Monday, July 23, 2007

နိုင်သလောက်လေး..။

ဒီနေ့ကားပေါ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက် သေးသေးလေးကနေ
ရှည်ရှည်လျားလျား အတွေးတွေ ၀င်လာခဲ့တယ်..။
ကားပေါ်မှာ ထိုင်နေသူက နေရာပေးသင့်တဲ့ လူအတွက်
နေရာဖယ်ပေးလိုက်တာ .. တကယ်တော့ အဆန်းမဟုတ်ပါဘူး ..။
ဒါပေမယ့် တဦးကို တဦး ညှာတာထောက်ထားတဲ့ စိတ်တွေ
ခမ်းခြောက်လာနေတဲ့ ဒီခေတ်ကြီးမှာ ..
ဒီလို ခဏတာ လမ်းခရီးပေါ်က နေရာလေးကိုတောင်
ပေးသင့်တဲ့လူက ကိုယ့်မျက်စိရှေ့မှာ ရောက်နေပါလျှက် ..
မုဒိတာ အပြည့်နဲ့ ခွင့်ပြုပေးလိုက်ဖို့ဆိုတာ ..
အတော်ကို ခက်ခဲနေတဲ့ အလုပ်တခုလို ဖြစ်နေပါပြီ ..။
ခဏတာ သက်တောင့်သက်သာ ရှိမှုလေးကလည်း
သူ့အတိုင်းအတာနဲ့ သူတော့ ..
အတ္တကို ချွေးသိပ်စေတာကိုး ..။
ဒါဆို ..
တကယ့်ကို ဘ၀တခုလုံးနဲ့ ယှဉ်ပြီး ကြည့်ရမယ့် ..
သက်တောင့် သက်သာရှိမှုကြီးတွေအတွက်ဆိုရင် ..
အတ္တတွေ .. အတ္တတွေ ..
ဘယ်လောက်တောင် တောက်လောင်နေလိုက်မလဲ ..။
...
နေရာဆိုတာလေးကိုပဲ စိတ်ထဲမှာ စဥ်းစားမိရင်း ..
အဖေပြောဖူးခဲ့တဲ့ အကြောင်းအရာတွေထဲက ..
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာပေးတတ်မှုအကြောင်းကို သွားပြီးသတိရမိပါတယ်..။
အဲဒီအကြောင်းအရာလေးဟာ မြို့စားကြီးရေးထားတဲ့ ..
ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာထဲက ..
“အရည်အချင်းရှိသူကို .. အရည်အချင်းရှိသလို နေရာပေးတတ်ဖို့” ဆိုတာလေးနဲ့
တူနေတာလေးကို သတိပြုမိလိုက်လို့ ..
တိုတိုလေး ဆိုပေမယ့်.. ဝေမျှချင်မိပါတယ်..။
...
ဗိုလ်ချုပ်တို့ ကျောင်းသားဘ၀က ..
မိမိတို့ရဲ့ အသက်ကို မငဲ့ကွက်ပဲ လွတ်လပ်ရေးအတွက်
ကြိုးပမ်းနေကြတဲ့ ကျောင်းသားတွေရှိသလို ..
သူတို့ လှုပ်ရှားမှုမှန်သမျှကို အမြဲထောက်လှမ်းပြီး ..
ကျောင်းအုပ်ချုပ်သူတွေနဲ့ အာဏာပိုင်တွေကို ..
သတင်းပေးနေတဲ့ ကျောင်းသားတွေလည်း ရှိသတဲ့ ..။
(ဒါကတော့ ခေတ်တိုင်းမှာပါပဲ..)

ဒီအထဲမှာ ..
ဦးဖေခင်ဆိုသူက ဗိုလ်ချုပ်တို့အုပ်စုနဲ့
ဆန့်ကျင်ဘက်မှာ ရပ်တည်တဲ့ အရေးပိုင်ကြီးတဦးရဲ့ သားပါ..။
ဗိုလ်ချုပ်တို့လုပ်သမျှကို သူက မျက်စိဒေါက်ထောက်ကြည့်ပြီး ..
ကျောင်းအုပ်ကို ပြန်သတင်းပေးနေသူပေါ့ ..။
ဒီလို သတင်းပေးနေတာကိုမှ အားမရသေးပဲ ..
တနေ့မှာ ဗိုလ်ချုပ်တို့ကို လူမိုက်တွေငှားပြီး ရိုက်ခိုင်းတဲ့ အထိတောင်
ရမ်းကားခဲ့ပါတယ်တဲ့ ..။
ဒီကတည်း သူတို့ အုပ်စု ၂ စုဟာ .. လူငယ်တွေ သဘာဝအတိုင်း
ကျောင်းတော်က ရန်စတွေ ဖြစ်သွားခဲ့ပါတယ်..။
...
ဒီလိုနဲ့ ကာလတွေ ပြောင်း .. .. ..
ဗိုလ်ချုပ်ကလည်း လွတ်လပ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေချိန် ..
ဦးဖေခင်ကလည်း တောင်တန်းဒေသ အုပ်ချုပ်ရေးရုံးမှာ
ပေါက်ရောက်တဲ့ တာဝန်ခံအဖြစ် ထမ်းဆောင်နေချိန် ..
တောင်တန်းဒေသဆိုင်ရာ စော်ဘွားတွေရဲ့ အိမ်တွေ .. သံတမန်တွေရဲ့ အိမ်တွေကို
တံခါးမရှိ ဓားမရှိဆိုသလို ၀င်ထွက်နေနိုင်လောက်အောင် ..
ဦးဖေခင်ရဲ့ ဆက်ဆံရေးက ပြေပြစ် အဆင်ကျခဲ့တယ်..။
...
ဒီလိုနဲ့ ..
ပင်လုံစာချုပ်အရေး ..
တိုင်းရင်းသားအားလုံး တပေါင်းတစည်းတည်း ရှိအောင် စည်းရုံးနိုင်ဖို့ ..
ကူပြီး တာဝန်ထမ်းနိုင်မယ့်သူ လိုလာပါတယ် ..
ဒီတော့ .. ဗိုလ်ချုပ်က
ဖဆပလအဖွဲ့အစည်းအဝေးမှာ ..
ဦးဖေခင်ရဲ့ အမည်ကို တင်သွင်းခဲ့ပါတယ် ..။

ဦးကျော်ငြိမ်း အပါအ၀င် အခြား လုပ်ဖော်ကိုင်ဖက်တွေက ..
“ခင်ဗျားကို ကျောင်းတုန်းက .. ဒီလူ ဘယ်လို လုပ်ခဲ့လည်းဆိုတာ သိနေလျက်နဲ့..
ဒီလိုလူမျိုးကို ဘယ်လို ယုံလို့ရမှာလဲ ..” ဆိုပြီး
သုံးခါတိတိ ပယ်ချခဲ့ကြတယ် ..။
ဒါပေမယ့် ..
ဗိုလ်ချုပ်ရဲ့ ခေါင်းမာမှုကို ဆက်မယှဉ်နိုင်တော့တဲ့ အဆုံး ...
သဘောတူ ခွင့်ပြုလိုက်ကြရတယ် ..။
အဲဒီနောက် ..ဗိုလ်ချုပ်က ဦးဖေခင်ကို ကိုယ်တိုင်တွေ့ပြီး ..
မြန်မာ့လွတ်လပ်ရေးအတွက် ပါဝင်ပေးဖို့ အကူအညီတောင်းခဲ့တယ် ..။
.. ဦးဖေခင်ဟာ မျက်ရည်တွေကျတဲ့ အထိတောင်
ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်တဲ့ ..
“ကျုပ်လည်း ဗမာပါပဲဗျာ ..
ဗမာ့အရေးအတွက် ပါဝင်ခွင့် ရချင်နေခဲ့တာပါ ..

ခင်ဗျားတို့က တလျှောက်လုံး ..
ကျုပ်ကို ပစ်ပယ်ထားလို့ အခွင့်မသာခဲ့တာပါ ..” လို့

ပြောရင်း ဗိုလ်ချုပ်ကမ်းတဲ့လက်ကို ၀မ်းပန်းတသာနဲ့ လက်ခံခဲ့ပါတယ်.. ။
(ဗိုလ်ချုပ်အကို ဦးအောင်သန်း ပြောပြချက်)
ဒီလိုနဲ့ ပင်လုံညီလာခံ ..
အဲဒီကမှ ပင်လုံစာချုပ် .. ဆိုပြီး
ဗိုလ်ချုပ်ရဲ့ ရိုးသားမှု..
ကြိုးစားမှု .. မယိမ်းယိုင်တဲ့ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့ ..
အရည်အချင်းရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပံ့ပိုးမှုတွေ ပေါင်းစပ်ရင်း
ရလာဒ်ကောင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် .. ။
...
ဒါလေးကို ကြည့်ရင် ဗိုလ်ချုပ်ဆီမှာ ..
ခေါင်းဆောင်ချင်စိတ် သက်သက်ပဲ မဟုတ်တဲ့ ..
တော်သူကို တော်သလို .. သင့်မြတ်တဲ့ တာဝန်ခွဲပေးနိုင်မှုမျိုး ရှိနေတာကို
တွေ့လိုက်ရပါတယ်..။
ဗိုလ်ချုပ် အောင်မြင်နေချိန်ဟာ .. ငယ်ရွယ်သေးတာမို့
မာန်မာန ထောင်လွှားမယ်ဆိုရင်လည်း ဘယ်သူမှ တတ်နိုင်မှာ မဟုတ်ပါဘူး..။
နောက်ပြီး .. လူဆိုတာမျိုးကလည်း
ကိုယ့်အပေါ် ဘာအပြစ်မှ ကျူးလွန်မထားသူတွေကိုတောင် ..
အရည်အချင်းရှိနေပါလျက် အခွင့်အရေးပေးဆိုတာ ..
အတော့ကို ခက်ခဲတတ်ကြပါတယ် .. ။
ဒီတော့ .. ဗိုလ်ချုပ်လိုမျိုး ကိုယ့်အပေါ်မှာ ရန်သူတယောက်လို ပြုမူခဲ့ဖူးတဲ့သူကို
အခွင့်အရေး ပေးဖို့ဆိုတာ ..
သာမန်လူတွေ အနေနဲ့ စဉ်းတောင် မစဉ်းစားဖူးကြတဲ့ အဖြစ်ပါ ..။
သဘောထားကြီးတယ်ဆိုတာ အပြောလွယ်သလောက် ..
အလုပ်ခက်တာကိုး .. ။
...
လူတယောက်ရဲ့ အရည်အသွေးကို မြင်နိုင်ဖို့..
သိမြင်နေတဲ့ အရည်အသွေးကိုလည်း အတ္တကင်းကင်း လက်ခံနိုင်ဖို့ ..
လက်ခံထားတဲ့ အရည်အချင်းလေးကို မပိတ်ပင်လိုက်ဖို့ ..
အဲဒီအရည်အချင်းနဲ့ ထိုက်တန်မှန်ကန်တဲ့ နေရာကို စီစဉ်ပေးနိုင်ဖို့ ..
စီစဉ်ပေးထားတဲ့နေရာနဲ့ ကိုက်ညီတဲ့ လုပ်ပိုင်ခွင့်တွေကို ယုံယုံကြည်ကြည်နဲ့ ပေးအပ်နိုင်ဖို့ ..
လိုအပ်ရင် ကိုယ်ပေးအပ်ထားသူရဲ့ နောက်ကနေလိုက်ပါနိုင်ဖို့ ..
သေသေချာချာ တွေးကြည့်တော့ ..
လူတယောက်ကို နေရာတခု ..
အခွင့်အရေးတခု ပေးလိုက်နိုင်တယ်ဆိုတာ ..

တော်ရုံသတ္တိနဲ့ လက်ခံပေးခြင်းမျိုးမဟုတ်ဘူးဆိုတာ ..
တစတစ မြင်လာမိတယ်။
...
ဒါဆို ..
ကျနော်တို့အလှည့်ကျရင်ရော ..
ကိုယ်တတ်နိုင်တာတွေ ထမ်းရွက်နေရင်း..
အခွင့်အရေးပေးရမယ့် သူတွေ ရှိလာခဲ့ရင် ..
ဗိုလ်ချုပ်လို စိတ်ဓာတ်မျိုး ရှိနိုင် .. ထားနိုင်ပါ့မလား ..။
လူပဲလေ..
ရိုးရိုးသားသား ၀န်ခံရရင် ..
အလကားနေရင်းတော့ သူများတွေအတွက်ပဲ ကောင်းတာတွေ ဘယ်လုပ်ပေးချင်နေပါ့မလဲ ..
ဒါက လူမှန်ရင် ရှိတတ်တာ ပြောတာပါ ..
ဒီစိတ်ကို ပြန်ပြီး ချွန်းအုပ်နိုင်ဖို့တော့ တော်တော်လေး လိုအပ်ပါတယ်။
အရိုင်းစိတ်တွေကို အယဉ်စိတ် အသိစိတ်လေးနဲ့ ထိန်းချုပ်ပြီး ..
မိမိတို့ရဲ့အတ္တတွေကို တွန်းလှန်ရင်း ..
ဖြစ်သင့်တာတွေကို ကိုယ်နိုင်သလောက်လေးပဲ ..
တဦးချင်းစီ ကြိုးစားကြည့်ကြမယ်ဆိုရင် ..
ကျနော်တို့ တောင့်တနေတဲ့ အနာဂတ်တခုဆီ ..
ခပ်မြန်မြန်လေးများ အရောက်သွားနိုင်မလားလို့ပါ .. ။

Friday, July 20, 2007

ညီမလေး ... ။

“ညီမလေးကို သူက လက်ထပ်ခွင့် တောင်းနေပြီ .. ကိုကြီး ..”
ဖုန်းထဲကတဆင့် နားထဲကို ပူပူနွေးနွေး စီးဝင်လာတဲ့ .. ညီမအငယ်ဆုံးရဲ့ စကားသံ ချိုမြမြလေး..။
ခေါင်းနားပန်းတွေ ထူပူပြီး ... သွေးလှည့်ပတ်ခြင်းတွေ ခဏတာ ရပ်တန့်သွားခဲ့တယ် ...။
“ကိုကြီး .. ကြားရဲ့လား.. ”
“အင်း... ကြားပါတယ်ကွ .. ညီမလေးရ.. မေမေတို့ကရော ဘာပြောလဲ..”
အလောတကြီး စစ်ကူတောင်းသလို အမေးမျိုးနဲ့..
“မေမေတို့ကလည်း သဘောတူပါတယ် ... သူက ညီမလေးအတွက် အဖော်ကောင်းပါတဲ့..။”
ဟူး .... .... .... .... ..... ..... ..... ..... ။
အလုအယက်တက်လာတဲ့ ရင်ထဲက လေပူတွေကို ခပ်မြန်မြန်ပဲ မှုတ်ထုတ်လို့ ...
“အေးပါ... ညည်း အဆင်ပြေတယ်ဆို ကိုကြီးက ၀မ်းသာပြီးသားပါ..
လိုအပ်တာကို နောက်မှ ထပ်ပြောပေါ့...”

ဖုန်းချအပြီး မျက်စိခဏအမှိတ်မှာ ...
ညီမလေး ...
ကျနော့် မျက်စိထဲမှာ ဂါဝန်ဖားဖား .. ပါးဖောင်းဖောင်းနဲ့...
ဆံပင်ဖြောင့်ဖြောင့်လေးတွေကို နှစ်ဖက်ခွဲစည်းထားတဲ့ ...
ချစ်စရာ ကလေးလေး...။
အချိန်ယန္တားတခု မြန်မြန်ဆန်ဆန်ပဲ ဖြတ်သန်းသွားခဲ့တာကိုး ...။
... ... ...
မောင်နှမ သုံးယောက်မှာ .. အကြီးဆုံးက ကျနော်..
ကျနော့်အောက်မှာ ညီမငယ်လေး နှစ်ယောက် ...
တယောက်နဲ့တယောက် နှစ်တွေ သိပ်မကွာပေမယ့် .. အကြီးဆုံးဆိုတဲ့ အသိနဲ့ ကျနော်က ..
သူတို့ထက် အသက်တွေ အများကြီး ကြီးနေသယောင်နဲ့..
ငယ်ငယ်ကတည်းက အကိုကြီး အဖအရာဆိုပြီး

သူတို့တာဝန်တွေကို ကျေကျေနပ်နပ် ယူခဲ့မိတယ်...။
ကျနော့် ပါးစပ်က သူတို့အတွက် “ကလေး..” ဆိုတဲ့ အသုံးက သူများတွေ အမြင်ကပ်ယူရတဲ့အထိ..။

ကျောင်းစတက်တော့ ကျနော်က သူတို့ရဲ့ အထမ်းသမား ...
လွယ်အိတ်ကအစ ထမင်းဗူးတွေအဆုံး ..
မညီးမညူ သယ်ပေးခဲ့ရတာ ..
ကျနော့် အမောတွေကို ပြေပျောက်စေတာက သူတို့အရယ်အပြုံးတွေပဲ...
အရွယ်ရောက်လာတော့ ..
မိန်းကလေးတွေမို့လို့ အားငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေနဲ့
ဟိုနေရာ မသွားရဲ .. ဒီနေရာ မသွားရဲ မဖြစ်ရအောင် ..
လူများပေ့ဆိုတဲ့ လက်ဖက်ရည်ဆိုင်တွေကိုမှ ရွေးခေါ်သွားပြီး ..
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို သွပ်သွင်းပေးခဲ့တယ် ...
ဒီလိုနဲ့ ... “လက်ဖက်ရည်ဆိုင်မှာ သီချင်း နားထောင်ရတာ ..

အိမ်မှာထက် ပိုအရသာရှိတယ်” လို့ ..
ပြောတတ်နေတဲ့ ညီမတွေကို ကြည့်ပြီး ဂုဏ်တွေယူလို့...
မေမေဆူတဲ့အခါ ညီမလေးတွေ စိတ်မညစ်ရအောင် ..
ဂစ်တာတီးပြီး .. သီချင်းတွေ အော်ဆိုခိုင်းရင်း ..
အဆိုကောင်းတဲ့ ညီမတွေအတွက် လက်မ တထောင်ထောင်နဲ့ပေါ့...
နောက်ပြီး .. ရည်းစားထားဖို့ လူကြီးတွေမသိအောင်

ကိုယ်ကိုတိုင်ပဲ တိုက်တွန်းခဲ့တာ..
ညီမလေးတွေကို လူကြီးတွေရဲ့ ရှေးဟောင်းပုံစံခွက်ထဲမှာ မနေစေပဲ
ကိုယ်ပိုင် ဆင်ခြင်ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းတွေ ရှိအောင် ...
ကိုယ့်အတွေးနဲ့ကိုယ် ဆုံးမသွန်သင်ခဲ့သေးတယ် ...
အိမ်ကလူကြီးတွေ အမြင်မှာတော့ ကိုယ်ပြောတာတွေ အားလုံး တခုမှ ဟုတ်တာမပါ ..
..မိန်းကလေးဆိုတာ ..
အိမ်အပြင်မထွက်ပဲ အိမ်ထဲက အလုပ်တွေအားလုံး သိမ်းကျုံးလုပ်နေရမယ်ဆိုတဲ့
အဘွားတို့ခေတ်က အယူအဆတွေကို ..
ညီမလေးတွေအတွက် ကျနော်က ဆန့်ကျင်ပေးခဲ့သူ...
မိန်းကလေးတွေတတ်ရမယ့် အိမ်တွင်းမှုအလုပ်တွေအစား
စာတွေများများ ဖတ်စေခဲ့တယ် ... ကလေးတွေကို စာသင်စေခဲ့တယ် ...
ဒီအတွေ့အကြုံတွေကနေ ..

ကိုယ့်ကိုကိုယ် သုံးသပ်တတ်အောင် ...
အသိဥာဏ် ရင့်ကျက်အောင် ...
ဆင်ခြင်တုံ့တရား ရှိအောင် ..
ပြဿနာတွေကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်အောင် ...
အလွယ်တကူ စိတ်ဓာတ်မကျအောင် ...
လူတဖက်သားကို စာနာနားလည်တတ်အောင် ..
စိတ်ဓာတ်အင်အား နည်းပါးသူတွေကို ကူညီဖေးမတတ်အောင် ..
သည်းခံ ခွင့်လွှတ်နိုင်စွမ်း ရှိအောင် ..

ရုပ်ဝတ္တုပိုင်ဆိုင်မှုနဲ့ စိတ်ဓာတ်ခွန်အားကို ထိန်းညှိတတ်အောင် ...
သူတို့ကို သူတို့ တည်ဆောက်လာနိုင်မယ်လို့ စဉ်းစားတွေးဆပြီးတော့ပါ..။
ကျနော့်အတွေးတွေက ညီမလေးတွေရဲ့ စိတ်ဓာတ်ရေးရာကို

အတိုင်းအတာတခုထိ ဖွံဖြိုးစေခဲ့မှာပါပဲ..။
မိဘတွေရဲ့ အစိုးလွန် ... အကာအကွယ် လွန်နေတဲ့ ချစ်ခြင်းမျိုးထက်
လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ ဆွေးဆွေးနွေးနွေး တည့်မတ်ချစ်ခင်တာမျိုးကိုပဲ
ကျနော်က သဘောကျတာ...။
ဘာပဲဖြစ်ဖြစ် ညီမလေးတွေအပေါ် မိဘတွေလိုအပ်နေတယ်လို့ ထင်တဲ့

တထောင့်တနေရာလေးကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးရုံပါ ..။
နောက်ပြီး ... မိဘတွေ အမြဲပြောနေတဲ့ ..
“မင်းတို့ အိမ်ထောင်ကျမှ မိဘတွေရဲ့ သောကကို နားလည်မယ်” ဆိုတာကို

ကျနော်က လက်မခံချင်သူ .. ။
ဘာလို့လည်းဆိုတော့ ..
ကျနော်တောင် ညီမလေးတွေကို ဒီလောက် အရိပ်ကြည့် ချစ်နေခဲ့ရင် ..
မေမေတို့ဆိုရင် ... ဆိုတဲ့အတွေးက ကျနော့်ကို ပိုကြေကွဲစေပါတယ် ..။
ကျနော်တွေးသမျှတွေ .. ကျနော် စိုးရိမ်သမျှတွေကို
သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ စဉ်းစား စိုးရိမ်ပြီးသားနေမှာပါ ...။
ဒါဆို ..
အခု ကျနော် ဖြစ်နေတာကို မေမေသာ မြင်ရင် ..
“ပိုလိုက်တာ သားကြီးရယ်” လို့ ပြောမယ်ထင်တယ် ..
“သီးချိန်တန် .. ပွင့်ချိန်တန်လို့ပဲကွယ်” လို့ နှစ်သိမ့်မှာလည်း အသေအချာပါပဲ ...။
အရင်က မေမေတို့ကို အကာအကွယ်ပေးပြီး .. လူကြီးတွေ မသိအောင်
ဒီညီမတွေကို ကျနော်ပဲ အချစ်အကြောင်းတွေ ပြောပြခဲ့တာ...

ရည်းစားထားခဲ့တာတောင် ပြုံးပြုံးကြီး သဘောတွေကျနေခဲ့တာ ..
အခု .. ဒီသတင်းကြားတာ ဘာမှ ထွေထွေထူးထူး တုန်လှုပ်စရာ မလိုပါဘူး ..
ဒါ .. သဘာဝအတိုင်း ဖြစ်နေတဲ့ .. ဖြစ်လာရမယ့် ..
ဖြစ်စဉ်တခုပဲလေ .. ။
ဘယ်လိုပဲ ကိုယ့်ကိုကိုယ် ဖြေတွေးနေပေမယ့် ..
ရင်တပြင်လုံး ထူးထူးခြားခြား နာကျင်နေခဲ့တယ် .. ။
နှမြောနေတာပဲ ဖြစ်မှာပါ..။
တကယ်ဆို ..
ကိုယ် အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်ခဲ့တဲ့ ပန်းကလေး ..
အပြစ်အနာအဆာ ကင်းကင်းနဲ့ လှလှပပ ပွင့်လန်းနေတာ ..
အမြတ်တနိုး တန်ဖိုးထားချင်သူ ရှိနေတာ ..
ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မှ မဟုတ်တာ..
ကျနော် မပျော်မရွှင် ဖြစ်နေရင်..
ညီမလေး ဘယ်စိတ်ချမ်းသာပါ့မလဲ ..။
နောက်တခါ ဖုန်းဆက်ရင်တော့ ..
ညီမလေးအတွက် သင်ခန်းစာအသစ်တွေ ပြင်ဆင်ထားရတော့မယ် ..
ကိုယ်ပိုင်ဘ၀ကို ထူထောင်တဲ့အခါ ..
ချစ်ခြင်းတခုတည်းနဲ့ မလုံလောက်တဲ့အကြောင်း ..
တဖက်သားကို နားလည်ပေးတတ်ဖို့ ..
တဖက်သားကို လေးစားတတ်ဖို့..
မလိုအပ်တဲ့ သံသယတွေ မရှိစေဖို့ ..
အလျော့အတင်းတွေကို ချိန်ညှိတတ်တဲ့
အိမ်ထောင်ဖက်ကောင်း တယောက်ဖြစ်စေဖို့နဲ့ ..
တဦးနဲ့ တဦး လိုအပ်ချက်တွေကို အပြန်အလှန် ဖြည့်ဆည်းပေးရင်း
ပျော်ရွှင်သာယာတဲ့ .. အိမ်ထောင်တခုကို တည်ထောင်နိုင်ဖို့ပေါ့...။

Tuesday, July 17, 2007

ကျောင်း အလွမ်း ... ။

အလုပ်လုပ်နေရင်း စိတ်ပေါ့အောင် သီချင်းလေးတပုဒ် နားထောင်မိပါတယ် ...
မပေါ့တဲ့အပြင် ရင်ထဲ ပိုတောင်လေးသွားတယ် ...
“ဒီနေရာဟောင်းလေးလည်း ... ငါရင်မှာ လွမ်းလွန်းလို့
အို... ပြန်လည် တမ်းတနေဆဲပါ ...”

သီချင်းက အဲလက်စ်ရဲ့ “နေရာဟောင်း”... ။
... ... ...
“ငါတို့ တနေရာစီ ဝေးနေခဲ့လို့ပဲဖြစ်ဖြစ် ...
အလုပ်တွေနဲ့ မအားလပ်နိုင်ခဲ့ရင်ပဲဖြစ်ဖြစ် ...

ဒီထိုင်နေကြ နေရာလေးကို
ငါတို့ရဲ့နေရာဟောင်းလေးဆိုပြီး ပြန်တမ်းတနေမှာ သေချာတယ် ... ။”
“ငါကတော့ ... တချိန်ချိန်ကျရင် ဒီနေရာလေးကို ပြန်လာပြီး ...
အဲလက်စ်ရဲ့ နေရာဟောင်း သီချင်းဖွင့်နားထောင်ရင်း ...
သူငယ်ချင်းတွေ အတူတူရှိခဲ့တဲ့ အချိန်တွေကို ပြန်သတိရနေမိမှာ ... ။”
“ဟာ .. နင်တို့ကလည်း ...
အတူတူ ပြန်လာလည်း ရတာပဲကို ... ။”
သူငယ်ချင်းမတွေရဲ့ တယောက်တပေါက် ရေရွတ်သံတွေ ...
နားထဲမှာ ပြန်ကြားမိနေသလိုပဲ ... ။
ဟိုတုန်းကတော့ ...
အချိန်မရွေး ပြန်တွေ့နိုင်တယ်ဆိုပြီး ...
ခွဲခွာခြင်းဆိုတာကို ဘယ်လိုပုံစံမျိုးနဲ့မှ ပြင်ဆင်မထားခဲ့မိကြတာ အသေအချာပါ..။
နေပူပူမှာ ခပ်လွင့်လွင့် ဝေ့၀ဲလာတဲ့ လေပူနွေးနွေးတချက် ...
ရင်ထဲကျကျကို ၀င်သွားတာ ခံစားမိလိုက်တယ် ... ။
သြော် ... ခရေပင်တန်းတွေကို လွမ်းမိပါရဲ့ ... ။
... ... ...
အင်းစိန် ဂျီတီအိုင်တကျောင်းထဲကို အငြိုးကြီးကြီးနဲ့ အတော်ကြာအောင် ပိတ်ထားခဲ့ပြီးမှ ...
ကျောင်းသူ ကျောင်းသားတွေ အားလုံး ...
ရန်ကုန်တဖက်ကမ်းမှာရှိတဲ့
ရှေးဟောင်းမြို့တော် သံလျင်ကို
ပြောင်းရွှေ့တက်ရောက်ခွင့် ရခဲ့ကြပါတယ် ...။
ကသောင်းကနင်းဖြစ်နေတဲ့ ဒီကျောင်းဝင်းကြီးထဲမှာ ...
ကသောင်းကနင်းနဲ့ အပြေးအလွှား ၀င်ထွက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ ...
ကသောင်းကနင်း အုပ်ချုပ်နေရတဲ့ ဆရာ ဆရာမတွေ ...
ကသောင်းကနင်း အစီအစဉ်မကျဖြစ်နေသေးတဲ့ စာသင်ခန်းတွေ ...
ကသောင်းကနင်း စားသောက်ဆိုင်တန်းတွေ ...
ကသောင်းကနင်း ရှုပ်ပွနေတဲ့ ကျောင်းကားတွေနဲ့ လိုင်းကားတွေ ...
ကသောင်းကနင်း လေ့ကျင့်ရေး အလုပ်ရုံတွေ ...
မြင်သမျှ ... ကြားသမျှ ...
အရာရာဟာ ကသောင်းကနင်းနဲ့ပဲ စတင်ခဲ့ကြပါတယ် ...။
ဒီလောက်များပြားတဲ့ ကသောင်းကနင်းတွေကို ...
ဖရိုဖရဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်ကျော်နိုင်ခဲ့တယ် ... ။
ကျောင်းသားဘ၀ရဲ့ နေ့ရက်တွေ ...
ဘယ်လိုဖြစ်ဖြစ် ကြည်နူးစရာတွေပါပဲ ... ။
... ... ...
ကျနော်က “လက်သမား အင်ဂျင်နီယာ” ဒုတိယနှစ် ကျောင်းသား...။
ဒီကျောင်းကြီးရှိရာကို တမျှော်တခေါ်ကြီး လာရတာ ..
တကယ့်တကယ်မှာ ပျော်စရာဆိုလို့ တကွက်မှာ ရှာမတွေ့နိုင်ဘူး ...။
နွေရာသီဆို ...
နေပူပူ ဖုန်ထူထူမှာ ဂျက်လေယာဉ်နီးနီး အမြန်နှုန်းမြှင့် ပြေးဆွဲနေတဲ့ ကားတွေနောက်
ချွေးအပြိုင်းပြိုင်းနဲ့ အရူးတပိုင်းလို
ပြေးရ လိုက်ရတာလည်း ၀ဋ်ကြီးတခု ...။
မိုးတွင်းဆိုလည်း ...
လူအမြင်ကတ်စရာ တီစကွဲယား ဆိုတဲ့ ပေတံကြီးတွေတကားကား ...
စိုစိုစွတ်စွတ် ထီးတွေ ထမင်းဗူးတွေနဲ့
ကြပ်ကြပ်ညပ်ညပ် ကားတွေပေါ်ကို ခြေစုံလေးချ ရပ်နိုင်ဖို့အတွက်
အလုအယက် တိုးဝှေ့နေရတာ ... (အခု ပြန်စဉ်းစားတော့)
တကယ် ခွန်အားတွေ ပြုန်းတီးခဲ့တာပဲ ...။
ဆောင်းတွင်းကျတော့ရော ...
ကားမရမှာစိုးလို့ အိပ်ရာကနေ အစောကြီးထရတဲ့ ဒဏ်..
တကယ့်ကို သည်းမခံချင်စရာ ... ။
တခြားနိုင်ငံတွေမှာလို ကားမပိတ်ပါပဲနဲ့တောင် အနဲဆုံး ၁ နာရီခွဲလောက် သွားရတာကိုး ...။
ကားပေါ်ရောက်အောင် မစွမ်းဆောင်နိုင်တဲ့နေ့ဆိုရင်တော့ ...
လမ်းမှာတင် ၃ နာရီလောက် အချိန်ကုန်ပြီးသားပဲ ...။
ဒါ .. လမ်းပန်းဆက်သွယ်ရေးရဲ့
အားသာချက်ပဲ ရှိသေးတယ် ...။
စာသင်ခန်းလုံလောက်မှုကျပြန်တော့လည်း ... သြချရတယ် ..။
ရုတ်တရက်ဆိုသလို အင်းစိန်က ကျောင်းသားတွေကို လက်ခံလိုက်ရတော့ ...
ရှိထားတဲ့ စာသင်ခန်းနည်းနည်းလေးနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဖြစ်တော့တာပါပဲ ...။
ဒါနဲ့ ..
ဥာဏ်ကြီးရှင် အုပ်ချုပ်သူတွေက ...
တိုင်းပြည်ရဲ့ကြယ်ပွင့် အနာဂတ်ရဲ့ သားလောင်းတွေအတွက်
မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စီစဉ်ပေးလိုက်ပုံက ...
နေပူရင် ထိုင်နေရင်း ဟောဟဲဆိုက်ပြီး ...
မိုးရွာရင် စာသံတွေပျောက်သွားတတ်တဲ့ ...
လယ်ကွင်းထဲက နောက်ဆုံးပေါ် ဓနိမိုး .. ကျူထရံကာ စာသင်ခန်းတွေပါပဲ..။
စားသောက်ဆိုင်တန်းတွေကျတော့ရော ...
စီနီယာတွေက
“ဦးချစ်ဆိုင်တို့ ...
အင်းယားကန်ဘောင်ပေါ်က ဆိုင်တွေမှာ စားခဲ့တာကွ” လို့ ကြွားလုံးထုတ်နိုင်ချိန်မှာ ..
ကျနော်တို့ခမြာ...
ဗီတာမင်စုံအောင်ဆိုပြီး ကန်ဇွန်းရွက်ကြော်ထဲ မြက်ပါရောထည့်တတ်တဲ့ ဆိုင်တွေ ...
အကျရည်.. နို့ဆီနဲ့ သကြားထည့်ရင်
လက်ဖက်ရည်ဖြစ်ပြီလို့
သီအိုရီကျွမ်းကျင်တဲ့ ဆိုင်တွေ ...
ရင်ပူလို့ အအေးလေးများ မမှာလိုက်နဲ့...
ရေမခဲ လို့ပါဆိုပြီး အချိုရည်ပူပူကြီးတွေပဲ အတင်းရောင်းတတ်တဲ့ ဆိုင်တွေ ...
ဆိုင်ပတ်ဝန်းကျင်ကျတော့လည်း သစ်ရိပ်ဝါးရိပ်ဆိုတာ ဝေလာဝေး..
မြင်မြင်သမျှ ... တံလျှပ်တွေချည်းပဲ ...
ဒီလို ကြည်နူးစရာတကွက်မှ မရှိတဲ့ ဆိုင်တွေမှာ ကြိတ်မှိတ် ကျင်လည်ခဲ့ကြရတယ် ..
ရှိစေတော့...
ပညာရဖို့သာ လိုရင်းမဟုတ်လား...။
ဇွဲလေး ခတ်ထားကြဖို့ သယ်ချင်းတွေ အချင်းချင်း အားတွေပေး ..။
သိပ်မလိုတော့တဲ့ ခရီးဆုံးကို မယိုင်မလဲ ခိုင်ခိုင်မြဲမြဲ ရောက်နိုင်ဖို့လေ ..။
... ... ...
ကျနော်တို့ သူငယ်ချင်းတွေ ကျောင်းရောက်တာနဲ့
အရင်ဆုံး သယ်လာတဲ့ ထမင်းဗူးတွေနဲ့ ၀မ်းဖြည့်ထား ..
ပြီးရင် ကျောင်းထဲ လှည့်လည်ကြ .. ဘယ်သူငယ်ချင်းက ဘယ်အဆောင်မှာများ ရောက်နေသလဲပေါ့...
အဲဒီနောက် .. နေ့လည်စာ မတိုင်ခင်
ရောက်ရာနေရာမှာ စတည်းချကြရတယ် ...
အပူအားကြီးတဲ့အရပ်ဆိုတော့ မလိုလားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်မှာစိုးလို့ပါ..။
အဲ..ရောက်နေတဲ့နေရာက စာသင်ခန်းဖြစ်ဖို့တော့ ရာနှုန်းနဲတယ် ...။
ဒီလိုနဲ့ ...
စာသင်ခန်းတွေဆီကို
မရောက်တခါ ရှောင်တလှည့်နဲ့ပဲ ..
ကျောင်းနေပျော်၍ စာမတော်သော ကျောင်းသားအဖြစ် ဖြတ်သန်းခဲ့ပါတယ်..။
စာသင်ဆောင်တွေ ဘေးကပ်လျက်မှာ အရိပ်ကောင်းကောင်းနဲ့
နေရာကျယ်ကျယ်တခုရှိတယ် .. အဲဒါ အိမ်သာပါ ..။
ကျနော်တို့ အဲဒီမှာဝိုင်းဖွဲ့ကြတာများတယ် .. တလွဲမတွေးပါနဲ့..။
မိန်းကလေး ယောက်ျားလေး ဂီတ၀ါသနာပါသူတွေ စုပြီး
ဂစ်တာတီးတဲ့လူကတီး သီချင်းဆိုတဲ့သူကဆို..
“စစ်ကိုင်းလမ်းကို လွမ်း ... ပုဂံလမ်းကို လွမ်း...
ဂျပ်ဆင်ကို စိတ်ကူးနဲ့မြင်ကြည့်ရင်း...”
သီချင်းတွေကတဆင့် ရင်တွင်းပြတိုက်တွေကို
ဖွင့်လှစ်ခဲ့ကြတယ်...။
ပျော်စရာဆိုတာအားလုံးနဲ့ အလှမ်းဝေးလွန်းတဲ့ ကျောင်းတော်ကြီးမှာ...
ဒီအချိန်လေးတွေဟာ တကယ့်ကို ရှားရှားပါးပါးနဲ့
အပြစ်အနာအဆာကင်းတဲ့ အပျော်စစ်စစ်တွေပါပဲ ...။
... ... ...
စာသင်ဆောင်တွေမှာရှိတဲ့ အချိန်က
လက်ဖက်ရည်ဆိုင်မှာ ရောက်နေတဲ့အချိန်ထက်
ဘယ်လိုတွက်တွက်ကို ပိုနည်းပါတယ် ..။
ဒီနေရာမှာမှပဲ ကျနော်တို့သိချင်တဲ့
အပြင်လောကတွေ အကြောင်း...
စိတ်အာဟာရတွေ အကြောင်း ...
ယုံကြည်ချက်တွေ အကြောင်း...
ပေးဆပ်သွားသူတွေ အကြောင်း...
(ကောင်မလေးတွေအကြောင်းလည်း ပါတာပေါ့)
ဟိုအကြောင်း ဒီအကြောင်းတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်လို့ပါ..။
အဲဒီက ဆွေးနွေးခန်းတွေပြီးရင် ...
ကျောင်းအ၀င်နဲ့ နဲနဲပိုနီးသွားတဲ့
ခရေပင်တန်းကိုသွား... ခရေပင်ရိပ်မှာ ကိုယ့်ခုံလေးကိုယ် ချထိုင် ..
(ကျောင်းကားတွေပေါ်က ခုံတွေ ယူထိုင်တာပါ)
သီဟိုဠ်တောထဲက ဖြတ်တိုက်လာတဲ့ လေအေးအေးကို ခံစားရင်းနဲ့...
တခါတခါလည်း မြက်ခင်းပေါ်မှာ ဒီအတိုင်းထိုင်ရင်း လေပစ်ကြ ..
တခါတလေလည်း စစ်တုရင်ကစားကြ..
တခါတရံလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အနာဂတ်အကြောင်း စဉ်းစားနေကြ...
အများအားဖြင့်တော့ .. ဖြတ်သွားဖြတ်လာ သူငယ်ချင်းတွေကို နှုတ်ဆက် ..
ကောင်မလေးတွေကို မျက်နှာလိုမျက်နှာရ ပြုံးပြ ..
အင်းစိန်မှာ ဖရိုဖရဲဖြစ်သွားခဲ့တဲ့ ဇာတ်လေးဟောင်းတွေအတွက်..
ဇာတ်လမ်းအသစ်တွေ ဖန်တီးကြနဲ့...
နောက်ပြီး..
ငွေ ၂၀ ပေးရတဲ့ အအေးတပုလင်းကို သူငယ်ချင်း ၄ ယောက်မျှသောက်ရင်း ...
ဂျိုးသိန်းတလိပ်ကို အရစ်ကျမှတ်ထားပြီး ခွဲဝေဖွာရှိုက်ခဲ့ရင်း...
ရှိခြင်း မရှိခြင်းတွေကို ...
ကျောင်းပြီးရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အားခဲ့ဖြတ်ကျော်ခဲ့ကြတယ်..။
အခုလို .. ခပ်ဝေးဝေးက ပြန်ကြည့်မှ
ပြန်မရနိုင်တော့တဲ့ ပျော်စရာတွေလို့ သိတော့တယ် ... ။

... ... ...
ကျောင်းတွေပြီးသွားတော့ ...
စိတ်ကူးယဉ် ဆွေးနွေးခန်းတွေနဲ့တင် ဘ၀ကို ရင်ဆိုင်ဖို့မဖြစ်နိုင်တော့ဘူး..။
ဒါနဲ့ပဲ အသည်းအသန် အလုပ်တွေရှာကြ ..
ဝင်ငွေမရှိပဲ ထွက်ငွေတွေပဲ များများနေတော့ ..
သူငယ်ချင်းတွေနဲ့တွေ့ဖို့ဆိုတာ ယောင်လို့တောင် စိတ်မကူးအား..။
အလုပ်ရတော့လည်း ...
ရတဲ့နေရာမှာ ပို၍ ပို၍တည်ငြိမ်လာဖို့..
ဝင်ငွေပိုပြီး ဖြောင့်ဖြူးလာဖို့..
ကိုယ့်ကိုကိုယ် အလုပ်မှာမြုပ်နှံလို့...
ခံစားချက်တွေနဲ့ ရှင်သန်နေတဲ့ လူပါလားဆိုတာတောင် မေ့လျော့လုနီးပါး...။
တခါတရံ သီချင်းသံတွေကြားရင်တော့..
သူငယ်ချင်းတွေကို တိတ်တဆိတ် သတိရနေတတ်ပါတယ်...။
ဘယ်တော့မှ အကောင်ထည်မဖော်ဖြစ်တဲ့ ... “သူငယ်ချင်းတွေနဲ့တွေ့မယ်” ဆိုပြီးလည်း
ဆုံးဖြတ်မိတာလည်း အခါခါပါပဲ..။
... ... ...
တနေ့...
ဖုန်းဆက်လာတယ် ...
“... ဆုံးသွားပြီ..” တဲ့...။
ရင်ထဲက တခုခု ပြုတ်ကျသွားသလိုပါလား..။
မတ်တပ်မရပ်နိုင်တော့လို့ နီးရာထိုင်ခုံတခုမှာ ၀င်ထိုင်ရင်း ကျိန်းသေအောင် ပြန်နားထောင်...။
တကယ်ပြောတာလား...။
ကျနော့် သူငယ်ချင်းက ငယ်ငယ်လေးရှိသေးတာလေ..။
ဟိုတလောကပဲ သူ့မင်္ဂလာဆောင်အတွက် ပျော်ပျော်ရွှင်ရွှင်ကြီး အလုပ်တွေ ရှုပ်နေတယ်လေ...
သူ အလုပ်ဝင်လို့ရပြီ လို့လည်း တခြား သူငယ်ချင်းတယောက်ပြောတာကို
မနေ့ကပဲ နားထောင်ခဲ့သေးတယ်...။
... ဘယ်လို အင်အားနဲ့ လက်ခံရပါ့မလဲ..။
တွေ့မယ် တွေ့မယ်နဲ့ အခင်ဆုံး သူငယ်ချင်းတယောက် ...
မတွေ့လိုက်နိုင်ခင်ပဲ ဦးအောင် ခွဲခွာသွားခဲ့ပြီ ...။
ကိုယ့်ကိုကိုယ့်ပဲ အပြစ်တင်မိတယ် ...
ဘာတွေများ ဒီလောက်အရေးကြီးတာတွေနဲ့ ရှုပ်နေခဲ့လို့လည်း...
ကိုယ်မရှိလို့ မဖြစ်ရလောက်အောင် အောင်မြင်နေခဲ့တာလည်း မဟုတ်...
ပိုက်ဆံတွေအများကြီး ရနေခဲ့တာလည်း မဟုတ်...
စိတ်လက် ပျော်ရွှင်မှုတွေနဲ့ အရာရာကို သတိမေ့နေလောက်အောင်လည်း
အဆင်ပြေနေတာ မဟုတ်ပါဘဲနဲ့...
တလ တခါတောင် သူငယ်ချင်းတွေနဲ့ တွေ့ဖို့လေးကို ပျက်ကွက်ခဲ့တဲ့သူ...
ကျနော် လူမှုရေးမှာ အင်မတန် ညံ့ခဲ့ပါလား..။
ခုတော့မှ နောင်တရနေလို့လည်း သွားတဲ့လူက သွားပြီ...။
ကျန်နေတဲ့ သူငယ်ချင်းတွေလည်း အလှမ်းမမှီနိုင်တဲ့ တမြေစီ အဝေးကြီးတွေမှာ ...။
ပုံစံခြင်းသာ မတူရှိမယ် ...
ခွဲခွာခြင်းကတော့ ခွဲခွာခြင်းပါပဲ ...
အရင်လို .. အပူအပင်ကင်းတဲ့ တွေ့ဆုံခြင်းမျိုး..
နောင်တမရှိတဲ့ စည်းလုံးမှုမျိုး..
တွေဝေခြင်းကင်းတဲ့ တက်ကြွမှုမျိုး...
နောက်ပြန်မလှည့်တတ်တဲ့ ယုံကြည်ချက်မျိုးတွေနဲ့...
ဒီခရေပင်ရိပ်မှာ...
တခါလောက်ပဲ ဖြစ်ဖြစ် ...
... ... ...
ဒီအချိန်ဆို ...
ကွင်းပြင်ကျယ်ကျယ်တွေနဲ့ ကျောင်းဝင်းထဲမှာ...
အရှေ့အနောက်.. တောင်မြောက်က လေရိုင်းတွေ ...
အညှာအတာမရှိ တိုက်ခတ်နေမယ်နဲ့တူတယ်...။
ပြန်မလာနိုင်တဲ့ သူငယ်ချင်းရော..
ပြန်လာနိုင်မယ့် သူငယ်ချင်းတွေရော...
တချိန်ချိန်တော့ ပြန်ဆုံရအောင်ကွာ...။

ဘလော့ ခံစားချက် ... ။

ဘယ်ဆိုးလို့လဲ…။

ဘလော့ခ်လေးတခု လုပ်ထားတာ အချိန်တွေ ကုန်မှန်းမသိပဲ ကုန်သွားတယ်…။

အရင်က နေလို့မပျော်တဲ့ ရုံးမှာ…

အခုဆို အတော်လေး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေပြီ…။

ကိုယ့်ဘလော့ခ်လေးအတွက် လိုအပ်တာတွေ ဖတ်…

ပြင်လို့ရသလောက် ပြင်ရင်းနဲ့…

ရုံးချိန်လေးကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချတတ်နေပြီ…။

သူများဘလော့ခ်တွေလို ဘာမှလည်း များများစားစား ရှိသေးတာ မဟုတ်ပေမယ့်…

ဘလော့ခ်လေးက ကိုယ့်အတွက်တော့ မှန်တချပ်လို ဖြစ်နေပြီနဲ့ တူတယ်…။

ရုံးရောက်တာနဲ့ အပြေးအလွှား ကွန်ပြူတာဖွင့်…

ပြီးတာနဲ့ ကိုယ့်ဘလော့ခ်လေးကို အရင်ဆုံးကြည့်…

(မဖြစ်စလောက် တင်ထားတာလေးတွေကို အစအဆုံး တလုံးမကျန်ပြန်ဖတ်..)

ထမင်းစားမဆင်းခင် .. တခါပြန်ကြည့် …

နေ့လည် … အလုပ်နဲနဲပြီးတာနဲ့ နောက်တခါ ပြန်ဖွင့်ကြည့် …

ညနေ … ရုံးမဆင်းခင် …

ဘာတွေများ ရေးလို့ရနိုင်မလဲလို့ စဉ်းစားရင်းနဲ့ …

ခပ်ကြာကြာကြည့် …

ဘယ်အချိန်ကြည့်ကြည့်ကို ကျေနပ်နေမိတော့တာပဲ …

ပင်ပန်းတာတွေ အားလုံးကို တကယ် ပြေပျောက်စေနိုင်တာပဲ..။

ဒီခံစားချက်မျိုး ဘလော့ခ်ဂါအသစ်တိုင်း ကြုံဖူးမှာပါ…

ဘာပဲဖြစ်ဖြစ်..

အခုမှစတာ မကြာသေးဖူးဆိုတော့ …

ကိုယ့်ဘလော့ခ်အတွက် ဆန်းသစ်နေသေးတဲ့ ခံစားချက်လေး …

ရင်ထဲမှာ အပျော်တွေအပြည့်နဲ့ ကိန်းအောင်းနေတယ်ဗျာ… ။

Sunday, July 15, 2007

အိမ်မက်အလွဲများ ... ။

အသက်ရှင် ရပ်တည်နေခြင်း ဆိုတာကိုက .. စိတ်ကူး အိပ်မက်တွေ နောက်ကို လိုက်ရင်း ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်း ကုန်လွန် နေကြတာပဲ မဟုတ်လား...။ လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးတွေ ရှိနေကြမယ် ဆိုတာ သေချာပါတယ်။ မရှိတဲ့ လူတွေလည်း ရှိနေနိုင်သလို... ရှိရကောင်းမှန်း မသိသူတွေလည်း ရှိနေနိုင် တာပဲ...။ ဘယ်လိုပဲဖြစ်ဖြစ် ... ကျနော်တို့ ရင်ဆိုင် ဖြတ်သန်းရတဲ့ ကာလမှာ ... ရှိထားတယ် ဆိုတဲ့ ဒီစိတ်ကူးနဲ့ အိပ်မက်တွေ ... တကယ်ပဲ တထပ်တည်းကျ အကောင်အထည် ပေါ်လာကြရဲ့လား ...
လက်တွေ့ဖြစ်လာဖို့ အခွင့်အရေးတွေရော လုံလုံလောက်လောက် ရခဲ့ကြရဲ့လား ... ရှင်သန် ရပ်တည်ခြင်း ဆိုတဲ့ အခက်အခဲတွေကြောင့် အိပ်မက်တွေနဲ့ လူနေမှုဘ၀ကို လဲလှယ်လိုက်ကြသလား ...
အိပ်မက်ဆိုတဲ့အတိုင်း အလွယ်တကူပဲ အပျောက်ပျက် ခံခဲ့ကြသလားဆိုတာကတော့ ကိုယ်တိုင်မှပဲ သိနိုင်မယ့် အဖြစ်ပါ။

... .... ...

အိပ်မက်
ငယ်ငယ်က ... နော်မန်ဗက်သွန်းလို နှလုံးသားလှတဲ့ ခွဲစိတ်ဆရာဝန်တယောက် ဖြစ်ချင်ခဲ့တယ် ... ။
ဒီအိပ်မက်ကို ရူးသွပ်လွန်းလို့ နောက်ထပ် ရွေးချယ်စရာဆိုတာကို ပြင်ဆင် မထားခဲ့မိနိုင်အောင်ပါပဲ ... ။ သိပ်ကို ခိုင်ခိုင်မာမာနဲ့ အမြစ်တွယ်နေတဲ့ စိတ်ကူးလေးပါ ... လေထဲ က ဒီစိတ်ကူးလေး ရုပ်လုံးပေါ်လာဖို့ လည်း အပြင်းအထန်တွေ ချီတက်ခဲ့တယ် ... မဖြစ်နိုင်ဘူး ဆိုတာမှ မရှိတာ ... မဖြစ်သေးတာပဲ ရှိတယ် လေ ...လူငယ်တဦးရဲ့ အိပ်မက်အပေါ် ရိုးရိုးစင်းစင်း ယုံကြည်ခြင်းမျိုးနဲ့ပါ ...။ စိတ်ကူးကို ပိုင်ဆိုင်ခွင့်ရတဲ့ တနေ့ ... မြန်မာပြည်ရဲ့ ဝေးလံခေါင်သီတဲ့နေရာတွေမှာ ရှင်သန်နေထိုင်သူတွေကို ကူညီစောင့်ရှောက်မယ်ဆိုတဲ့ ... အတွေးပျော်တွေနဲ့ပေါ့။ ဒီကတည်းက ၀င်ငွေရဖို့ထက် ... လူတွေရဲ့ ငြိမ်းချမ်းနေမယ့် အပျော်မျက်နှာတွေကိုပဲ စဉ်းစားကြည့်တတ်လာခဲ့တယ် ... ။

... ... ...


အဲဒီစိတ်ကူးလေးကို ကိုယ့်ဘ၀ရဲ့အိပ်မက်အဖြစ် ပီပြင်စေသူကတော့ ... ကိုယ်ချစ်ခင်လေးစားရတဲ့ ဒေါ်ဒေါ် ပေါ့ ... ။ဒေါ်ဒေါ်က ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူဘ၀ အဆုံးသတ်ခင်ပဲ ရှမ်းပြည်နယ်တနေရာက တောင်ပေါ် ရွာလေးမှာ ဆရာမလုပ်ဖို့ ထွက်သွားခဲ့တယ် ... ။ ပညာရေးမှာ သူ့လောက်မှ အခွင့်အရေး မရနိုင်သူတွေကို ပေးဆပ် ပျိုးထောင်ချင်စိတ်တွေက ...သူ့ကိုယ်ပိုင်အတ္တတွေကို ခွာချထားနိုင်ခဲ့ပြီး ... ရှေ့ဆက်မယ့် ခြေလှမ်းတွေကို တွန့်ဆုတ်ခြင်း ကင်းဝေးစေခဲ့တယ် ... ။ ဒီတုန်းက ... အစွမ်းအစ ရှိသ လောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းမယ်ဆိုတဲ့ စိတ်ကူး အိပ်မက်တခုနဲ့ တက်ကြွရှင်သန်နေတဲ့ ၂၂ နှစ် သမီးအရွယ် ဒေါ်ဒေါ်ပေါ့ ... ။ ကိုယ်က ဒေါ်ဒေါ့်ဆီက စိတ်ကူး ခံယူချက်ဆိုတာကို စတင်ခံစားမိလာခဲ့တဲ့ ၉ နှစ်သားသာသာ မူလတန်းကျောင်းသား ... ။ ဒီလိုနဲ့ နွေရာသီ ကျောင်းရက်ရှည်ပိတ်ချိန်တွေမှပဲ ဒေါ်ဒေါ် တယောက် သူချစ်တဲ့တောင်တန်းတွေနဲ့ တပည့်တွေဆီကနေ ပြန်လာဖြစ်တော့တယ် ... ။ တနှစ်မှ တခေါက် တည်းရယ် ... ။ ဒါပေမယ့် ... ဒီရှားရှားပါးပါး ပြန်လာတဲ့ တခေါက်လေးတိုင်းမှာ တောင်တန်းတွေ ဆီကနေ တထောင့်တညပုံပြင်တွေထက် ရှည်လျားတဲ့ ပုံပြင်လက်ဆောင်တွေ ယူလာတတ်တယ် ... ။ ဒေါ်ဒေါ်က
ကိုယ်နဲ့ ရွယ်တူတွေ ... ကိုယ့်ထက်ငယ်သူတွေရဲ့ လူမှုဘ၀ နိမ့်ကျမှုတွေအကြောင်း ... ကျန်းမာရေး အသိပညာ ရနိုင်ခွင့်တွေ ရှားပါးကြောင်း ... သက်ကြီးရွယ်အိုတွေ အပါအ၀င် လူတိုင်းလူတိုင်းဟာ သူတို့ အဓိပ္ပါယ်မဖွင့်တတ်တဲ့ ပြည်တွင်းစစ်ပွဲတွေထဲမှာ ပြေးလွှားပုန်းခိုရင်း အသက်တချောင်းကို ခက်ခက်ခဲခဲ မွေးမြူနေရကြောင်းတွေ အဓိကထားပြီး ပြောပြခဲ့တယ် ... နွေရာသီညတွေဟာ ဒေါ်ဒေါ်ပြောပြတဲ့ အတွေ့ အကြုံတွေ ... စွန့်စားခန်းတွေကြားမှာ မရိုးနိုင်အောင်ပဲ အံ့အားတသင့်သင့်နဲ့ ကုန်လွန်သွားခဲ့ကြမြဲပဲ ... ။ ကိုယ် မကြားဖူး ... မကြုံဖူးတာတွေ ... စိတ်ကူးနဲ့တောင် မတွေးဝံ့မိတာတွေဟာ ကိုယ်ရှင်သန်နေတဲ့ တိုင်းပြည်ကျဉ်းကျဉ်းလေးရဲ့ ဟိုတဖက်မှာ ဖြစ်ပျက်နေရှာပါလားဆိုတဲ့ အသိတွေ ... နှလုံးသားနုနုမှာ နေရာဝင်ယူလာခဲ့တယ် ... ကိုယ် အချိန်မှန်မှန် စိတ်အေးအေးနဲ့ ထမင်းစားနေချိန်မှာ အဲဒီ .. ကိုယ်မသိတဲ့ နေရာက လူတွေမှာတော့ ၀မ်းတထွာအတွက် အသက်ပါရင်းပြီး ရှာဖွေနေရာတာကို သိခွင့်ရခဲ့တယ် .. ။
ကိုယ် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေချိန်မှာ သူတို့တွေကတော့ အကာအရံ အခင်းအကျင်း နတ္ထိဖြစ်နေတဲ့ .. အန္တရာယ်တောတောင်တွေထဲမှာ ပြေးလွှားနေရပါလားဆိုတာ မြင်ယောင်လာမိခဲ့တယ် .. ။ ကိုယ် ရေကြည် ရေသန့်ကို လွယ်လွယ်ကူကူပဲ သုံးစွဲနေနိုင်ပေမယ့် ... သူ့တို့ခမြာ ရေတပေါက်အတွက် အသက်ကိုတောင် လောင်းကြေးထပ် သောက်သုံးနေရတဲ့အဖြစ် .. ။ ကိုယ်တို့ရဲ့ညတွေကို လျှပ်စစ်မီးထိန်ထိန်အောက်မှာ အကြောက်တရားကင်းကင်း ဖြတ်သန်းနေချိန်မှာ ... သူတို့ကတော့ စစ်ပွဲထဲက မီးကျည်မီးပေါက်တွေနဲ့ မီးရှို့ခံလိုက်ရတဲ့ အိမ်ခြေတွေဆီက ပျံ့ထွက်လာတဲ့ လောင်မီးပူပူတွေအောက်မှာပဲ ကျင်လည်ခွင့် ရခဲ့ကြတယ်..။ (၁၉၈၆ ခုနှစ်တုန်းက ရန်ကုန်မှာ မီးလာသေးတယ်) ကိုယ် အသက်ငယ်ငယ်မှာ သိထားတဲ့ ကျန်းမာရေးအသိတရားတွေဟာလည်း သူတို့ဆီက သက်ကြီးရွယ်အိုတွေတောင် မသိလိုက်ရပဲ ဘ၀မီးဇာ ကုန်သွားခဲ့ကြတာချည်းပဲတဲ့ .. ဒါပေမယ့်လည်း ... ဒေါ်ဒေါ်ကိုယ်တိုင် စာနာစိတ်နဲ့ ကူညီချင်တာက လွဲလို့ ... ဘာမှပြောင်းလဲပေးလို မရနိုင်တဲ့ အဖြစ်ဆိုးတွေပါ ... ။ အချိန်မရွေး ကျရောက်လာနိုင်တဲ့ လက်တ ကမ်းက အသက်အန္တရာယ်တွေကြောင့် ဒေါ်ဒေါ့်ကို စိုးရိမ်ကြတဲ့ ရွာသူရွာသားတွေက ရန်ကုန်ကို အတင်းပြန်ခိုင်းခဲ့ကြတယ် ... ။ ရင်ထိတ်စရာနေ့ရက်တွေကို ၅ နှစ်ကျော် ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဒေါ်ဒေါ် ရန်ကုန်ကို အန္တရာယ် ကင်းကင်းနဲ့ ပြန်ရောက်လာခဲ့တယ် ...။ လူသာ ပြန်ရောက်လာခဲ့ပေမယ့် ... သူ့ အိပ်မက်တွေ စိတ်ကူးတွေက ဟိုးဝေးဝေးက လွမ်းစရာ တောင်တန်းတွေဆီမှာတဲ့ ... ။ သူ အမြဲ စိတ်မ ကောင်း ဖြစ်နေခဲ့တာက သူ့မှာ ဘေးကင်းရာဆိုတဲ့ အရိပ်တခု ရှိနေခဲ့ပေမယ့် ...သူချစ်တဲ့ ကျောင်းသူ ကျောင်းသားတွေ ... သူ တန်ဖိုးထားတဲ့ အရိုးခံ တောင်တန်းသားတွေမှာတော့ ... ဘေးလွတ်ရာ ဆိုတာ ဘယ်အခါများမှ ရှာတွေ့နိုင်ပါ့မလဲ ဆိုတာကိုပါပဲ ... ။ ဒီလို .. ဒီလိုနဲ့ပဲ ... ကိုယ် မမြင်ဖူး .. မတွေ့ဖူးတဲ့ .. အဲဒီနေရာက လူတွေအတွက် ... ကိုယ့်ရင်ထဲမှာ ကိုယ်ချင်းစာစိတ်တွေ ... စောင့်ရှောက် ကူညီချင်စိတ်တွေ အရွယ်နဲ့ မမျှ ဖြစ်ပေါ် ကိန်းအောင်းလာခဲ့တော့တယ် ... ။ သူတို့တွေကို ... အခကြေးငွေအတွက် ပူပန်နေ စရာမလိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးချင်တယ် ... အသိအမြင် တံခါးတွေကို ဖွင့်လှစ် ပေးချင် တယ် ... သူတို့ရဲ့ အနာဂတ်တွေကို ဂရုစိုက်ပေးချင်သူတွေ ရှိတယ်ဆိုတာကို အသိပေးချင်တယ် ... သူတို့ကြုံတွေ့နေရတဲ့ ဘ၀အမောတွေအတွက် ... ရေကြည်တပေါက်ပဲ ဖြစ်ဖြစ် ဖြစ်ချင်ခဲ့မိတယ် ... ။ ဒီမှာပဲ ... ကိုယ့်အိပ်မက်လေး အစပြုခဲ့ပါတယ် ... ။

... ... ...

တကယ်တော့ ... အိပ်မက်တွေ အမှန်ဖြစ်လာဖို့ဆိုတာလည်း ... ထိုက်သင့်တဲ့ ပျိုးထောင် ပံ့ပိုးခြင်းတွေ လိုအပ်တာကိုး ... ။ ကိုယ် သိတတ်တဲ့အချိန်က စလို့ .. ကိုယ့်ရှေ့မှာ စောင့်ကြိုနေတာက .. မျှော်လင့်ခဲ့ဖူး သလို လင်းလက်နေတဲ့ အနာဂတ်တခု မဟုတ်ပဲ .. ကိုယ့် အိပ်မက်ဆိုတာကို ရိုက်ချိုးပြီး ... ဆက်လက် ရှင်သန်နိုင်ခွင့်တွေကိုပါ ပိတ်လှောင်လိုက်တဲ့ အမှောင်လမ်း သက်သက်တခုပဲ ဖြစ်နေခဲ့ပါတယ် ... ။ ကိုယ့် အိမ်ရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ ဖခင်က အမှန်တရားကို မြတ်နိုးကိုးကွယ်တဲ့သူ ... ယုံကြည်ချက် အတွက်ဆိုရင် ကိုယ့်အတ္တအတွက်ရော ... မိသားစုအတွက်ပါ ဘယ်တော့မှာ ဒူးမထောက်တတ်တဲ့သူ ... ဒီတော့ .. လူတစုအတွက် ခလုပ်ကသင်းဖြစ်နေခဲ့တဲ့ ဖခင်ခမြာ အလုံခြုံလွန် နေရာတခုမှာ ကာလ အတော် ကြာ စခန်းသွင်းခံထားရလေရဲ့ ...။ ဖခင်ရဲ့ အိပ်မက်တွေကို ရိုက်ချိုးအမြစ်ဖြတ်ဖို့လေ ... ။ ဖခင်ရဲ့ အဝေးမှာ ဆက်လက် ရှင်သန်ဖို့ ကြိုးစား ရုန်းကန်နေတဲ့ ကိုယ်တို့မိသားစုတွေ ... နောက်ဆုံးတော့ ... အားလုံးရဲ့ စိတ်ကူး အနာဂတ်ဆိုတာတွေကို စတေး လိုက်ရတော့တာပဲ ... ။ လူတစုနဲ့ စနစ်တခုကြောင့် တခန်းရပ် လိုက်ရတဲ့ အိပ်မက်အတွက် ... မခံချင်ဘူး ... နာကြည်းတယ် ... ကြေကွဲတယ် ... ။ လစ်ဟာမှုတွေ ရင်ထဲ အပြည့် နေရာယူကြတယ် ... ။ မြင်မြင်သမျှ အဓိပ္ပါယ်ရှာဖို့ ခက်နေခဲ့တယ် ... ။ ဆက်ပြီး ရပ်တည်နေနိုင်ဖို့ တောင် မကျိန်းသေတော့သလောက်ပဲ ... ။ ကိုယ်အရောက်သွားချင်ခဲ့တဲ့ အိပ်မက်တည်ရာကို စိတ်ကူးနဲ့ တောင် ဝေးပြီ ... ။ ဘ၀မှာ မဖြစ်နိုင်တာတွေ တကယ်ပဲ ရှိနေခဲ့ပါလား..ဆိုတာ အပြောမဟုတ် လက်တွေ့ ... ။ သေသေချာချာ ရလိုက်တဲ့ သင်ခန်းစာတခုကတော့ ... စိတ်ကူးဆိုတာ အတွေး မျှင်မျှင်လေး မျှသာ ... ဒီအတွေးလေး ပီပြင်လာဖို့ အချိုးညီမျှတဲ့ ပျိုးထောင်မှုတွေ လိုအပ်တယ်ဆိုတာပါပဲ ...။ ခုတော့ ...
ပိတ်လှောင်ခြင်းတွေက ပျိုးထောင်ပေးခြင်းအစား နေရာယူထားခဲ့ကြတာကိုး ...။ ဒီလိုနဲ့ ... ဘယ်သူမှတောင် မသိလိုက်ပဲ ကိုယ့်အိပ်မက်လေး ကြေမွသွားခဲ့ပါတယ် ... ။

... ... ...

ဒေါ်ဒေါ့်အိပ်မက်လေး မပီပြင်နိုင်တော့ဘူး ဆိုတာကို ကျိန်းသေသွားတဲ့ အချိန်တုန်းကရော ... ကိုယ့်လို ကြေကွဲ ဒေါသတွေနဲ့ ဆို့နင့်နေခဲ့တာပဲလား ... ။ တလောလေးက အသိတယောက်ရဲ့ အမှတ်မထင် မကျေနပ်သံကိုလည်း ကြားခဲ့မိတယ် ...။ ဘ၀မှာ မျှော်လင့်ခဲ့သမျှတွေ အဖျက်ခံရလွန်းလို့ ...
မျှော်လင့်ရမှာ ကိုတောင် တုန်လှုပ်နေပြီ ..တဲ့ .. ဒါဆို ... မျှော်လင့်ချက်မထားနိုင်တဲ့ ဘ၀ ... စိတ်ကူးတွေ မရှင် သန်နိုင်တဲ့ ဘ၀ ... အိပ်မက်ဆိုတာလေးမှ မပိုင်ဆိုင်နိုင်တဲ့ ဘ၀မျိုးမှာ ... ကျေနပ်ပျော်ရွှင်စွာ ရပ်တည် နိုင်ဖို့ဆိုတာ ... ... ... ။

.... .... ...

ကိုယ့်လို ...
ကိုယ့်အသိလို ...
ဒေါ်ဒေါ့်လို ...
အိပ်မက်တွေ ဘယ်လောက် များများ ကွဲရှခဲ့ပြီးပြီလဲ ... နောက်ထပ်ရော ဘယ်အထိ ဆက်ပြီး ချိုးဖဲ့ဖျက်ဆီး ခံနေရဦးမှာလဲ ... အိပ်မက် မက်ခွင့်တွေနဲ့ ကိုယ့်အိပ်မက်တွေဆီကို အရောက် သွားပိုင်ခွင့်တွေ ... အနီးဆုံး ဘယ်အချိန်မှာမှ ပြန်အသက်ဝင် လာနိုင်ပါ့မလဲ ... ။ လွဲချော်သွားခဲ့ရတဲ့ အိပ်မက်တွေအတွက် ... ဖေးမ ထိန်းကူပေးမယ့် စိတ်ကူးသစ်တွေ လင်းလက် လာနိုင်ပါအုံးမလား ... ။ လောလောဆယ်တော့ အိပ်မက်ကြီး ထဲကနေ အိပ်မက်အပိုင်းလေးတွေ ပြန်ရှာကြည့်လိုက်အုံးမယ် ... ။ တနည်းနည်းနဲ့ ... လောကကို အထောက်အကူ ပြုနိုင်ကောင်းစေရဲ့လို့လေ ...။

... 99 ...

Wednesday, July 11, 2007

မိသားစု ထမင်းဝိုင်း...

ည ၈ နာ၇ီတောင်ထိုးတော့မယ်...။
ညနေ ၅ နာရီခွဲတည်းက စီးလာတဲ့ ဘတ်စ်ကား... အခုထိ အိမ်နားကို မရောက်နိုင်သေးဘူး...။
ဒီကားပေါ်မှာ အချိန်တွေကုန်နေရတာကို တွေးမိတိုင်း...
တနေ့တနေ့... စိတ်တွေပိုပိုပြီး တိုတောင်းလာသလိုပဲ...။
ကားစီးရတာ မြန်မာပြည်မှာလို ဒုက္ခမရောက်ဘူးလို့... ပြောရမှာလည်း အခက်သားပဲ...။
ကားထဲမှာ နေရာတွေလည်း ချောင်တယ်... လေအေးစက်တွေလည်း ဖွင့်ထားတော့... နေသာထိုင်သာတော့ အရှိသား...။
ဒုက္ခပေးနေတာက.... ဘန်ကောက်မြို့လယ်ကောင်မှာ ရှေ့ဆက်မတိုးနိုင်ပဲ အတန်းလိုက်ပိတ်နေတဲ့ ကားတန်းကြီး...
ဒီကားတန်းကြီး တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ရွေ့သွားတာကို စောင့်ဆိုင်းရင်းနဲ့ကုန်ဆုံးနေရတဲ့ ကိုယ့်ရဲ့ အကျဉ်းကျနာရီတွေအတွက်ပဲ စိတ်
မောမိပါတယ်...။
ဖြစ်နေကျကတော့ စိတ်မောပြီး သိပ်မကြာခင်ပဲ... စိတ်တိုတဲ့အဆင့်ကို ပြောင်းလဲသွားမှာပါ...
အသံမျိုးစုံနဲ့ အချက်ပေး တောင်းဆိုနေတဲ့ ကိုယ့်အစာအိမ်ကြောင့်ပေါ့...။
ဗိုက်ဆာခြင်းဆိုတာလည်း ဒုက္ခတပါးပဲ မဟုတ်လား...။
'Hungry Follows Angry' လို့တောင် ပြောကြသေးတယ်လေ...။
ဒီလိုနဲ့ပဲ... ဘယ်သူ့ကို မှန်းမသိ... ဘာကြောင့်မှန်းမသိတဲ့ ဘာမဆိုင်ညာမဆိုင် ဒေါသတွေနဲ့တောင် အတော်လေး ယဉ်ပါးစပြုလာနေပြီ...။
အိုကေ...ဘာပဲဖြစ်ဖြစ် ... အိမ်ပြန်ရောက်ရင် ဟာနေတဲ့ဗိုက်ကို ဘာနဲ့များ ဖြည့်တင်းရမလဲ ဆိုတာကို အရင်စဉ်းစားထား... ဒါမှ ကားပေါ်က ဆင်းတာနဲ့ ကိုယ်စဉ်းစားထားတာကို အပြေးအလွား စားနိုင်မှာပေါ့...။
... ... ...
ပေါင်မုန့်နဲ့ ကော်ဖီ...။ (အနားပေးသင့်တဲ့ ညစာထဲမှာ ပါနေပြီ...)
ရယ်ဒီမိတ် ခေါက်ဆွဲ...။ (ဒါလည်း အမြဲစားရင် မကောင်းဖူး... ဆံပင်တွေကျွတ်တယ်ဆိုပဲ...)
ရယ်ဒီမိတ် ဆန်ပြုတ်...။ (လူမမာနံ့ထွက်နေပြီ...)
အိမ်အ၀င်လမ်းမှာရှိတဲ့ ခေါက်ဆွဲပြုတ်ဆိုင်မှာပဲ ၀င်စားသွားရင် ကောင်းမလား...။ (ထိုင်းလိုကောင်းကောင်း မပြောတတ်တော့ စားကောင်းမယ့် ခေါက်ဆွဲပြုတ်တပွဲရဖို့တော့ မဖြစ်နိုင်ဘူး...)
လမ်းထိပ် 7-11 ဆိုင်ကပဲ ကိတ်မုန့်တို့... အသားညှပ် ပေါင်မုန့်တို့... ... ...
ဟင်း... ... ... (သက်ပြင်းတွေချ)...
ဘာတစ်ခုမှ အဆင်မပြေပါလား...။
ဒီလောက် သန့်ရှင်းသပ်ရပ်ပြီး... ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေရှိနေတာကို ဘာတွေများ ဂျီးများနေချင်သေးတာတုန်း...
"စားဖို့ အသက်ရှင်တာမဟုတ်... အသက်ရှင်ဖို့ စားနေတာ"... လို့ (ကိုယ့်ကိုကိုယ် ဆုံးမ)...။
တကယ်တမ်းက...
ဒီအချိန်မျိုးဆို...
(အထူးသဖြင့်... အလုပ်ပင်ပန်းပြီး ပြန်လာချိန်တွေဆို...)
ကိုယ်အတမ်းတဆုံးကတော့...
မွေးရပ်မြေက ဆူညံ့ပွက်လောထနေတတ်တဲ့ မိသားစုထမင်းဝိုင်းလေးကိုပါပဲ...။
... ... ...
"ဒီနေ့တော့ ဈေးဖိုးမလောက်လို့ အသားအစား အာဟာရရှိအောင်...
ပဲဟင်း၊ ကန်ဇွန်းရွက်ကြော်နဲ့ ငါးပိရည်ပဲ"...။
ဒါ... အဘွားရဲ့ လက်သုံးစကား...။
ဈေးဖိုးမလောက်တာ
တပတ်မှာ ၈ ရက်လောက်ရှိတယ်...။
"တခါတလေလည်း ဈေးဖိုးလေးလောက်ပါအုံး အဘွားရယ်... လူတွေလည်း အရွက်စားသတ္တ၀ါတွေ ဖြစ်ကုန်ပါတော့မယ်"...။
ဒါ... ကိုယ်တို့ မောင်နှမတွေ အထွန့်တက်နေကျ အပြော...။
ဘာပဲဖြစ်ဖြစ်...
တနေ့တာ အတွေ့အကြုံတွေ ဖလှယ်ရင်း... (ဟုတ်တာရော မဟုတ်တာရော ရောမွှေပေါ့...)
ဟိုက ဒီက သိလာ ကြားလာတဲ့ သတင်းတွေ ပြန်ပြောကြရင်း...
အဘွားရဲ့ ဗီတာမင်အပြည့်ပါတဲ့ ဟင်းတွေကို အလုအယက်စားကြရင်းနဲ့ပဲ...
မိဘ ညီအကို မောင်နှမတွေ အစုံအလင်နဲ့ ခပ်ညံ့ညံ့ ထမင်းဝိုင်းလေးကို
အရသာအပြည့်... စိတ်ချမ်းသာမှုအပြည့်နဲ့ ကုန်လွန်ခဲ့တာချည့်ပါပဲ...။
ဆန်ကြမ်းကိုပဲ ချက်နိုင်ခဲ့ပေမယ့်...
အဘွားရဲ့ မေတ္တာလက်ကြောင့် ထမင်းပူပူတွေက ၀မ်းဟာဟာထဲကို ဂလုံမဆန်အားနိုင်အောင်ပဲ အလျင်အမြန် ပြေးဆင်းသွားခဲ့ကြမြဲ...။
အသားဟင်း ဆီပြန်တွေ ပါချင်မှ ပါမယ်...
ကြင်နာမှုအပြည့်နဲ့ ချက်ပြုတ်ပေးခဲ့တဲ့
အဘွားရဲ့ဟင်းတွေက အသားဟင်းထက် အပြန်တရာ အရသာရှိခဲ့တယ်...။
ရေလုံပြုတ် ဟင်းချိုတွေ ဖြစ်ချင်ဖြစ်မယ်...
ချစ်ခြင်းနဲ့ စီမံစေခဲ့တော့... ကမ္ဘာကျော် ငါးမန်တောင် ဟင်းချိုနဲ့တောင် မလဲနိုင်လောက်အောင် အာဟာရ ခွန်အားတွေ ဖြစ်စေခဲ့တယ်...။
အဘွားရဲ့သတ်သတ်လွတ်ဟင်းတွေမှာ ကျင့်သားရရင်းနဲ့ လူတောင် အမြဲစိမ်းလန်းနေတတ်ပြီပဲ...။
.... .... ....
ဒီတုန်းက ...
ကိုယ့်အိမ်အပြန်မှာ မေတ္တာတွေနဲ့ စောင့်ကြိုနေတဲ့ နွေးနွေးထွေးထွေး တံခါးဝတခုရှိတယ်...။
နွေရာသီ နေပူပူကနေ အိမ်ပြန်ဝင်လာရင်... စိတ်ချမ်းမြေ့စရာ ရေကြည်အေးအေးနဲ့အတူ ရင်အေးစရာ အပြုံးတွေလည်း ရှိတယ်...။
(ရေခဲသေတ္တာထဲက အေးစက်စက်ရေတွေနဲ့တော့ အဓိပ္ပါယ်ခြင်း တခြားစီပါပဲ)
မိုးတွင်း မိုးရေစိုစိုနဲ့ဆိုရင်လည်း... ပူပူနွေးနွေး ထမင်းဝိုင်းလေးက နွေးထွေး ခြောက်သွေ့မှုတွေကို ဖန်တီးပေးနိုင်ခဲ့တယ်...။
(မေတ္တာတရားတွေ အစား ဒေါသအမျက်တွေပဲ လွှမ်းမိုးနေလို့များလား မသိ... ကိုယ်ရောက်ရှိနေတဲ့ နေရာမှာတော့ မိုးရွာတာတောင် ကြုံခဲနေတဲ့အဖြစ်...)
ဆောင်းတွင်း ဘယ်လောက်အေးအေး....
ချွေးထွက်ဖို့ စိတ်ပူစရာမလိုပါဘူး... အဘွားရဲ့ ရာသီစာ ငါးပိချက်စပ်စပ်က ထမင်းပွဲရဲ့ အဓိကဟင်းရန်အဖြစ် အခန့်သားစောင့်ကြိုနေလို့လေ...။
(ခုတလောခေတ်စားနေတဲ့... ကမ္ဘာကြီး ပူနွေးလာမှုကြောင့်ပဲဖြစ်မယ်ထင်တယ်... ဆောင်းတွင်းဆိုတာကို မခံစားရတာတောင် နှစ်အတော်ကြာခဲ့ပေါ့...)
... .... ...
တကယ်တော့..
မိသားစု ထမင်းဝိုင်းဆိုတာ ...
စိတ်ဓာတ်ခွန်အားတွေကို မျှဝေ ထိန်းညှိပေးတဲ့ နေရာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။
အလုပ်မှာ... ကျောင်းမှာ... ဘယ်မှာပဲ ဘာဖြစ်ခဲ့ ဖြစ်ခဲ့
ဒီနေရာလေးမှာ အားလုံးကို ခ၀ါချနိုင်တယ်...။
မကျေနပ်တာတွေကို ပေါက်ကွဲနိုင်တယ်...
ကြည်နူးစရာတွေကို ဝေမျှနိုင်တယ်...
အောင်မြင်တာတွေကို ပိုပြီးခံစားနိုင်တယ်...
ကျရှုံးမှုတွေကို မှေးမှိန်ပျောက်ပျက်သွားစေတယ်...
မတူညီတာတွေကို အာဃာတကင်းကင်း ကွဲလွဲနိုင်တယ်...
တူညီတာတွေကို တက်ညီဘက်ညီ ချီတက်နိုင်တယ်...
ဘာတွေများ ခံစားရတာနေရလဲ... ထိန်းချုပ်စရာမလိုအောင်ကို ရင်ဖွင့်နိုင်တယ်...
ဒီတော့...

ဟောဒီ ကျယ်ကျယ်ပြန့်ပြန့် ကမ္ဘာကြီးပေါ်မှာ...
လွတ်လပ်ပေါ့ပါးခြင်းနဲ့ စည်းလုံးညီညွတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို အပြည့်ဝဆုံးပေးနိုင်တာ ဒီနေရာလေးကလွဲလို့ ...
ဘယ်နေရာများ ရှိနိုင်သေးလို့လဲ....။
... အင်း... ပြန်တွေးကြည့်တော့ အပျော်တွေက အခုတောင် ရင်ကို လာကူးစက်သလိုပဲ...။
... ... ...
“လူတစ်ယောက်ကို ပျော်ရွှင်စေတဲ့...
စိတ်ကျေနပ်စေတဲ့...
အာဟာရပြည့်စေတဲ့...
တဦးနဲ့တဦး အပြန်အလှန် မေတ္တာတွေနဲ့ ထုံမွှန်းထားတဲ့ ဒီထမင်းဝိုင်းလေး...”
ဘယ်လို ငွေကြေး ဥစ္စာ... ဂုဏ်ဓနတွေနဲ့မှ အလဲအလှယ်လုပ်လို့ မရနိုင်တာ
ရင်ထဲမှာ အသေအချာ နားလည်နေခဲ့တာ ကြာပြီပဲ...။
... ... ...
ခုတော့...
တယောက်လျော့နေမယ့် ဒီထမင်းဝိုင်းလေးအတွက်...
အဘွားရော အရင်လိုပဲ ကျန်းကျန်းမာမာနဲ့ ထမင်းဟင်းတွေ စီစဉ်နိုင်သေးရဲ့လား...
မောင်နှမတွေက ထုံးစံအတိုင်း ဂျီးများကြရင်ရော အဘွားက လက်သုံးစကားအတိုင်း “ဈေးဖိုး မလောက်ဘူး” လို့ ပြုံးပြီး ဖြေရှင်းနေတုန်းလား...။
.... .... ....
စဉ်းစားရင်း... ရင်ထဲမှာ ဒိတ်ခနဲတချက်....
“ကုန်ဈေးနှုန်းတွေ အရမ်းတက်တယ်” ဆိုတော့ ...
အရင်လို ဟင်းသီးဟင်းရွက်လေးတောင် ပုံမှန်ကြသေးရဲ့လား.... ...။
အို... ဘာပဲဖြစ်ဖြစ် ..မိသားစုဆိုတဲ့ နွေးထွေးမှုနဲ့ ခွန်အားတွေဟာ ဘယ်လို အခက်အခဲတွေကိုမဆို
ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်နဲ့ ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ကြမှာ ကျိန်းသေပါတယ်လေ...။
... ... ...

အိမ်ပြန်ချင်ပြီဗျာ...။

နူးညံ့မှုမှာ ပျော်ဝင်ခြင်း...။

နူးညံ့မှုတခု...
ရုတ်တရက်ဆိုသလိုပဲ ....
နက်ရှိုင်းတဲ့ ရင်တနေရာကို
ခပ်ပြင်းပြင်းရိုက်ခတ်......။

သိမှုတွေကို သော့ခတ်...
ဆင်ခြင်တုံ့တရားတွေကို အမှောင်ချ...
ထိန်းချုပ်နိုင်မှုတွေကို အငိုက်ဖမ်းလို့...
အပိုင်နိုင်ဆုံး ခြေလှမ်းတွေနဲ့
ဒီရင်ပရ၀ုဏ်ထဲ ...
တည်ငြိမ်ခြင်းအပြည့်နဲ့ ၀င်လာခဲ့တယ်....။

တကယ်ဆို ...
ထပ်တူကျနေတဲ့ အစ နဲ့ အဆုံးကို...
ခပ်ပြုံးပြုံး ရင်ဆိုင်နိုင်ဖို့...
ရုန်းထွက်နေရင်း...
ကျဆုံးခဲ့ပေါ့...ဒီ နူးညံ့မှုထဲ...။

(
သိဖို့ ကြိုးစားတုန်း... ဇာတ်ကဆုံးသွားတယ်...။)