..
ကျနော် အံ့အားသင့်သွားပါတယ် ။

ဘယ်လိုလဲပေါ့ ... !

ဒီတော့ .. သူက ..
“အဲဒီလို .. အန္တရာယ်တွေ ဘာတွေ နားလည်နေလို့ မဟုတ်ဘူးဟေ့ ..
အမိန့်နဲ့ စိုက်ခိုင်းတော့ လူတွေက အမြင်ကပ်တာနဲ့ပဲ
အပင်တွေလည်း ဆက်မကြီးနိုင်အောင် ..
သူတို့လည်း အပြစ်လွတ်အောင် .. ဆိုပြီး
ရေလောင်းတဲ့အခါ ရေအေးအေးအစား
ရေနွေးပူတွေနဲ့ လောင်းတော့ ..
အပင်တွေက မင်းတို့စိုးရိမ်ရတဲ့ ..
ကြီးထွားဖွံ့ဖြိုးပြီး .. အပွင့်တွေ ပွင့်..
အသီးတွေ သီး ဆိုတဲ့ .. အဆင့်ကို မရောက်နိုင်ဘူး ဖြစ်နေတယ်ကွ..” လို့
ပြောပြီး
အားရပါးရ ရယ်ပါတော့တယ်။
ကျနော်လည်း .. သူနဲ့အတူ လိုက်ရယ်မိပါတော့တယ်..။

“အော် .. ရသလောက်လေးတော့ လုပ်နေကြသားပဲ” လို့လည်း
စိတ်ထဲမှာ သဘောကျနေမိပါတယ် ..။

Wednesday, August 1, 2007

အတွေးတစ .. ။

အခန်းကို ပြန်ရောက်တော့ ည ၁၁ နာရီခွဲနေပြီ။
တနေ့လုံး ပိတ်လှောင်ထားတဲ့ တံခါးတွေကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ..
အခန်းထဲကို လေနုအေးတွေ အပြေးအလွှား တိုးဝင်လာကြတော့တယ်..။
ကျပ်တီးကျပ်တောက် ၀ရံတာလေးကိုဖြတ်ပြီး ..
အခန်းထဲ ဖြာကျနေတဲ့ အလင်းရောင်ကို
အခန်းမီး မဖွင့်မိသေးလို့ .. ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ် ..။
မီးခလုပ်ဆီ လှမ်းနေတဲ့လက်ကို ရုတ်သိမ်း ..
ကျောပိုးအိပ်ကို အခန်းထောင့်မှာပဲ အသာချလို့
ခြေလှမ်းတွေက .. လရောင်နဲ့ လင်းထိန်နေတဲ့ ၀ရံတာဘက်ကို ..။
ဒီနေ့ လပြည့်နေ့ပဲ..။

တနေ့လုံးရွာထားတဲ့မိုးကြောင့် ထင်ပါရဲ့..။
ပတ်ဝန်းကျင်ရဲ့ အေးမြလန်းဆန်းခြင်းတွေကို ..
ထူးထူးခြားခြား ခံစားမိလိုက်တယ် ..။
အရောင်ခပ်နက်နက်တွေ ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ထဲ ..
ရက်ရက်ရောရော အဖြူရောင်တွေ ဖြန့်ကျဲလိုက်တဲ့ လတစင်းကြောင့်..
မြင်ကွင်းက ရုပ်ငြိမ်ပန်းချီတချပ်လို ခန့်ထည်လို့ ..။
မျက်လုံးအစုံကို မှိတ် ..
ပြန့်ကျဲနေတဲ့ စိတ်တွေကို ရုတ်သိမ်းပြီး ..
ငြိမ်သက်ခြင်းနောက် လိုက်ပါ ခံစားကြည့်စေတော့ ..။
ပူလောင် ကျဉ်းကြပ်ခြင်းတွေနဲ့ ဒီဝရံတာလေးကနေ ..
ကြည်လင်ကျယ်ပြောတဲ့ ခပ်ဝေးဝေး .. ကောင်းကင်ထဲကို ..။
ဟိုမှာ ဆန်ဖွတ်နေတဲ့ အဖိုးအိုပါလား ..!
အနားမှာလည်း ယုန်တကောင် အသာဝပ်လို့ ..။
ဘယ်အရပ်က လွင့်လာမှန်းမသိတဲ့ .. လေပြေအေးတချက် ..
မျက်နှာပြင်ကို ခပ်ဖွဖွ ဖြတ်နင်းသွားတော့တယ်။

အရင်က ဒီလို သာယာ ငြိမ်သက်နေတဲ့ ညမျိုးတွေမှာ ..
အိပ်မပျော်မချင်း ကြားရတတ်တဲ့ ပုံပြင်တွေနဲ့..
ပုံပြောသူတွေကို သတိရတယ် ..။
အထူးသဖြင့်တော့ …
ရာသီအေးအေး .. လရောင်ဖြာဖြာမှာ ..
ဖြေးဖြေးမှန်မှန် ပုံပြောတတ်တဲ့ မေမေ့ရဲ့ဟန် ..
မှိတ်ထားတဲ့ မျက်လုံးမှောင်မှောင်ထဲ (အခုတောင်) အထင်းသား မြင်နေမိတယ်။
“နားထောင်နေလား သားကြီး..”
“ဟုတ်..”
စိတ်ကူးထဲမှာ ခေါင်းအညိမ့် ..
နှုတ်ခမ်းပေါ်က အပြုံးတခုကို သိသိသာသာ ခံစားမိလိုက်တယ် ..။
ကျနော် ပုံပြင်တွေကို တကယ်လွမ်းတယ် မေမေ..!
ပုံပြင် နားထောင်ခဲ့ချိန်တွေကိုလည်း တမ်းတတယ်..။
ဒီပုံပြင်တွေကြောင့်ပဲ ..
ကျနော်အခုလို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်ခဲ့တာဆိုရင်
လူတကာတွေ ရယ်နေမလားပဲ..။
ဘ၀ရဲ့ သင်ခန်းစာတွေ ..
ဘ၀အတွက် ရှိသင့်တဲ့ စိတ်ခွန်အားတွေနဲ့ မျှော်လင့်ချက်တွေကို ..
မေမေ ပြောပြခဲ့တဲ့ ပုံပြင်တွေကတဆင့်… ရခဲ့တာမို့ ..
ကျနော့်အတွက်တော့ ပုံပြင်တွေဟာ ..
အရေးပါတယ်လို့ ယုံကြည်ခဲ့.. ယုံကြည်နေမြဲပါ ..။

အခုတလော ..
ကိုယ်ကျင့်တရားတွေအကြောင်း ဖတ်ရတဲ့အခါ ..
.. ဒီလို ကိုယ်ကျင့်တရား (သို့) ဂုဏ်သိက္ခာရယ်လို့
စကားလုံးအကြီးကြီးတွေ ဖြစ်မလာခင်တည်းက ..
ကိုယ့်ကိုကိုယ့် စောင့်ထိန်းတတ်ခြင်းဆိုတာလေးကို
ပုံပြင်တွေက တဆင့် ရင်းနှီးအောင် မိတ်ဆက်ပေးခဲ့တဲ့ မေမေ့ကို ..
တိတ်တဆိတ်နဲ့ ခဏခဏ ကျေးဇူးတင်နေမိတယ် ..။
ငယ်ငယ်က.. အပျော်သက်သက် နားထောင်ခဲ့တယ်ပဲ ဆိုပေမယ့်
ကြားရဖန်များလာတော့ ..
“ကိုယ့်ကိုကိုယ် ဘာလို့ တည့်မတ်သင့်တာလဲ ..
လိပ်ပြာလုံတယ်ဆိုတာ ဘယ်လိုမျိုးလဲ ..
အမှားအမှန် ခွဲခြားတတ်တယ် ဆိုတာရော ..
ပြောသလောက် တကယ် လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ရဲ့လား .. ”
ပေါ့ပေါ့ပါးပါးလေးတွေပဲ ဆိုပေမယ့် ..
လွဲမှားလိုက်တဲ့ တခဏလေးမှာပဲ
လူဖြစ်ရှုံးစေနိုင်လောက်တဲ့ လေးနက်ခြင်းတွေအကြောင်း ..
မသိလိုက် မသိဘာသာ ရင်ထဲမှာ နေရာယူတတ်ခဲ့တယ်..။

မေမေပြောဖူးတဲ့ ပုံပြင်တွေထဲက ..
နှမ်းခိုးစားလို့ အပြစ်ပေးခံရတဲ့ အိမ်ရှေ့မင်းသားအကြောင်း
မှတ်မိသေးတယ် …။ (အတိအကျတော့ မသိတော့ပါ)
လမ်းဘေးလှန်းထားတဲ့ နှမ်းကို အပျော်အပျက် ခိုးစားခဲ့သူ .. မင်းသားကို
တချိန်မှာ တိုင်းပြည်ကို အုပ်စိုးမယ့်သူမှန်း သိပါလျက် ..
ဆရာဖြစ်သူက ပြတ်ပြတ်သားသား အပြစ်ပေးခဲ့တယ် ..။
မင်းသားက တန်ဖိုးမရှိတဲ့နှမ်းအတွက် အပြစ်ပေးခံခဲ့ရလို့
ဆရာအပေါ်မှာ အမျက်သိုခဲ့ချိန်မှာ ..
ဆရာက တန်ဖိုးမရှိတဲ့နှမ်းအတွက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့
ကိုယ်ကျင့်တရားရဲ့ ပျက်စီးခြင်းအစကို အမြော်အမြင်ရှိရှိ ..
ထိန်းကွပ်ပေးခဲ့တယ် ..။
ဒီတုန်းက .. မင်းဆရာကို “သတ္တိရှိလိုက်တာနော်” ဆိုပြီး
ချီးမွမ်းလို့ မဆုံးနိုင်အောင်ပါပဲ ..။
မင်းသားဖြစ်လို့ အလိုက်အထိုက် မဆက်ဆံပဲ ..
မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို အမုန်းခံဆွဲတင်ပေးခဲ့တဲ့အတွက်ပါ..။
အဲဒီ သေးသေးမွှားမွားကိစ္စလေးကိုသာ ခွင့်ပြုထားခဲ့ရင် ..
စာရိတ္တရှိတဲ့ မင်းကောင်းတပါး ဖြစ်မလာမှာ သေချာပါတယ် ..။
ဒီပုံလေးကို ပြောပြပြီးတော့ .. မေမေက နောက်ထပ် သိသင့်တဲ့
ဘာသာရေးဆိုင်ရာ အခြေခံလေးတွေကိုပါ မသိမသာ ဆက်ပြောခဲ့တယ်။
သူတပါး ပိုင်ဆိုင်မှုဆိုရင် ..
မသိအောင်ပဲဖြစ်ဖြစ် .. တမင်ရည်ရွယ်ပြီးပဲဖြစ်ဖြစ် ..
စိတ်နဲ့ ပစ်မှားခဲ့ရင်ပဲဖြစ်ဖြစ် .. ကိုယ်ထိလက်ရောက် ရယူခဲ့ရင်ပဲဖြစ်ဖြစ် ..
ဒါဟာ ကိုယ်ကျင့်တရား ဖောက်ဖျက်ခြင်းထဲမှာ အကျူံးဝင်နေပြီတဲ့ ..
နောက်ပြီး .. ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာ ကြုံခဲ့ရင်လည်း မင်းဆရာလိုမျိုး
ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး အကြံပေး ကူညီရမယ်တဲ့ ..
အဲဒီကမှ တဆင့် ..
အရွယ်မရွေး စောင့်ထိန်းသင့်တဲ့ .. ငါးပါးသီလအကြောင်း ..
ကျနော်တို့ နားလည်အောင် .. ရှင်းပြပါတယ်။
(ဘယ်ပုံပြင်ပဲ ပြီးပြီး .. မေမေက ငါးပါးသီလနဲ့ပြန်ပြီး ခိုင်းနှိုင်းပြလေ့ရှိပါတယ်)
ဒီလိုသာ ငါးပါးသီလမှာ အခြေတည်တဲ့ ကိုယ်ကျင့်တရားတွေ ခိုင်မြဲမယ်ဆိုရင် ..
ကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးလို ..
ကျနော်တို့ မျက်နှာတွေလည်း အမြဲဝင်းပနေလိမ့်မယ်လို့ ..
ကလေးတွေ ကျေကျေနပ်နပ်နဲ့ အကျင့်ကောင်းတွေ
ထိန်းသိမ်းချင်လာအောင်လည်း ဆွဲဆောင်တတ်ပါသေးတယ် ..။

ဘယ်လိုပဲဖြစ်ဖြစ် ..
ကျနော့်အတွက်တော့ .. ဒီပုံပြင်တွေဆိုတာ
အမှန်တရားတွေ အစပျိုးရာ ..

ဆောင်သင့် ရှောင်သင့်တာတွေရဲ့ အတုယူရာ ..
ကိုယ့်ကျင့်သိက္ခာတွေရဲ့ အခြေခံအုတ်မြစ်တည်ရာပါပဲ ..။
...
ဆုတ်ကပ်ပါလို့ လူကြီးတွေ ပြောပြောနေတဲ့ ဒီခေတ်ကြီးထဲ ..
အမှားတွေကို အမှန်လိုလိုနဲ့ ..
မျက်နှာဖုံး အမျိုးမျိုးသုံးပြီး
မြိန်မြိန်ယှက်ယှက် ကျင့်ကြံနေသူတွေကို မြင်တော့မှ ..
ကိုယ်ကျင့်တရားဆိုတာ ..
ကိုယ့်အတွက် .. ပတ်ဝန်းကျင်အတွက် ..
သမိုင်းကြောင်းအတွက် .. လောကအတွက် ..
ဘယ်လောက် အရေးပါလဲဆိုတာ ..

(မိန်းမောနေရာကနေ ..)
အလန့်တကြားနဲ့ ပြန်နိုးထလာမိတယ်။

...
ကျနော်တို့တုန်းက .. ဒီလို ပုံပြင်နားထောင်ခွင့်တွေ ရှိခဲ့သေးလို့
ကံကောင်းတယ်လို့ လူငယ်လေးတယောက်က ပြောတယ်။
သူ့မှာတော့ .. ဘယ်လိုပဲ တောင့်တတောင့်တ .. ဒီအခွင့်အရေးမျိုး မရနိုင်ပါဘူးတဲ့ ..။
သိတတ်စကတည်းက အမေနဲ့အဝေးမှာ ..
အဖေဆိုတာ မမြင်ဘူးလိုက်ပဲ ကြီးပြင်းလာခဲ့တဲ့ ဘ၀ ..
သဘာဝအရကို ပိုင်ဆိုင်သင့်တဲ့ ပုံပြင်နားထောင်ပိုင်ခွင့်လေးတောင် ..
မရနိုင်ရှာတဲ့ ကလေးတွေ .. ကျနော်တို့ဆီမှာ မရေတွက်နိုင်အောင်ပါပဲလား ..။
ပုံပြင်နားထောင်နိုင်ဖို့ဆိုတာ .. မိသားစုနဲ့ရှိနေမှကိုး ..
မိသားစုနဲ့အတူ ရှိနေဖို့ဆိုတာ ..
ရပ်တည်နိုင်တဲ့ အခြေအနေတွေ အခွင့်သာနေမှကိုး ..
ဒါဆို .. ကလေးတွေ ပုံပြင်တွေနဲ့ ပြန်နီးရဖို့ ..
လူကြီးတွေ .. ပုံပြင်တွေ ပြန်ဝေမျှနိုင်ဖို့ ..
ပုံပြင်တွေကနေ .. မျိုးဆက်သစ်တွေကို
အကျင့်သိက္ခာတွေ အကြောင်း ..
စောင့်ထိန်းသင့်တာတွေ အကြောင်း ..
တရားခြင်း မတရားခြင်းတွေ အကြောင်း .. ။
အကြောင်းတွေ အများကြီး ..
လက်ဆင့်ကမ်းဖို့ ရှိနေပါလား ..။
...
ခပ်အုပ်အုပ် အော်မြည်လိုက်တဲ့ .. ညငှက်တကောင်ရဲ့ အသံအကြား ..
အတွေးရေစီး ရပ်တန့်..။
ဝန်းကျင်တခုလုံးကတော့ ငြိမ်သက်မြဲ ..
ဝေ့၀ဲပျံ့လွင့်လာတဲ့ ယုဇနပန်းရနံ့ ..
ရင်ထဲနက်နက်ရောက်အောင် ရှိုက်သွင်းလိုက်မိတယ် ..။
ကိုယ်ကျင့်တရားဆိုတာတွေ ဒီပန်းရနံ့တွေလို ..
မွှေးမြနိုင်ကြမယ် ဆိုရင်လေ..။

ဘလော့ ဆိုတာ ..။

ခုတလော .. မအားမလပ်တာနဲ့ ဘလော့မှာ ရေးဖို့တောင် မစဉ်းစားမိဘူး ဖြစ်နေတယ်။
မအားပေမယ့် တခြားဘလော့တွေကိုတော့ ပုံမှန်ရောက်ဖြစ်ပါတယ်။
ရေးနိုင်ကြသူတွေကို အားပေးရမှာက သမိုင်းပေးတာဝန်ပေပဲကိုး..။
ဖတ်ပြီးရင် သူတို့ရဲ့ အတွေးအခေါ်တွေ .. သတင်းအချက်အလက်တွေ ..
အရေးအဖွဲ့တွေ .. အမြင်စူးရှမှုတွေအတွက်
ကြည်နူးကျေနပ်မှုတွေ ခံစားရမှာမို့လို့ပါ..။
ကိုယ်က ဒီလိုဖြစ်နေပေမယ့် .. တချို့တချို့လည်း
ကိုယ့်လို မကြည်နူးနိုင် မုဒိတာမပွားနိုင်ပဲ ..
စိတ်အနှောက်အယှက် ဖြစ်စေမယ့် စကားတွေနဲ့
ဘလော့တော်တော်များများမှာ လိုက်အနှောက်အယှက်ပေးနေတာ မြင်နေရတယ်။
ဘာလို့ဒီလိုမျိုးတွေ ဖြစ်ရတာပါလိမ့် ..။
ဘလော့ဆိုတာ ကိုယ်ပိုင် အတွေးတွေ .. အမြင်တွေ ..
အကြားတွေနဲ့ ခံစားချက်တွေကို ..
ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ..
လွတ်လွတ်လပ်လပ် ဖွင့်ထုတ်နိုင်တဲ့ နေရာတခုပါ..။
ရေးတဲ့သူကလည်း သူ့အရေးအသားတွေကို ..
ဘယ်သူတဦးတယောက် .. ဘယ်အဖွဲ့အစည်းတခု .. ဘယ်နိုင်ငံတခုရဲ့
စည်းမျဉ်း ဥပဒေသတွေအောက်မှာမှ ရပ်တည်ပြီး စံနှုန်းတိုင်းတာနေစရာ မလိုဘူး..။
"Freedom of Expression" ဆိုတာလေးကို တဦးချင်းစီ
စနစ်တကျ လေ့ကျင့်ပျိုးထောင်နေကြတဲ့ နေရာလေးလို့..
သတ်မှတ်ထားရင်ပဲ လုံလောက်နေပါပြီ။
ဒီတော့ .. လာဖတ်တဲ့ သူတွေမှာလည်း ..
ကိုယ်ပိုင်စံနှုန်းလေး တခုပဲလိုမယ် ထင်ပါတယ်။
တဖက်သားကို လေးစားမှု .. ကိုယ့်သိက္ခာကို လေးစားတန်ဖိုးထားမှုဆိုတဲ့
ပေတံလေးနဲ့သာ အလည်သွားမယ်ဆိုရင် ..
မလိုလားအပ်တာတွေ မပြောဖြစ် .. မဆွေးနွေးဖြစ်နိုင်တော့ဘူးပေါ့။
ဒါကိုမှ မနေနိုင်သေးရင် .. တခြားဘလော့တွေကို
ဝင်မဖတ်ရုံပဲပေါ့..။
ဒီ့ထက်မှ ပိုပြီး မကျေနပ်နိုင်ရင် .. သူများဘလော့တွေမှာ ၀င်မရှုပ်ပဲ ..
ကိုယ့်မကျေနပ်ချက်တွေအတွက် ကိုယ့်ပိုင်ဘလော့တခု လုပ်ပြီး တင်ထားနိုင်တာပဲ။
ဒီလောက်လွယ်နေတဲ့ ကိစ္စကို ခက်အောင် ..
အနှောက်အယှက်တွေ ဖြစ်အောင်
မလုပ်သင့်ဘူး ထင်တာပဲ။
အခုမှ မြန်မာဘလော့လောက အရှိန်ရလာစပဲ ရှိသေးတယ် ..
မကူညီချင်နေ .. မနှောက်ယှက်ကြပါနဲ့လို့ ..
ဘလော့တွေထဲမှာ ..
ရန်စကားတွေ ..
အကျိုးမရှိ ငြင်းခုန်နေတာတွေ ..
အဓိပ္ပါယ်မရှိတဲ့ အတိုက်အခံ ပြောဆိုနေတာတွေ ..
မမြင်ချင် မဖတ်ချင်လို့ပါ ..။
ဘလော့ စာသားတွေ အဆိပ်သင့်ချင်း ကင်းဝေးပါစေ..။
ဘလော့ လောက တိုးတက်အေးချမ်းပါစေ .. ။